အခန်း (၁) - ဝူယီ အထွေထွေလုပ်ငန်းအပ်ဆိုင်
တျန်းဟုန်းအင်ပါယာ ….
ကျူယွဲ့မြို့တော် ….
မိုးက သည်းကြီးမည်းကြီး ရွာသွန်းနေပြီး မြို့တွင်းရှိ လမ်းမတန်းပေါ်က လူအများကတော့ ကိုယ်စီကိစ္စတွေနဲ့ အလုပ်ရှုပ်ရင်း အိမ်အပြန်ဖို့ စိတ်စောနေကြသည်။
လမ်းမကြီးဘေးက လမ်းကြားလေးတစ်ခုထဲမှာတော့ မီးရောင်မှိန်မှိန်လေး လင်းပွင့်နေတဲ့ “ဝူယီ အထွေထွေလုပ်ငန်းဆိုင်” လေးက ပုံမှန်အတိုင်း ဖွင့်လှစ်ထားဆဲပင်။
“ပျင်းစရာကြီးနော်...”
“ဒီလိုမိုးမျိုးမှာ ဘယ်သူကများ လာမှာလဲ... စဉ်းစားကြည့်ရင်ပဲ သိသာနေတာကို”
ဆိုင်လေးရဲ့ ကောင်တာခုံပေါ်မှာတော့ အသက် ၁၆ နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ ပျင်းရိပျင်းတွဲ မှောက်အိပ်ရင်း အပြင်က မိုးရွာနေတာကို ငေးကြည့်နေမိသည်။
ထိုကောင်လေးမှာ ပင်လယ်နဲ့ ကောင်းကင်ယံအစွန်းလို ဖြူစင်ဝင်းပတဲ့ ‘ငွေရောင်ဆံပင်’ ရှိပြီး.. ဓားတစ်စင်းလို ထက်မြက်တဲ့ မျက်ခုံး.. ကြယ်ပွင့်လို တောက်ပတဲ့ မျက်ဝန်းတွေအပြင်... ထူးခြားဆန်းပြားတဲ့ ‘မျက်လုံးအရောင်နှစ်မျိုး’ ရှိသည်။
ဘယ်ဘက်မျက်လုံးက နက်ရှိုင်းတဲ့ ‘အပြာရောင်’...ဖြစ်ပြီး…ညာဘက်မျက်လုံးကတော့ စွဲမက်ဖွယ်ကောင်းတဲ့ ‘အနီရောင်’ ဖြစ်သည်။
ကောင်လေးရဲ့ နာမည်က ‘ယွီဝူယီ’... ငါးတစ်ကောင်ဟာ စက္ကန့်ပိုင်းအတွင်း အရာအားလုံးကို မေ့လျော့သွားတတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ကနေ ယူထားတာ ဖြစ်သည်။
သူ့ရဲ့အရင်ဘဝတုန်းကတော့ ထူးထူးခြားခြား မရှိခဲ့ဘဲ သာမန်အတိုင်း ဖြတ်သန်းခဲ့သူပါ။ ဒါပေမဲ့ ကလေးတစ်ယောက်ကို ကယ်တင်ဖို့ ကြိုးစားရင်း ထရပ်ကားကြီးတစ်စီးရဲ့ တိုက်တာခံရပြီး မြေပြင်ပေါ်မှာ သွေးကွက်အဖြစ် ဘဝဇာတ်သိမ်းခဲ့ရသည်။
