အခန်း (၁၇) - ထိပ်သီးနှစ်ဦး၏ ထိပ်တိုက်တွေ့ဆုံမှု...
စုချန်အနေဖြင့် ဘီဘီတုန်းကို တမင်သက်သက် ရန်စလို၍တော့ မဟုတ်ပေ။ မဟုတ်မှလွဲရော... လုံးဝ မဟုတ်ပါ။ ဤအခြေအနေတစ်ခုလုံးသည် စေ့စပ်ညှိနှိုင်းရန် နေရာစိုးစဉ်းမျှ မရှိချေ။ ကောင်းကင်ဒိုအင်ပါယာသို့ ခိုးဝင်မည့် တာဝန်မှာ သေချာပေါက် ပျက်ပြားသွားခဲ့ပြီဖြစ်ရာ ဘီဘီတုန်းအနေဖြင့် လုံးဝ သဘောတူမည်မဟုတ်သည်မှာ အသေအချာပင်။ ထို့ကြောင့် သဘာဝကျစွာပင် ပဋိပက္ခ ဖြစ်ပွားလာရတော့သည်။ ချန်းရန်ရွှဲဘက်တွင်မူ ဆုံးဖြတ်ချက်များ ချမှတ်ပြီးသား ဖြစ်နေခဲ့ပြီ။ ဤပြဿနာအစုအဝေးကြီးကို စတင်မီးမွှေးခဲ့သူဖြစ်သည့်အတိုင်း သူသည်လည်း နောက်ဆုတ်ပေးရန် အကြောင်းမရှိပေ။
ခြံစည်းရိုးပေါ်ခွထိုင်ကာ အခွင့်အရေးချောင်းတတ်သည့် အခွင့်အရေးသမားတစ်ဦးကဲ့သို့ နှစ်ဖက်ခွပြီး အကျိုးအမြတ်ရှာရန်ဟူသော အတွေးမျိုးကိုမူ သူ စိတ်ကူးထဲပင် ထည့်မစဉ်းစားခဲ့ချေ။ လူအစစ်ကသာ တခြားသူများကို လူအများအဖြစ် ထင်တတ်ကြသည် မဟုတ်ပါလား။ ဝိညာဉ်နန်းတော်က လူများတွင် သူတို့၏ ကိုယ်ပိုင်စရိုက်ထူးများရှိပြီး လူအကဲခတ် မကျွမ်းကျင်ကြခြင်း ဖြစ်နိုင်သော်လည်း သူတို့၏ ဉာဏ်ရည်ဉာဏ်သွေး ကတော့ ပုံမှန်အတိုင်း ရှိနေဆဲပင် ဖြစ်သည်။
ချန်းရန်ရွှဲ၏ စိတ်ကျေနပ်မှု အဆင့်အတန်းကို အမြင့်ဆုံးသို့ ရောက်ရှိအောင် ပြုလုပ်နိုင်လုနီးပါး ဖြစ်နေပြီး ချန်တောက်လျိူ၏ အသိအမှတ်ပြုမှုကိုပါ အပိုဆုအနေဖြင့် ရရှိတော့မည့် ဆဲဆဲတွင် ဘီဘီတုန်း၏ ခြေဖဝါးအောက်၌ သွားရောက်ဝပ်စိုးဦးမည်ဆိုပါက သူ့ဦးနှောက် သေနေ၍သာ ဖြစ်လိမ့်မည်။ ထို့အပြင် မည်သူသိနိုင်မည်နည်း... ထို အဆင့် ၉၉ ရှိသော အကြီးအကဲခန်းမ၏ ဘွဲ့အမည်ရဒိုလော်ကြီးသည် ယခုအချိန်တွင် ကွယ်ရာမှ စောင့်ကြည့်နေလောက်သည်။ ၎င်းအပြင် ဘီဘီတုန်း၏ စရိုက်အရ သွားရောက် အနူးအညွတ် တောင်းပန်ခြင်းသည် ရလဒ်ကို ပို၍ပင် ဆိုးရွားသွားစေနိုင်သည်။
ထို့ကြောင့်ပင် သူသည် ရေခဲကဲ့သို့ တည်ငြိမ်စွာ မတ်တပ်ရပ်နေသော်လည်း အခြားတစ်ဖက်ရှိ ဘီဘီတုန်းမှာမူ သိသိသာသာ ဒေါသပေါက်ကွဲနေချေပြီ။ သူမ၏ လက်ကိုင်တုတ်ကို ဆုပ်ကိုင်ထားသော လက်ချောင်းဆစ်များသည် ဖြူလျော်လာသည်အထိ တင်းကျပ်နေသည်။
