အခန်း (၁၀) - စွမ်းရည်အသစ်များ
အခြေအနေများကို အနည်းငယ် မေးမြန်းသိရှိပြီးနောက် ကျွမ်းယွီစန်းသည် အခန်းထဲမှ ပြန်လည်ထွက်ခွာသွားခဲ့သည်။ မထွက်ခွာမီတွင်လည်း ယွီဝူယီ့ကို ခန္ဓာကိုယ်အမောမခံမိစေရန် လောလောဆယ်တွင် အလွန်အမင်း လှုပ်လှုပ်ရှားရှားမလုပ်ဘဲ အနားယူနေရန် အလေးအနက် မှာကြားသွားခဲ့သေးသည်။
“ဟူး... တော်သေးတာပေါ့.. နောက်ဆုံးတော့ သူ့ကို လှည့်စားလိုက်နိုင်ပြီ”
ယွီဝူယီက သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်သည်။
စောစောက သူ သရုပ်ဆောင်ပြခဲ့တာကို ကျွမ်းယွီစန်း ဘယ်လောက်အထိ ယုံကြည်သွားလဲဆိုတာ သူကိုယ်တိုင်လည်း သေချာမသိပါ။
ဘာပဲဖြစ်ဖြစ် သူက အရင်က မိန်းကလေးတစ်ယောက် ဘယ်တုန်းကမှ မဖြစ်ဖူးခဲ့ဘူး မဟုတ်ပါလား။
သူ လုပ်နိုင်တာဆိုလို့ မိမိ၏ အာရုံခံစားမှုအပေါ်၌သာ အမှီပြုပြီး ‘လျူယင်’ ရဲ့ ပုံမှန်စကားပြောဆိုပုံစံကို အတတ်နိုင်ဆုံး တူအောင် လိုက်လံတုပခဲ့ခြင်းသာ ဖြစ်သည်။
သို့သော်လည်း...
ခန္ဓာကိုယ်အတွင်းမှ အဆက်မပြတ် ထွက်ပေါ်နေသော နာကျင်မှုနှင့် အားအင်ချည်းနဲ့မှုများကြောင့် သူ၏ မိုးကုတ်စက်ဝိုင်းသဖွယ် မျက်ခုံးအစုံက တွန့်ချိုးသွားရသည်။
ဤခန္ဓာကိုယ်က အခုအချိန်မှာ အလွန်အမင်း အားနည်းလွန်းနေသည်။ လမ်းလျှောက်ဖို့တောင် ခက်ခဲနေတာမို့... လောလောဆယ်တွင် ဆမ် ချပ်ကာကို အသုံးပြုနိုင်ဦးမည် မဟုတ်ပါ။
ဒါပေမဲ့ ဆမ်အသွင်ကို မပြောင်းလဲနိုင်ဘူးဆိုရင်... သူ ဘယ်လိုနည်းနဲ့ ‘ဝူယီ အထွေထွေလုပ်ငန်းဆိုင်’ဆီကို ပြန်သွားရမလဲ…ဤကျောင်းတော်က အကြီးအကဲတွေကိုပဲ အကူအညီတောင်းရမလား။
[ဘာလို့ ကံစမ်းမဲနှိုက်ခြင်းကို မစမ်းသပ်ကြည့်တာလဲ]
စနစ်က ရုတ်တရက် ကြားဖြတ်အကြံပြုလာသည်။
ယွီဝူယီက မျက်ခုံးတစ်ချက် ပင့်လိုက်ရင်း စိတ်ဝင်စားသော မျက်နှာအမူအရာ ဖြစ်သွားရသည်။
‘မင်း ဘာမကောင်းတဲ့ အကြံအစည်တွေ ထပ်ကြံစည်နေပြန်တာလဲ စနစ်စုတ်ရဲ့’ သူက စိတ်ထဲကနေ လှမ်းမေးလိုက်သည်။