‘အခုပြန်စဉ်းစားကြည့်တော့... အဲဒီထရပ်ကားက တမင်တိုက်တာများလား… ဘယ်လိုထရပ်ကားမျိုးက လူတစ်ယောက်လုံးကို တစ်စစီဖြစ်အောင် ချက်ချင်းကြိတ်ပစ်နိုင်ရတာလဲ’
ယွီဝူယီက ထိုစဉ်က အခြေအနေကို ပြန်တွေးမိတိုင်း ပိုပြီး အဓိပ္ပာယ်မရှိသလို ခံစားရသည်။
ကားတိုက်ခံရရင်တောင် အဝတ်စုတ်လိုပဲ ဖြစ်ရမှာကို... သူကတော့ မြေပြင်ပေါ်မှာ သွေးကွက်အဖြစ် တိုက်ရိုက် ပြောင်းလဲသွားခဲ့တာ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ဒါတွေက အတိတ်ကအကြောင်းတွေမို့... ကူးပြောင်းရောက်ရှိလာတဲ့ ဒီကမ္ဘာသစ်မှာပဲ အကောင်းဆုံး ရှင်သန်ဖို့ သူ ဆုံးဖြတ်လိုက်သည်။
ထိုသို့တွေးမိလိုက်သည်နှင့် ယွီဝူယီ့ရင်ထဲမှာ အနည်းငယ်တော့ မကျေမနပ် ဖြစ်မိသည်။ သူတစ်ပါးကို ကယ်တင်ခဲ့လို့ ထင်ပါရဲ့... သူ့မှာ ကူးပြောင်းလာသူတို့ရဲ့ ထုံးစံအတိုင်း စနစ် ပါလာခဲ့သည်။
အတိအကျဆိုလျင် “လုပ်ငန်းအပ်နှံမှုစနစ်” တစ်ခု ပါလာခဲ့သည်။
ဒီစနစ်ရဲ့ လုပ်ဆောင်ချက်က ရိုးရှင်းပါသည်။ ကမ္ဘာအသီးသီးက ဇာတ်ကောင်တွေကို ကျပန်းမဲနှိုက်ပြီး… ရလာတဲ့ ဇာတ်ကောင်အတိုင်း နေထိုင် ရင်း လူတွေအပ်နှံတဲ့ လုပ်ငန်းတွေကို ပြီးမြောက်အောင် ဆောင်ရွက်ပေးရခြင်း ဖြစ်သည်။
ကမ္ဘာသစ်လက်ဆောင် အနေနဲ့... ကျပန်းမဲနှိုက်ခွင့် ၁ ကြိမ်စတုရန်းမီတာ ၂၀၀ ကျယ်တဲ့ ဆိုင်ခန်း ၁ ခန်းနဲ့ ‘ဇာတ်ကောင်ပုံစံ စိတ်ကြိုက်ဖန်တီးခွင့်’ ၁ ကြိမ် ရရှိခဲ့သည်။
ဇာတ်ကောင်ပုံစံ စိတ်ကြိုက်ဖန်တီးခွင့်က ဘာလဲဆိုရင်... ယွီဝူယီရဲ့ လက်ရှိရုပ်ရည်ကို ကြည့်လိုက်ရင် သိနိုင်ပါသည်။
သူပြန်လည်မွေးဖွားလာမယ့် ခန္ဓာကိုယ်ကို စိတ်ကြိုက်ဒီဇိုင်းဆွဲခွင့် ရခဲ့တာဖြစ်ပြီး.. အသက်ကိုတော့ ၁၆ နှစ်လို့ သတ်မှတ်ပေးထားသည်။