"ကောင်းပြီလေ... ဒါဆိုရင်လည်း စမ်းကြည့်ကြတာပေါ့"
ဘီဘီတုန်းက နှာမှုတ်လိုက်ရာ သူမ၏ မျက်ဝန်းများထဲတွင် မှိန်ဖျော့သော ခရမ်းရောင်အလင်းတန်းတစ်ခု လျှံထွက်လာပြီး အထွတ်အထိပ် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး၏ မာန်ဟုန်ပြင်းသော ဖိအားများက မဆုတ်မနစ် ဘေးသို့ ပြန့်လွင့်လာတော့သည်။
ဤအခိုက်အတန့်တွင် ခန်းမကြီးအတွင်းရှိ လေထုသည် စုချန်၏ ပတ်ပတ်လည်၌ ခဲပျစ်သွားသကဲ့သို့ ဖြစ်ပေါ်လာပြီး ဘီဘီတုန်း၏ လက်ထဲမှ လက်ကိုင်တုတ်၏ ထိန်းချုပ်မှုအောက်တွင် သူ့ကို ဖိနှိပ်ချုပ်ချယ်သော စွမ်းအင်များဖြင့် အကျဉ်းချထားလိုက်သကဲ့သို့ ရှိနေတော့သည်။ ထိုပြင်းထန်လှသော ဖိအားအောက်တွင် သူ့မျက်နှာသည် ပထမဆုံး ဖြူလျော်သွားပြီးနောက် နီမြန်းသော အရောင်အသွေး အနည်းငယ် သန်းလာသည်။ သို့သော် အံ့သြစရာကောင်းသည်မှာ သူ့အပြင် အခြားကျယ်ဝန်းလှသော ခန်းမကြီးအတွင်းရှိ မည်သည့်အရာမျှ ထိခိုက်ပျက်စီးခြင်း မရှိဘဲ လက်ဖက်ရည်ခွက်များအတွင်းရှိ ရေလှိုင်းပင် လှုပ်ခတ်ခြင်း မရှိချေ။ ဒါသည် ထိပ်တန်း အစွမ်းအစ ထိန်းချုပ်မှု၏ အပြည့်စုံဆုံး ပြသမှုပင် ဖြစ်သည်။
သူ ဤဖိအားကို အသားမကျသေးမီမှာပင် ၎င်းသည် ဒီရေကဲ့သို့ ပြန်လည်ဆုတ်ခွာသွားပြန်သည်။ ဖိအားများ အတက်အကျ ဖြစ်သွားသောကြောင့် စုချန်သည် ဦးနှောက်အတွင်း အောက်ဆီဂျင် ခေတ္တပြတ်လပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ သတိပြန်ဝင်လာသောအခါ ပတ်ဝန်းကျင်တစ်ခုလုံးသည် လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ဝိညာဉ်နန်းတော်လည်း မရှိတော့သလို ဘီဘီတုန်း၏ အရိပ်အယောင်ကိုလည်း မတွေ့ရတော့ချေ။ လူသူဆိတ်သုဉ်းနေသော တောင်ကုန်းလမ်းကလေးတစ်ခုပေါ်တွင် သူတစ်ဦးတည်း သီးသန့် မတ်တပ်ရပ်နေရသည်။ ဒါသည် စုချန်အနေဖြင့် အနည်းငယ် ခက်ခဲသော အခြေအနေသို့ ဆိုက်ရောက်သွားခြင်းပင်။
စုချန်သည် မိမိကိုယ်မိမိ ဘီဘီတုန်း၏ စိတ်ထင်ယောင်ထင်မှားကမ္ဘာထဲ ကျရောက်သွားပြီဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်သွားပြီး စိတ်ထဲမှ ကလိထိုးသလို ခပ်ဖွဖွ ရယ်မောလိုက်သည်။
"လာစမ်းပါ... ဘာလာလာ အကုန်ရင်ဆိုင်မယ်!"
...