သို့သော် စနစ်က ပြန်မဖြေတော့ပါ။ ကြည့်ရတာ ဤစနစ်သည် သတ်မှတ်ထားသော အခြေအနေအချို့အောက်တွင်သာ ရုတ်တရက် ပေါ်ထွက်လာပြီး သူ သိချင်သည့်အရာများကို ပြောပြတတ်ပုံရသည်။
သို့သော်လည်း ၎င်းပေါ်ထွက်လာသည့် အချိန်တိုင်းက တကယ့်ကို “တိုက်ဆိုင်လွန်းလှ” ပါသည်။
‘ပြန်ပြီး ဆွံ့အသွားပြန်ပြီ.. အမြဲတမ်း ဒီလိုပဲ။ မင်း တမင်သက်သက် လုပ်နေတာလားလို့တောင် ငါ သံသယဝင်မိတယ်’
သို့သော်လည်း လက်ရှိအခြေအနေအရ စနစ်၏ အကြံပြုချက်မှတစ်ပါး အခြားသော နည်းလမ်းကောင်းကို သူ တကယ်ပင် စဉ်းစားမရပါ။
အမည်: လျူယင် - ဆမ်- (ယွီဝူယီ)
အသက်: မိန်းကလေးငယ်တစ်ယောက်ရဲ့ အသက်ကို လာမမေးပါနဲ့။
ကျင့်ကြံမှုအဆင့်: မရှိပါ။
ဝိညာဉ်: မရှိပါ။
အဆင့်အတန်း: ဝူယီ အထွေထွေလုပ်ငန်းအပ်ဆိုင်၏ အမှုဆောင်
ဇာတ်ကောင်သရုပ်ဆောင်မှု တိုးတက်မှုနှုန်း: ၂၀%
လုပ်ငန်းအပ်နှံမှုဒင်္ဂါး : ၁၁၀ ဒင်္ဂါး
ဇာတ်ကောင်သရုပ်ဆောင်မှု စနစ်ထဲတွင် ရှိနေခြင်းကြောင့် ထင်ပါသည်.. သူ၏ ကိုယ်ရေးအချက်အလက်များက လျူယင်အဖြစ် ပြောင်းလဲနေခဲ့သည်။
သို့သော် ဒါက သူ့ကို ထူးဆန်းသလို ခံစားရစေတာကိုတော့ မတားဆီးနိုင်ပါ။
ဤအချက်အလက်များက အနည်းငယ် ပြီးစလွယ်နိုင်လွန်းလှသည်။
တစ်ခုတည်းသော အသုံးဝင်မည့် အချက်အလက်မှာ ‘ဝူယီ အထွေထွေလုပ်ငန်းဆိုင်၏ အမှုဆောင်’ ဆိုသည့် အချက်ပင် ဖြစ်သည်။
ဒါက ဆိုင်ရှင်ဖြစ်တဲ့ ယွီဝူယီကိုယ်တိုင်တောင် ကြိုတင်မသိရှိထားတဲ့ ရာထူးတစ်ခု မဟုတ်ပါလား။
[အမှုဆောင် - ဆိုင်ရှင်အား ဖောက်သည်များ၏ လုပ်ငန်းအပ်နှံမှုများကို ကူညီပြီးမြောက်ပေးနိုင်သည့် ရာထူးတစ်ခု ဖြစ်သည်။]
စနစ်၏ ရှင်းလင်းချက်က ရောက်ရှိလာသည်။
သို့သော် ဤရှင်းလင်းချက်က သူ့ကို ပိုမိုဝေခွဲမရ ဖြစ်သွားစေသည်။ ဤဝူယီ အထွေထွေလုပ်ငန်းအပ်ဆိုင်မှာ သူတစ်ယောက်တည်းသာ ဆိုင်ရှင်ဖြစ်ပြီး.. လျူယင်ဆိုတာကလည်း သူကိုယ်တိုင် သရုပ်ဆောင်ထားခြင်းသာ ဖြစ်သည်။ ဤရာထူးက တကယ့်ကို ပိုလျှံနေသလိုပင်။
‘ဒါဆို ငါကိုယ်တိုင် အမှုဆောင်တွေကို လိုက်လံစုဆောင်းလို့ရတယ်လို့ ဆိုလိုတာလား’ အကယ်၍ အဲဒီအတိုင်းသာဆိုရင်တော့ တကယ်ကို ပိုပြီး အဆင်ပြေသွားမှာ သေချာသည်။