အရပ်အမြင့်ကို ၁၆၀ ကနေ ၁၈၀ စင်တီမီတာအတွင်း ထားရပြီး.. ကျား/မ စိတ်ကြိုက်ရွေးချယ်ခွင့် အပါအဝင် အသေးစိတ်အချက်အလက်တွေကို ပါဝင်တာမို့ ပြီးပြည့်စုံတဲ့ ဖန်တီးမှုပတ်ဝန်းကျင်တစ်ခုပဲ ဖြစ်သည်။
သူ့ကိုယ်သူ ဘာလို့ ဒီလိုပုံစံ ဖန်တီးခဲ့တာလဲလို့ မေးရင်တော့... ‘ငွေရောင်ဆံပင်’ နဲ့ ‘မျက်လုံးအရောင်နှစ်မျိုး’ ရှိတဲ့ ပုံစံကို ဘယ်သူက ငြင်းပယ်နိုင်မှာလဲ…
ဆံပင် ငွေရောင် …မျက်လုံးနှစ်ရောင်နဲ့ ချစ်စရာကောင်းပြီး ခန့်ညားတဲ့ မောင်လေးတစ်ယောက်ကို ဘယ်သူက မလိုချင်ဘဲ နေမလဲနော်… နေပါဦး... ဘာလို့ မောင်လေး ဖြစ်နေရတာလဲလို့မမေးပါနဲ့… ငွေရောင်ဆံပင်နဲ့ မျက်လုံးနှစ်ရောင်က မိန်းကလေးတွေပဲ ထားရမယ်လို့ စည်းကမ်း ရှိလို့လား…
ယွီဝူယီဟာ အရင်ဘဝက ယောက်ျားစစ်စစ်ဖြစ်တာကြောင့်... မိန်းကလေးအဖြစ် ပြောင်းလဲချင်ရအောင် သူက စိတ်မမှန်သူမှ မဟုတ်တာ။
ဒါကြောင့်ပဲ... အရပ် ၁၆၅ စင်တီမီတာရှိတဲ့ ချစ်စရာကောင်းပြီး ခန့်ညားတဲ့ ‘ငွေရောင်ဆံပင်ပိုင်ရှင် ကောင်လေး’ ဖြစ်လာခဲ့တာ ဖြစ်သည်။
‘ဒီခန္ဓာကိုယ်က ငါ့ခန္ဓာကိုယ်ဖြစ်လာမယ်မှန်း ကြိုသိခဲ့ရင်... အချိုးအစားလှပဖို့ဆိုပြီး အရပ်ကို ၁၆၅ စင်တီမီတာပဲ ရွေးခဲ့မိတဲ့ ငါ့လက်ကို ငါပြန်ရိုက်မိမှာပဲ’
ယွီဝူယီတစ်ယောက် ဒီအရပ်ကိစ္စနဲ့ပတ်သက်ပြီး တော်တော်ကြာကြာ နောင်တရနေခဲ့မိသည်။
ပြီးတော့ ဒီဆိုင်လေးကို နာမည်စဉ်းစားရမှာ ပျင်းတာကြောင့်... ရိုးရိုးရှင်းရှင်းပဲ “ဝူယီ အထွေထွေလုပ်ငန်းအပ်ဆိုင်” လို့ အမည်ပေးလိုက်သည်။
ဆိုင်တည်နေရာက ကျူယွဲ့မြို့တော်ရဲ့ အရှေ့ဘက်တံခါးနားက လမ်းမကြီးဘေးမှာ ဖြစ်ပေမယ့်…လမ်းကြားထဲမှာ အတော်လေး နက်နက်ရှိုင်းရှိုင်း ရောက်နေတာကြောင့် ဘယ်သူမှ သတိမထားမိကြချင်ပါ။
ဒီအကြောင်းကို တွေးမိတိုင်း ယွီဝူယီတစ်ယောက် ဒေါသထွက်မိသည်။
