အခန်း (၁၂) - စွမ်းရည်ပြသခြင်း
“ဟွန်း... ငါတို့ကို ခြောက်လှန့်ရုံနဲ့ ကြောက်သွားမယ် ထင်နေတာလား…ဒီလိုအင်အားစုမျိုးသာ တကယ်ရှိရင် ငါတို့ မသိဘဲနေပါ့မလား”
ချန်တျိုးတျိုးက မယုံကြည်နိုင်စရာ အမူအရာဖြင့် ပြောဆိုလိုက်သည်။ ရှီလိုင်ခဲ့အကယ်ဒမီ၏ မျက်စိအောက်တွင် မည်သည့်အင်အားစုမျှ ဤမျှအထိ ကြီးထွားလာနိုင်စရာ အကြောင်းမရှိပါ။
ရှီလိုင်ခဲ့အကယ်ဒမီသည် ကျောင်းတော်တစ်ခု ဖြစ်ရုံသာမက ဘေးပတ်ပန်းကျင်ရှိ နိုင်ငံများကို ဟန်ချက်ညီအောင် ထိန်းညှိပေးသည့် အခန်းကဏ္ဍတွင်လည်း ရှိနေမှန်း လူတိုင်းသိကြသည်။
ဤအချက်ကြောင့်ပင် ကျောင်းတော်ကို အင်ပါယာသုံးခုနှင့် ကြယ်တာရာတောအုပ်ကြီး ၏ နယ်စပ်ဆုံချက်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
“လူကြီးမင်း... စိတ်အေးအေးထားပါရှင်.. စကားသက်သက်ပြောနေရုံနဲ့တော့ ဘယ်သူ့ကိုမှ ယုံကြည်အောင် လုပ်နိုင်မှာမဟုတ်မှန်း သမီလျူယင်က သိပါတယ်”
ယွီဝူယီက မတ်တပ်ရပ်လိုက်ပြီး နောက်သို့ တစ်လှမ်းဆုတ်ကာ လက်နှစ်ဖက်ကို ဆန့်ထုတ်ရင်း ပြောလိုက်သည်။
“လူကြီးမင်းတို့... သမီးရဲ့ ဝိညာဉ်စွမ်းအား အဆင့်ကို မြင်နိုင်ကြလားရှင်”
“အဆင့် ၁၀ ပဲ ရှိသေးတာပဲ.. ဝိညာဉ်ကွင်းတောင် မရသေးတဲ့ပုံပဲ”
ရွှမ်ဇီ က မျက်မှောင်ကြုတ်လျက် ကြက်တောင်ပံတစ်ဖက်ကို ကိုက်ဝါးရင်း ပြန်လည်ဖြေကြားခဲ့သည်။ ပြိုင်ဘက်၏ ကျင့်ကြံမှုအဆင့်က သူ့ထက် မမြင့်မားနေသရွေ့ သူ၏ မျက်စိကို ဖုံးကွယ်ထားနိုင်မည် မဟုတ်ပါ။
“ဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ် အကြီးအကဲရွှမ်ဇီရှင်” ယွီဝူယီက အရင်ဆုံး ကျေးဇူးတင်စကားဆိုလိုက်ပြီးနောက် ဆက်ပြောသည်။
“နောက်ထပ် သမီးပြသမယ့်အရာကို ကြည့်ပြီး... လူကြီးမင်းတို့ သိပ်ပြီး မအံ့ဩသွားကြဖို့ မျှော်လင့်ပါတယ်”
သူသည် ‘ဖိုင်းယားဖလိုင်းအသွင်ပြောင်းစက်’ ကို ထုတ်ယူလိုက်ပြီး... မီးတောက်အလင်းတန်းတစ်ခု ဖြာထွက်လာပြီးနောက် လူတိုင်း၏ ရှေ့မှောက်တွင် ဆမ် စက်ရုပ်၀တ်စုံအသွင်သို့ တိုက်ရိုက် ပြောင်းလဲလိုက်တော့သည်။