အကြီးအကဲပူဇော်ခံခန်းအ အတွင်းတွင် ချန်တောက်လျိူသည် ရွှေမိကျောင်းဘွဲ့အမည်ရဒိုလော် နှင့် ပုခုံးချင်းယှဉ်ကာ မတ်တပ်ရပ်နေသည်။ သို့သော် ယခုအကြိမ်တွင် ထူးခြားမှုတစ်ခု ရှိနေသည်။ ချန်တောက်လျိူ၏ ဘေးတွင် ရွှေဝါရောင် ဆံနွယ်ရှည်များဖြင့် စွဲမက်ဖွယ်ကောင်းသော မိန်းကလေးတစ်ဦး ရှိနေပြီး သူမမှာ အခြားသူမဟုတ်ဘဲ ချန်းရန်ရွှဲပင် ဖြစ်သည်။
သူတို့သုံးဦး၏ ရှေ့မှောက်တွင် စွမ်းအင်မျက်နှာပြင်တစ်ခု ပွင့်ဟလာပြီး ဝိညာဉ်နန်းတော်အတွင်းမှ မြင်ကွင်းကို ထင်ဟပ်ပြသနေသည်။ စုချန်သည် ကောင်းကင်ယံကို ဆန့်ကျင်နိုင်သော ဤကောင်းကင်တမန် ဘွဲ့အမည်ရဒိုလော် ကို အထင်သေးခဲ့မိသည်။ သူသည် ကွယ်ရာမှ စောင့်ကြည့်နိုင်ရုံသာမက တိုက်ရိုက်ထုတ်လွှင့်ပြသမှုကိုပါ ပြုလုပ်နိုင်စွမ်းရှိနေသည်။
သေချာသည်မှာ ဒါသည် ဘီဘီတုန်းဘက်က တမင်တကာ ပိတ်ဆို့ထားခြင်းမရှိသည့် အခြေအနေအောက်တွင် ဖြစ်သည်။ သူတို့ကြားတွင် တစ်ဦးကိုတစ်ဦး နားလည်မှု ပေးထားကြသည့် သဘောမျိုး ရှိနေပုံရသည်။
"အဖိုး... သမီးရဲ့ ဆရာ အခု ဘယ်လိုနေလဲဟင်"
"မင်းကိုယ်တိုင်ပဲ ကြည့်လိုက်တော့"
ချန်တောက်လျိူ၏ စကားအဆုံးတွင် အခြားမျက်နှာပြင်တစ်ခု ထပ်မံပေါ်ပေါက်လာပြီး စုချန်၏ လက်ရှိ ရင်ဆိုင်နေရသော အခက်အခဲကို ပြသလာသည်။
...
သူ့မျက်စိရှေ့မှောက်တွင် မြင်ကွင်းများ ပြောင်းလဲသွားပြီးနောက် စုချန်သည် မိမိ၏ ခန္ဓာကိုယ်ကြီးက အဆပေါင်းများစွာ ပိုမိုလေးလံလာသကဲ့သို့ ခံစားလိုက်ရပြီး ဝိညာဉ်စွမ်းအားများမှာလည်း အပြည့်အဝ ဖိနှိပ်ခံလိုက်ရကာ သာမန်လူတစ်ယောက်နှင့် မခြားတော့ချေ။ မဟုတ်သေး... ဘီဘီတုန်း၏ ဖိအားအောက်တွင် သူသည် သာမန်လူတစ်ယောက်ထက်ပင် ပို၍ ဆိုးရွားသော အခြေအနေသို့ ရောက်ရှိနေသည်။ ရခ်ရှာဆာနတ်ဘုရား ၏ အမွေခံဖြစ်သူ၏ စွမ်းအားမှာ အမှန်ပင် သိသာထင်ရှားလှပေသည်။
သို့သော် စုချန်သည် ယင်းကို စိတ်ထဲ၌ ထည့်မနေပါ။ အကြောင်းမူကား သူသည် ပြီးခဲ့သော ဘဝတွင် သာမန်လူတစ်ဦးအဖြစ် အနှစ်နှစ်ဆယ်ကျော် နေထိုင်ခဲ့ပြီးဖြစ်သလို ဤဘဝတွင်လည်း ကျရှုံးသူတစ်ဦးအဖြစ် အနှစ်နှစ်ဆယ်နီးပါး ဖြတ်သန်းခဲ့ပြီး ဖြစ်သည်။ သူသည် ဤကဲ့သို့သော ခံစားချက်မျိုးကို အလွန်အမင်း အသားကျနေခဲ့ပြီ ဖြစ်သည်။