“စနစ်... မင်း ဆိုင်တည်နေရာကို ဒီလောက် ဝေးလံခေါင်ဖျားတဲ့နေရာ ရွေးပေးထားတာ... ငါ့ဆီ လူမလာအောင် တမင်သက်သက် လုပ်တာလား”
ဒါပေမဲ့ စိတ်မကောင်းစရာကတော့... သူ့ရဲ့ လုပ်ငန်းအပ်နှံမှုစနစ်က လူလိုစကားမပြောတတ်ဘဲ လုပ်ဆောင်ချက်တွေ သုံးတဲ့အခါမှသာ စာသားအချက်ပြချက်တွေ ပေါ်လာတတ်တာ ဖြစ်သည်။
ဒါကြောင့် ယွီဝူယီရဲ့ ဒေါသတွေဟာ ဂွမ်းပုံကို လက်သီးနဲ့ထိုးလိုက်သလိုပဲ အလိုလို ပျောက်ကွယ်သွားရပြန်သည်။
ဒီကမ္ဘာကို ရောက်လာတာ ၁ လနီးပါး ရှိနေပြီဖြစ်သော်လည်း ဖောက်သည် တစ်ယောက်မှ မလာသေးပေ။
ဆိုင်ကို တွေ့သွားတဲ့လူအချို့ ရှိပေမယ့်လည်း... ဆိုင်က လမ်းကြားထဲမှာ သိုသိုသိပ်သိပ် ရှိလွန်းတာကြောင့် တရားမဝင် မှောင်ခိုဆိုင်လို့ ထင်ပြီး လှည့်ထွက်သွားကြတာချည်း ဖြစ်သည်။
“သနားစရာကောင်းတဲ့ ငါလေးပါပဲနော်”
ယွီဝူယီက သက်ပြင်းချရင်း... သူ့နောက်က စင်ပေါ်က အနီရောင် ကာဗွန်နိတ်အချိုရည် (Cola) တစ်ဘူးကို လှမ်းယူပြီး ကျွမ်းကျင်စွာပင် လက်တစ်ဖက်တည်းနဲ့ ဖောက်လိုက်သည်။
ဒါက ဆိုင်ရဲ့ ထူးခြားချက်တစ်ခုဖြစ်ပြီး... စင်ပေါ်က ပစ္စည်းတွေက ကုန်သွားရင် အလိုလို ပြန်ပြည့်လာတတ်သည့်အပြင် ပစ္စည်းတွေကိုလည်း စိတ်ကြိုက် ပြောင်းလဲထားလို့ရသည်။
“ဝူးဟူး….ဒါပေမဲ့ ဒီလို ကိုကာကိုလာကို အကန့်အသတ်မရှိ သောက်ရတာတော့ အမှတ်ပြည့်ပဲဟေ့”
အချိုရည်ကို တစ်ငုံအဝသောက်လိုက်ပြီး... နှုတ်ခမ်းထောင့်မှာ အမြှုပ်လေးတွေ ကပ်နေလျက် ယွီဝူယီက ကျေနပ်စွာ ချီးကျူးလိုက်မိသည်။
“ကိုယ်ပိုင်အချက်အလက် ”
သူစိတ်ထဲက ရွတ်ဆိုလိုက်သည်နှင့်... သူ့မျက်စိရှေ့မှာ သူတစ်ယောက်တည်းသာ မြင်နိုင်တဲ့ အချက်အလက်စာမျက်နှာ ပေါ်လာတော့သည်။
အမည်: ယွီဝူယီ
ကျား/မ: ကျား
အရပ်: ၁၆၅ စင်တီမီတာ
ဝိညာဉ် : ???
