အခန်း (၅၇) - ချန်းရန်ရွှဲနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်း
"ငါ့ဆီကို အသေးစိတ်အချက်အလက်တွေ အကုန်ယူခဲ့ပါ"
မကြာမီအချိန်အတွင်းမှာပင် ပိုမိုပြည့်စုံစုံလင်သော အစီရင်ခံစာတစ်ခုသည် ချန်းရန်ရွှဲ၏ စာရေးစားပွဲပေါ်သို့ ရောက်ရှိလာခဲ့သည်။ ၎င်းအစီရင်ခံစာထဲတွင် စုချန်၏ ဇာတိမြေဖြစ်သော ဝမ်စုရွာ အကြောင်းနှင့် နော့ဒင်းအငယ်တန်း ဝိညာဉ်ဆရာသခင်အကယ်ဒမီမှ အခြေအနေများ အားလုံး ပါဝင်နေသည်။
"ဝိညာဉ်အကြီးအကဲအဆင့် ကျင့်ကြံခြင်း၊ ဒုတိယနဲ့ တတိယ ဝိညာဉ်ကွင်း နှစ်ခုစလုံးက နှစ်တစ်ထောင်သက်တမ်းတွေ ဖြစ်နေပြီးတော့ ထိပ်တန်းအဆင့် ဓားအမျိုးအစား သိုင်းဝိညာဉ်ကို ပိုင်ဆိုင်ထားတယ်ဟုတ်လား..."
ချန်းရန်ရွှဲ၏ ဖီးနစ်မျက်ဝန်းများမှာ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့ပြီး ဤသူသည် သူမ နေ့ညမပြတ် တမ်းတခဲ့ရသော ဆရာကြီးဖြစ်ကြောင်း ပိုမိုသေချာသွားခဲ့သည်။
ထိုနှစ်ယောက်ကြားရှိ ဆင်တူယိုးမှားဖြစ်မှုများမှာ အလွန်ပင် ထင်ရှားလွန်းလှသည်။ အသက်နှင့် နောက်ခံသမိုင်းကြောင်း ကွဲလွဲနေသည်မှအပ ရုပ်ရည်သွင်ပြင်၊ သိုင်းဝိညာဉ်၊ ဝိညာဉ်ကွင်းများနှင့် စရိုက်အရှိန်အဝါ အားလုံးမှာ တသွေမတိမ်း တူညီနေသည်။ ၎င်း၏နောက်ကွယ်မှ အကြောင်းပြချက်ကို သူမ နားမလည်နိုင်သလို၊ အခြားကမ္ဘာတစ်ခု အမှန်တကယ် တည်ရှိနေခြင်း ရှိမရှိကို မသေချာသော်လည်း ဤလူနှစ်ယောက်သည် သေချာပေါက် ဆက်နွှယ်မှုရှိရမည်၊ သို့မဟုတ် လူတစ်ယောက်တည်းပင် ဖြစ်ရမည်။
"အခုချက်ချင်း ငါနဲ့အတူ နော့ဒင်းမြို့ကို လိုက်ခဲ့!"
"ဗျာ..." မြွေလှံဒိုလော်သည် တစ်ခဏမျှ ဆွံ့အသွားခဲ့ကာ -
"ဒါပေမဲ့ ကောင်းကင်ဒိုအင်ပါယာမြို့တော်က ကိစ္စတွေက ဘယ်လိုလုပ်မလဲခင်ဗျာ"
"အခုချက်ချင်းလို့ ငါပြောနေတယ်၊ ငါနဲ့ အခု လိုက်ခဲ့၊ ခဏစောင့်ဦး..."
သူမ စကားမဆုံးခင်မှာပင် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။ သခင်မလေးထံတွင် တစ်စုံတစ်ခု မူမမှန်ဖြစ်နေသည်ကို မြွေလှံဒိုလော်က သိသိသာသာ သတိပြုမိလိုက်သည်။ သူမ၏ အရှိန်အဝါမှာ ပြင်းထန်စွာ လှုပ်ခတ်နေပြီး မျက်ဝန်းများထဲတွင် ဝေဝါးသော ရွှေရောင်အလင်းတန်းများ ယှက်သန်းနေကာ မျက်နှာအမူအရာမှာလည်း မပြတ်မသား ဖြစ်နေသည်။
"သခင်မလေး... ဘာဖြစ်လို့လဲခင်ဗျာ"
သူ၏ အမြင်တွင်မူ ချန်းရန်ရွှဲ၏ ခြေထောက်များထံ၌ ရွှေရောင်အလင်းလွှာတစ်ခု ဖုံးလွှမ်းနေပြီး ၎င်းအလင်းမှာ ခြေကျင်းဝတ်များဆီသို့ တဖြည်းဖြည်း မြင့်တက်ပျံ့နှံ့လာကာ အနက်ရောင် ခြေသလုံးဝတ်စုံနှင့် သိသိသာသာ ကွဲပြားခြားနားနေသည်။
"ဘာမှမဟုတ်ဘူး၊ လောလောဆယ် မင်း အပြင်ထွက်နေလိုက်တော့"
"ဒါပေမဲ့..."