ရှေ့မှ တောင်ကုန်းလမ်းကို ကြည့်ရင်း စုချန်သည် သူ့ခန္ဓာကိုယ်ကို အစမ်းသဘောဖြင့် အနည်းငယ် လှုပ်ရှားလိုက်သည်။ သူ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း စိတ်ထင်ယောင်ထင်မှားကမ္ဘာသည် ရုတ်ချည်း ပြောင်းလဲသွားသည်။ မူလက ပုံမှန်အတိုင်း ရှိနေသော တောင်ကုန်းလမ်းသည် ချက်ချင်းဆိုသလို အလွန်ကျဉ်းမြောင်းကာ ကောက်ကွေ့သော လမ်းငယ်လေးအဖြစ် ပြောင်းလဲသွားပြီး ဝဲယာနှစ်ဖက်စလုံးတွင် အောက်ခြေကို မမြင်ရသော မတ်စောက်လှသည့် ချောက်ကမ်းပါးကြီးများ ရှိနေသည်။ အကယ်၍ အမှတ်မထင် ခြေချော်ကျသွားပါက သေဆုံးခြင်း မရှိခဲ့ရင်တောင် ဤစိတ်ထင်ယောင်ထင်မှားကမ္ဘာထဲမှ ပြန်ထွက်လာသည့်အခါ ကြောက်လန့်တကြားဖြင့် ကြောင်အသွားနိုင်သည်ကို အလွယ်တကူ ခန့်မှန်းနိုင်သည်။
ဘီဘီတုန်းတွင် သူ့ကို သတ်ရန် ရည်ရွယ်ချက် မရှိသည်မှာ အမှန်ပင် ဖြစ်သော်လည်း သူမသည် သူ့ကို အရှက်ခွဲရန်နှင့် အပြည့်အဝ ဖိနှိပ်ရန်အတွက်မူ သေချာပေါက် ပြင်ဆင်ထားခဲ့သည်။ ဤစိတ်ထင်ယောင်ထင်မှားကမ္ဘာကို ဖန်တီးခြင်းသည် ရခ်ရှာဆာနတ်ဘုရား၏ စမ်းသပ်ချက်မှ သူမ သင်ယူခဲ့သော လှည့်ကွက်အသေးအဖွဲမျှသာ ဖြစ်သည်။ အစွမ်းထက်ပုဂ္ဂိုလ်များအတွက်မူ ဒါသည် အရေးမပါသော်လည်း ကျင့်စဉ်အဆင့် နိမ့်ကျပြီး စိတ်ဓာတ်စွမ်းအား အားနည်းသော စုချန်အတွက်မူ ဤမျက်လှည့်သည် အစစ်အမှန်ကဲ့သို့ ထင်မှတ်ရပေသည်။
အကယ်၍ သာမန်လူတစ်ဦးသာ ဤနေရာတွင် ရပ်နေမည်ဆိုပါက ၎င်းသည် စိတ်ထင်ယောင်ထင်မှားကမ္ဘာဖြစ်ကြောင်း သိနေလင့်ကစား အလွန်အမင်း ထိတ်လန့်တုန်လှုပ်မိမည် ဖြစ်သည်။ စိတ်အာရုံ အနည်းငယ် လှုပ်ခတ်သွားရုံမျှဖြင့် မတည်ငြိမ်မှု ဖြစ်ပေါ်လာနိုင်ပြီး ဂရုမစိုက်ဘဲ လှမ်းမိသော ခြေလှမ်းတစ်လှမ်းကြောင့် အောက်သို့ ပြုတ်ကျသွားနိုင်သည်။
သို့သော် စုချန်သည် ယခုရင်ဆိုင်နေရသော အခက်အခဲကို အရေးမစိုက်ပုံမျိုးဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုကာ မတ်တပ်ရပ်နေဆဲပင်။
စိတ်ထင်ယောင်ထင်မှားကမ္ဘာအတွင်း ရုတ်တရက် ပြင်းထန်သော လေမုန်တိုင်းတစ်ခု တိုက်ခတ်လာပြီး စုချန်၏ အဝတ်အစားများကို တဖျတ်ဖျတ် လွင့်စင်စေသည်။ ယင်းကို မြင်လျှင် ဘီဘီတုန်း၏ မျက်နှာအမူအရာသည် အနည်းငယ် ညှိုးမှိန်သွားသည်။
"အဖိုး... အဖိုး ဝင်မတားတော့ဘူးလား"
အကြီးအကဲပူဇော်ခံနန်းဆောင်မှ စောင့်ကြည့်နေသော ချန်းရန်ရွှဲ၏ မျက်နှာတွင် စိုးရိမ်ပူပန်သော အရိပ်အယောင်များ ပေါ်ပေါက်လာသည်။ ဘေးမှ ကြည့်နေရုံမျှဖြင့်ပင် သူမ၏ ခြေထောက်များ အားနည်းသွားသကဲ့သို့ ခံစားရသဖြင့် အခြေအနေကို ကိုယ်တိုင်ရင်ဆိုင်နေရသော စုချန်အတွက်မူ ပြောနေစရာပင် မလိုတော့ချေ။