[မရပါကွယ်]
‘ဒါဆိုရင် ဒီရာထူးက ဘာအတွက်လဲ။ အလှပြထားတာလား'
စနစ်က ပြန်လည်တိတ်ဆိတ်သွားပြန်တာမို့.. ၎င်းစကားမပြောချင်လျှင် ဘယ်လိုမှ ပြောခိုင်းလို့မရမှန်း သိတာကြောင့် ယွီဝူယီလည်း ဆက်ပြီး အတင်းအကျပ် မမေးတော့ပါ။
တစ်ကြိမ်မဲနှိုက်လျှင် လုပ်ငန်းအပ်နှံမှုဒင်္ဂါး ၅၀ ကုန်ကျမည်ဖြစ်ရာ.. ၁၁၀ ဒင်္ဂါးဆိုလျှင် တစ်ကြိမ်ချင်းစီ နှစ်ကြိမ်သာ နှိုက်ခွင့်ရလိမ့်မည်။
ဒင်္ဂါး ၄၀၀ သုံးပြီး ဆယ်ကြိမ်ဆက်တိုက်နှိုက်ခြင်းက ပိုမိုတန်ဖိုးရှိမှန်း သိသော်လည်း... လက်ရှိတွင် လမ်းပင်မလျှောက်နိုင်သည့် အခြေအနေမျိုးမို့ သူ့မှာ ရွေးချယ်စရာ မရှိတော့ပါ။
“စနစ်... ငါ့ကို တစ်ကြိမ်ပဲ မဲနှိုက်ပေးစမ်း”
ဤတစ်ကြိမ်တည်းသော ကံစမ်းမှုကနေ အသုံးဝင်မည့်အရာတစ်ခု ထွက်ပေါ်လာဖို့သာ သူ မျှော်လင့်နိုင်တော့သည်။
[လုပ်ငန်းအပ်နှံမှုဒင်္ဂါး ၅၀ ကို နုတ်ယူလိုက်ပါပြီ။ ပစ္စည်းမဲနှိုက်ခြင်းကို စတင်နေပါပြီ... ဂုဏ်ယူပါသည် အိမ်ရှင်.. သင်သည် ‘အကန့်အသတ်မဲ့ ဟင်းလင်းပြင်ပညာရပ်’ စွမ်းရည်ကတ်ပြားကို ရရှိသွားပါပြီ။]
“ဘာကတ်ပြားကြီးလဲ”
ဤတစ်ကြိမ်တည်းသော မဲနှိုက်မှုက ယွီဝူယီ့ကို လုံးဝ မှင်သက်သွားစေသည်။
မူလက သူသည် မိမိ၏ အန်ထရိုပီ ဆုံးရှုံးမှုရောဂါကို သက်သာစေမည့်အရာ သို့မဟုတ် အနည်းဆုံးတော့ သွားလာရေးယာဉ်တစ်စီးစီး ထွက်လာဖို့သာ စိတ်ကူးထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုကဲ့သို့ စွမ်းရည်ကတ်ပြားမျိုး ထွက်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပါ။
[အကန့်အသတ်မဲ့ ဟင်းလင်းပြင်ပညာရပ် စွမ်းရည်ကတ်ပြား - အသုံးပြုပြီးနောက်.. ဝိညာဉ် - အကန့်အသတ်မဲ့ ဟင်းလင်းပြင်ပညာရပ်ကို ရရှိမည် ဖြစ်သည်]
အမလေး ဘုရား... ဒါက ‘ဂိုဂျို ဆာတိုရု’ ရဲ့ အကန့်အသတ်မဲ့ ဟင်းလင်းပြင်ပညာရပ် အစစ်အမှန်ပဲ မဟုတ်လား။
“ဒါပေမဲ့ ဒီအရာသက်သက်ပဲဆိုရင်... သိပ်ပြီး အသုံးဝင်ပုံမရဘူး...”
