အခန်း (၄၁) - မုန်တိုင်းမလာခင် ငြိမ်သက်ခြင်း
ယွီရှောင်ကန်း ရေးသားခဲ့သည့် စာအုပ်သည် စုချန်က ဘီဘီတုန်း ဖတ်ရှုလေ့လာနိုင်ရန်အတွက် သီးသန့် ရည်ရွယ်ပြင်ဆင်ပေးခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သော ဆယ်နှစ်ခန့်က စုချန်သည် ယင်ယန်ရေတွင်းမှ ဝိညာဉ်နန်းတော်မြို့တော်သို့ မပြန်မီ နော့ဒင်းအကယ်ဒမီ မြို့ရှိ ယွီရှောင်ကန်းထံသို့ သွားရောက်ခဲ့သည်၊၊ ထိုစဉ်က သူတို့နှစ်ဦး သဘောတူညီမှုတစ်ခု ပြုလုပ်ခဲ့ကြသည်။ စုချန်သည် အစပိုင်းတွင် ယွီရှောင်ကန်း၏ ခန္ဓာကိုယ်ရှိ အကြောမှတ်အများအပြားကို လှုံ့ဆော်ပေးပြီး အလားအလာများကို ဖွင့်ထုတ်ပေးခဲ့ကာ အဆင့် (၃၀) သို့ လျင်မြန်စွာ ရောက်ရှိစေခဲ့သည်၊၊ ထို့နောက် သက်တမ်း နှစ် သုံးထောင်နီးပါးရှိသော နဂါးမျိုးနွယ်စစ် ဝိညာဉ်သားရဲတစ်ကောင်ထံမှ ဝိညာဉ်ကွင်းကို စုပ်ယူနိုင်ရန် ကူညီပေးခဲ့သည်၊၊ ထိုဝိညာဉ်ကွင်း၏ အကူအညီကြောင့် ယွီရှောင်ကန်းသည် သူ၏ ဗီဇပြောင်းလဲသွားသည့် သိုင်းဝိညာဉ်ဖြစ်သော လော်ဆန်ပေါင်း၏ စွမ်းအင်ချို့တဲ့မှုပြဿနာကို အတိုင်းအတာတစ်ခုအထိ ပြန်လည်ဖြည့်တင်းပေးနိုင်ခဲ့သည်၊၊ တိုးတက်မှုက အနည်းငယ်မျှသာ ဖြစ်သော်လည်း ယွီရှောင်ကန်းအတွက်မူ နတ်ဘုရားက ပေးသနားသော ဆုလာဘ်ကဲ့သို့ပင် ဖြစ်နေခဲ့ရသည်၊၊
စင်စစ်တွင် ယွီရှောင်ကန်း၏ သိုင်းဝိညာဉ်ပြဿနာသည် ဆိုးရွားသော ဗီဇပြောင်းလဲမှုမျိုး မဟုတ်ဘဲ ရှေးဦးမျိုးရိုးဗီဇ ပြန်လည်ပေါ်ပေါက်လာခြင်းနှင့် စွမ်းအင်မလုံလောက်မှုတို့ ပေါင်းစပ်ကာ သိုင်းဝိညာဉ် ဆုတ်ယုတ်သွားခြင်းသာ ဖြစ်သည်၊၊ ထိုအကြောင်းကို လူအနည်းငယ်သာ သိရှိကြသည်၊၊ သိုင်းဝိညာဉ် ပြီးပြည့်စုံအောင် ပြုလုပ်ခြင်းက ယွီရှောင်ကန်းနှင့် မကိုက်ညီကြောင်း စုချန် အစောပိုင်းက ပြောခဲ့သည်မှာ လိမ်ညာခြင်း မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် ယွီရှောင်ကန်း၏ အခြေအနေမှာ ဆိုးရွားသော ဗီဇပြောင်းလဲမှုမျိုး လုံးဝမဟုတ်သောကြောင့် ဖြစ်သည်၊၊ ၎င်းအပြင် သားရဲသိုင်းဝိညာဉ်များနှင့် လက်နက်သိုင်းဝိညာဉ်များကြားတွင်လည်း ကြီးမားသော ကွဲပြားခြားနားမှုများ ရှိနေသည်၊၊
