အခန်း (၁၃) - ကြားဖြတ်ဇာတ်လမ်းတိုလေးတစ်ခု
“ကဲ... အားလုံးပဲ ခဏလောက် အပြင်ထွက်ပေးကြပါဦး…ငါ ဒီကလေးမလေးနဲ့ နှစ်ယောက်တည်း သီးသန့် စကားပြောချင်လို့”
မူအန်း၏ တည်ငြိမ်ပြီး စိတ်ကို အေးချမ်းစေသော အသံကြီးက အစည်းအဝေးခန်းမအတွင်း၌ ပဲ့တင်ထပ်သွားခဲ့သည်။
“ဒါပေမဲ့ အဘိုးမူ... ဒါက...”
“ကိစ္စမရှိပါဘူး… ငါ့ရဲ့ စိတ်စွမ်းအား အာရုံခံစားမှုကိုတော့ ငါကိုယ်တိုင် ယုံကြည်မှုရှိပါတယ်…ဒီကလေးမလေးဆီမှာ ဘာမကောင်းတဲ့ စိတ်ရည်ရွယ်ချက်မှ မရှိပါဘူး”
“ဒါဆိုရင်တော့... ငါတို့ အဘိုးမူရဲ့ စကားအတိုင်း လိုက်နာပါ့မယ်”
ပင်လယ်နတ်ဘုရားမျှော်စင်၏ အကြီးအကဲများအားလုံး မတ်တပ်ရပ်၍ အခန်းထဲမှ ထွက်ခွာသွားကြရာ... နောက်ဆုံးတွင် ထိုအခန်းကြီးထဲ၌ သူတို့နှစ်ဦးတည်းသာ ကျန်ရှိတော့သည်။
မူအန်းက ဘေးနားရှိ ထိုင်ခုံတစ်လုံးကို လက်ဟန်ပြလိုက်ရင်း...
“ကလေးလေး... ဒီနားမှာလာထိုင်ပါဦး” ဟု ဆိုသည်။
ယွီဝူယီသည်လည်း လိမ္မာယဉ်ကျေးသော မိန်းကလေးတစ်ဦးအလား သူ၏ဘေးနားတွင် အလိုက်သင့် ဝင်ထိုင်လိုက်သည်။
“ငါ့အနေနဲ့ မရှင်းလင်းတဲ့ အချက်တစ်ချက် ရှိနေတယ်...” မူအန်းက သူမကို စိုက်ကြည့်ရင်း သံသယစိတ်များ ပြည့်နှက်နေသော လေသံဖြင့် မေးမြန်းလာခဲ့သည်။
“မင်းတို့အဖွဲ့အစည်းရဲ့ စွမ်းအားက ဒီလောက်အထိ မြင့်မားတဲ့အဆင့်ကို ရောက်နေပြီပဲဥစ္စာ... ဘာဖြစ်လို့ ဒီလိုနည်းလမ်းမျိုးနဲ့ လှုပ်ရှားနေရတာလဲ”
တစ်နည်းအားဖြင့် ပြောရလျှင်... မင်းတို့ရဲ့ အင်အားက သုန့်လော်တိုက်ကြီးတစ်ခုလုံးရဲ့ အခြေအနေကိုတောင် ပြောင်းလဲပစ်နိုင်စွမ်း ရှိနေတာပဲ.. ဘာဖြစ်လို့ သူတစ်ပါးရဲ့ လုပ်ငန်းအပ်နှံမှုတွေကို လိုက်လံကူညီပေးနေဖို့ လိုအပ်ဦးမလဲ။
လောကမှာ အမည်မခံဘဲ ကောင်းမှုကုသိုလ်ပြုလုပ်တတ်သူများ ရှိကြသည်ဆိုသော်လည်း... အင်အားစုတစ်ခုအနေဖြင့် ထိုသို့လုပ်ဆောင်ခြင်းက အဓိပ္ပာယ်တစ်ခုခု ရှိရပေလိမ့်မည်။
ပြီးတော့ သူတစ်ပါးကို ကူညီခြင်းအားဖြင့် ရရှိနိုင်မည့် အရေးအကြီးဆုံးအရာမှာ ‘လူမှုဆက်ဆံရေးကွန်ရက်’ သာ ဖြစ်သည်။
