အခန်း (၃၁) - နေ့စဉ်မှတ်တမ်း အပိုင်း (၁)
"ဟမ်... သူ ဘာလို့ စကားဖြတ်ပြီး ရပ်လိုက်တာလဲ။ သူက မိန်းကလေးချန်းကို သင်ပြပေးရမှာ မဟုတ်ဘူးလား" ထွက်ခွာသွားကြသည့် ထိုနှစ်ယောက်၏ ကျောပြင်ကို ကြည့်ရင်း ဂန္ဓမာဒိုလော် မှာ လုံးဝ ဝေခွဲမရဖြစ်ကာ ကြောင်အမ်းအမ်း ကျန်ရစ်ခဲ့သည်။
"သူက ဘာတွေပြောမှာမို့လို့လဲ၊ မင်းကိုပါ လာမျှဝေပေးရမှာလား။ မင်းကကော သူ့တပည့်မို့လို့လား" တစ္ဆေဒိုလော်က ဘေးနားရှိ သူငယ်ချင်းဟောင်းကို စကားမဲ့စွာ ကြည့်ရင်း ခပ်နောက်နောက် ဆိုလိုက်သည်။
"အဟက်..." သွေးကြောဖြတ်တောက်ခြင်းနှင့်ချီစွမ်းအင်စီးဆင်းမှု သည်လည်း နောက်ပိုင်းအကြောင်းအရာများမှာ လူအများရှေ့တွင် ပြောပြရန် မသင့်တော်မှန်း ရိပ်မိသွားသည်။ သူက မရယ်ဘဲမနေနိုင်တော့ဘဲ "ဒီလောက်အထိ အသိပညာ ကြွယ်ဝတာကို သင်ယူခွင့်ရမယ်ဆိုရင်တော့ ငါလည်း သူ့တပည့် ဖြစ်ရမှာကို စိတ်မရှိပါဘူးကွာ" ဟု ဆိုသည်။
သူ့စကားများမှာ နောက်ပြောင်သည့် သဘောသာ ဖြစ်သော်လည်း ရင်ထဲက ခံစားချက်ကတော့ အမှန်ပင် ရှုပ်ထွေးနေသည်။
"တကယ်ကို ထူးခြားဆန်းပြားတဲ့ ပါရမီရှင်ပဲ၊ သူ မသိတာ ဘာမှမရှိသလိုပဲနော်" ဤတစ်ကြိမ်တွင်မူ ဂုဏ်းဒိုလော်က မငြင်းဆန်တော့ဘဲ တိတ်တဆိတ် ခေါင်းညိတ်ထောက်ခံလိုက်သည်။
နန်းတော်အတွင်းရှိ ကျန်ရှိနေသည့် လူအနည်းငယ်မှာလည်း အံ့အားသင့်ရိပ်များ ထင်ဟပ်နေကြသည်။ ဤနေရာတွင် ရှိနေသူအားလုံးမှာ လောက၏ ထိပ်သီးအဆင့် စွမ်းအားရှင်များ ဖြစ်ကြပြီး အနိမ့်ဆုံးအဆင့်ရှိသူပင်လျှင် အထွတ်အထိပ် ဒိုလော်အဆင့် ခွန်အားရှိကြသည်။ ထိုသို့သောသူများပင် ယနေ့တွင် စုချန် လုပ်ဆောင်ပြသွားသည့် အရာများကြောင့် အံ့ဩချီးကျူးရခြင်း ဖြစ်သည်။
"ဒီလို မွေးရာပါပါရမီမျိုးက တကယ့်ကို ကောင်းကင်က ပေးသနားတဲ့ ပါရမီရှင်ပဲ" တူညီသော သိုင်းဝိညာဉ်ကို အသုံးပြုသည့် ကွင်ကွေးဒိုလော် (ဓာတ်ငါးပါးဒိုလော်) သည် ခံစားချက်အနက်ရှိုင်းဆုံးဖြစ်ပြီး စိတ်လှုပ်ရှားမှု အရှိဆုံးလည်း ဖြစ်နေသည်။