စုချန်သည် ယွီရှောင်ကန်း ပြုစုထားသော သိုင်းဝိညာဉ်၏ အဓိကပင်မစွမ်းဆောင်ရည် ဆယ်ခုကို မြင်တွေ့ဖူးသည်၊၊ အချို့သော သုံးသပ်ချက်များမှာ အသင့်အတင့် ကောင်းမွန်သော်လည်း အများစုမှာ အပေါ်ယံသာ ဖြစ်ပြီး မှားယွင်းနေသည်များပင် ဒုနဲ့ဒေး ရှိသည်၊၊ အထူးခြားဆုံး မှားယွင်းချက်မှာ သိုင်းဝိညာဉ် ပုံတူမျိုးပွားခြင်းဆိုင်ရာ သီအိုရီပင် ဖြစ်သည်၊၊ သူသည် သိုင်းဝိညာဉ်၏ တိုက်ခိုက်ရေးပုံစံကိုသာ ကြည့်ရှုပြီး သိုင်းဝိညာဉ်၏ အစစ်အမှန် အလားအလာကို နက်နက်ရှိုင်းရှိုင်း မလေ့လာဘဲ အခြားသော ဂုဏ်သတ္တိများကို ထည့်သွင်းခြင်းက အကျိုးရှိနိုင်သည်ဟု လွယ်လွယ်တွေးခဲ့ခြင်း ဖြစ်သည်၊၊
ထိုစဉ်က စုချန်သည် ယွီရှောင်ကန်းထံသို့ လက်ရေးမူတစ်ခု ပေးအပ်ခဲ့ပြီး သုံးနှစ်ကြာသောအခါ ၎င်းကို မိမိအမည်ဖြင့် ထုတ်ဝေရန် တိုက်တွန်းခဲ့သည်၊၊
ယွီရှောင်ကန်းအတွက်မူ ယင်းက မယုံနိုင်စရာကောင်းလောက်အောင် ကံကောင်းသော အခွင့်အရေးဖြစ်သဖြင့် စုချန်အား ထိုနေရာတွင်တင် ဆရာအဖြစ် တောင်းပန်ကန်တော့ရန်ပင် ပြင်ခဲ့သည်၊၊ ထို့နောက်ပိုင်း ကိစ္စရပ်များမှာ အလွန်ပင် ရိုးရှင်းသွားခဲ့သည်၊၊ ဘီဘီတုန်းသည် စုချန်၏ စကားများကို မယုံကြည်လျှင်ပင် ယွီရှောင်ကန်း၏ သီအိုရီများကိုမူ မေးခွန်းထုတ်စရာမလိုဘဲ အထွတ်အမြတ်ထား ကိုးကွယ်မည်ဖြစ်ကာ အားလပ်ချိန်ရတိုင်း ဖတ်ရှုရမည့် ကျမ်းစာများကဲ့သို့ သဘောထားမည်မှာ သေချာသည်၊၊
ဘီဘီတုန်းအတွက် ရခ်ရှာဆာနတ်ဘုရား၏ စမ်းသပ်ချက်တွင် အကြီးမားဆုံး စိန်ခေါ်မှုမှာ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းမှု ဖြစ်ကြောင်း စုချန် နားလည်ထားသည်၊၊ သူမသည် မိမိ၏ သားရဲသိုင်းဝိညာဉ်ကို သန်မာအောင် ပြုလုပ်ခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ ခုခံနိုင်စွမ်းကို မြှင့်တင်နိုင်သည်ဟူသောအချက်ကို ယခင်က တစ်ခါမျှ သတိမပြုမိခဲ့ပေ၊၊ သူမ၏ သိုင်းဝိညာဉ်အပေါ် နားလည်မှုမှာ ထိုမျှအထိ နက်ရှိုင်းမှုမရှိခဲ့ဘဲ တစ်လျှောက်လုံးတွင် သူမ၏ ထူးခြားလှသော ဝိညာဉ်လက်နက်နှစ်ခုပိုင်ရှင် ပါရမီကိုသာ အားပြုပြီး ကျင့်စဉ်အဆင့်ကို အတင်းအဓမ္မ စုဆောင်းလာခဲ့ခြင်း ဖြစ်သည်၊၊ ထို့ကြောင့် သူမ နတ်ဘုရားအဆင့်သို့ တက်လှမ်းမည့် လမ်းကြောင်းပေါ်တွင် သေစေနိုင်လောက်သော ကွယ်ဝှက်ထားသည့် အန္တရာယ်တစ်ခု ချန်ထားရင်း တစ်ဖက်ကလည်း ကူညီပေးလိုက်ခြင်းက ပို၍ ကောင်းမွန်ပေသည်၊၊
