အခန်း (၉) - မင်းက လူတစ်ယောက်နဲ့ ဆင်တူတယ်
"မင်း ဘာပြောလိုက်တယ်!"
သူမ၏ အသံထွက်တွင် သိသိသာသာ ပြောင်းလဲသွားသည့် အရိပ်အယောင်တစ်ခု ပါဝင်နေခဲ့သည်။ သူမဘက်က အတတ်နိုင်ဆုံး ထိန်းချုပ်ရန် ကြိုးစားနေသော်လည်း ယခင်ကဲ့သို့ တည်ငြိမ်မှု မရှိတော့သည်မှာ ထင်ရှားလှပေသည်။
"ကျနော် ပြောတာ ဘာမှားလို့လဲ" စုချန်က ဘာမှမသိနားမလည်သည့်ပုံစံ ဖန်တီးလိုက်ရင်း "ဝိညာဉ်နန်းတော်သခင်မ... အဆင်ပြေရဲ့လားခင်ဗျာ" ဟု မေးလိုက်သည်။
ဘီဘီတုန်းက သက်ပြင်းတစ်ချက်ကို ပြင်းပြင်းချလိုက်ရင်း စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါရမ်းလိုက်မိသည်။ "မင်းက သူနဲ့မတူဘူးပဲ။ မင်း ဘာမှနားမလည်ဘူး"
စုချန်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားခဲ့ပြီး သူမကို ထပ်ပြီး မဆွပေးတော့ရန် ဆုံးဖြတ်လိုက်သည်။ သူက ဆက်လက်၍ -
"ကျနော်ကတော့ ဘယ်သူ့ကိုမှ ဘာမှသက်သေပြနေဖို့ မလိုပါဘူး။ ရတနာခုနစ်ပါးဂိုဏ်းနဲ့ ပတ်သက်ရင်လည်း သူတို့က ကျနော့်အပေါ် ဘာမှကြွေးမြီမရှိပါဘူး။ ဝိညာဉ်နန်းတော်သခင်မအနေနဲ့ ဒါကို အသုံးချပြီး ကျနော့်ကို ထိန်းချုပ်ဖို့ ကြံရွယ်နေတယ်ဆိုရင်တော့ ခင်ဗျား လမ်းမှားကို ရွေးချယ်မိတာပဲ ဖြစ်လိမ့်မယ်" ဟု ဆိုလိုက်သည်။
သည်အချိန်ကာလတွင် ဘီဘီတုန်းသည် ရခ်ကရှာဆာနတ်ဘုရား ၏ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ လွှမ်းမိုးခြင်းကို မခံရသေးသလို၊ သူမ၏ မုန်းတီးမှုများကလည်း နှစ်ပေါင်း ၂၀ ကျော်အထိ အချိန်ကြာမြင့်စွာ ရင့်မှည့်နေခြင်း မရှိသေးချေ။ သူမတွင် စုဆောင်းထားသော ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း ရှိနေသေးပြီး မိမိကိုယ်မိမိ ဖျက်ဆီးလိုသည့် အစွန်းရောက်စိတ်မျိုးလည်း မရှိသေးပါ။ ထို့ကြောင့် စုချန်အနေဖြင့် မိမိ၏ ရပ်တည်ချက်ကို မြင့်မြင့်မားမား ထိန်းသိမ်းထားရမည် ဖြစ်သည်။ ဒါက အခွင့်အရေးအချို့ကို ရယူနိုင်ရန်အတွက်သာမက ဘီဘီတုန်းကို သူမ၏ ရည်ရွယ်ချက်များ အလွယ်တကူ မအောင်မြင်စေရန် တားဆီးဖို့အတွက်လည်း ဖြစ်သည်။ သို့မဟုတ်ပါက သူမ၏ ယုံကြည်မှုကို အပြည့်အဝရရှိရန် လွယ်ကူလိမ့်မည် မဟုတ်ချေ။
"ဒါဆို မင်းက ဘာကို လိုချင်တာလဲ။ ယခင်ပုပ်ရဟန်းမင်းကြီး ချန်ရွှန်ကျဲ သေသွားပြီဖြစ်လို့ မင်းနဲ့ ဝိညာဉ်နန်းတော်ကြားမှာ ဘာရန်ငြိုးမှ ရှိမနေတော့ဘူးလေ"