"သူ့မှာ မွေးရာပါ အားနည်းချက် ရှိနေတာကပဲ နှမြောစရာကောင်းတာ၊ ဒါမှမဟုတ်ရင် သူ့ရဲ့ နောင်အနာဂတ် အောင်မြင်မှုတွေကို ငါ စိတ်တောင်မကူးရဲဘူး"
ထိုစကားကို ကြားသောအခါ အခြားသူများလည်း နှမြောတသစွာဖြင့် သက်ပြင်းချကြသည်။
"ဒါကတော့ ပြောရခက်တယ်" ကွင်ကွေးဒိုလော်က ရုတ်တရက် စကားဆိုလာသည်။ သူသည် အခြား ညီအစ်ကိုများ ပြောသကဲ့သို့ "နှမြောစရာကောင်းသည်" ဆိုသည့်အချက်ကို သဘောမတူဟန် ရှိသည်။
ရွှေမိကျောင်းဒိုလော်က သူ့ကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။ ဤအစ်ကိုကြီးသည် အခြားသူများ၏ ပါရမီအပေါ် မနာလိုဝန်တိုတတ်သူ မဟုတ်မှန်း သူ ကောင်းကောင်းသိသည်။
"အရင်က ချန်းရွှဲ ပြောတာ ငါကြားဖူးတယ်၊ ဒီကလေးရဲ့ မွေးရာပါ ချို့ယွင်းချက်က အများကြီး ပြန်လည်ပြည့်စုံသွားပြီတဲ့" စကားအဆုံးတွင် သူသည် စုချန်၏ လက်ရှိ သိုင်းဝိညာဉ် ပြောင်းလဲမှုများကို အကြမ်းဖျင်း ရှင်းပြလိုက်သည်။
အကြီးအကဲ အနည်းငယ်တို့သည် သူ့ရှင်းပြချက်ကို နားထောင်ရင်း အတွေးကိုယ်စီ ပေါက်သွားကြသည်။ ဖီးနစ်စိမ်းဒိုလော် က ရုတ်တရက် စကားဖြတ်ပြောလာသည် -
"ဂုဏ်ယူပါတယ် အစ်ကိုကြီး၊ ဒီကလေးရဲ့ အကူအညီနဲ့ဆိုရင် ချန်းရွှဲ ဝိညာဉ်နန်းတော်သခင်မ ရာထူးကို ပြန်လည်ရယူဖို့က လက်တစ်ကမ်းအလိုပဲ ရှိပါတော့တယ်"
"အင်း... စောင့်ကြည့်ရသေးတာပေါ့" သို့သော် ကွင်ကွေးဒိုလော်က ခေါင်းခါလိုက်သည်။ ဘီဘီတုန်းသည် ရခ်ရှာဆာနတ်ဘုရား ၏ အမွေအနှစ်ကို လက်ခံရန် စတင်နေပြီဖြစ်ကြောင်း သူ သိထားသဖြင့် ဝိညာဉ်နန်းတော်၏ နောင်အနာဂတ် လားရာကို သူကိုယ်တိုင်ပင် အတတ်မပြောနိုင်ပေ။
ဝိညာဉ်နန်းတော် အကြီးအကဲများ၏ အမျိုးမျိုးသော တုံ့ပြန်မှုများနှင့်မတူဘဲ ယခုအချိန်တွင် ပုပ်ရဟန်းမင်းနန်းဆောင် အတွင်းရှိ လေထုမှာမူ အတန်ငယ် လေးလံထိုင်းမှိုင်းနေသည်။ ဘီဘီတုန်း၏ မျက်နှာမှာ တည်တင်းခက်ထန်နေပြီး သူမ၏ ခန္ဓာကိုယ်မှပင် နိမိတ်မကောင်းသော စွမ်းအင်ဆိုးများ အလိုအလျောက် ထွက်ပေါ်နေသည်။
"ဒီအဆင့်အထိ တောင် ရောက်နိုင်တာလား..."