ဘီဘီတုန်းသည် နတ်ဘုရားအဆင့်သို့ မဖြစ်မနေ တက်လှမ်းရမည် ဖြစ်သည်၊၊ ဒါက စုချန် ကြိုတင် စီစဉ်ထားသော အစီအစဉ်တစ်ခု ဖြစ်သည်၊၊ ချန်းရန်ရွှဲသည် သူ၏ ရုပ်သေးရုပ် မဟုတ်ပေ၊၊ စုချန်အနေဖြင့် သူမအပေါ် သြဇာလွှမ်းမိုးနိုင်သည်မှာ မှန်သော်လည်း သူမကို မိမိအလိုအတိုင်း ရာနှုန်းပြည့် လှုပ်ရှားခိုင်းရန် မျှော်လင့်ခြင်းမှာ စိတ်ကူးယဉ်ခြင်းသာ ဖြစ်လိမ့်မည်၊၊ သူတို့နှစ်ဦးကြားရှိ အင်အားချင်း မျှခြေမှာ အနီးစပ်ဆုံး တူညီနေမှသာ စုချန်အနေဖြင့် မီးထဲမှ ဖော်ထုတ်ခွင့် အခွင့်အရေးကို အရယူနိုင်မည် ဖြစ်သည်၊၊
၎င်းအပြင် ဝိညာဉ်နန်းတော်၏ ဝိညာဉ်တော်ကျောင်းဆောင်မှ သက်တမ်းရင့် အကြီးအကဲ ခုနစ်ဦးလုံး သက်ရှိထင်ရှား ရှိနေသေးရာ ဝိညာဉ်နန်းတော်ကို ဖျက်ဆီးပစ်ရန် မည်သို့ စဉ်းစားနိုင်ပါမည်နည်း။ ထိုသူများထဲတွင် အင်အားအကြီးဆုံး တိုက်ခိုက်ရေးသမားများ ဖြစ်ကြသည့် အဆင့် (၉၈) ရှိသော ရွှေရောင်မိကျောင်း ဒိုလော်၊ အဆင့် (၉၇) ရှိသော ကောင်းကင်ပြာ ဖီးနစ်ဒိုလော်နှင့် ခြင်္သေ့ဒိုလော်တို့ ပါဝင်နေသည်၊၊ ဘီဘီတုန်း၊ ချန်းရန်ရွှဲနှင့် ချန်တောက်လျိူတို့မှလွဲ၍ အခြား မည်သူက ထိုသူများကို နှိမ်နင်းနိုင်ပါမည်နည်း။
နောက်ပိုင်းကာလများတွင် ချန်းရန်ရွှဲသည် နတ်ဘုရားအဆင့်ကို စိန်ခေါ်နိုင်ရန်အတွက် ချန်တောက်လျိူ၏ လမ်းညွှန်မှုအောက်တွင် နတ်ဘုရားစမ်းသပ်ချက်ကို ကြိုးစားပမ်းစား ဆက်လက်လုပ်ဆောင်နေခဲ့သည်၊၊ ဝိညာဉ်နန်းတော်သည်လည်း တစ်ကုန်းမြေလုံးဆိုင်ရာ ဝိညာဉ်ဆရာသခင် အထူးချွန်ဆုံးပြိုင်ပွဲအတွက် ပြင်ဆင်နေပြီး ဝိညာဉ်နန်းတော်အကယ်ဒမီ၏ ရွှေရောင်မျိုးဆက်များကလည်း အသင့်ဖြစ်နေကြပြီ ဖြစ်သည်၊၊ ခပ်သိမ်းသော အရာ အားလုံးသည် အေးချမ်းငြိမ်သက်နေပုံ ရသည်၊၊