"အမှန်ပါပဲ" စုချန်က ခေါင်းညိတ်လိုက်သည်။ "ကျနော်က အခုတစ်ယောက်တည်း ဖြစ်နေတာဆိုတော့ ဝိညာဉ်နန်းတော်ကို ဝင်တာကလည်း မဆိုးလှတဲ့ အကြံဉာဏ်တစ်ခုပါပဲ။ ဒါပေမဲ့ ကျနော့်မှာ အခြေအနေ နှစ်ခုရှိတယ်"
"ဘာအခြေအနေတွေလဲ"
"ပထမဆုံးအနေနဲ့... ကျနော် ဝိညာဉ်နန်းတော်ရဲ့ စာကြည့်တိုက်ကို ဝင်ရောက်ခွင့် အာဏာရချင်တယ်၊ ပြီးတော့ အဲဒီထဲက အချက်အလက်အားလုံးကို လွတ်လွတ်လပ်လပ် လေ့လာခွင့် ရချင်တယ်"
သူသည် ဝိညာဉ်နန်းတော်၏ စာကြည့်တိုက်ကို မျက်စိကျနေခဲ့သည်မှာ ကြာလှပြီ ဖြစ်သည်။ ဒီကိစ္စက သူ၏ အနာဂတ်အစီအစဉ်များနှင့် တိုက်ရိုက်မသက်ဆိုင်သလို၊ စာကြည့်တိုက်ထဲ ဝင်ခွင့်ရခြင်း မရခြင်းကလည်း သူ၏ အစီအစဉ်များကို ထိခိုက်စေမည် မဟုတ်ချေ။ သို့သော် ထိုပုံတူကူးခြင်း ဘဝထဲတွင် အချိန်အတော်ကြာ ရှင်သန်ခဲ့ပြီးနောက် သည်ကမ္ဘာ၏ စည်းမျဉ်းစည်းကမ်းများသည် လက်တွေ့ကမ္ဘာနှင့် လုံးဝထပ်တူကျနေပြီး အသိပညာ ဗဟုသုတများက အတုအယောင်မဟုတ်ကြောင်း သူ သဘောပေါက်ထားခဲ့သည်။ အနည်းဆုံးတော့ အခုအချိန်မှာ သူ၏ အဆင့် ဝ.၅ မျှသာရှိသော မွေးရာပါ ဝိညာဉ်စွမ်းအားက သူ့အတွက် အတားအဆီး မဟုတ်တော့ချေ။ ထိုနေရာကနေ လျှို့ဝှက်ချက်အချို့ကို လေ့လာထားနိုင်လျှင် မစ်ရှင်ကျရှုံးခဲ့လျှင်ပင် သည်မှတ်ဉာဏ်များကို လက်တွေ့ကမ္ဘာသို့ ယူဆောင်သွားနိုင်မည်ဖြစ်ရာ အချည်းနှီး ဖြစ်သွားလိမ့်မည် မဟုတ်ပါ။
"ပြဿနာမရှိဘူး" ဘီဘီတုန်းက သည်တောင်းဆိုချက်ကို သဘောတူရန် အများကြီး တွန့်ဆုတ်မနေခဲ့ပါ။ အမှန်တော့ ဒါက သူမ ကြိုတင်ပြင်ဆင်ထားပြီးသား အချက်တစ်ခုလည်း ဖြစ်သည်။ ယွီရှောင်ကန်း ဝိညာဉ်နန်းတော်သို့ လာခဲ့စဉ်တုန်းကလည်း သူ၏အချိန်အားလုံးကို စာကြည့်တိုက်ထဲမှာပဲ ကုန်ဆုံးစေခဲ့သည် မဟုတ်ပါလား။
စုချန်က ခေါင်းညိတ်လိုက်ပြီး "ဒုတိယအချက်အနေနဲ့... ကျနော့်ကို ပညာအမွေဆက်ခံမယ့် တပည့်တစ်ယောက် ပေးပါ၊ တကယ့် ထိပ်တန်းပါရမီရှင်တစ်ယောက် ဖြစ်ရမယ်။ ကျနော့်ရဲ့ ကိုယ်ပိုင်ကန့်သတ်ချက်တွေကို ကျနော် ကောင်းကောင်းသိတာမို့ အထွတ်အထိပ် စွမ်းအားရှင်တစ်ယောက် ဖြစ်လာဖို့ အခွင့်အရေးမရှိတော့ဘူး၊ ဒါကြောင့် သည်လူရဲ့ ပါရမီက တကယ့်ကို ထူးခြားပြောင်မြောက်နေဖို့ လိုအပ်တယ်" ဟု ဆက်ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ ဘီဘီတုန်း၏ ကနဦးတုံ့ပြန်မှုမှာ အံ့သြသွားခြင်း ဖြစ်ပြီး၊ ထို့နောက်တွင်တော့ ရယ်ချင်ပတ်ချင်စိတ် ဖြစ်ပေါ်လာခဲ့သည်။ သူမသည် စုချန်၏ စွမ်းရည်နှင့် အသိဉာဏ်ကို အသိအမှတ်ပြုသော်လည်း သူ၏ တောင်းဆိုချက်က အဓိပ္ပာယ်မရှိလွန်းလှသည်ဟု ထင်မြင်မိသည်။ အဆင့် ၂၀ ကျော်မျှသာ ရှိသေးသော ဝိညာဉ်မဟာသခင်လေး တစ်ယောက်က ဝိညာဉ်နန်းတော်၏ ကြီးမြတ်လှသော ပုပ်ရဟန်းမင်းကြီး ဖြစ်သည့် သူမကို တပည့်တစ်ယောက် ရှာပေးရန် တောင်းဆိုနေပြီး ထိပ်တန်းပါရမီရှင်တစ်ယောက် ဖြစ်ရမည်ဟုပါ အမိန့်ပေးနေခဲ့ရာ သူက သည်လောက်အထိ ယုံကြည်မှုမျိုး ဘယ်ကနေ ရနေတာလဲ။
သူမက ထိုအရာကို ငြင်းပယ်ပြီး အခြားတောင်းဆိုချက်တစ်ခုခု ပြောင်းလဲတောင်းဆိုရန် ပြောဖို့ ပြင်ဆင်လိုက်သည်။ သို့သော်လည်း ထိုအချိန်မှာပင် သူမ၏ စိတ်ထဲ၌ အတွေးတစ်ခု ချက်ချင်း လက်ခနဲ ဖြတ်ပြေးသွားခဲ့သည်။ ချန်ရွှန်ကျဲ သေဆုံးသွားကတည်းက ထိုမိန်းကလေး (ချန်းရန်ရွှဲ) သည် အမှန်တရားကို စုံစမ်းရန်အတွက် ဝိညာဉ်မြို့တော်သို့ ပြန်လာဖို့ အမြဲတမ်း တောင်းဆိုနေခဲ့သည်။ သူမဘက်က ယခင်က သဘောမတူခဲ့ချေ။
သူမက စုချန်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ခဏတာ တိတ်ဆိတ်သွားပြီးနောက် "မင်းရဲ့ အခြေအနေတွေနဲ့ ကိုက်ညီတဲ့ လူတစ်ယောက် ရှိတယ်။ အကယ်၍ မင်းသာ သူမကို စည်းရုံးနိုင်မယ်ဆိုရင် မင်း သူမရဲ့ ဆရာဖြစ်လာတာကို ငါ့ဘက်က တားဆီးမှာ မဟုတ်ဘူး" ဟု ဆိုလိုက်သည်။
"ဝိညာဉ်နန်းတော်သခင်မကိုယ်တိုင် ကြားဝင်ပေးမှာ မဟုတ်ဘူးလား" စုချန်က ဘာမှမသိသည့်ပုံစံဖြင့် ဇဝေဇဝါ မေးမြန်းလိုက်သည်။
ဘီဘီတုန်း၏ မျက်လုံးများထဲတွင် ရွံရှာမုန်းတီးမှု၊ နာကျင်မှုနှင့် အေးစက်စက် လျစ်လျူရှုမှုများ ရောပြွမ်းနေသည့် အရိပ်အယောင်တစ်ခု ဖျတ်ခနဲ ဖြတ်ပြေးသွားခဲ့သည်။ သူမက အေးစက်သောအသံဖြင့် -
"သူမရဲ့ ဆရာဖြစ်ဖို့က ငါ့အပေါ်မှာ မူတည်နေတာ မဟုတ်ဘူး။ မင်း သူမနဲ့ ကိုယ်တိုင် ဆွေးနွေးရလိမ့်မယ်။ အကယ်၍ မင်းဘက်က သဘောမတူဘူးဆိုရင်လည်း တောင်းဆိုချက်ကို ပြောင်းလဲနိုင်တယ်" ဟု ဆိုလိုက်သည်။