ဝိညာဉ်စွမ်းအား: အဆင့် ၁၀
ဝိညာဉ်ကွင်း : မရှိသေးပါ
ပိုင်ဆိုင်ထားသော ဇာတ်ကောင်ကတ်: ဆမ် (Sam)
Sam (ဆမ်): Honkai: Star Rail ဂိမ်းထဲမှ Stellaron Hunter အဖွဲ့ဝင် ‘Firefly’ ဝတ်ဆင်သည့် အစွမ်းထက် အဖြူရောင်စက်ရုပ်ကြီး ဖြစ်ပြီး ယွီဝူယီ ပထမဆုံးရရှိထားသည့် ဇာတ်ကောင်ကတ်ဖြစ်သည်။
ပထမဆုံး မဲနှိုက်မှုမှာတင် ‘အရည်ပျော်စစ်သည်တော် ဆမ်’ ကို ရလိုက်တာကတော့ သူ့ရဲ့ကံတရား အဆမတန် ကောင်းမွန်သွားခြင်းပင်…ဒါပေမဲ့... ဘာလို့ အလုပ်အပ်နှံမှု ရှိတဲ့အချိန်ကျမှပဲ အဲဒီဇာတ်ကောင်အဖြစ် ပြောင်းလဲလို့ရရတာလဲ…
ယွီဝူယီက စနစ်ရဲ့ စိတ်ပျက်စရာကောင်းတဲ့ ဒီစည်းကမ်းချက်ကို စိတ်ထဲကနေ အမြဲတမ်း ကျိန်ဆဲနေမိသည်။ ဒီလောက် အစွမ်းထက်တဲ့ ဇာတ်ကောင်ကို ရထားပါလျက်နဲ့ ငေးကြည့်နေရုံပဲ ဆိုတော့... ဘယ်သူက ခံနိုင်မှာလဲ…
ဆိုင်တည်နေရာကလည်း ကြွက်တောင် မလာတဲ့နေရာမို့... စနစ်က ဘာတွေတွေးနေလဲဆိုတာ သူ လုံးဝစဉ်းစားမရပါ။ ကိုယ်တိုင် အပြင်ထွက်ပြီး လူခေါ်ဖို့ စဉ်းစားဖူးပေမယ့်လည်း သူ့ရဲ့ ‘ငွေရောင်ဆံပင်နဲ့ မျက်လုံးနှစ်ရောင်’ က ဒီတိုက်ကြီးမှာ အရမ်းထူးခြားလွန်းတာကြောင့် လူကုန်ကူးသူတွေရဲ့ ပစ်မှတ် ဖြစ်သွားနိုင်ခြေ ရှိသည်။
ဒီဆိုင်လေးထဲမှာ ရှိနေသရွေ့တော့ ဘယ်သူ့အန္တရာယ်မှ မကျရောက်အောင် စနစ်က အကာအကွယ်ပေးထားပေမယ့်... ဆိုင်ပြင်ပကို ထွက်လိုက်တာနဲ့ သူက ဝိညာဉ်စွမ်းအား အဆင့် ၁၀ ပဲရှိတဲ့ သာမန်ဝိညာဉ်ကျောင်းသား အဆင့်လေးမို့ အန္တရာယ်က ကြီးမားလှသည်။
“ဘယ်တော့မှ အလုပ်တစ်ခုလောက် ရောက်လာမှာလဲနော်...”
ယွီဝူယီက ကောင်တာပေါ်ကို အားမရှိသလို မှောက်ချလိုက်ပြန်သည်။
ဖတ်…ဖတ်…ဗွမ်း….
“ဟင်”
ယွီဝူယီ ချက်ချင်း နားစွင့်လိုက်သည်။ အပြင်မှာ မိုးသည်းထန်စွာ ရွာနေဆဲဖြစ်သော်လည်း... အဝေးကနေ အလွန်ကမူးရှုတူး ပြေးလာတဲ့ ‘ခြေသံ’ တွေကို သူ ကြားလိုက်ရသည်။
ဖောက်သည်လား…
မဟုတ်နိုင်ပါဘူး... ဆိုင်နာမည်ကလည်း လူမသိသေးတာမို့... သူ့ဆီ တမင်သက်သက် လာဖို့ဆိုတာ မဖြစ်နိုင်ချင်။ ဒါဆိုရင်တော့... တစ်စုံတစ်ယောက်က အမဲလိုက်ခံရလို့ ထွက်ပြေးလာတဲ့ ဇာတ်ကွက်မျိုးပဲ ဖြစ်ရမယ်။
သူထင်သည့်အတိုင်းပင်... ခြေသံတွေက ဆိုင်ရှေ့မှာ ရပ်တန့်သွားသည်။ ဆိုင်ကိုတွေ့ပြီး အံ့သြသွားပုံရသည်။ သို့သော် သိပ်မစဉ်းစားဘဲ ဆိုင်ထဲကို တန်းတိုးဝင်လာတော့သည်။
ဂျလင်…
တံခါးက ခေါင်းလောင်းသံလေး မြည်သွားသည်နှင့်အတူ... ခြေသံရှင်က တံခါးကို တွန်းဖွင့်ပြီး ဝင်လာခဲ့သည်။ ယွီဝူယီလည်း ထိုသူ့ရဲ့ ပုံစံကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့သည်။
အသက် ၁၀ နှစ်ဝန်းကျင် မိန်းကလေးငယ်လေးတစ်ယောက်... ဖျော့တော့တဲ့ ‘ရွှေဝါရောင် ဆံပင်ရှည်’ ရှိပြီး.. ရုပ်ရည်က ချောမောလှပသော်လည်း... စုတ်ပြဲနေတဲ့ အဝတ်အစားတွေ ဝတ်ဆင်ထားပြီး ခြေဗလာမှာတော့ ရွှံ့တွေ ပေကျံနေသည်။
ဒါက... လေလံပွဲက ထွက်ပြေးလာတဲ့ ပစ္စည်းတစ်ခုလား..