သို့သော် ချန်တောက်လျိူက ဝင်ရောက်ကူညီရန် ငြင်းပယ်လိုက်သည်။
"ငါ အခု ဝင်စွက်ဖက်လိုက်ရင် ဒါက မင်းအမေနဲ့ ငါ့ကြားက သဘောတူညီချက်ကို ဖောက်ဖျက်ရာကျလိမ့်မယ်၊ အဲဒါက မတန်ဘူး။ ပြီးတော့လည်း မင်းရဲ့ ဆရာ့ကို အထင်မသေးစမ်းပါနဲ့။ ဆက်ကြည့်လိုက်ဦး" ဟု သူက ပြောလိုက်သည်။
သူ့စကား မဆုံးသေးမီမှာပင် သူသည် ရုတ်တရက် ရပ်တန့်သွားပြီး သူ့လေသံထဲတွင် သံသယများ ပြည့်နှက်သွားကာ
"ဒီကောင်လေး ဘာလုပ်နေတာလဲ?!"
စိတ်ထင်ယောင်ထင်မှားကမ္ဘာအတွင်း ချောက်ကမ်းပါး၏ အစွန်းတွင် တောင်ကုန်းလေပြင်းများ တိုက်ခတ်နေပြီး စုချန်၏ အဝတ်အစားများကို လွင့်ပျံစေကာ သူ့၏ နက်မှောင်သော ဆံနွယ်များကို လေထဲတွင် ဝဲပန်စေသည်။
"တော်တော်လေး လက်ရာမြောက်တာပဲ" စုချန်က တိုးတိုးလေး မှတ်ချက်ချလိုက်သည်။
သူသည် တည်ငြိမ်သော မျက်ဝန်းများဖြင့် ချောက်ကမ်းပါးပေါ်ရှိ ကျဉ်းမြောင်းသော လမ်းကလေးကို ကြည့်ကာ ရှေ့သို့ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်။
ဘီဘီတုန်းသည် စုချန်က ကြောက်ရွံ့ခြင်း မရှိသည့်အပြင် ရဲရဲဝံဝံ ရှေ့သို့ တိုးလာသည်ကို မြင်သောအခါ မျက်မှောင်ကုတ်လိုက်သည်။
"မင်း ဘယ်လောက်အထိ တောင့်ခံနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့!"
ထို့ကြောင့် ရှေ့ရှိ လမ်းသည် တဖြည်းဖြည်း ပိုမိုကျဉ်းမြောင်းလာပြီး တောင်ကုန်းလေပြင်းမှာလည်း ပိုမိုပြင်းထန်လာကာ နားကွဲလုမတတ် အော်ဟစ်မြည်ဟီးနေတော့သည်။ ဘွဲ့အမည်ရဒိုလော်တစ်ဦး၏ ဖိအားဒဏ်ကြောင့် သူ့မျက်နှာပေါ်မှ ချွေးစက်များ တလိမ့်လိမ့် ကျဆင်းလာသည်။ သို့သော် စုချန်သည် ဂရုမစိုက်ဘဲ ခပ်ဖွဖွ ရယ်မောကာ ရှေ့သို့ ဆက်လက် လျှောက်လှမ်းနေခဲ့သည်။
နောက်ဆုံးတွင် သူသည် ပေပေါင်းထောင်ချီ မြင့်မားသော ကျဉ်းမြောင်းသည့် တံတိုင်းတစ်ခုပေါ်တွင် လျှောက်လှမ်းနေရသကဲ့သို့ ခံစားရပြီး လေမုန်တိုင်း၏ အော်ဟစ်သံများသည် အခြားသော အသံအားလုံးကို ဝါးမြိုသွားတော့သည်။ အောက်ခြေရှိ နက်ရှိုင်းသော ချောက်ကမ်းပါးကြီးသည် ခြေလှမ်းတိုင်းတွင် ပိုမိုထင်ရှားလာသည်။ ဖိအားများက ဆက်တိုက် မြင့်တက်နေပြီး လမ်းက ပို၍ ကျဉ်းမြောင်းလာကာ လေပြင်းကလည်း ပို၍ ပြင်းထန်ဆိုးရွားစွာ အော်ဟစ်နေသော်လည်း... သူကတော့ ပို၍ပင် မြန်မြန် လျှောက်နေခဲ့သည်!