"ဘာမှမဟုတ်ဘူးလို့ ငါပြောနေတယ်၊ အပြင်ထွက်သွားစမ်း၊ ပြီးတော့ တံခါးပိတ်ဖို့ မမေ့နဲ့"
"ကောင်းပါပြီ..."
မြွေလှံဒိုလော်သည် မတတ်သာသည့်အဆုံး အခန်းထဲမှ ထွက်ခွာ၍ တံခါးပိတ်ပေးခဲ့ရသော်လည်း အနီးအနားတွင်ပင် တိတ်တဆိတ် စောင့်ကြပ်နေခဲ့သည်။
သူ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ချန်းရန်ရွှဲသည် သူမ၏ နောက်ကွယ်မှ ကုလားထိုင်ပေါ်သို့ ခွန်အားဗလ ကုန်ခမ်းနေသကဲ့သို့ ပျော့ခွေလဲကျသွားခဲ့သည်။
"မင်း ဘာလုပ်နေတာလဲ?!"
"မင်း ဘာတွေးနေလဲဆိုတာ ငါသိတယ်" အခြားသောအသံတစ်ခုက သူမ၏ အသိစိတ်ထဲတွင် ထွက်ပေါ်လာခဲ့ကာ -
"ဒီလို မလုပ်နဲ့"
"ငါက ဘာလုပ်နေလို့လဲ၊ ငါက သူ့ကို သွားပြီး အန္တရာယ်ပြုမှာမို့လို့လား" ချန်းရန်ရွှဲသည် ထူးဆန်းစွာ ပြုံးလိုက်ရင်း မိမိ၏ အသိစိတ်ထဲတွင် ပြန်လည်မေးခွန်းထုတ်လိုက်သည်။
"သူ အရာအားလုံးကို မှတ်မိနေရင်တောင် သူ သဘာဝအတိုင်း ငါ့ဆီကို ရောက်လာလိမ့်မယ်"
"ဘာလို့ သူ့ကို စောင့်နေရမှာလဲ၊ ဒါ့အပြင် သူက ငါတို့ရဲ့ လက်ရှိအထောက်အထားကို မသိသေးဘူး၊ အခုအချိန်မှာ သူက ဝိညာဉ်အကြီးအကဲအဆင့်ပဲ ရှိသေးတာ၊ သူ့ဆီ တိုက်ရိုက်သွားပြီး ငါတို့နားမှာ ထာဝရနေအောင် လုပ်လိုက်တာက ပိုပြီးမကောင်းဘူးလား"
"ငါ အဲဒါမျိုး မလိုချင်ဘူး" ထိုအခြားသောအသံ၏ လေသံမှာ ပိုမိုအေးစက်သွားခဲ့သည်။
"ဟက်..." ချန်းရန်ရွှဲက အထင်သေးသော ရယ်သံတစ်ခုကို လွှတ်လိုက်ရင်း -
"အားနည်းပြီး ဝေခွဲမရဖြစ်နေတာက မင်းပဲ၊ လက်တွေ့ဘဝကို ရင်မဆိုင်ရဲတဲ့ နတ်သမီးရဲ့ အမွေခံ! ဘီဘီတုန်းရဲ့ ကိစ္စမှာပဲဖြစ်ဖြစ်၊ ဝိညာဉ်နန်းတော်ရဲ့ အရေးကိစ္စတွေမှာပဲဖြစ်ဖြစ်၊ ကောင်းကင်ဒိုအင်ပါယာထဲက စီစဉ်မှုတွေမှာတောင် မင်းက အချိန်ဆွဲပြီး တွန့်ဆုတ်နေခဲ့တာပဲ"
"အမြဲတမ်း သည်းခံနေတယ်၊ အမြဲတမ်း အလျှော့ပေးနေတယ်၊ မင်းရဲ့ ရယ်စရာကောင်းတဲ့ စည်းကမ်းချက်တွေကို ကာကွယ်နေတာပဲ၊ မင်းက တကယ့်ကို ချန်တောက်လျိူ ရဲ့ သွေးမျိုးဆက်ပီသပါပေတယ်" သူမ၏ လေသံမှာ ပိုမိုမိုက်မဲရက်စက်လာကာ -
"မင်းရဲ့ လုပ်ရပ်တွေက ငါတို့ကို ဘာတွေဖြစ်စေခဲ့လဲ ကြည့်လိုက်ဦး! ဘီဘီတုန်းရဲ့ ကျူးကျော်ဝင်ရောက်လာမှုတွေ၊ အဲဒီမှူးမတ်တွေရဲ့ အတောမသတ်နိုင်တဲ့ လောဘဇောတွေ၊ အခု စုချန်ရဲ့ ကိစ္စမှာတောင် မင်းက ဘာလို့ နောက်ဆုတ်နေရပြန်တာလဲ?!"