သူမ၏ လှပသော မျက်ဝန်းအစုံတွင် မုန်းတီးမှုအရိပ်အယောင်များ တစ်ချက် ဖြတ်ပြေးသွားပြီးနောက် ဝိညာဉ်စွမ်းအားဖြင့် ဖန်တီးထားသော ပုံရိပ်ကို လက်ဝှေ့ယမ်းကာ ဖျောက်ဖျက်ပစ်လိုက်သည်။
ဟူလျဲ့နာ သည် ဆောင်းတွင်းမှ ပုစဉ်းရင်ကွဲကဲ့သို့ ဘေးနားတွင် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေပြီး ယခုအချိန်တွင် ဆရာဖြစ်သူ ဘာကြောင့် ဤမျှ ဒေါသထွက်နေရသည်ကို နားမလည်နိုင် ဖြစ်နေသည်။ သို့သော် အာရှုရာနတ်ဘုရား၏ စမ်းသပ်ချက်သည် သေခြင်းတရားစွမ်းအင်၊ နာကျည်းမှုများနှင့် မိစ္ဆာစွမ်းအင် အမြောက်အမြားကို စုပ်ယူရန် လိုအပ်ကြောင်းကိုမူ သူမ မသိရှိပေ။ ထိုအရာက အလွန်ပင် နာကျင်လှပြီး စိတ်ဓာတ်ကြံ့ခိုင်မှုကို ပြင်းထန်စွာ စမ်းသပ်ခြင်း ဖြစ်သည်။ ဘီဘီတုန်းသည် ဤအဆင့်တွင် ကြာမြင့်စွာ ပိတ်မိနေခဲ့ပြီး နေ့စဉ်နှင့်အမျှ ဝေဒနာကို အံတုခံစားနေရသည်။
မနာလိုမှုများ တောက်လောင်နေသည်။
သူမ မဝန်ခံချင်သော်လည်း အမှန်တကယ်ပင် မနာလိုစိတ်များဖြင့် လောင်မြိုက်နေရသည်။ အကယ်၍ စုချန်သာ သူမဘက်တွင် ရှိနေခဲ့ပါက ဤအခက်အခဲကို အလွယ်တကူ ကျော်ဖြတ်နိုင်အောင် သေချာပေါက် ကူညီပေးလိမ့်မည်ဟု ဘီဘီတုန်းတစ်ယောက် တစ်ကြိမ်ထက်မက စိတ်ကူးယဉ်ခဲ့ဖူးသည်။
ထိုအချိန်တွင် လူပြောအများဆုံး ဖြစ်နေသည့် စုချန်မှာမူ ချန်းရန်ရွှဲနှင့်အတူ မိမိအခန်းသို့ ပြန်ရောက်နေပြီဖြစ်ပြီး 'သွေးကြောဖြတ်ခြင်းနှင့် ချီစွမ်းအင်ဆက်ခြင်း အတတ်' ၏ အသေးစိတ် အချက်အလက်များကို စတင်ရှင်းပြနေသည်။
"ဝိညာဉ်စွမ်းရည်တွေကို ထုတ်လွှတ်တဲ့အခါ သက်ဆိုင်ရာ သွေးကြောတွေကို ရှာဖွေတာက ပထမဆုံး အဆင့်ပဲ။ အဲဒီနောက်မှာတော့ ဝိညာဉ်စွမ်းအား စီးဆင်းရာ လမ်းကြောင်းတစ်လျှောက်က အပ်စိုက်မှတ်တွေ မှာ ဝိညာဉ်စွမ်းအားကို ဖိသိပ်ပြီး သေးငယ်တဲ့ ဆုံချက်လေးတွေ ဖန်တီးရမယ်။ တိုက်ပွဲဖြစ်နေစဉ်အတွင်းမှာ ဒီဆုံချက်တွေကို သုံးပြီး ဝိညာဉ်စွမ်းအားရဲ့ မွေးရာပါ စီးဆင်းမှု ဗီဇကို ကြားဖြတ်တားဆီးတာနဲ့ ဖိနှိပ်တာမျိုး လုပ်နိုင်တယ်"