အကန့်အသတ်မဲ့ ဟင်းလင်းပြင်ပညာရပ်ဆိုသည်မှာ ရိုးရိုးရှင်းရှင်းပြောရလျှင် အသုံးပြုသူ၏ ဘေးပတ်ပန်းကျင်တွင် မမှီနိုင်သော ကန့်သတ်ချက်တစ်ခုကို ဖန်တီးပေးခြင်း ဖြစ်ပြီး.. အရာဝတ္ထုအားလုံးသည် အသုံးပြုသူထံသို့ အနီးကပ်ဆုံးအထိ ချဉ်းကပ်လာနိုင်သော်လည်း... ၎င်းကို အမှန်တကယ် ထိတွေ့နိုင်ခြင်း မရှိတော့ပါ။
သို့သော်လည်း ဤပညာရပ်တွင် ကြီးမားလှသော အားနည်းချက်တစ်ခု ရှိနေသည်။
၎င်းက အလွန်အမင်း တိကျသေချာလှသော စွမ်းအင်ထိန်းချုပ်မှု အခြေခံအုတ်မြစ်ကို လိုအပ်ခြင်း ဖြစ်သည်။
စနစ်က ၎င်းကို ‘ဝိညာဉ်’ အဖြစ် ပေးအပ်ထားတာမို့.. လိုအပ်သည်မှာ အလွန်အမင်း တိကျလှသော ဝိညာဉ်စွမ်းအား ထိန်းချုပ်မှု ဖြစ်ပေလိမ့်မည်။
ပါရမီရှင်တစ်ယောက်အနေဖြင့် လေ့ကျင့်မှုကတစ်ဆင့် ဤအရာကို အောင်မြင်နိုင်သည်ဆိုသော်လည်း... ဒါက နောက်ထပ် ပြဿနာတစ်ခုကို ဖြစ်ပေါ်စေပြန်သည်။
ဤကဲ့သို့သော တိကျလှသည့် လှုပ်ရှားမှုက စိတ်စွမ်းအားကို အလွန်အမင်း ကုန်ခမ်းစေတာမို့.. လုပ်နိုင်ခဲ့လျှင်တောင်မှ အချိန်အကြာကြီး ထိန်းသိမ်းထားနိုင်မည် မဟုတ်ပါ။
‘ခြောက်မျက်လုံး’ ဟုခေါ်သော ထူးခြားသည့် ခန္ဓာကိုယ်ဖွဲ့စည်းပုံ ရှိသူများသာလျှင် ၎င်းကို လွတ်လပ်စွာ အသုံးပြုနိုင်ကြသည်။
သို့သော်လည်း ခြောက်မျက်လုံး ပိုင်ရှင်များပင်လျှင် ဤပညာရပ်ကို အချိန်အကြာကြီး သုံးပါက ဦးနှောက် ပင်ပန်းနွမ်းနယ်မှုကို ခံစားရတတ်တာမို့...
ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုလို လွတ်လပ်စွာ အသုံးပြုနိုင်ရန်အတွက် ‘ပြောင်းပြန်မှော်ပညာရပ်’ ကိုပါ တတ်မြောက်ထားပြီး ထိုပင်ပန်းနွမ်းနယ်မှုများကို အဆက်မပြတ် ကုစားနေရမည် ဖြစ်သည်။
ဒါကြောင့်... အကန့်အသတ်မဲ့ ဟင်းလင်းပြင်ပညာရပ် သက်သက်ပဲဆိုရင်တော့ တကယ်တမ်းတွင် သိပ်ပြီး အသုံးမဝင်လှပါ။
ဤအချက်ကို တွေးမိလိုက်သည့်အခါ ယွီဝူယီ့ရဲ့ စိတ်အားထက်သန်မှုများက ချက်ချင်း ကျဆင်းသွားရသည်။
ပြောင်းပြန်မှော်ပညာရပ်ကိုတော့ သူ ဉာဏ်အလင်းပွင့်မှုအပေါ် အမှီပြုပြီး လေ့ကျင့်နိုင်ကောင်း လေ့ကျင့်နိုင်ပါလိမ့်မည်။
သို့သော် ခြောက်မျက်လုံးဆိုသည်မှာ မွေးရာပါ ခန္ဓာကိုယ်ဖွဲ့စည်းပုံဖြစ်တာမို့ နောက်မှ လိုက်လံတုပ၍ မရနိုင်ပါ။
“ငါက ဘုရင်ကတ် ထွက်လာတယ် ထင်နေတာ.. တကယ်တော့ ဂျိုကာကတ်ကြီး ဖြစ်နေတာပဲ”
ကြည့်ရတာ ဤကမ္ဘာပေါ်မှာ ဒီလောက်အထိ လွယ်ကူတဲ့ ကောင်းကင်ကကျတဲ့ မုန့်ဆိုတာ မရှိဘူးပဲ...