"ငါ သူ့ကို လက်လွတ်ခံမှာ မဟုတ်ဘူး" သူမ၏ ခန္ဓာကိုယ်ပေါ်မှ ရွှေရောင်အလင်းတန်းမှာ တည်ငြိမ်သွားခဲ့ပြီး ယခင်ကဲ့သို့ လှုပ်ခတ်ခြင်း မရှိတော့သော်လည်း အပေါ်သို့ ပျံ့နှံ့မည့် အရှိန်အဟုန်မှာ တဖြည်းဖြည်း မြန်ဆန်လာသည်။
"ဆရာကြီးက အခု အသက်ငယ်သေးတယ်ဆိုပေမဲ့ သူ့နှလုံးသားထဲမှာ ဘာတွေးနေလဲဆိုတာကို ငါ သွားပြီး မနှောင့်ယှက်သင့်ဘူး၊ သူ့မှာ သူ့ရဲ့ ရွေးချယ်မှု ရှိသလို၊ ငါ့မှာလည်း ငါလျှောက်ရမယ့် လမ်းရှိတယ်"
ချန်းရန်ရွှဲသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသော်လည်း ယခုအချိန်တွင် သူမ မတတ်နိုင်ခဲ့ချေ။ မကြာသေးမီနှစ်များအတွင်း သူမသည် ခန္ဓာကိုယ်ကို အများဆုံး ထိန်းချုပ်နိုင်ခဲ့သော်လည်း ၎င်းမှာ ပင်မကိုယ်ရည်ကိုယ်သွေး က လိုလိုလားလား လက်လွှတ်ပေးခဲ့မှသာ ဖြစ်နိုင်သည်။ လက်တွေ့တွင်မူ သူမ၏ အင်အားက အခြားကိုယ်ရည်ကိုယ်သွေးထက် အနည်းငယ် နိမ့်ပါးနေပြီး အထူးသဖြင့် အခြားတစ်ဖက်က စိတ်ပိုင်းဖြတ်ထားသည့် အခါမျိုးတွင် ဖြစ်သည်။ ဤထိပ်တိုက်ရင်ဆိုင်မှုတွင် သူမသည် အားနည်းချက် ရှိနေသည်ကို တွေ့ရှိခဲ့ရသည်။
"..."
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူမသည် အလျှော့ပေးရန် ရွေးချယ်လိုက်သည်။
"ငါ သူ့ကို သွားမရှာတော့ဘူး၊ ဒါပေမဲ့ ငါ့မှာ အခြေအနေတစ်ခု ရှိတယ်"
"..." ချန်းရန်ရွှဲ၏ ခန္ဓာကိုယ်ပေါ်မှ ရွှေရောင်အလင်းတန်းများမှာ ပြန်လည်ပျောက်ကွယ်သွားခဲ့ပြီး သူမ၏ ထွက်သက်ဝင်သက်မှာ နောက်ဆုံးတွင် တည်ငြိမ်သွားခဲ့သည်။
"အကယ်လို့ နောင်အနာဂတ်မှာ ငါတို့ သူ့ကို ဆုံတွေ့ခဲ့ရင် အရေးကြီးတဲ့ အခိုက်အတန့်တွေမှာ မင်း လာပြီး မနှောင့်ယှက်ပါနဲ့"
...
