[အခန်း - ၁ ကလေးတို့ရေ ငါတော့ သွားပြီ]
‘ကလေးတို့ရေ... ငါတော့ သွားပြီ’
လက်ဝါးပေါ်မှာ တွားသွားလှုပ်ရှားနေတဲ့ လောက်ကောင်လေးကို စိုက်ကြည့်ရင်း ခန်းယွီမို့တစ်ယောက် စိတ်လျှော့ကာ သက်ပြင်းချလိုက်သည်။
ဝိညာဉ်ကုန်းမြေမှ သတင်းဆိုးတစ်ပုဒ် ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။ အခြားသော ကူးပြောင်းလာသူတစ်ဦး၏ အိပ်မက်များမှာ ဆုံးခန်းတိုင်သွားခဲ့ရလေပြီ။
“သိုင်းဝိညာဉ်က ရေခဲပိုးကောင် သိုင်းဝိညာဉ်... မွေးရာပါ ဝိညာဉ်စွမ်းအားက အဆင့် ၁ ပဲရှိတယ်။ အမှိုက်သရိုက် သိုင်းဝိညာဉ်ပဲ”
ရဲတင်းသည့် ဝံပုလွေရုပ်သွင်ပြင်ရှိသော လူငယ်လေးက ဘာခံစားချက်မျှ မပါသည့် လေသံဖြင့် အေးစက်စွာ ကြေညာလိုက်သည်။ ထိုသူ၏ ခန္ဓာကိုယ်ပတ်လည်တွင်မူ အဖြူရောင်နှင့် အဝါရောင် ဝိညာဉ်ကွင်းနှစ်ကွင်းက ဖြည်းညှင်းစွာ လှည့်ပတ်နေသည်။
သေချာကြည့်လိုက်မှ ထိုအရာက လောက်ကောင် မဟုတ်မှန်း သိလိုက်ရသည်။
“ဒါပေမဲ့ ရေခဲပိုးကောင်နဲ့ လောက်ကောင်နဲ့ ဘာများ ကွာခြားလို့လဲ”
ဒီရေခဲပိုးကောင်ရဲ့ အနာဂတ်ကတော့ ကွက်ကွက်ကွင်းကွင်း မြင်သာလွန်းလှသည်။
‘ရေခဲပိုးကောင်မျိုးနွယ်ရဲ့ အစွမ်းထက်ဆုံး ဘိုးဘေးကြီးတောင်မှ စွမ်းအင်သိုလှောင်ပေးရတဲ့ အားသွင်းတုံးကြီး ဖြစ်ခဲ့တာ မဟုတ်ပါလား။ ဒီလိုသိုင်းဝိညာဉ်မျိုး နိုးထလာမှတော့ အနာဂတ်ကတော့ အမှောင်အတိ ကျရုံမှအပ အခြားမရှိတော့ပြီ။’
ခန်းယွီမို့မှာ စိတ်ထဲတွင် မသာမယာ ဖြစ်သွားသော်လည်း အပြုံးတုတစ်ခုကို ဖန်တီးကာ ဆူးယွန်းထောင်းကို အရိုအသေပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ် ညွှန်ကြားရေးမှူး ဆူးယွန်းထောင်း”
ဟုတ်ပေသည်။ သူ့၏ သိုင်းဝိညာဉ်ကို နိုးထပေးခဲ့သူမှာ အခြားသူမဟုတ်ဘဲ ဆူးယွန်းထောင်းပင် ဖြစ်သည်။
အခြားအရာများကို ဘေးဖယ်ထားလျှင်ပင် လက်ရှိအချိန်၌ ခန်းယွီမို့ ဆက်သွယ်၍ရသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သဖြင့် ယဉ်ကျေးပျူငှာစွာ ဆက်ဆံခြင်းက ဘယ်သောအခါမျှ မမှားနိုင်ပေ။
ထိုသို့ ယဉ်ကျေးပျူငှာသည့် ပြုမူနေထိုင်ပုံက ဆူးယွန်းထောင်း၏ အာရုံကို ချက်ချင်းပင် ဖမ်းစားလိုက်နိုင်သည်။
ပုံမှန်အားဖြင့် အမှိုက်သိုင်းဝိညာဉ် ပါလာသည့် ကလေးများမှာ စိတ်ဓာတ်ကျကာ သေမတတ် ခံစားကြရစမြဲ ဖြစ်သည်။ ခုနက နိုးထပေးခဲ့သည့် ကလေးနှစ်ဦးကဲ့သို့ပင်။ တစ်ယောက်က ရိုးရိုးပေါက်တူး၊ နောက်တစ်ယောက်က အပြာရောင်ငွေမြက်ပင်။ နှစ်ယောက်လုံးမှာ ဝိညာဉ်စွမ်းအား မရှိကြပေ။ ရလဒ်ကို ကြားလိုက်ရသည်နှင့် အသံကုန် အော်ငိုကာ မိဘများထံ ပြေးသွားကြတော့သည်။