[နောက်တစ်ကြိမ် ထပ်ပြီး မဲမနှိုက်ကြည့်ချင်ဘူးလား]
စနစ်က ရုတ်တရက် ထပ်မံ ပေါ်ထွက်လာပြန်သည်။
ဒါက... ဆိုလိုတာက...
“မဖြစ်နိုင်တာ...”
ထိတ်လန့်စရာကောင်းလှသော အတွေးတစ်ခု ယွီဝူယီ့စိတ်ထဲသို့ ဖျတ်ခနဲ ဝင်ရောက်လာခဲ့သည်။
ဤစနစ်က တစ်ခါတရံ စကားပြောလျှင် လူကို စိတ်တိုစေတတ်သည်ဆိုသော်လည်း... ပေါ်လာသည့် အချိန်တိုင်းတွင် သူ လိုအပ်နေသည့် အဖြေကို ပေးအပ်တတ်သည်။
ပြီးတော့ အခုအချိန်မှာ သူ အလိုအပ်ဆုံးဖြစ်နေတဲ့အရာကတော့...
ယူဆချက်က မှန်ကန်နိုင်သည်.. စမ်းသပ်မှုကို စတင်ရမည်။
“စနစ်... နောက်ထပ် တစ်ကြိမ် ထပ်ပြီး မဲနှိုက်ပေးစမ်း”
[လုပ်ငန်းအပ်နှံမှုဒင်္ဂါး ၆၀ ကို နုတ်ယူလိုက်ပါပြီ။ ပစ္စည်းမဲနှိုက်ခြင်းကို စတင်နေပါပြီ...]
‘ဟင်... ဘာလို့ ဒီတစ်ခါကျတော့ ၆၀ ဖြစ်သွားတာလဲ။
တစ်ကြိမ်ကို ၅၀ မဟုတ်ဘူးလား'
[ဂုဏ်ယူပါသည် အိမ်ရှင်.. သင်သည် ‘ခန္ဓာကိုယ်ဖွဲ့စည်းပုံကတ်ပြား - ခြောက်မျက်လုံး’ ကို ရရှိသွားပါပြီ။
(ဝိညာဉ်စွမ်းအား ထိန်းချုပ်မှုပညာရပ် - ပြောင်းပြန်မှော်ပညာရပ် တစ်ပါတည်း ပါဝင်သည်။)]
“ဟင်...”