‘ဒီအချိန်ကာလရဲ့ ဝိညာဉ်ကရိယာ နည်းပညာအဆင့်အတန်းနဲ့ဆိုရင်... ငါ့ရဲ့ လူသားပုံသဏ္ဍာန် ဆမ်သံချပ်ကာက မင်းတို့ကို ထိတ်လန့်သွားစေမှာ သေချာတယ်’ ယွီဝူယီက စိတ်ထဲကနေ တိတ်တဆိတ် သဘောကျလို့နေသည်။
“ဒါက အဲဒီနေ့က ဝိညာဉ်ကရိယာပဲ မဟုတ်လား… ဒီလောက် ကြီးမားတဲ့ အရာဝတ္ထုကို စောစောက လက်ထဲက ပစ္စည်းသေးသေးလေးထဲမှာ သိမ်းဆည်းထားနိုင်တာလား"
ဆမ်ချပ်ကာ ထပ်မံပေါ်ထွက်လာသည်ကို မြင်လိုက်ရသည့်အခါ ရှန်းလင်းအာ တစ်ယောက် တည်ငြိမ်စွာ မထိုင်နိုင်တော့ဘဲ စားပွဲကို ရိုက်ကာ ထရပ်လိုက်တော့သည်။
‘အဲဒီနေ့က’ သူတို့ ဆမ်ကို အရင်က မြင်ဖူးထားကြတာလား။
ဤမျှော်လင့်မထားသော တုံ့ပြန်မှုကြောင့် ယွီဝူယီ့ရဲ့ အစီအစဉ် အနည်းငယ် ပျက်ပြားသွားခဲ့ရသည်။
မူလက သူသည် ဆမ်ကို အသုံးပြု၍ လူကြီးမင်းများကို အရင်ဆုံး ခြောက်လှန့်ရန် ကြံစည်ထားခြင်း ဖြစ်သည်။
သို့သော် သူ၏ အစီအစဉ်က ဒါထက်မက ပိုမိုကျယ်ပြန့်လှတာမို့ ဤမျှလောက်ကတော့ ထိခိုက်မှုမရှိပါ။
သူတို့ မည်သို့ သိရှိသွားလဲဆိုတာကို ခဏမျှ တွေးတောကြည့်လိုက်သည့်အခါ... သူ ကောင်းကင်ကနေ ပြုတ်ကျလာခဲ့သည့် အချိန်က ဖြစ်နိုင်ကြောင်း ရိပ်မိလိုက်သည်။
“လူကြီးမင်းတို့အားလုံး သမီးရဲ့ ဒီအသွင်သဏ္ဍာန်ကို မြင်ဖူးထားကြပြီးသားဆိုတော့လည်း... သမီး အချိန်ဆွဲမနေတော့ပါဘူး”
“လူကြီးမင်းတို့အနေနဲ့... သမီးရဲ့ အရှိန်အဝါကို နောက်တစ်ကြိမ်လောက် ထပ်ပြီး အာရုံခံကြည့်ပေးဖို့ တောင်းဆိုချင်ပါတယ်”
ယခုတစ်ကြိမ်တွင်မူ သူသည် ဆမ်၏ စက်ရုပ်ဆန်သော အသံဖြင့် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
အသံပြောင်းလဲသည့် နည်းပညာက ဆန်းပြားလှသည်မဟုတ်တာမို့... အကြီးအကဲများအားလုံးက ဆမ်သံချပ်ကာ၏ ကိုယ်ထည်ဆီသို့သာ အာရုံစိုက်လိုက်ကြသည်။
ထိုသို့ အာရုံခံကြည့်လိုက်သည့်အခါတွင်မူ... လူတိုင်း ချက်ချင်းပင် ထရပ်လိုက်မိကြပြီး မျက်နှာထက်တွင် အံ့ဩတုန်လှုပ်မှုများနှင့် ဝေခွဲမရမှုများ အပြည့်အနှက် ဖြစ်ပေါ်သွားရတော့သည်။
“ဝိညာဉ်စွမ်းအားက ပြောင်းလဲမသွားဘူး... ဒါပေမဲ့ ငါ တကယ်ပဲ ခြိမ်းခြောက်မှုကို ခံစားနေရတယ်”
ရွှမ်ဇီသည် သူ၏လက်ထဲက ကြက်တောင်ပံကိုပင် ချထားလိုက်မိသည်။ ထိုခြိမ်းခြောက်မှုက အလွန်အမင်း ပြင်းထန်လွန်းလှသည်မဟုတ်သော်လည်း…