ဝိညာဉ်စွမ်းအား လှည့်ပတ်မှု၏ ကြားခံဘူတာတစ်ခုအနေဖြင့် အပ်စိုက်မှတ်များသည် ဝိညာဉ်စွမ်းအားကို သဘာဝအတိုင်း ထိန်းသိမ်းပေးနိုင်သည့် လုပ်ဆောင်ချက် ရှိသည်။ အမှန်တော့ ဤနည်းလမ်းကို ပိုမိုအဆင့်မြှင့်တင်ပြီး ဝိညာဉ်ဆရာသခင်များ၏ 'ထူးခြားသွေးကြောမကြီး ရှစ်သွယ်' ကို ဖွင့်လှစ်ရာတွင် ကူညီပေးနိုင်သည်။ သို့သော် အပ်စိုက်မှတ်များထဲတွင် ဝိညာဉ်စွမ်းအားကို ဆုံချက်များအဖြစ် ဖိသိပ်ခြင်းမှာ အလွန်ပင် ပင်ပန်းခက်ခဲလှသည့် အလုပ်ဖြစ်သည်။ အပ်စိုက်မှတ် အနည်းငယ်အတွက်သာဆိုလျှင် လုပ်ဆောင်နိုင်သော်လည်း ချန်းရန်ရွှဲကဲ့သို့သော သူအတွက်မူ ထိုသို့လုပ်ဆောင်ခြင်းမှာ ထိရောက်မှုထက် အလုပ်ပိုသကဲ့သို့ ဖြစ်နေသဖြင့် မလိုအပ်ပေ။
"ဒါပေမဲ့ ဒါက သွေးကြောဖြတ်ခြင်း အတတ်ရဲ့ အခြေခံ အသုံးပြုပုံပဲ ရှိသေးတယ်" စုချန်က စကား ဆက်ပြောရင်း စာရေးခုံဆီသို့ လျှောက်သွားကာ စာရွက်တစ်ရွက်ပေါ်တွင် စတင်ရေးသားလိုက်သည်။
ထိုစာသားများတွင် ချန်းရန်ရွှဲ၏ ဝိညာဉ်စွမ်းရည် အချို့အတွက် သက်ဆိုင်ရာ သွေးကြောများနှင့် သူမ မကြာခဏ အသုံးပြုလေ့ရှိသည့် ကွက်ကွက်ကွင်းကွင်း လှုပ်ရှားမှုများ ပါဝင်သည်။ လွန်ခဲ့သည့် နှစ်များအတွင်း သူသည် ချန်းရန်ရွှဲ၏ အမျိုးမျိုးသော စွမ်းရည်များကို မိမိလက်ဖဝါးကဲ့သို့ပင် အသေးစိတ် ကောင်းကောင်း သိရှိထားပြီး ဖြစ်သည်။
"'စွမ်းအင်ဆက်ခြင်း အတတ်' အနေနဲ့ကတော့ မင်းရဲ့ တိုက်ခိုက်ရေး စွမ်းရည်တွေ ဆက်တိုက် အသုံးပြုတဲ့ နေရာမှာ ပေါင်းစပ်ထည့်သွင်းပြီး အတွဲလိုက် အဖြစ် အသုံးပြုဖို့ ကြိုးစားကြည့်လို့ရတယ်။ တိုက်ခိုက်မှု တစ်ခုချင်းစီတိုင်းမှာ ကြားဖြတ်ရပ်တန့်သွားတဲ့ အပ်စိုက်မှတ် ဆုံချက်တွေကို နောက်ထပ် တိုက်ခိုက်မှုတစ်ခုရဲ့ အစပျိုးမှတ်တွေ ဖြစ်လာစေပြီး တိုက်ပွဲထဲမှာ မင်းရဲ့ တိုက်ခိုက်မှု အရှိန်အဟုန်ကို ပိုပြီး မြန်ဆန်လာစေမှာ ဖြစ်တယ်"
သူက စကားပြောရင်း စာရွက်ပေါ်တွင် ဆက်တိုက် ရေးသားနေရာ ခဏချင်းအတွင်း စာရွက်တစ်မျက်နှာလုံး ပြည့်သွားသည်။ စုချန်သည် စာရွက်ပေါ်ရှိ မင်ရည်များ အခြောက်မြန်စေရန် စာရွက်ကို လက်ဖြင့် ခပ်ဖွဖွ ပုတ်လိုက်သည်။
"ဒီလို ပေါင်းစပ်မှုနဲ့ဆိုရင် ဘယ်သူမှ မင်းရဲ့ နောက်ထပ် တိုက်ခိုက်မယ့် နည်းလမ်းကို ခန့်မှန်းနိုင်မှာ မဟုတ်တော့ဘူး။ အဲဒီအစား မင်းဘက်က ပြိုင်ဘက်ကို ဖိနှိပ်ထားဖို့ ဒါကို သုံးလို့ရတယ်။"