မိန်းကလေးရဲ့ လက်ကောက်ဝတ်မှာ လက်ထိပ်ခတ်ခံထားရတဲ့ ဒဏ်ရာအနာအဆာတွေကို ယွီဝူယီ သတိပြုမိလိုက်သည်။ သူမဟာ တရားမဝင် လေလံအိမ်တစ်ခုကနေ တစ်နည်းနည်းနဲ့ ထွက်ပြေးလွတ်မြောက်လာတာ ဖြစ်ရမည်။
“ဝူယီ အထွေထွေလုပ်ငန်းအပ်ဆိုင်ကနေ ကြိုဆိုပါတယ်ခင်ဗျာ... ဘာများ ကူညီပေးရမလဲ”
ယွီဝူယီက သူ့ရဲ့ ထုံးစံအတိုင်း နွေးထွေးတဲ့ အပြုံးလေးနဲ့ ညင်သာစွာ မေးလိုက်သည်။ ဘယ်သူပဲဖြစ်ဖြစ်... ဖောက်သည်က ဖောက်သည်ပင်… စျေးနှုန်းပေးချေနိုင်သရွေ့ တောင်းဆိုချက်ကို နားထောင်ပေးဖို့ သူ အဆင်သင့်ရှိသည်။
မိန်းကလေးငယ်လေးကတော့ ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ ကောင်တာဆီ အပြေးအလွှားလာပြီး တောင်းပန်တိုးလျှိုးတဲ့ လေသံနဲ့ ပြောလိုက်ပါတော့တယ်…
“သမီး ဒီမှာ ခဏလောက် ပုန်းနေလို့ရမလားဟင်… အပြင်ကလူတွေကို သမီး ဒီမှာရှိနေတာကို လုံးဝမပြောပါနဲ့နော်... ကူညီပါဦး”
‘လာပြီ... လာပြီ…ငါ အကြာကြီး စောင့်မျှော်နေခဲ့ရတဲ့ အလုပ်အပ်နှံမှု ရောက်လာပြီဟေ့’
ယွီဝူယီတစ်ယောက် ရင်ထဲမှာ ဝမ်းသာအားရ ဖြစ်သွားသည်။ တစ်လလုံးလုံး စောင့်ခဲ့ရတဲ့ ပျင်းစရာနေ့ရက်တွေ ပြီးဆုံးတော့မည်။
သို့သော်လည်း... အပြင်ပန်းမှာတော့ တည်ငြိမ်အေးဆေးစွာပဲ အပြုံးလေးတစ်ခုနဲ့ ဖြည်းဖြည်းချင်း မေးလိုက်သည်—
“ဒါဆို... မင်းက ငါ့ဆိုင်မှာ ‘လုပ်ငန်းတစ်ခု အပ်နှံချင်တယ်’ လို့ ဆိုလိုတာလား”