အဆင့် ၁၀ မျှသာရှိသော ဝိညာဉ်သခင်ငယ်တစ်ဦးက အဆင့် ၉၈ ရှိသည့် အဆုံးစွန်သုန့်လော်တစ်ဦးကို ခြိမ်းခြောက်မှု ပေးနိုင်ခြင်း ဆိုသည့်အချက်ကတင်... လုံးဝ မဖြစ်နိုင်လောက်အောင် ထူးဆန်းအံ့ဩစရာ ကောင်းလှသည် မဟုတ်ပါလား။
‘ဒါမှပေါ့... ဒါက ငါမြင်ချင်တဲ့ မြင်ကွင်းအစစ်အမှန်ပဲ’ ယွီဝူယီက စိတ်ထဲကနေ ခိုးပြီး ကြုံးဝါးလိုက်သည်။
‘ဒါက ဂြိုဟ်သားနည်းပညာကွ.. ကောင်လေးတွေရဲ့’
“လူကြီးမင်းတို့ မြင်တွေ့ရတဲ့အတိုင်းပါပဲ... သမီးရဲ့ ဝိညာဉ်စွမ်းအားက ပြောင်းလဲမသွားပေမဲ့.. ဒီဝတ်စုံနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့... ဘွဲ့နှင်းခံသုန့်လော် အဆင့်နဲ့ ယှဉ်ပြိုင်နိုင်တဲ့ စွမ်းအားကို ရရှိသွားမှာ ဖြစ်ပါတယ်”
“ပြီးတော့ သမီးမှာ ဒါထက် ပိုမိုမြင့်မားတဲ့ အသွင်သဏ္ဍာန်တစ်ခု ရှိပါသေးတယ်... အဲဒီစွမ်းအားက သာလွန်သုန့်လော် တစ်ယောက်ကိုတောင် ယှဉ်ပြိုင်နိုင်စွမ်း ရှိပါတယ်…ဒါပေမဲ့ အဲဒီအသွင်က ခန္ဓာကိုယ်အပေါ်မှာ ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်စေတာမို့... အခုအချိန်မှာ လူကြီးမင်းတို့ကို ထုတ်ဖော်မပြသနိုင်တာကို ခွင့်လွှတ်ပေးပါရှင်”
ချန်တျိုးတျိုး၏ မျက်ခုံးအစုံက တွန့်ချိုးလို့နေသည်။ ဝိညာဉ် ကျောင်းသားငယ်တစ်ဦးက ဘွဲ့နှင်းခံသုန့်လော် သို့မဟုတ် သာလွန်သုန့်လော်အဆင့် စွမ်းအားကို ပိုင်ဆိုင်နိုင်သည်ဆိုခြင်းက ကောင်းကင်ကို ဆန့်ကျင်နေသည့်အရာ ဖြစ်သော်လည်း... ဒါသက်သက်ဖြင့်တော့ သူ့ကို လုံးဝ အရှုံးပေးရန် မလုံလောက်သေးပါ။
“မင်းကို အထင်သေးခဲ့မိတာကို ငါ ဝန်ခံပါတယ်... ဒါပေမဲ့ ဒီလောက်အဆင့်နဲ့တင်တော့ မင်းစောစောက ပြောခဲ့တဲ့ စကားတွေကို အတည်မပြုနိုင်သေးဘူး”
ပြိုင်ဘက်က ပင်လယ်နတ်ဘုရားမျှော်စင်၏ အကြီးအကဲတစ်ဦး ဖြစ်သည်နှင့်အညီ... ယွီဝူယီသည်လည်း ဤမျှလောက်ဖြင့် သူတို့ကို အပြည့်အဝ ယုံကြည်သွားစေရန် မမျှော်လင့်ထားခဲ့ပါ။
ချက်ချင်းပင် သူသည် ဆမ်ချပ်ကာကို ရုပ်သိမ်းလိုက်ပြီး လျူယင်အသွင်သို့ ပြန်လည်ပြောင်းလဲကာ ချန်တျိုးတျိုးထံသို့ လျှောက်လှမ်းသွားရင်း စကားဆိုလိုက်သည်။