သို့သော် တိုက်ကြီးတစ်ခုလုံးတွင် အဆန်းကြယ်ဆုံးဖြစ်သော ဤအင်အားစုကြီးက... အခြားသူများ၏ အကူအညီကို လိုအပ်ရလောက်အောင် ဘာများ ဖြစ်နေလို့လဲ။
မူအန်းသည် အသက် နှစ်ရာကျော်တိုင်အောင် ရှင်သန်ခဲ့သည့် ထိပ်သီးစွမ်းအားရှင်ကြီးတစ်ဦး ဖြစ်သည်နှင့်အညီ... စောစောက ပြောဆိုခဲ့သော စကားအနည်းငယ်ထဲကတင် ဤမျှအထိ အတွေးပေါက်သွားခြင်း ဖြစ်သည်။
ယွီဝူယီက စိတ်ထဲကနေ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ ‘အ ဆုံးဆွန်သုန့်လော်အဆင့် ရောက်တဲ့သူတွေထဲမှာ ဘယ်သူမှ ရိုးရိုးရှင်းရှင်း မရှိဘူးပဲ...’ သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် သူ့မှာ ကြိုတင်ပြင်ဆင်ထားသည့် ဆင်ခြေတစ်ခု ရှိနေသေးသည်။
“အကြီးအကဲမူအန်းက တကယ့်ကို ကမ္ဘာပေါ်မှာ အသန်မာဆုံး ပညာရှင်ကြီးတစ်ဦးပီသပါတယ်ရှင် တစ်ချက်ကြည့်ရုံနဲ့တင် သမီးတို့ရဲ့ အခက်အခဲကို ရိပ်မိသွားတာပဲ”
မူအန်းက သာမန်မျှသာ ပြုံးလိုက်ရင်း သူမ၏ စကားကို ကြားဖြတ်တားဆီးလိုက်သည်။
“အပိုစကားတွေ ပြောမနေပါနဲ့တော့ ကလေးမလေးရယ်…ငါက အဲဒီလို ချီးကျူးစကားတွေကို သဘောကျမယ့် အသက်အရွယ်ကို ကျော်လွန်ခဲ့ပါပြီ”
ယွီဝူယီက မိန်းကလေးငယ်တစ်ဦး၏ ဟန်ပန်အတိုင်း လျှာလေးတစ်ချက် အသာထုတ်ပြလိုက်မိသည်။
အလုပ်ကိစ္စမပြောမီ ပြိုင်ဘက်ကို အနည်းငယ် မြှောက်ပင့်ပြောဆိုခြင်းက ဆက်သွယ်ရေးဗျူဟာတစ်ခု ဖြစ်သော်လည်း... မူအန်းအပေါ်တွင်မူ မည်သို့မျှ သက်ရောက်မှုမရှိခဲ့ပါ။
‘ဟင်... ငါအခု လျှာထုတ်ပြလိုက်မိတာလား’ သူ နောက်ကျမှ သတိဝင်လာခဲ့သည်။
‘ဘာပဲဖြစ်ဖြစ်... ဂရုစိုက်မနေတော့ဘူး'
“ဒါဆိုရင်တော့ သမီး အမှန်အတိုင်းပဲ ပြောပါတော့မယ်ရှင်။ သမီးတို့ ဝူယီ အထွေထွေလုပ်ငန်းအပ်နှံဆိုင်မှာ ‘အီလီယို’ လို့ခေါ်တဲ့ အဆင့်မြင့်အမှုဆောင်ကြီးတစ်ဦး ရှိပါတယ်... သူက အနာဂတ်ကို ကြိုတင်မြော်မြင်နိုင်တဲ့ အစွမ်း ရှိပါတယ်ရှင်”
‘အနာဂတ်ကို ကြိုမြင်နိုင်တဲ့ စွမ်းရည်အထိ တောင် ရှိတာလား...’ ဝူယီ အထွေထွေလုပ်ငန်းအပ်ဆိုင်၏ ပုံရိပ်က မူအန်း၏ စိတ်ထဲတွင် ပိုမို၍ ဆန်းကြယ်လျှို့ဝှက်လာခဲ့ရတော့သည်။