သူမ သည်လိုပြောခဲ့သော်လည်း အမှန်တကယ်တွင်မူ စုချန်အပေါ် များစွာ ယုံကြည်မှု မရှိလှချေ။ ဘီဘီတုန်းနှင့် ချန်းရန်ရွှဲတို့အကြား ဆက်ဆံရေးမှာ အလွန်တရာ အေးစက်လှသည်ဆိုသော်လည်း သူမသည် သမီးဖြစ်သူ၏ စရိုက်ကို အနည်းနှင့်အများတော့ နားလည်ထားဆဲပင် - မာနကြီးခြင်း၊ ထောင်လွှားခြင်း၊ အေးစက်ခြင်းနှင့် အလွန်တရာ ပြတ်သားလွန်းခြင်းတို့ ဖြစ်သည်။ ထို့အပြင် ချန်းရန်ရွှဲ၏ နောက်ကွယ်တွင်အကြီးအကဲခန်းမ ရှိနေသဖြင့် ပြင်ပလူများအနေဖြင့် သူမ၏ ဆုံးဖြတ်ချက်များတွင် ကြားဝင်စွက်ဖက်ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။
ထိုစဉ်တုန်းက အနာဂတ်တွင် အာဏာလုပွဲများ၌ သူမနှင့် လာရောက်မပြိုင်ဆိုင်နိုင်စေရန်အတွက် ဘီဘီတုန်းသည် စိတ်ပညာပိုင်းဆိုင်ရာ နည်းဗျူဟာများကို အသုံးပြုကာ သူမကို ထွက်ခွာသွားအောင် အတင်းအကျပ် တွန်းပို့ခဲ့ခြင်း ဖြစ်သည်။ စုချန်၏ လက်ရှိခွန်အားနှင့် သူမ၏ ကိုယ်ရည်ကိုယ်သွေးကို လုံးဝနားမလည်မှုများနှင့်ဆိုလျှင် အောင်မြင်မှုရရှိရန် ဖြစ်နိုင်ခြေ မရှိသလောက်ပင်။
သည်အကြောင်းကို တွေးမိရင်း ဘီဘီတုန်းက အရိပ်အမြွက်အချို့ ပေးရန် ပြင်ဆင်လိုက်သည်။ အကယ်၍ စုချန်သာ တကယ် အောင်မြင်ခဲ့မယ်ဆိုရင် ဒါက ချန်းရန်ရွှဲ၏ တိုးတက်မှုနှုန်းကို သေချာပေါက် နှောင့်နှေးစေမည်ဖြစ်ရာ ဒါက သူမ မြင်တွေ့ချင်သည့် အခြေအနေမျိုး ဖြစ်ပေသည်။
"သူ့ရဲ့ ပါရမီ အလွန်တရာ မြင့်မားတယ်၊ ငါ့ထက်တောင်မနိမ့်ကျလှဘူး၊ မင်းရဲ့ လိုအပ်ချက်တွေနဲ့ ကွက်တိပဲ" ဘီဘီတုန်းက အေးအေးဆေးဆေး ပြောဆိုလိုက်သည်။ "ဒါပေမဲ့ သူမက မာနကြီးပြီး လူအများနှင့် ကင်းကွာတတ်တယ်။ ငါ့အနေနဲ့ အကြံပြုချင်တာကတော့ မင်း သူမနဲ့ အရင်ဆုံး ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ပါ၊ ပြီးရင် မင်းရဲ့ နက်နဲတဲ့ အသိပညာတွေနဲ့ သူမကို တဖြည်းဖြည်းချင်း အထင်ကြီးအောင် လုပ်ပြီးမှပဲ ဖြည်းဖြည်းချင်း ရှေ့ဆက်ပါ"
စုချန်က သူမ၏ စကားကို ကြားလိုက်ရသည့်အခါ စိတ်ထဲကနေ မလှောင်ပြောင်ဘဲ မနေနိုင်ခဲ့ပါ။ ထိုမိခင်ဖြစ်သူ၏ ချဉ်းကပ်ပုံက တကယ့်ကို စိတ်ဝင်စားစရာကောင်းလှသည်၊ သမီးဖြစ်သူအပေါ်ကို အစွဲအလမ်းကြီးကြီးဖြင့် လှည့်စားရန် ကြံစည်နေရုံသာမက နှစ်ပေါင်းများစွာ အတူတူရှိခဲ့ကြသည့်တိုင်အောင် သမီးဖြစ်သူ၏ စရိုက်ကို သေချာစွာ နားမလည်သေးချေ။