"မင်းရဲ့ စတုတ္ထမြောက် ဝိညာဉ်ကွင်း စွမ်းရည်ကတော့ မင်းရဲ့ ကိုယ်ပိုင် အခြေအနေကို ဘက်စုံ မြှင့်တင်ပေးနိုင်တာမို့ တကယ့်ကို ထိပ်တန်း ဝိညာဉ်စွမ်းရည်တစ်ခုပဲ။ မင်း ဒီနည်းလမ်းကို သုံးပြီး အချိန်ကို ဖိသိပ်နေဖို့ မလိုတော့ဘူး။"
"ဒီနေ့ မင်းရဲ့ နည်းဗျူဟာ အချိတ်အဆက်က မှန်ကန်ပါတယ်။ နောင် တိုက်ပွဲတွေမှာလည်း စတုတ္ထမြောက် ဝိညာဉ်စွမ်းရည်နဲ့ နတ်သမီးနယ်ပယ် ကို အစကတည်းက တိုက်ရိုက် သုံးတာက ပိုပြီး ပညာရှိရာကျတယ်။ ဒီနည်းလမ်းကို သုံးပြီး ပြိုင်ဘက်ကို အလစ်အငိုက် ဖမ်းဖို့တော့ မကြိုးစားပါနဲ့"
ချန်းရန်ရွှဲသည် လက်ကမ်းပေးလိုက်သော စာရွက်ကို လှမ်းယူရင်း လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်သည်။ "ငါ နားလည်ပါပြီ"
ဒေါက် ဒေါက်
စုချန် စကား ဆက်ပြောရန် ပြင်စဉ်မှာပင် အပြင်ဘက်မှ တံခါးခေါက်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
"ဝင်ခဲ့ပါ"
တံခါးကို တွန်းဖွင့်ကာ ဝင်လာသူမှာ ဝိညာဉ်နန်းတော်မှ အစောင့်တစ်ဦး ဖြစ်သည်။ "မစ္စတာစု... အဆိပ်ဒိုလော် ဒူဂူဘို ရောက်နေပါတယ်။ အရင်က မစ္စတာ တောင်းဆိုထားတဲ့ လိုအပ်ချက်တွေနဲ့ လုံးဝ ကိုက်ညီတဲ့ နေရာကို ရှာတွေ့ပြီလို့ ပြောပါတယ်"
စုချန် ထိုစကားကို ကြားသောအခါ ချက်ချင်း သဘောပေါက်သွားသည်။ ဒူဂူဘိုသည် 'ရေခဲနှင့်မီးပေါင်းစပ်ရာကန်' တည်ရှိရာနေရာကို ရှာတွေ့ခဲ့ပြီ ထင်သည်။ သူက ခေါင်းညိတ်ပြလိုက်ပြီး -
"ငါ သိပြီ။ သူ့ကို ဝိညာဉ်နန်းတော် မြို့တော်ထဲမှာ ခေတ္တ စောင့်ခိုင်းထားလိုက်ပါ။ ငါ ဒီက ကိစ္စတွေ ရှင်းလင်းပြီးတာနဲ့ သူ့ဆီ လာခဲ့မယ်။ အဲဒီကျမှ အတူတူ ထွက်ခွာကြတာပေါ့"
"ဆရာ... ဘယ်သွားမလို့လဲ" အစောင့် ထွက်သွားပြီးနောက် ချန်းရန်ရွှဲက ချက်ချင်း မေးမြန်းလာသည်။
"ငါ တောင်အောက်ကို ခရီးတစ်ခု သွားမလို့။ အရင်က ဒူဂူဘိုကို ရတနာသိုက်တစ်ခု ရှာခိုင်းထားတာ ရှိတယ်။ အခြေအနေသာ အမှန်ဆိုရင် နောင်ကျရင် မင်းရဲ့ ကျင့်စဉ်အဆင့် တက်လှမ်းမှုနှုန်းက ပိုပြီး မြန်ဆန်လာလိမ့်မယ်"
"ကျွန်မလည်း အတူတူ လိုက်ခဲ့မယ်လေ"
"မလိုပါဘူး။ မင်း ဝိညာဉ်နန်းတော် မြို့တော်မှာပဲ နေပြီး ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ပါ။ ငါ မရှိတဲ့အချိန်အတွင်း တစ်ခုခု အခက်အခဲရှိရင် မဟာအကြီးအကဲတွေဆီမှာ မကြာခဏ သွားရောက် အကြံဉာဏ် တောင်းခံနိုင်တယ်။"