“ပြီးတော့... အီလီယို မြင်တွေ့ခဲ့ရတဲ့ ဝေးကွာလှတဲ့ အနာဂတ်မှာတော့.. ဒီသုန့်လော်တိုက်ကြီးဟာ တစ်ခါမှ မကြုံဖူးသေးတဲ့ အကြီးမားဆုံးသော ဘေးအန္တရာယ်ဆိုးကြီးနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ဆိုပါတယ်”
“အဲဒီဘေးအန္တရာယ်က သုန့်လော်တိုက်ကြီးတစ်ခုလုံးရဲ့ တည်ရှိမှုနဲ့ ရှင်သန်မှုကို တိုက်ရိုက် ထိခိုက်စေမှာဖြစ်ပြီး... တိုက်ကြီးတစ်ခုလုံးရဲ့ စွမ်းအားတွေကို စည်းလုံးညီညွတ်စွာ ပေါင်းစပ်နိုင်မှသာ မျှော်လင့်ချက် အလင်းရောင် အနည်းငယ်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်ရှင်”
‘ဒါက နှစ်ပေါင်းတစ်သောင်းကြာရင် ဖြစ်လာမယ့် ကမ္ဘာမြေပြင်စစ်ပွဲ ကို ပြောတာလေ... အချိန်ကာလအားဖြင့် နှစ်ပေါင်းတစ်သောင်းလောက် ကွာခြားနေသေးတယ်ဆိုပေမဲ့ပေါ့’ ယွီဝူယီက စိတ်ထဲကနေ ခိုးပြီး ရေရွတ်လိုက်သည်။
သူ၏ မျက်နှာက အနည်းငယ်မျှ နီမြန်းခြင်းမရှိသလို နှလုံးခုန်နှုန်းကလည်း တည်ငြိမ်လို့နေသည်။
“အော်... ဒါကြောင့်မို့လို့ မင်းတို့က ဒီလိုနည်းလမ်းကို သုံးပြီး တိုက်ကြီးပေါ်က အင်အားစုအားလုံးနဲ့ ကြိုတင်ပြီး ဆက်ဆံရေး တည်ဆောက်ထားတာပေါ့။
ပြီးတော့ အဲဒီဘေးအန္တရာယ်ကြီး ရောက်ရှိလာတဲ့အခါကျမှ... မင်းတို့ရဲ့ ဝူယီလုပ်ငန်းအပ်ဆိုင်ကို ကြားခံနယ်ပယ်တစ်ခုအနေနဲ့ သုံးပြီး တိုက်ကြီးတစ်ခုလုံးရဲ့ အင်အားစုတွေကို စည်းလုံးစေချင်တာလား”
လူသားဟူသည် ကြီးမားလှသော ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရသည့်အခါမှသာ စည်းလုံးတတ်ကြခြင်း ဖြစ်သည်။
သို့သော်လည်း ထိုသို့စည်းလုံးသည့် အချိန်တွင်ပင် မည်သူက ဦးဆောင်မည်နည်း ဟူသော အချက်ကြောင့် ပဋိပက္ခများ ထပ်မံဖြစ်ပွားတတ်ကြသည်။
သို့သော် ဝူယီလုပ်ငန်းအပ်ဆိုင်ကမူ လုပ်ငန်းအပ်နှံမှုများမှတစ်ဆင့် လူမှုဆက်ဆံရေး အခြေခံအုတ်မြစ်ကို ကြိုတင်ချမှတ်ထားပြီး ဖြစ်သည်။