ဤအချိန်တွင် စုချန်သည် ချန်းရန်ရွှဲထံ၌ ဖြစ်ပျက်နေသော အပြောင်းအလဲများကို မသိရှိခဲ့ချေ။ ကောင်းကင်ဒိုအင်ပါယာမြို့တော်အနီးသို့ ရောက်ရှိပြီးနောက် သူသည် အချိန်ဖြုန်းမနေဘဲ ကောင်းကင်ဒိုတော်ဝင်အကယ်ဒမီသို့ တိုက်ရိုက် ဦးတည်ခဲ့သည်။ အင်ပါယာ၏ ပါရမီရှင်များ စုဝေးရာနေရာဖြစ်သည့်အတွက် ရေတွက်၍မရသော မျက်လုံးများစွာက ဤနေရာသို့ အာရုံစိုက်နေကြရာ ၎င်းသည် အင်ပါယာ၏ အဓိကဗဟိုချက်သို့ ဝင်ရောက်ရန် အဆင်ပြေဆုံး တံခါးဝတစ်ခု ဖြစ်သည်။
သေချာပါသည်၊ ကျောင်းသားအများစုမှာ အဆက်အသွယ်များနှင့် မှူးမတ်ဘွဲ့ထူးများကို အသုံးပြု၍ ဝင်ရောက်လာကြခြင်း ဖြစ်သည်။ သို့သော် ၎င်းက ဆိုးဝါးသောအချက် မဟုတ်ပေ။ သူတို့၏ ထူးခြားလှသော နောက်ခံသမိုင်းကြောင်းများနှင့်အတူ ထိုအရင်းအမြစ်များကို အသုံးချခြင်းသည်လည်း ပညာရှိသော ရွေးချယ်မှုတစ်ခု ဖြစ်သည်။ ထို့အပြင် ရတနာခုနစ်ပါးဂိုဏ်း မှာ အကယ်ဒမီနှင့် ကောင်းကင်ဒိုမြို့တော်ကြားတွင် တည်ရှိသည်။ အကယ်၍ သူ အခွင့်အရေး ရရှိခဲ့ပါက နင်ဖုန်းကျီ နှင့် ဆက်သွယ်နိုင်ပေလိမ့်မည်။
စုချန်၏ နားလည်မှုအရ သူသည် လုံလောက်သော ပါရမီအရည်အချင်းကို ပြသနိုင်သရွေ့ နောင်အနာဂတ်တွင် နင်ဖုန်းကျီထံမှ ကဏ္ဍစုံတွင် ထောက်ပံ့မှုများကို ရရှိနိုင်မည် ဖြစ်သည်။ ဤသည်မှာ အကူအညီပေးရေး အမျိုးအစား သိုင်းဝိညာဉ်ကို ဗဟိုပြုထားသည့် ထိပ်တန်းဂိုဏ်းကြီးတစ်ခုအတွက် ရိုးရာအစဉ်အလာတစ်ခုလည်း ဖြစ်နိုင်သည်။
အချိန်အများကြီး မပေးလိုက်ရဘဲ စုချန်သည် ကောင်းကင်ဒိုတော်ဝင်အကယ်ဒမီ၏ ပင်မဝင်ပေါက် တည်ရှိရာ မီတာတစ်ထောင်မြင့်သော တောင်ခြေသို့ ရောက်ရှိလာခဲ့သည်။
"မင်းက ဘယ်သူလဲဆိုတာ မေးပါရစေ၊ ပြီးတော့ ငါတို့အကယ်ဒမီကို လာရတဲ့ ရည်ရွယ်ချက်က ဘာလဲ"
အဝါရောင် ယူနီဖောင်းများကို ဝတ်ဆင်ထားပြီး အသက် ၁၈ နှစ် သို့မဟုတ် ၁၉ နှစ်ခန့်ရှိသော ဝိညာဉ်ဆရာသခင် ၁၀ ဦးခန့်မှာ မလှမ်းမကမ်းတွင် ရပ်နေကြသည်။ စုချန်ကို မြင်သောအခါ ကျောင်းသားနှစ်ဦးက စုံစမ်းမေးမြန်းရန် အနားသို့ ချဉ်းကပ်လာခဲ့သည်။
မကြာသေးမီနှစ်များအတွင်း အချို့သော ဆေးရည်ဖော်စပ်နည်းများကို အသုံးပြု၍ စုချန်သည် မှောင်ခိုဈေးကွက်သူဌေးကြီး ဆောလ် ထံမှ ငွေကြေးအမြောက်အမြား ရှာဖွေနိုင်ခဲ့သည်။ သင့်လျော်ကောင်းမွန်သော ဝတ်စုံကို ဝတ်ဆင်ထားပြီး သူသည် အသက်ငယ်သေးသော်လည်း ရံဖန်ရံခါတွင် ဆရာကြီးတစ်ဦး၏ စရိုက်အရှိန်အဝါမျိုး ထွက်ပေါ်နေတတ်သည်။ ရှေ့သို့ ထွက်လာသော ကျောင်းသားနှစ်ဦးမှာ အတော်ပင် ယဉ်ကျေးပျူငှာကြသည်။
"ငါက အငယ်တန်း ဝိညာဉ်ဆရာသခင်အကယ်ဒမီကနေ အခုတင် ဘွဲ့ရလာတာပါ၊ မင်းတို့ရဲ့ လေးစားစရာကောင်းတဲ့ အကယ်ဒမီကို ဝင်ခွင့်လျှောက်ချင်လို့ပါ၊ ဒီကျောင်းရဲ့ ဝင်ခွင့်သတ်မှတ်ချက်တွေကို မေးပါရစေ"
ပြောပြောဆိုဆိုဖြင့် သူသည် သူ၏ ညာလက်ကို မြှောက်လိုက်ရာ အဝါရောင် တစ်ကွင်း၊ ခရမ်းရောင် နှစ်ကွင်း စုစုပေါင်း ဝိညာဉ်ကွင်း သုံးကွင်းနှင့်အတူ ဓားအမျိုးအစား သိုင်းဝိညာဉ်တစ်ခုသည် သူ၏ လက်ဖဝါးထက်တွင် ပေါ်ထွက်လာခဲ့သည်။
"မင်း... ဒါက?!"