“အကြီးအကဲချန်တျိုးတျိုး ပြောတာ တကယ်ကို မှန်ပါတယ်ရှင်... ဒါကြောင့် အခု သမီးတို့ ဝူယီ အထွေထွေလုပ်ငန်းအပ်ဆိုင်ရဲ့ နောက်ထပ် ထူးခြားတဲ့ စွမ်းရည်တစ်ခုကို ပြသပါရစေ”
အရပ် နှစ်မီတာ နှစ်ဆယ်ကျော် မြင့်မားလှသော ချန်တျိုးတျိုး၏ ရှေ့မှောက်တွင်... အရပ် တစ်မီတာ ခုနစ်ဆယ့်ငါးသာရှိသော လျူယင်သည် အလွန်ပင် သေးငယ်လှသည်ဟု ထင်ရသည်။
ချန်တျိုးတျိုး၏ ရှေ့တည့်တည့်သို့ ရောက်ရှိလာသည့်အခါတွင်မူ... ယွီဝူယီသည် သူ၏ မျက်လုံးချင်း တည့်တည့် ဆုံနိုင်ရန်အတွက် ခေါင်းကို မော့ကြည့်လိုက်ရသည်။
‘စောစောက ဒီလူကြီး ဒီလောက်အထိ အရပ်ရှည်မှန်း ငါဘာလို့ သတိမထားမိပါလိမ့်’
“အခု သမီး အကြီးအကဲရဲ့ ရှေ့မှာ မတ်တပ်ရပ်နေပါတယ်... လူကြီးမင်း ကြိုက်တဲ့ နည်းလမ်းနဲ့ သမီးကို တိုက်ခိုက်နိုင်ပါတယ်ရှင်… သမီးဘက်က ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းကိုမှ သုံးပြီး ခုခံမှာ မဟုတ်ပါဘူး” ယွီဝူယီက ယုံကြည်မှုအပြည့်ဖြင့် ပြုံးလျက် မတ်တပ်ရပ်နေခဲ့သည်။
“ဒါက ဘာကို ဆိုလိုတာလဲ” ချန်တျိုးတျိုး၏ မျက်ခုံးများ ပိုမိုတွန့်ချိုးသွားရသည်။ အကယ်၍ စောစောက ဝိညာဉ်ကရိယာကို သုံးပြီး ခုခံမည်ဆိုပါက သဘာဝကျသော်လည်း... အခုကမူ သူမ၏ ခန္ဓာကိုယ်အစစ်အမှန်ကို စိတ်ကြိုက် တိုက်ခိုက်ခွင့် ပေးနေခြင်း ဖြစ်သည်။
ဝိညာဉ် ကျောင်းသား တစ်ဦး၏ ခန္ဓာကိုယ်က အထူးဝိညာဉ်သုန့်လော်တစ်ဦး၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသည်ဟု သူမကိုယ်သူမ ယုံကြည်နေခြင်းလား။
ယခုဖြစ်ပျက်နေသော ဆန်းကြယ်လှသည့် ဖြစ်စဉ်များက သူ၏ မူလယုံကြည်ချက်များကို စတင်လှုပ်ခါနေခဲ့ပြီ ဖြစ်သည်။
သူသည် အဓိကထိုင်ခုံတွင် လဲလျောင်းနေသော မူအန်းထံသို့ လှည့်ကြည့်ကာ သဘောထားကို အကဲခတ်လိုက်မိသည်။ မျှော်လင့်မထားစွာဖြင့်ပင်... မူအန်းက ခေါင်းငြိမ့်ပြပြီး ခွင့်ပြုလိုက်သည်။
‘အဘိုးမူကတောင် သူမကို ထူးခြားတယ်လို့ ယူဆနေတာလား... ဒါဆိုရင်တော့ ငါ စမ်းသပ်ကြည့်ရတာပေါ့’
“ငါ့ရဲ့ တိုက်ခိုက်မှုက ငါ့ရဲ့ စွမ်းအား သုံးပုံတစ်ပုံ (၃၀%) ကို သုံးမှာဖြစ်လို့... သတိထားပါ”