ထိုအချိန်ကျရောက်လာလျှင် မိမိတို့၏ အံ့မခန်းစွမ်းအားများနှင့် သူတို့ ကူညီပေးခဲ့ဖူးသော အင်အားစုများ၏ ထောက်ခံမှုကြောင့်... ကျန်ရှိသည့် အဖွဲ့အစည်းအားလုံးသည်လည်း သူတို့၏ ဦးဆောင်မှုကို လိုလိုလားလား လိုက်နာကြပေလိမ့်မည်။
အကယ်၍ အင်အားကြီးမားမှု သက်သက်ကိုသာ အသုံးပြုပြီး သူတစ်ပါးကို အတင်းအကျပ် ဖိနှိပ်ဦးဆောင်မည်ဆိုပါက... နောက်ကွယ်တွင် လျှို့ဝှက်ပူးပေါင်းကြံစည်မှုများနှင့် သစ္စာဖောက်မှုများ မလွဲမသွေ ဖြစ်ပေါ်လာပေလိမ့်မည်။
သို့သော် ဝူယီလုပ်ငန်းအပ်ဆိုင်အတွက်မူ ဤပြဿနာကို စိုးရိမ်စရာမလိုပါ။ အကြောင်းမှာ အခြားသောအင်အားစုများသည် သူတို့၏ အကူအညီကို ရရှိထားပြီးသား ဖြစ်ရုံတင်မက.. သူတို့၏ ခေါင်းပေါ်တွင်လည်း ပျက်စီးခြင်းဘေးအန္တရာယ်ကြီးက လာရောက်မိုးကြိုးပစ်တော့မည့် အခြေအနေမျိုး ဖြစ်နေသောကြောင့် ဖြစ်သည်။
ထိုအချိန်တွင် သစ္စာဖောက်များ လုံးဝ မရှိနိုင်ဟု မဆိုလိုသော်လည်း... အလွန်ပင် နည်းပါးသွားမှာကတော့ သေချာသည်။
‘ဒီအစီအစဉ်ကို ရေးဆွဲခဲ့တဲ့သူက တကယ့်ကို ထူးချွန်ပြောင်မြောက်တဲ့သူပဲ။ အနာဂတ်ကို အဝေးကြီးအထိ မြော်မြင်နိုင်ရုံတင်မကဘဲ လူသားတွေရဲ့ စိတ်သဘောထားကိုပါ ကောင်းစွာနားလည်ပြီး... အခုအချိန်ကတည်းက ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေတာပဲ’ မူအန်းက စိတ်ထဲကနေ တိတ်တဆိတ် ချီးကျူးအံ့ဩနေမိသည်။
“ဒါဆိုရင်တော့... စောစောက မင်းပြသခဲ့တဲ့ အရာတွေအားလုံးက ငါတို့ရဲ့ ယုံကြည်မှုကို ရရှိဖို့အတွက်ပေါ့ ဟုတ်လား” သူက မိမိရှေ့ရှိ မိန်းကလေးငယ်ကို ကြည့်ရင်း မချီးကျူးဘဲ မနေနိုင်တော့ပါ။
ဤအင်အားစုက တကယ့်ကို ထူးခြားဆန်းပြားလှပြီး.. ဤမိန်းကလေးကိုယ်တိုင်ကလည်း အလွန်ပင် ဉာဏ်ပညာ ထက်မြက်လှသည်။
“အကြီးအကဲက တကယ့်ကို အမြင်ရှိလှပါတယ်ရှင်”
ယွီဝူယီသည် မူအန်းတစ်ယောက် စိတ်ထဲကနေ ဘာတွေအထိ တွေးတောသွားလဲဆိုတာကို မသိရှိပါ။
သို့သော် အဘိုးအိုကြီး၏ မျက်နှာအမူအရာကို ကြည့်ခြင်းအားဖြင့် ဒါက မကောင်းတဲ့အရာ မဟုတ်မှန်းတော့ သူ ခန့်မှန်းမိသည်။