မယုံကြည်နိုင်မှုများ ပြည့်နှက်နေသော အာမေဍိတ်သံတစ်ခု အခန်းအတွင်း၌ ပဲ့တင်ထပ်သွားခဲ့ပြီး ယွီဝူယီတစ်ယောက် လုံးဝ ဆွံ့အမှင်သက်သွားရတော့သည်။
‘မဖြစ်နိုင်တာ... စနစ်.. မင်း ဒါက တကယ်ကြီးလား'
ဒါက ဘာလဲ... အကန့်အသတ်မဲ့ ဟင်းလင်းပြင်ပညာရပ်.. ပြောင်းပြန်မှော်ပညာရပ်.. ခြောက်မျက်လုံး... အားလုံးကို တစ်ပါတည်း အစုံအလင် ပေးလိုက်တာလား။
ခေတ်သစ်ရဲ့ အသန်မာဆုံး ဂိုဂျိုဆာတိုရုအဖြစ် တိုက်ရိုက် ပြောင်းလဲပေးလိုက်တာပဲ မဟုတ်လား။
အချိန်အတော်ကြာမှပင် ယွီဝူယီသည် ထိုအံ့ဩတုန်လှုပ်မှုထဲမှနေ၍ ပြန်လည်သတိဝင်လာခဲ့သည်။
သူ့မျက်စိရှေ့တွင် တောက်ပနေသော ရွှေရောင်ကတ်ပြားနှစ်ချပ်ကို ကြည့်ရင်း... အမျိုးမျိုးသော ခံစားချက်များက ရောပြွမ်းသွားခဲ့ပြီး နောက်ဆုံးတွင်မူ စကားတစ်ခွန်းသာ ထွက်ပေါ်လာတော့သည်။
“စနစ်... မင်းက တကယ့်ကို အလန်းစားပဲဗျာ”
ထို့နောက် မည်သို့မျှ တွေးတောမနေတော့ဘဲ ထိုကတ်ပြားနှစ်ချပ်ကို ဆွဲယူကာ နေရာမှာတင် တိုက်ရိုက် အသုံးပြုပစ်လိုက်သည်။
ကတ်ပြားနှစ်ချပ်စလုံးသည် ချက်ချင်းပင် အလင်းတန်းများအသွင် ပြောင်းလဲသွားခဲ့ပြီး ယွီဝူယီ့ခန္ဓာကိုယ်အတွင်းသို့ စီးဆင်းဝင်ရောက်သွားတော့သည်။
နေရထိုင်ရ အလွန်အမင်း သက်တောင့်သက်သာရှိလှသော ခံစားချက်ကြီးကြောင့် သူ အလိုလို မျက်ဝန်းများကို မှိတ်ထားမိလိုက်ပြီး ခန္ဓာကိုယ်အတွင်းရှိ အပြောင်းအလဲများကို အာရုံခံကြည့်နေမိသည်။
ခဏမျှ ကြာပြီးနောက်... သူ မျက်ဝန်းများကို ထပ်မံဖွင့်ကြည့်လိုက်သည့်အခါ.. လျူယင်၏ သက်တံရောင် မျက်ဝန်းအစုံသည် ဖန်သားပြင်ကဲ့သို့ ကြည်လင်တောက်ပသော အရောင်အသွေးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပဲ... သူ့၏ အမြင်အာရုံ ရှုထောင့်ကလည်း ပြောင်းလဲသွားခဲ့သည်။ သူ၏ အမြင်က ယခင်ကဲ့သို့ ရှေ့တည့်တည့် ရှုထောင့်ကျဉ်းကျဉ်းလေး မဟုတ်တော့ဘဲ.. မိမိ၏ ဘေးပတ်ပန်းကျင် ၃၆၀ ဒီဂရီစလုံးကို မည်သည့် ကွယ်ပျောက်မှုမျှမရှိဘဲ အားလုံးကို မြင်တွေ့နေရခြင်း ဖြစ်သည်။
“ဒါက ခြောက်မျက်လုံးရဲ့ စွမ်းရည်ပဲ... ဒါပေမဲ့ ရုတ်တရက်ကြီး အရပ်မျက်နှာအားလုံးကို မြင်နေရတော့ လိုက်လျောညီထွေဖြစ်ဖို့ နည်းနည်းတော့ ခက်ခဲသားပဲ”