စွမ်းအား ၃၀% သာ သုံးမည်ဖြစ်ပြီး.. သက်စောင့်၀ိညာဥ် သုန့်လော် ကျွမ်းယွီစန်းလည်း ဘေးတွင် ရှိနေတာမို့... အကယ်၍ သူမဘက်က မခံနိုင်ခဲ့လျှင်တောင်မှ အချိန်မီ ကယ်တင်နိုင်မည် ဖြစ်သည်။
သူ၏ ညာလက်ကို လက်သီးအဖြစ် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ... ထူထပ်လှသော ဝိညာဉ်စွမ်းအားများက လက်သီးပေါ်တွင် စုစည်းလာခဲ့သည်။
မူအန်း၏ မျက်ဝန်းများဆီမှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာခဲ့ပြီး.. အစည်းအဝေးခန်းမတစ်ခုလုံးကို ရွှေရောင်အတားအဆီးတစ်ခုဖြင့် ချက်ချင်း ဖုံးလွှမ်းလိုက်သည်။ မဟုတ်ပါက သာလွန်သုန့်လော်တစ်ဦး၏ စွမ်းအား ၃၀% ကို ဤအခန်းက ခံနိုင်ရည်ရှိမည် မဟုတ်ပါ။
ကျွမ်းယွီစန်းသည်လည်း မည်သည့်အချိန်မဆို လှုပ်ရှားနိုင်ရန်အတွက် အဆင်သင့် ပြင်ဆင်ထားလိုက်သည်။ ပြိုင်ဘက်က ဤကဲ့သို့သော နည်းလမ်းဖြင့် သူတို့၏ ယုံကြည်မှုကို ရယူလိုခြင်းဖြစ်တာမို့... သူတို့ဘက်ကလည်း လေးစားမှုကို ပြသရမည် ဖြစ်သည်။
အကယ်၍ ဤအခြေအနေမျိုးမှာတောင် ပြိုင်ဘက်ကို သာမန်မိန်းကလေးငယ်တစ်ဦးလို သဘောထားပါက... ၎င်းက စော်ကားရာ ရောက်ပေလိမ့်မည်။
“သတိထားစမ်း”
ချန်တျိုးတျိုးက သတိပေးလိုက်ပြီးနောက် ညာလက်သီးကို တိုက်ရိုက် ထိုးနှက်လိုက်ရာ... ယွီဝူယီ့ရဲ့ ရင်ဘတ်ဆီသို့ ဦးတည်သွားတော့သည်။
ဝုန်း...
မာကျောလှသော အရာဝတ္ထုနှစ်ခု ပြင်းထန်စွာ တိုက်မိသွားသလိုမျိုး ကြောက်မက်ဖွယ်ကောင်းလှသော အသံကြီးက အစည်းအဝေးခန်းမတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့ပြီး အချိန်အတော်ကြာသည်အထိ မပြယ်ပျယ်ဘဲ ရှိနေခဲ့သည်။
ဤလက်သီးချက်သည် သာမန်ဘွဲ့နှင်းခံသုန့်လော်တစ်ဦးပင်လျှင် နောက်သို့ သုံးလှမ်းခန့် ဆုတ်ခွာသွားစေနိုင်သော အရှိန်အဝါမျိုး ရှိသည်။
သို့သော်လည်း... လူတိုင်း၏ ထိတ်လန့်တုန်လှုပ်နေသော မျက်ဝန်းများအောက်တွင်မူ.. ချန်တျိုးတျိုး၏ လက်သီးသည် ယွီဝူယီ့ရင်ဘတ်၏ အရှေ့ အကွာအဝေး တစ်စင်တီမီတာ အလိုတွင်တင်... လုံးဝ ရပ်တန့်သွားခဲ့ရသည်။