တကယ်တမ်းတွင်မူ သူပြောခဲ့သမျှ စကားအားလုံးသည် ဝူယီ အထွေထွေလုပ်ငန်းအပ်ဆိုင်၏ တည်ရှိမှုကို ပိုမိုသဘာဝကျပြီး လျှို့ဝှက်ဆန်းကြယ်စေရန် ဆင်ခြေပေးခြင်း သက်သက်သာ ဖြစ်ပြီး... နောင်တစ်ချိန်တွင် အလုပ်လုပ်ရ ပိုမိုအဆင်ပြေစေရန်အတွက်သာ ဖြစ်သည်။
သူ၏ သေးငယ်လှသော ဆိုင်လေးကို မူအန်းတစ်ယောက် ကမ္ဘာကြီးကို တုန်လှုပ်စေမည့် အင်အားစုကြီးတစ်ခုအဖြစ် အဝေးကြီးအထိ ပုံကြီးချဲ့ တွေးတောသွားလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပါ။
အကယ်၍ မူအန်းက သူ့ကို ‘နောင်တစ်ချိန်မှာ တိုက်ကြီးတစ်ခုလုံးရဲ့ အင်အားစုတွေကို ဦးဆောင်ပြီး ဘေးအန္တရာယ်ကို ရင်ဆိုင်ရမယ့်သူ’ ဟု သတ်မှတ်ထားကြောင်းသာ သူသိရှိသွားပါက... ယွီဝူယီတစ်ယောက် “ဟင်... ကျွန်တော်လား...” ဟု ဆိုကာ ကြောင်အမ်းသွားမှာ အသေအချာပင်။
လူကြီးတွေ အဝေးကြီး တွေးတောတတ်တာက တကယ့်ကို ကြောက်စရာကောင်းလှသည်ဟုသာ ဆိုရပါမည်။
အဓိက အကြောင်းအရာဆီသို့ ပြန်လည်ရောက်ရှိလာသည့်အခါတွင်မူ... မူအန်းက ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ယွီဝူယီ့ကို ပြောလိုက်သည်။
“ဒီကိစ္စက တိုက်ကြီးတစ်ခုလုံးနဲ့ သက်ဆိုင်နေတာမို့... ငါအနေနဲ့ ပင်လယ်နတ်ဘုရားမျှော်စင်ရဲ့ အစည်းအဝေးကို ထပ်မံခေါ်ယူပြီး လူတိုင်းနဲ့ အသေအချာ တိုင်ပင်ဆွေးနွေးပြီးမှပဲ ဆုံးဖြတ်ချက်ချလို့ ရလိမ့်မယ်”
“ဒါက သေးငယ်တဲ့ ကိစ္စမဟုတ်တာမို့... အချိန်အနည်းငယ်တော့ ယူရလိမ့်မယ်… အဲဒီတော့... ဒီအတောအတွင်းမှာ မင်းအနေနဲ့ ငါတို့ ရှီလိုင်ခဲ့အကယ်ဒမီမှာပဲ ယာယီ တည်းခိုနေထိုင်မလား”
‘ပင်လယ်နတ်ဘုရားမျှော်စင် အစည်းအဝေး ဟုတ်လား... ငါမှတ်မိသလောက်ဆိုရင် အဲဒီအစည်းအဝေးက အလွန်ကြီးမားတဲ့ အဖြစ်အပျက်တွေရှိမှပဲ ခေါ်ယူတတ်တာ မဟုတ်လား'
ကြည့်ရတာ သူတို့ ဤကိစ္စကို တကယ့်ကို အလေးအနက် သဘောထားနေကြပုံရသည်။
သို့သော် ဒါကလည်း သဘာဝကျပါသည်.. ဘာပဲဖြစ်ဖြစ် အမည်မသိ လျှို့ဝှက်အင်အားစုတစ်ခု ပေါ်ထွက်လာတာ မဟုတ်ပါလား။
“ဒါဆိုရင်တော့... သမီး အနှောင့်အယှက်ပေးမိတဲ့အတွက် အားနာပါတယ်ရှင်”