နောက်ဆုံးတွင်—
"ဟားဟား... ဟားဟားဟား... ကျွန်တော့်ကို ခြောက်လှန့်ဖို့ ကြိုးစားတာက အလုပ်ဖြစ်မှာ မဟုတ်ဘူး၊ တကယ့် အစွမ်းအစကိုသာ ထုတ်ပြလိုက်ပါတော့ နန်းတော်သခင်မ"
စုချန်က သွားဖြဲကာ ပြုံးပြရင်း သူ့ရှေ့ လက်တစ်ကမ်းအကွာတွင် ရှိနေသော ဘီဘီတုန်းကို ကြည့်လိုက်သည်။
ယခုအချိန်တွင် သူသည် အလွန်အမင်း နွမ်းလျပန်းတိုင်နေသော ပုံစံ ဖြစ်နေချေပြီ။ အသက်ကို မနည်း လုရှူနေရပြီး မျက်နှာမှာ ဖြူလျော်နေကာ ချွေးများမှာလည်း မိုးရေကဲ့သို့ စီးကျနေသည်။ ဒါသည် ကြောက်ရွံ့ခြင်းကြောင့် မဟုတ်ဘဲ မောပန်းနွမ်းနယ်ခြင်းကြောင့် ဖြစ်သည်။ စိတ်ထင်ယောင်ထင်မှားကမ္ဘာ၏ တိုက်ခိုက်မှုများ ရှိနေလင့်ကစား သူ့စိတ်ဓာတ်စွမ်းအားမှာမူ စိုးစဉ်းမျှ လှုပ်ခတ်သွားခြင်း မရှိချေ။ နှစ်ပေါင်းများစွာ မနားတမ်း ဓားလေ့ကျင့်ခဲ့ခြင်းနှင့် စာအုပ်များကြားတွင် အချိန်ကုန်လွန်ခဲ့ခြင်းတို့က သူ့ဇွဲလုံ့လကို ကျောက်ဆောင်ကဲ့သို့ ခိုင်မာစေခဲ့သည်။
သို့သော် ဖိအားမှာ အစစ်အမှန်ဖြစ်ပြီး ကျင့်စဉ်အဆင့် ကွာခြားချက်မှာလည်း ငြင်းပယ်၍မရချေ။ သူ ရှေ့သို့ လျှောက်လှမ်းရာတွင် ရွှံ့ဗွက်အိုင်ထဲ၌ မနည်းရုန်းကန် လျှောက်လှမ်းနေရသကဲ့သို့ ခံစားရသည်။ နှစ်ပေါင်းများစွာ ကြံ့ကြံ့ခံခဲ့ခြင်းနှင့် ခန္ဓာကိုယ် ကြံ့ခိုင်မှုအတွက် ဆေးစိမ်ချိုးခြင်း၊ ငွေအပ်များဖြင့် ကျန်းမာရေး ပြုပြင်ခြင်းတို့ကို မလုပ်ဆောင်ခဲ့ပါက သူသည် ဤနေရာအထိ ရောက်ရှိလာနိုင်မည် မဟုတ်ချေ။
ဘီဘီတုန်းသည် ယခင်ကကဲ့သို့ တည်ငြိမ်မနေနိုင်တော့ချေ။ ဤမမြင်နိုင်သော ထိပ်တိုက်ရင်ဆိုင်မှုတွင် သူမ ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။ သူမသည် မိမိ၏ စိတ်ထင်ယောင်ထင်မှားကမ္ဘာကို ကိုယ်တိုင်ကိုယ်ကျ ရုပ်သိမ်းလိုက်ရတော့သည်။ အကြောင်းမူကား အကယ်၍ သူမသာ ရုပ်သိမ်းခြင်း မပြုပါက စုချန်သည် သူမ၏ မျက်နှာနှင့် တိုက်ရိုက် တိုးမိတော့မည် ဖြစ်သောကြောင့်ပင်။