သူသည် မိခင်ဖြစ်သူအပေါ် ဘီဘီတုန်း၏ နာကျည်းမှုနှင့် ရွံရှာမှုများကို နားလည်နိုင်သော်လည်း သည်လိုမျိုး အပြုအမူကိုတော့ အသိအမှတ် မပြုနိုင်ပါ၊ အပြစ်မဲ့သော သွေးသားရင်းခြာများကို သည်လိုမျိုး လှည့်ကွက်တွေထဲ ဆွဲမသွင်းသင့်ချေ။
အကယ်၍ သူသာ ဘီဘီတုန်း၏ အစီအစဉ်အတိုင်း လိုက်လုပ်ခဲ့မယ်ဆိုရင်တော့ မျှော်လင့်ချက် ရှိတော့မည် မဟုတ်ပါ။ ထိုသို့လုပ်ခြင်းက ချန်းရန်ရွှဲအနေဖြင့် သူ့ကို သူမစိတ်ကြိုက် ကစားနိုင်မည့် နယ်ရုပ်တစ်ခုအဖြစ်သာ မြင်သွားစေလိမ့်မည်ဖြစ်ပြီး၊ သူမကို မိမိလက်ထဲက ဓားတစ်လက်အဖြစ် ပြောင်းလဲပစ်ဖို့ အိပ်မက်မက်နေခြင်းက စိတ်ကူးယဉ်သက်သက်သာ ဖြစ်သွားလိမ့်မည်။
ထို့အပြင် နက်နဲသောအသိပညာဖြင့် သူမကို တဖြည်းဖြည်းချင်း လွှမ်းမိုးရန် ဟု ပြောနေခြင်းက ချန်းရန်ရွှဲက သူမလိုမျိုးပဲ ထင်နေလို့လား။ ချန်းရန်ရွှဲသည် အသက် ၂၀ နီးပါး ရှိနေပြီဖြစ်ပြီး နှစ်ပေါင်းများစွာကြာအောင် သန့်ရှင်းသောသမီးပျိုအဖြစ် နေထိုင်ခဲ့ရကာ အတွေ့အကြုံများ ကင်းမဲ့နေပြီး အလွန်အမင်း အကာအကွယ်ပေးခြင်း ခံခဲ့ရသည်။ ရလဒ်အနေဖြင့် မည်သူမဆို သူမကို လွယ်လွယ်ကူကူ လှည့်စားနိုင်သည်ဟု ထင်နေပုံရသည်။
အခြားတစ်ဖက်တွင်မူ ချန်းရန်ရွှဲသည် ကောင်းကင်ဒိုအင်ပါယာ၏ ရွှယ်ချင်းဟယ်၏ အစေခံအမျိုးသမီးအဖြစ် ဟန်ဆောင်ကာ တစ်နှစ်နီးပါးခန့် နေထိုင်ခဲ့ပြီးဖြစ်သော်လည်း မည်သူမျှ ရိပ်မိခြင်း မရှိခဲ့ချေ။ လှည့်ကွက်များနှင့် လိမ္မာပါးနပ်မှုပိုင်းတွင် ဘီဘီတုန်းသည် သမီးဖြစ်သူကို လုံးဝ နှိုင်းယှဉ်၍ မရနိုင်ပါ။
သူသည် ဘီဘီတုန်း၏ ချဉ်းကပ်ပုံကို သဘောမတူသော်လည်း အပြင်ပန်းတွင်မူ တည်ငြိမ်စွာပင် ရှိနေခဲ့ပြီး နားလည်ကြောင်း ပြသသည့်အနေဖြင့် ခေါင်းကိုသာ ငြိတ်ပြလိုက်သည်။
"မနက်ဖြန်ကျရင် လူတစ်ယောက်က စာကြည့်တိုက်ဝင်ခွင့် လက်မှတ်ကို မင်းဆီ လာပို့ပေးလိမ့်မယ်၊ အဲဒီအခါကျရင် လွတ်လွတ်လပ်လပ် လေ့လာနိုင်ပါပြီ။ ဒါပေမဲ့ ဝိညာဉ်ကွင်းစုပ်ယူမှု သုတေသနနဲ့ ပတ်သက်ရင်တော့ မင်း ဆက်ပြီး လုပ်ဆောင်သွားလိမ့်မယ်လို့ ငါ မျှော်လင့်တယ်။ ဝိညာဉ်မြို့တော်က အလုပ်မလုပ်တဲ့ ပျင်းရိသူတွေကို လက်မခံဘူး၊ ငါလည်း ဒီကိစ္စကြောင့် ဝေဖန်ခံရတာမျိုး မလိုလားဘူး" ဟု ဘီဘီတုန်းက ပြောလိုက်သည်။