သို့သော် ယွီဝူယီ မသိရှိခဲ့တာကတော့... မူအန်း စိတ်ထဲက တွေးတောနေသည့်အရာနှင့် နှုတ်က ထွက်ပေါ်လာသည့် စကားလုံးများက လုံးဝ တခြားစီ ဖြစ်နေခြင်းပင်။
သူသည် အခုအချိန်မှာ မိမိကိုယ်ကိုယ်အတွက် မည်မျှအထိ ကြီးမားလှသော ‘ဇာတ်ကြောင်းနောက်ခံ’ ကြီးတစ်ခုကို ကြိုတင်ဖန်တီးမိလိုက်လဲဆိုတာကို နောင်အနာဂတ်ကျမှသာ ကောင်းစွာ သဘောပေါက်ရတော့မည် ဖြစ်သည်။
“ဒီအချိန်အတောအတွင်းမှာ မင်းအနေနဲ့ ပင်လယ်နတ်ဘုရားမျှော်စင်ရဲ့ အခန်းတစ်ခန်းမှာ အနားယူနိုင်ပါတယ်။
အကယ်၍ ပျင်းစရာကောင်းနေတယ်ဆိုရင်လည်း... ကျောင်းတော်ရဲ့ အတွင်းစည်းတပည့်ဝင်းထဲမှာ လှည့်လည်သွားလာရင်း ငါတို့ကျောင်းသားတွေရဲ့ ဓလေ့စရိုက်တွေကို လေ့လာနိုင်ပါတယ်”
“ဒါတင်မကသေးဘူး... ဒီရက်ပိုင်းအတွင်းမှာ ငါတို့ ရှီလိုင်ခဲ့အကယ်ဒမီရဲ့ နှစ်ပတ်လည် ထူးခြားတဲ့ ပွဲတော်ကြီးတစ်ခု စတင်တော့မှာ ဖြစ်လို့... အကယ်၍ စိတ်ဝင်စားတယ်ဆိုရင် သွားရောက်ကြည့်ရှုနိုင်ပါတယ်”
မူအန်းက အိမ်ရှင်တစ်ဦး၏ တာဝန်ကို အကောင်းဆုံး ဖြည့်ဆည်းပေးခဲ့သည်။
စကားအနည်းငယ် ထပ်မံပြောဆိုပြီးနောက် ယွီဝူယီသည် သူ၏ မူလအခန်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ထိုအချိန်မှာပင် ပင်လယ်နတ်ဘုရားမျှော်စင်၏ အကြီးအကဲများအားလုံး အစည်းအဝေးခန်းမအတွင်းသို့ ထပ်မံခေါ်ယူခြင်း ခံရပြီး... အရေးကြီးသော အစည်းအဝေးကြီးကို စတင်ကြတော့သည်။
“သူတို့ ဘယ်လောက်အထိ အချိန်ယူကြဦးမလဲ မသိဘူး…ငါလည်း အပြင်ထွက်ပြီး လျှောက်လည်တာပဲ ကောင်းပါတယ်... အခန်းထဲမှာတင် အမြဲပိတ်မိနေရတာ ပျင်းစရာကြီး”
ပင်လယ်နတ်ဘုရားမျှော်စင်ကြီးက တကယ့်ကို ကြီးမားကျယ်ပြန့်လှသည်ဟု ဆိုရပါမည်။ ယွီဝူယီသည် မိမိ၏ အာရုံခံစားမှုအပေါ် အမှီပြုပြီး လမ်းရှာဖွေခဲ့သော်လည်း... ပထမထပ်ရှိ ထွက်ပေါက်ဆီသို့ ရောက်ရှိရန် ဆယ်မိနစ်နီးပါးခန့် အချိန်ယူခဲ့ရသည်။
သူ အပြင်သို့ လှမ်းထွက်လိုက်သည်နှင့် တစ်ပြိုင်နက်... မီးတောက်ကဲ့သို့ ရဲရဲတောက်နေသော ဆံပင်များရှိသည့် အရပ်ရှည်ရှည် မိန်းကလေးတစ်ဦးသည် သူ့ထံသို့ တည့်တည့် လျှောက်လှမ်းလာခဲ့သည်။