သို့သော်လည်း လက်တွေ့မှာ ထိုသို့ မဟုတ်ပေ၊၊ ဝိညာဉ်နန်းတော်၏ အဆင့်မြင့်အဖွဲ့ဝင် အားလုံးသည် ငြိမ်သက်နေသော မျက်နှာပြင်အောက်ရှိ လှိုင်းတံပိုးများကို ခံစားနေကြရသည်၊၊ ၎င်းက အကြီးအကဲကျောင်းဆောင်မှ ဘွဲ့အမည်ရဒိုလော် အဆင့်ရှိသော အကြီးအကဲနှစ်ဦး တာဝန်ထမ်းဆောင်ရင်း ပျောက်ဆုံးသွားခြင်းမှ စတင်ခဲ့ခြင်း ဖြစ်သည်၊၊ ဝိညာဉ်နန်းတော်တွင် ယင်းကဲ့သို့ ဖြစ်ရပ်မျိုး နောက်ဆုံးဖြစ်ပွားခဲ့သည်မှာ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်က ချန်းရွှန်ကျဲသည် ဟောက်ထျန်ဂိုဏ်းမှ ထန်ဟောက်၏ ဒဏ်ရာပေးခြင်းကို ခံခဲ့ရစဉ်က ဖြစ်သည်၊၊ ဘီဘီတုန်းသည် အလွန်အမင်း ဒေါသထွက်ခဲ့သော်လည်း အကြောင်းရင်းကို သေချာစုံစမ်းစစ်ဆေးခြင်း မပြုခဲ့ပေ၊၊ စုချန်ကမူ နားလည်ထားသည်၊၊ သူမသည် မိမိ၏ ရခ်ရှာဆာနတ်ဘုရား စမ်းသပ်ချက်ဖြင့် အလုပ်ရှုပ်နေသဖြင့် အာရုံလွှဲရန် အချိန်မရှိခြင်းသာ ဖြစ်သည်၊၊
သို့သော် နောက်ထပ် တစ်နှစ်ခွဲကာလအတွင်း ဒုတိယနှင့် စတုတ္ထမြောက် သက်တမ်းရင့် အကြီးအကဲများ ဖြစ်ကြသည့် ရွှေရောင်မိကျောင်းဒိုလော်၊ ခြင်္သေ့ဒိုလော်နှင့် ကောင်းကင်ပြာ ဖီးနစ်ဒိုလော်တို့သည်လည်း တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက် ပျောက်ဆုံးသွားခဲ့ပြန်သည်၊၊ ထိုသုံးဦး၏ အရေးပါမှု အလေးချိန်မှာ သာမန်အကြီးအကဲများနှင့် လုံးဝ နှိုင်းယှဉ်၍မရနိုင်လောက်အောင် ကြီးမားလှသည်၊၊ ဝိညာဉ်နန်းတော်တစ်ခုလုံး ကောလာဟလများဖြင့် ဆူညံသွားခဲ့ရသည်၊၊
ခြောက်လအကြာတွင် ဝိညာဉ်နန်းတော်သခင်မ ဘီဘီတုန်းက တံခါးပိတ်ကျင့်ကြံတော့မည်ဖြစ်ကြောင်း ကြေညာခဲ့သဖြင့် ဝိညာဉ်နန်းတော်တစ်ခုလုံးကို ပို၍ စိုးရိမ်ပူပန်မှုများ လွှမ်းမိုးသွားစေခဲ့သည်၊၊ သို့သော်လည်း ဤအပြောင်းအလဲအားလုံး၏ မြစ်ဖျားခံရာကို မည်သူမျှ မသိရှိကြဘဲ ကွယ်ရာမှ အရာအားလုံးကို ကြိုးကိုင်နေသော မမြင်ရသည့် လက်တစ်ဖက် ရှိနေသည်ဟူသော ခံစားချက်ကိုသာ ရရှိနေကြရသည်၊၊
စုချန်၏ တည်ကြည်လေးနက်နေသော မျက်နှာအမူအရာကို ကြည့်ရင်း ယွဲ့ကွမ်းသည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်၊၊ "ဘာကိစ္စရှိလို့လဲ မစ္စတာစု..."
"ကျွန်တော် ခင်ဗျားကို အစောပိုင်းက ပြောခဲ့တဲ့ကိစ္စ အောင်မြင်ပြီ၊၊ ခင်ဗျားနဲ့ အကြီးအကဲကွေ့သာ သဘောတူမယ်ဆိုရင် ဝိညာဉ်မြက်နုကိစ္စကို ပြေလည်သွားပြီလို့ သတ်မှတ်မှာဖြစ်ပြီး ကျွန်တော် 'နတ်ရေစင်ကျောက်စိမ်းရိုး' ကိုလည်း လွှဲအပ်ပေးမှာပါ..."