"ဒါပေါ့" စုချန်က သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ "ဒါဆိုရင်တော့... ဝိညာဉ်နန်းတော်သခင်မ၊ ကျနော် ခွင့်ပြုပါဦး"
ဘီဘီတုန်းက အသာအယာ ခေါင်းညိတ်ပြသည်ကို မြင်လိုက်ရသည့်အခါ သူ လှည့်ထွက်ခဲ့သည်။ သူသည် မုခ်ခုံးတံခါးကြီးနားသို့ ချဉ်းကပ်သွားပြီး တံခါးကို တွန်းဖွင့်ရန် ပြင်လိုက်စဉ်မှာပင် နောက်ကွယ်မှ ဘီဘီတုန်း၏ အသံကို နောက်တစ်ကြိမ် ကြားလိုက်ရပြန်သည်။ သူမသည် နောက်ဆုံးစကားတစ်ခွန်းကို ပြောဆိုရန် မအောင့်အီးနိုင်ခဲ့ပုံရသည်။
"မင်းက ငါ့ကို လူတစ်ယောက်နဲ့ သွားပြီး သတိရစေတယ်"
စုချန်သည် သူမကို ကျောခိုင်းထားသဖြင့် သူမ၏ မျက်လုံးများထဲတွင် ဖုံးကွယ်နေသော အနည်းငယ်သော မျှော်လင့်ချက်နှင့် စိုးရိမ်ပူပန်မှုများကို မမြင်လိုက်ရချေ။ ယခုအချိန်တွင် သူမသည် ယခင်ကဲ့သို့ အေးစက်ပြီး မာနကြီးလှသော အမျိုးသမီး ပုပ်ရဟန်းမင်းကြီး မဟုတ်တော့ပါ။ သူမရှေ့က ရင်းနှီးကျွမ်းဝင်လှသော ကျောပြင်ကို ကြည့်ရင်း လွန်ခဲ့သော ဆယ်နှစ်ခန့်က ယွီရှောင်ကန်းနှင့် စတင်တွေ့ဆုံခဲ့စဉ်က နေ့ရက်များဆီသို့ ပြန်လည်ရောက်ရှိသွားသလို ခံစားလိုက်ရသည်။
"သူ့ရဲ့ နာမည်က ယွီရှောင်ကန်း တဲ့၊ မင်း သူ့အကြောင်း ကြားဖူးလား"
စုချန်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့ပြီး လှည့်မကြည့်ဘဲ စိတ်ထဲတွင် အတွေးများကို လျင်မြန်စွာ လှည့်ပတ်တွေးတောလိုက်မိသည်။ ဘီဘီတုန်းက ဘာဖြစ်လို့ သည်အချိန်အခိုက်အတန့်မှာ ရုတ်တရက် လမ်းကြောင်းလွဲသွားရတာလဲဆိုတာ သူ နားမလည်နိုင်ခဲ့ချေ။ အလားတူ အတွေ့အကြုံမျိုးကို ပုံဖော်ပြသခဲ့ခြင်းက ဘီဘီတုန်း၏ သတိထားမှုကို လျော့နည်းသွားစေရန် ရည်ရွယ်ချက် ရှိခဲ့သည်မှာ အမှန်ပင်။ သို့သော်လည်း မသိစိတ်က ဖြစ်ပေါ်လာသော စေတနာအချို့နှင့် ယုံကြည်မှု အပြည့်အဝ ရရှိရုံမျှဖြင့် လုံလောက်လှပြီဖြစ်ရာ၊ သူသည် ယွီရှောင်ကန်း၏ အစားထိုးလဲလှယ်စရာ ပုံတူရုပ်တစ်ခု တကယ်ကြီး ဖြစ်လာလို့ မရနိုင်ချေ။ သို့မဟုတ်ပါက အတုနှင့်အစစ် တစ်နေ့နေ့မှာ အတူတူဆုံတွေ့ကြမည့်ရက်တွင် ပြဿနာကြီးကြီးမားမား ဖြစ်လာနိုင်သည်။
စုချန်က ဘီဘီတုန်းဘက်သို့ လှည့်ကြည့်လိုက်ရင်း -
"စိတ်မရှိပါနဲ့ ဝိညာဉ်နန်းတော်သခင်မ၊ အခု ခင်ဗျား ဘာပြောလိုက်တာလဲခင်ဗျာ"