နှစ်ဦးစလုံး တစ်ယောက်ကိုတစ်ယောက် အံ့ဩသော မျက်ဝန်းများဖြင့် ကြည့်လိုက်မိကြပြီးနောက်... မည်သည့်စကားမျှမဆိုဘဲ ဘေးချင်းယှဉ်လျက် ဖြတ်ကျော်သွားခဲ့ကြသည်။
ယွီဝူယီသည် မိမိ၏ ခြောက်မျက်လုံး အစွမ်းကြောင့်... ထိုမိန်းကလေး၏ ခန္ဓာကိုယ်အတွင်းရှိ သန့်စင်လှသော မီးဂုဏ်သတ္တိနှင့် မှောင်မိုက်ဂုဏ်သတ္တိ စွမ်းအင်နှစ်ခုကို ချက်ချင်းပင် မြင်တွေ့လိုက်ရသည်။
ရဲရဲတောက်နေသော ဆံပင်အရောင်.. ခန္ဓာကိုယ်အတွင်းရှိ မီးနှင့် မှောင်မိုက်ဂုဏ်သတ္တိ စွမ်းအင်များ.. ပြီးတော့ ပင်လယ်နတ်ဘုရားမျှော်စင်အတွင်းသို့ လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်ခြင်း...
‘မီးတောက်မိစ္ဆာ မာရှောင်ထောင် လား...’
ဤကဲ့သို့သော အချက်အလက်များနှင့် ကိုက်ညီသည့်သူဆိုလို့ ယွီဝူယီ့စိတ်ထဲတွင် တစ်ယောက်တည်းသာ ရှိသည်။
အခုအချိန်တွင် မာရှောင်ထောင်း၏ ဝိညာဉ်က ‘မိစ္ဆာမီးတောက် ဖီးနစ်’ အဆင့်တွင်သာ ရှိသေးတာမို့... စွမ်းအင်ဂုဏ်သတ္တိ နှစ်ခုစလုံးက သူမ၏ ခန္ဓာကိုယ်အတွင်းမှာ ဒွန်တွဲတည်ရှိနေခြင်း ဖြစ်သည်။
ပင်လယ်နတ်ဘုရားမျှော်စင်အတွင်းသို့ လျှောက်လှမ်းဝင်ရောက်သွားသော မာရှောင်ထောင်းသည်လည်း စိတ်ထဲတွင် အနည်းငယ် ဝေခွဲမရ ဖြစ်သွားခဲ့သည်။
‘အဲဒီမိန်းကလေးက ဘာဖြစ်လို့ ပင်လယ်နတ်ဘုရားမျှော်စင်ထဲကနေ ထွက်လာရတာလဲ ငါ ဘာလို့ သူမကို တစ်ခါမှ မမြင်ဖူးရတာပါလိမ့်’
သို့သော်လည်း ဤအရာက သူတို့နှစ်ဦးစလုံးအတွက် ကြားဖြတ်ဇာတ်လမ်းတိုလေးတစ်ခု သက်သက်သာ ဖြစ်သည်။
မာရှောင်ထောင်းက သူမ၏ ဆရာဖြစ်သူ ယန်ရှောက်ကျဲ့ ကို လာရောက်ရှာဖွေခြင်း ဖြစ်သည်။
ယွီဝူယီကလည်း ခဏမျှသာ အံ့ဩသွားခဲ့ခြင်း ဖြစ်သည်။
သူက မိန်းကလေးတစ်ယောက်ကို မြင်ရုံမျှဖြင့် လမ်းခရီးမှာ ရပ်တန့်နေမည့်သူ မဟုတ်သလို... ချောမောလှပရုံမျှဖြင့် သူတစ်ပါးနောက်သို့ အရည်ပျော် လိုက်ပါသွားမည့်သူလည်း မဟုတ်ပါ။
ဤလူက မည်မျှပင် ထူးခြားသည်ဖြစ်စေ... သူ့အတွက်တော့ ဘာမှ ထူးခြားမနေပါချေ။