ယွဲ့ကွမ်းသည် ထိုစကားကို ကြားသောအခါ မျက်နှာအမူအရာ ချက်ချင်း တည်ကြည်သွားခဲ့သည်၊၊ သူတို့ စုချန်နှင့်အတူ ကျင့်ကြံနေစဉ်အတွင်း မျှဝေခဲ့ကြသော ကိစ္စအသေးအမွှားများမှာ အရေးမကြီးလှပေ၊၊ ထို့အပြင် စုချန်သည် သူ၏ လမ်းညွှန်မှုကို မလိုအပ်ဘဲ ဆေးပညာကို လေ့လာရန်အတွက်သာ ရံဖန်ရံခါ အတူတကွ ဆုံတွေ့ကြခြင်း ဖြစ်သည်၊၊ ယခုအခါ သူ၏ ကတိကဝတ်ကို ဖြည့်ဆည်းရမည့်အချိန် ရောက်လာပြီဖြစ်ကြောင်း ထင်ရှားနေသည်၊၊
"ပြောပါ မစ္စတာစု၊၊ ကျွန်တော် နားထောင်နေပါတယ်..."
"ကျွန်တော် အလိုရှိတာက ခင်ဗျားနဲ့ အကြီးအကဲကွေ့တို့ အခုကစပြီး ဝိညာဉ်နန်းတော်ကနေ နှုတ်ထွက်ပေးဖို့ပါပဲ..."
ထိုစကားကို ကြားလိုက်ရသောအခါ ယွဲ့ကွမ်း၏ မျက်စိသူငယ်အိမ်များ ကျုံ့ဝင်သွားပြီး မျက်နှာတွင် အံ့သြတုန်လှုပ်မှုများ ထင်ဟပ်သွားသည်၊၊ သို့သော်လည်း သူသည် ချက်ချင်း ငြင်းပယ်ခြင်းမပြုဘဲ အနည်းငယ် ဝေခွဲမရဖြစ်ပြီးနောက် ဝိညာဉ်နန်းတော်တွင် မကြာသေးမီက ဆက်တိုက်ဖြစ်ပွားခဲ့သော အဖြစ်အပျက်များကို မတွေးဘဲ မနေနိုင်ဖြစ်သွားရသည်၊၊ မုန်တိုင်း၏ ဗဟိုချက်နှင့် အနီးစပ်ဆုံးနေရာတွင် ရှိနေသူပီပီ ဝိညာဉ်နန်းတော်အတွင်း၌ တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း သူ ကြာမြင့်စွာကတည်းက ရိပ်မိထားခဲ့သည်၊၊
"မစ္စတာစု..." ယွဲ့ကွမ်း၏ မျက်မှောင်များ တဖြည်းဖြည်း ကြုတ်လာပြီး "ဒီစကားရဲ့ အဓိပ္ပာယ်က ဘာလဲ..."
"အများကြီးမမေးပါနဲ့၊ အများကြီးလည်း မတွေးပါနဲ့၊ ခင်ဗျားတို့ လိုက်လျောနိုင်မလား၊ မလိုက်လျောနိုင်ဘူးလား ဆိုတာကိုပဲ ကျွန်တော် သိချင်တယ်..." စုချန်က လက်ဝှေ့ယမ်းကာ သူ့စကားကို ဖြတ်ပြောလိုက်သည်၊၊ "ကဲ... ဒီလိုပဲ သဘောတူကြစို့၊ ခင်ဗျားနဲ့ အကြီးအကဲကွေ့တို့ ရတနာခုနစ်ပါးစေတီဂိုဏ်းကို သွားပြီး ကျွန်တော့်ရဲ့ မွေးစားဖခင် ချန်ရှင်းကို သွားရှာလိုက်ပါ၊ 'နတ်ရေစင်ကျောက်စိမ်းရိုး' က လောလောဆယ် သူ့ဆီမှာ ရှိနေတယ်..."
"ရတနာခုနစ်ပါးဂိုဏ်းက ဓားဒိုလော် ချန်ရှင်းလား..." ယွဲ့ကွမ်းသည် ထိုအမည်ကို ကြားလိုက်ရသောအခါ ခန္ဓာကိုယ် အနည်းငယ် တုန်ရင်သွားပြီး တစ်စုံတစ်ခုကို ဖျတ်ခနဲ တွေးမိသွားဟန်တူသော်လည်း သေချာ ရေရေရာရာ မသိနိုင်သေးပေ၊၊
"မှန်တယ်..." စုချန်က မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ရင်း "အကြီးအကဲ ဂန္ဓမာ... ကျွန်တော် ခင်ဗျားကို တစ်ခါက ပြောခဲ့ဖူးတဲ့ စကားကို မှတ်မိသေးလား..."