တုန်ယင်နေသော လက်သီးကို ကြည့်ခြင်းအားဖြင့်... ချန်တျိုးတျိုးသည် ရှေ့သို့ တိုးဝင်နိုင်ရန်အတွက် အားအင်များကို အဆက်မပြတ် စိုက်ထုတ်နေဆဲဖြစ်မှန်း သိသာသော်လည်း... တစ်လက်မမျှပင် ရှေ့သို့ ဆက်မတိုးနိုင်တော့ပါ။
၎င်းကား... အကန့်အသတ်မဲ့ ဟင်းလင်းပြင်ပညာရပ် ပေတည်း။ မည်သည့်အရာဝတ္ထုမျှ အသုံးပြုသူကို တိုက်ရိုက် ထိတွေ့နိုင်ခြင်းမရှိဘဲ... အနီးကပ်ဆုံးအထိ ချဉ်းကပ်လာလေလေ.. ၎င်း၏ အရှိန်က ပိုမိုနှေးကွေးသွားလေလေ ဖြစ်သည်။
ယွီဝူယီ့ရဲ့ အဆင့် ၁၀ ဝိညာဉ်စွမ်းအားက ဤပညာရပ်ကို အသုံးပြုပြီး ပြင်းထန်လှသော တိုက်စစ်စွမ်းရည်များကို မထုတ်ဖော်နိုင်သေးသော်လည်း... ၎င်း၏ ခံစစ်စွမ်းဆောင်ရည်ကမူ အနည်းငယ်မျှ လျော့နည်းသွားခြင်း မရှိပါ။
ထို့ပြင် ခြောက်မျက်လုံး ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့် ခုခံရန်အတွက် ကုန်ခမ်းသွားသော ဝိညာဉ်စွမ်းအားမှာ အလွန်ပင် နည်းပါးလှပြီး... ဤကမ္ဘာတွင် ဝိညာဉ်စွမ်းအားကုန်ခမ်းမှုကို မြှင့်တင်ပေးမည့် ‘နယ်ပယ်ချဲ့ထွင်ခြင်း’ မျိုးလည်း မရှိပါ။
ဤအချက်ကပင် ချန်တျိုးတျိုး၏ တိုက်ခိုက်မှုကို ယုံကြည်မှုအပြည့်ဖြင့် ထိပ်တိုက်ရင်ဆိုင်ရဲသည့် သူ၏ နောက်ခံအကြောင်းရင်း ဖြစ်ပေသည်။
“အကြီးအကဲချန်တျိုးတျိုး... ဘယ်လိုလဲ”
ချန်တျိုးတျိုးက ညာလက်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး မျက်နှာအမူအရာက အလွန်ပင် ရှုပ်ထွေးလို့နေသည်။
စောစောက မိမိ၏ လက်သီးကို တားဆီးထားသည့် စွမ်းအားတစ်ခု ရှိနေကြောင်း သူ ကောင်းစွာ ခံစားလိုက်ရပြီး... လက်သီးက နီးကပ်လာလေလေ ထိုခုခံမှုစွမ်းအားက ပိုမိုကြီးမားလာလေလေ ဖြစ်သည်။
ဝိညာဉ်စွမ်းအားဖြင့် ခန္ဓာကိုယ်ကို ကာကွယ်ခြင်း ကလည်း ဤကဲ့သို့သော ရလဒ်မျိုးကို ရရှိစေနိုင်သော်လည်း... ပြဿနာမှာ ဤကလေးမလေးက အဆင့် ၁၀ မျှသာ ရှိသေးသည့် ကလေးမတစ်ဦး ဖြစ်နေခြင်းပင်။
“မင်း... ဒါကို ဘယ်လိုလုပ်လိုက်တာလဲ” သူ ဤကဲ့သို့သော စွမ်းအားမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပါ။
သုန့်လော်တိုက်ကြီး၏ သမိုင်းမှတ်တမ်းများတွင်ပင် ဤကဲ့သို့သော စွမ်းရည်မျိုး ရှိခဲ့ဖူးကြောင်း မှတ်တမ်းတင်ထားခြင်း မရှိပါ။
“အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောဖို့ မဆီလျော်ပါဘူးရှင်…ဒါပေမဲ့ လူကြီးမင်းတို့ကို သမီးပြောနိုင်တာတစ်ခုကတော့... ‘နိယာမစည်းမျဉ်း’ တွေကလွဲရင် ဘယ်အရာကမှ ဒီအတားအဆီးကို ဖြတ်ကျော်နိုင်မှာ မဟုတ်ပါဘူး.. အကြီးအကဲမူအန်း ရောပေါ့”
“ပြီးတော့ သမီးတို့ ဝူယီ အထွေထွေလုပ်ငန်း ၀န်ဆောင်မှူဆိုင်ရဲ့ အမှုဆောင်တိုင်းမှာလည်း... ဒီစွမ်းရည်မျိုး ရှိကြပါတယ်ရှင်”
‘ငါကတစ်ယောက်တည်းပဲ ရှိတာဆိုတော့... ငါ့မှာရှိရင် လူတိုင်းမှာ ရှိတာနဲ့ အတူတူပဲပေါ့’ ယွီဝူယီက စိတ်ထဲကနေ ခိုးပြီး ရယ်မောလိုက်သည်။
“သမီးကတော့ အဖွဲ့အစည်းရဲ့ သာမန်အမှုဆောင်တစ်ယောက် သက်သက်ပါပဲ... သမီးထက် ပိုမိုသန်မာတဲ့ အမှုဆောင်တွေလည်း အများကြီး ရှိပါသေးတယ်”
‘ငါ နောက်ထပ် ဇာတ်ကောင်တစ်ခုကို သရုပ်ဆောင်တိုင်း... နောက်ထပ် ဝန်ထမ်းတစ်ယောက် တိုးလာမှာပဲ မဟုတ်လား’
“သမီးရဲ့ အထက်မှာဆိုရင်... ဒါထက် ပိုပြီးတော့ စွမ်းအားကြီးမားတဲ့ အကြီးတန်းအမှုဆောင်တွေ ရှိပါသေးတယ်... ဥပမာအားဖြင့် ‘ဟွမ်ချွမ်’ လိုမျိုးပေါ့...”
ဤနေရာသို့ ရောက်သည့်အခါတွင်မူ ယွီဝူယီက စကားကို ချက်ချင်း ရပ်တန့်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် အရာရာတိုင်းတွင် အကန့်အသတ် ရှိရမည် ဖြစ်သည်။ သူတို့တစ်ခါမှ မကြားဖူးခဲ့သည့် လျှို့ဝှက်ဆန်းကြယ်လှသော အင်အားစုတစ်ခု ပေါ်ထွက်လာခြင်းကတင်... သူတို့ကို လုံလောက်စွာ ထိတ်လန့်သွားစေခဲ့ပြီ ဖြစ်သည်။
အကယ်၍ ဤအင်အားစု၏ စွမ်းအားက အတိုင်းအဆမရှိ ကြီးမားလွန်းနေသည်ဟု သူ ဆက်ပြီး ပုံကြီးချဲ့ပြောနေပါက... ရှီလိုင်ခဲ့အနေဖြင့် ဘေးကင်းလုံခြုံရေးအတွက် တိုက်ကြီးတစ်ခုလုံး၏ စွမ်းအားကို လျှို့ဝှက်စုစည်းပြီး ဤအင်အားစုကို ထိပ်တိုက်ရင်ဆိုင်ရန် ပြင်ဆင်လာနိုင်ပါသည်။
အကယ်၍ ထိုသို့ဖြစ်လာပါက သူကိုယ်တိုင်ပဲ ဒုက္ခရောက်ရမည် မဟုတ်ပါလား။
သူ ထိုအချက်များကို တွေးတောနေစဉ်မှာပင်... ပင်လယ်နတ်ဘုရားမျှော်စင်၏ အစည်းအဝေးခန်းမတစ်ခုလုံးသည် ရေငုံနှုတ်ပိတ်ဖြစ်လျက် အချိန်အတော်ကြာသည်အထိ လုံးဝ တိတ်ဆိတ်သွားခဲ့ရတော့သည်။