ဤကဲ့သို့ ထူးခြားဆန်းပြားလှသော ဝိညာဉ်ကွင်းဖွဲ့စည်းပုံနှင့် တတိယအဆင့် ဝိညာဉ်အကြီးအကဲ အဆင့်ကို မြင်လိုက်ရသောအခါ ကျောင်းသားနှစ်ဦးမှာ မျက်ဝန်းများ အဝိုင်းသားပွင့်သွားခဲ့ပြီး မျက်နှာများတွင် အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။ သူတို့ထက် သိသိသာသာ အသက်ငယ်လွန်းလှသော ရှေ့မှလူကို ကြည့်ရင်း သူတို့ မပေါ့ဆရဲတော့ဘဲ -
"ခဏလောက် စောင့်ပါဦး၊ ငါ အကယ်ဒမီက ဆရာတစ်ယောက်ကို သွားခေါ်ပေးပါ့မယ်" ဟု လောတကြီး ပြောလိုက်ကြသည်။
ထိုနှစ်ယောက်စလုံးသည် စုချန်၏ ဝိညာဉ်ကွင်းဖွဲ့စည်းပုံကို မြင်လိုက်ရသည့် အခိုက်အတန့်ကပင် ကောင်းကင်ဒိုတော်ဝင်အကယ်ဒမီ ကျောင်းသားများအဖြစ် ရှိနေခဲ့သော မာန်မာနများ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
စုချန်ကို အကြာကြီး မစောင့်ခိုင်းဘဲ သစ်တောလမ်းအတိုင်း လူရိပ်တစ်ခု လျင်မြန်စွာ ချဉ်းကပ်လာခဲ့ပြီး စုချန်၏ ရှေ့တွင် ရပ်တန့်လိုက်သည်။ ဆရာသွားခေါ်သော ကျောင်းသားနှစ်ဦးမှာမူ နောက်ကွယ်တွင် ဝေးကွာစွာ ကျန်ရစ်ခဲ့သည်။
ဤသူသည် ငွေရောင် တိုက်ပွဲဝတ်စုံကို ဝတ်ဆင်ထားပြီး အသက် ၅၀ ကျော်ခန့် ရှိပုံရကာ ငွေပြားကဲ့သို့သော မျက်နှာပြင်၊ ထူထဲသော မျက်ခုံးများနှင့် မျက်လုံးကြီးများ ရှိသည်။ သူ၏ လက်နှစ်ဖက်ကို နောက်ပစ်ထားပုံမှာ အစွမ်းထက်သော ကျွမ်းကျင်ပညာရှင်တစ်ဦး၏ အရှိန်အဝါကို ထွက်ပေါ်စေသည်။
"သူငယ်နာလေး... မင်းက ကောင်းကင်ဒိုတော်ဝင်အကယ်ဒမီကို ဝင်ချင်တာလား"
သူက တိုးညင်းသော လေသံဖြင့် မေးမြန်းလိုက်သော်လည်း သူ၏ မျက်ဝန်းများကမူ စုချန်၏ သိုင်းဝိညာဉ်ထံသို့ မသိမသာ ဝေ့ဝဲကြည့်ရှုမိရင်း ထိန်းမနိုင်သိမ်းမရသော အံ့ဩတုန်လှုပ်မှု အရိပ်အယောင်များ ပေါ်လွင်နေခဲ့သည်။