"ဘာစကားလဲ..."
"လူဆိုတာ မိမိရဲ့ အကျိုးစီးပွားကို အမြဲတမ်း ထည့်သွင်းစဉ်းစားရတယ်၊ ခင်ဗျားရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းအတွက်ပဲ ဖြစ်ဖြစ်ပေါ့..."
ယွဲ့ကွမ်းသည် ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့ရသည်၊၊ သူ ခုနက ဖျတ်ခနဲ တွေးမိသွားသော အတွေးစကို ဆက်ပြီး မတွေးချင်တော့ပုံရသည်၊၊
စုချန်က ဆက်ပြောသည်၊၊ "ခင်ဗျားတို့ မလိုက်လျောချင်ဘူးဆိုရင်လည်း ရပါတယ်၊ အရင်ဆုံး ကျွန်တော့်မွေးစားဖခင်ဆီ သွားရှာပြီး ရတနာခုနစ်ပါးစေတီဂိုဏ်းမှာ သုံးနှစ်လောက် နေထိုင်ကြည့်ပါ၊ သုံးနှစ်ကြာပြီးလို့မှ ဝိညာဉ်နန်းတော်ကို ပြန်ချင်သေးတယ်ဆိုရင်တော့ အဲဒါ ခင်ဗျားတို့ သဘောပါပဲ..."
ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် ယွဲ့ကွမ်းသည် စုချန်ကို နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်၊၊ "ကျွန်တော် နားလည်ပါပြီ..."
ဝိညာဉ်နန်းတော်မြို့တော်၊ ဒိုလော်ကျောင်းဆောင်။
မဟာခန်းမကြီး၏ ဗဟိုချက်တွင် ရှိနေသော ကြီးမားထည်ဝါလှသည့် ကောင်းကင်တမန် ရုပ်ထုကြီးသည် မည်သည့် အရိပ်အယောင်မျှမပြဘဲ ရုတ်တရက် တုန်ခါလာခဲ့သည်၊၊ ရုပ်ထု၏ မျက်နှာပြင်ပေါ်တွင် သိမ်မွေ့လှပသော ရွှေရောင်အလင်းတန်းများ ပေါ်ပေါက်လာပြီး ထူထပ်လှသော ရွှေရောင်လှိုင်းကွက်များ အလွှာလိုက် အလွှာလိုက် ထွက်ပေါ်လာသည်၊၊
"ဝုန်း..."
ကောင်းကင်တမန် ရုပ်ထုကြီးတစ်ခုလုံးသည် ချက်ချင်းပင် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားပြီး လေထုထဲတွင် လွင့်ပျံနေသော မရေမတွက်နိုင်သည့် ရွှေရောင်အလင်းစက်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်၊၊ ထိုပေါက်ကွဲမှု၏ ဗဟိုချက်တွင် ချန်းရန်ရွှဲသည် ခြေဆုံးခေါင်းဆုံး ရွှေရောင်ချပ်ဝတ်တန်ဆာကို ဆင်မြန်းလျက် ရပ်နေသည်၊၊ သူမ၏ ကျောပြင်ထက်ရှိ အတောင်ပံ ရှစ်ခုသည် လေထဲတွင် ဝဲပျံနေရင်း အသာအယာ ခတ်ခတ်နေကြသည်၊၊
တိတိကျကျ ပြောရလျှင် သူမသည် ယခုအခါ ကောင်းကင်တမန် နတ်ဘုရားမ ချန်းရန်ရွှဲ ဖြစ်နေခဲ့ပြီ၊၊ သူမ၏ ဦးခေါင်းထက်တွင် မြှောက်ကိုင်ထားသော ထည်ဝါလှသည့် ကောင်းကင်တမန်ဓားထံမှ ထွက်ပေါ်လာသော ရွှေရောင်မီးလျှံများသည် ရွှေရောင်အလင်းတိုင်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ကျောင်းဆောင်၏ အမိုးမျက်နှာကြက်ကို ချက်ချင်း ဖောက်ထွက်သွားခဲ့သည်၊၊ ကြီးမားလှသော စွမ်းအင်လှိုင်းများ ဆက်တိုက် ပေါက်ကွဲထွက်လာခဲ့ရာ နေမင်းကြီးပင်လျှင် ထိုအလင်းရောင်အောက်တွင် မှေးမှိန်သွားရတော့သည်၊၊