စုချန်က လက်ဝှေ့ယမ်းကာ ချန်းရန်ရွှဲ၏ တောင်းဆိုမှုကို ငြင်းပယ်လိုက်ပြီး စကား ဆက်ပြောသည် - "မင်းရဲ့ ပြင်ပဝိညာဉ်ရိုး ဖွံ့ဖြိုးမှုကိုလည်း ပိုပြီး ဂရုစိုက်သင့်တယ်။ သီအိုရီအရဆိုရင် ဒီနေ့ တိုက်ပွဲမှာ မင်းရဲ့ ပြင်ပဝိညာဉ်ရိုးရဲ့ အရှိန်မြှင့်တင်မှုနဲ့ ကာကွယ်ရေး စွမ်းရည်တွေကို အပြည့်အဝ အသုံးချနိုင်ခဲ့ရင် ငါ ဒီလောက် လွယ်လွယ်ကူကူ နိုင်မှာ မဟုတ်ဘူး"
ချန်းရန်ရွှဲသည် သူ့စကားကြောင့် မတတ်သာဘဲ ခေါင်းညိတ်လိုက်ရသည်။ လွန်ခဲ့သည့် နှစ်များအတွင်း သူတို့နှစ်ဦးမှာ နေ့ညမပြတ် အတူတူ ရှိခဲ့ကြပြီး ခွဲခွာရခဲလှသည်။
ချန်းရန်ရွှဲ အခန်းထဲမှ ထွက်သွားပြီးနောက် စုချန်သည် ခေတ္တမျှ ဝေခွဲမရဖြစ်နေပြီးမှ ဝိညာဉ်သိုလှောင်ကိရိယာထဲမှ မှတ်စုစာအုပ် အထပ်လိုက်ကို ထုတ်ယူလိုက်သည်။ သူက တစ်အုပ်ကို ကျပန်းရွေးချယ်ကာ လှန်လှောကြည့်လိုက်ရာ မိမိကိုယ်ပိုင် လက်ရေးများကို မြင်တွေ့ရသည်။
{၂၆၂၆ ခုနှစ်၊ ၉ လပိုင်း၊ ၂၂ ရက်။ ဝိညာဉ်နန်းတော် မြို့တော်သို့ ရောက်ရှိပြီး လက်ရှိ ဝိညာဉ်နန်းတော်သခင်မ ဖြစ်သူ ဘီဘီတုန်းနှင့် တွေ့ဆုံခဲ့သည်။ ငါသည် သူမနှင့်အတူ ဝိညာဉ်နန်းတော်သို့ ဝင်ရောက်ရန် အခြေအနေများ၊ စာကြည့်တိုက်မှ စာအုပ်များကို လွတ်လပ်စွာ ငှားရမ်းဖတ်ရှုနိုင်ခွင့်နှင့် ငါ့ရဲ့ ပညာရပ်တွေကို အမွေဆက်ခံဖို့ ထိပ်တန်း ပါရမီရှင် တပည့်တစ်ဦးကို မိတ်ဆက်ပေးရန် တောင်းဆိုချက်များကို ဆွေးနွေးခဲ့သည်။
သူမသည် ရှေ့က အခြေအနေများကို အလွယ်တကူ သဘောတူခဲ့သော်လည်း နောက်ဆုံး အခြေအနေကတော့ သူမကို အတန်ငယ် အခက်တွေ့စေပုံရသည်။ အင်း... ဒါကလည်း သဘာဝကျပါတယ်။ စိတ်မှန်တဲ့ ဘယ်သူမဆို ပါရမီထူးချွန်တဲ့ ကလေးတစ်ယောက်ကို ငါလို ပါရမီ အညံ့စားရှိတဲ့သူဆီ လွယ်လွယ်နဲ့ အပ်နှံမှာ မဟုတ်ဘူးလေ။
ဒါပေမဲ့ ဆန်းကြယ်တာက နောက်ပိုင်းမှာ သူမဟာ ပါရမီ အလွန်ထူးချွန်တဲ့ ကလေးတစ်ယောက်ကို ငါနဲ့ မိတ်ဆက်ပေးဖို့ သဘောတူခဲ့တယ်။ နန်းတော်သခင်မရဲ့ သဘောထားအရဆိုရင် အဲဒီကလေးရဲ့ အဆင့်အတန်းက သာမန်မဟုတ်ပုံရပြီး သူတို့ကြားက ဆက်ဆံရေးကလည်း ထူးပြီး ကောင်းမွန်လှတာမျိုးတော့ မဟုတ်ဘူး။}