ယွီဝူယီက ညာဘက်လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ... စားပွဲပေါ်ရှိ ရေနွေးကြမ်းခွက်လေးသည် သူ့လက်ထဲသို့ တိုက်ရိုက် ပျံသန်းရောက်ရှိလာခဲ့ပြီး.. ထို့နောက်တွင်မူ ရုတ်တရက်ကြီး မူလနေရာသို့ ပြန်လည်ပျံသန်းသွားခဲ့ပြန်သည်။
ခြောက်မျက်လုံး : မည်သည့်အကွယ်အကာမျှမရှိသော အမြင်အာရုံ + ဝိညာဉ်စွမ်းအားကို ပုံဖော်မြင်တွေ့နိုင်စွမ်း + အလွန်အမင်း တိကျလှသော ထိန်းချုပ်မှုပညာရပ်။
အကန့်အသတ်မဲ့ ဟင်းလင်းပြင်ပညာရပ် : ဆွဲငင်အားနှင့် တွန်းကန်အားကို လွတ်လပ်စွာ ထိန်းချုပ်နိုင်စွမ်း။
ဤနှစ်ခုကို ပေါင်းစပ်လိုက်သည့်အခါ ယခုကဲ့သို့သော လှုပ်ရှားမှုကို အလွယ်တကူ လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။
သို့သော်လည်း လက်ရှိတွင် သူ့မှာ ဝိညာဉ်စွမ်းအား အဆင့် ၁၀ မျှသာ ရှိသေးတာမို့ ပြင်းထန်လွန်းလှသော စွမ်းပကားကိုတော့ ထုတ်ဖော်နိုင်ဦးမည် မဟုတ်ပါ။
ထို့ပြင် နောက်ထပ်တစ်ခု ရှိသေးသည်။
ယွီဝူယီ့ရဲ့ လက်ဖဝါးပေါ်ရှိ အက်ကြောင်းများသည် မျက်စိရှေ့မှာတင် သိသိသာသာ ပြန်လည်ကုစားလာခဲ့သည်။
သို့သော် စမ်းသပ်မှုအဆင့်အထိသာ လုပ်ဆောင်ပြီးနောက် သူ ချက်ချင်းပင် ပြန်လည်ရပ်တန့်လိုက်သည်။ မဟုတ်ပါက နောက်မှ လူကြီးမင်းများကို ရှင်းပြရန် ခက်ခဲသွားပေလိမ့်မည်။
ဒါကတော့ ပြောင်းပြန်မှော်ပညာရပ် (ယပေတည်း။
ဒါက ထူးခြားလှသော ဝိညာဉ်စွမ်းအား ထိန်းချုပ်မှု နည်းလမ်းတစ်ခု ဖြစ်သည်။ သို့သော် ထူးဆန်းသည်က... မူလမှော်ဝင်ကမ္ဘာ တွင်မူ ကျိန်စာစွမ်းအင် သည် အနှုတ်စွမ်းအင်ဖြစ်ပြီး ၎င်းကို ပြောင်းပြန်လှန်လိုက်သည့်အခါမှသာ အပေါင်းစွမ်းအင်အဖြစ် ပြောင်းလဲကာ ကုသခြင်းကို လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။
သို့သော် သုန့်လော်တိုက်ကြီး၏ ဝိညာဉ်စွမ်းအား ကမူ ထိုကဲ့သို့သော ဆန့်ကျင်ဘက် ဂုဏ်သတ္တိများ မရှိပါ။
၎င်းက သာမန် စွမ်းအင်သက်သက်သာ ဖြစ်ပြီး.. ဝိညာဉ်ပစ္စည်း ရှိမှသာ ဂုဏ်သတ္တိ အပြောင်းအလဲများ ဖြစ်ပေါ်ခြင်း ဖြစ်သည်။
သို့သော်လည်း ပြောင်းပြန်မှော်ပညာရပ်သည် ဤစွမ်းအင်ကို အမှီပြု၍ ကုသခြင်းကို လုပ်ဆောင်နိုင်နေဆဲ ဖြစ်သည်။
ဒါပေမဲ့ ဤအရာက စနစ်ဆီကနေ ထွက်ပေါ်လာတာဖြစ်မှန်း တွေးမိလိုက်သည့်အခါတွင်မူ... အရာအားလုံးက သဘာဝကျသွားခဲ့ရတော့သည်။
‘တကယ့်ကို မင်းပဲ ဖြစ်ရမယ်... စနစ်ကြီးရေ'