ခန်းယွီမို့၏ စိတ်ပျက်လက်ပျက် ဖြစ်သွားသည့် ပုံစံမှာ အမှိုက်သရိုက် သိုင်းဝိညာဉ် ပါလာသည့် ကလေးတစ်ယောက်နှင့် တူသော်လည်း သူ့၏ ရင့်ကျက်သည့် ပြုမူပုံမှာမူ အခြားကလေးများနှင့် လုံးဝ ကွာခြားလှသည်။
ထိုအချက်ကို တွေးမိရင်း ခန်းယွီမို့ လှည့်ထွက်သွားတော့မည့် ခဏတွင် ဆူးယွန်းထောင်းက မနေနိုင်ဘဲ သတိပေးလိုက်သည်။
“ရေခဲပိုးကောင် သိုင်းဝိညာဉ်ဆိုတာ အပြာရောင်ငွေမြက်ပင်လိုပဲ တိုးတက်ဖို့ အလားအလာမရှိတဲ့ အမှိုက်သရိုက် သိုင်းဝိညာဉ်အဖြစ် သတ်မှတ်ထားကြတာ မှန်ပေမဲ့ မင်းရဲ့ သိုင်းဝိညာဉ်က တစ်ခုခုတော့ ထူးဆန်းနေသလိုပဲ အခြားသိုင်းဝိညာဉ်တွေနဲ့ နည်းနည်းလေး ကွဲပြားနေတယ်”
ဆူးယွန်းထောင်း စိတ်ထဲတွင် ထိုသို့ ခံစားလိုက်ရသော်လည်း အတွေ့အကြုံ နည်းပါးမှုကြောင့် သေချာတော့ မပြောနိုင်ပေ။
ထို့နောက် ခင်းကျင်းထားသည်များကို သိမ်းဆည်းရင်း သက်ပြင်းချကာ ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ကြိုးစားပြီး ကျင့်ကြံရင်တော့ အဆင့် ၁၀ ထိ ရောက်ချင် ရောက်မှာပါ။ အဲဒီအခါ ဝိညာဉ်ကွင်းတစ်ကွင်း ရပြီး စစ်မှန်တဲ့ ဝိညာဉ်ဆရာတစ်ယောက် ဖြစ်လာနိုင်ပါတယ်”
အဖြူရောင် ဝိညာဉ်ကွင်းတစ်ကွင်းပဲ ရရင်တောင်မှပေါ့။
မွေးရာပါ ဝိညာဉ်စွမ်းအားက အဆင့် ၁ ပဲ ရှိသည့်အပြင် ရေခဲပိုးကောင်ဆိုသည်မှာလည်း တိုက်ခိုက်ရေးစွမ်းရည် သို့မဟုတ် အထူးစွမ်းရည် မရှိသည့် အားနည်းသော ဝိညာဉ်သားရဲမျှသာ ဖြစ်သည်။ ဆူးယွန်းထောင်း၏ အမြင်တွင် အဆင့် ၁၀ သို့ ဖောက်ထွက်နိုင်မည့် အခွင့်အရေး လုံးဝမရှိပေ။
တစ်သက်လုံး အဆင့် ၉ မှာတင် သောင်တင်နေဖို့က ပိုများလှသည်။
သို့သော် ထိုကလေး၏ ယဉ်ကျေးပျူငှာမှုကို ထောက်ထား၍ ဆူးယွန်းထောင်းက စေတနာဖြင့် ဆုမွန်ကောင်း တောင်းပေးလိုက်ခြင်းပင်။
“ကွဲပြားနေတယ်ဟုတ်လား”
ခန်းယွီမို့ တစ်ခဏမျှ ကြောင်အအ ဖြစ်သွားသည်။ ဆူးယွန်းထောင်းကို မော့ကြည့်လိုက်ပြီးမှ မိမိလက်ဝါးပေါ်တွင် အေးစက်စွာဖြင့် အသည်းအသန် တွားသွားနေသည့် ရေခဲပိုးကောင်လေးကို ငုံ့ကြည့်လိုက်သည်။
“ကျနော် နားလည်ပါပြီ ကျေးဇူးတင်ပါတယ် ညွှန်ကြားရေးမှူး ဆူးယွန်းထောင်း”
ခန်းယွီမို့ ထွက်သွားပြီးနောက် ဆူးယွန်းထောင်းက အကြည့်ကို ရုပ်သိမ်းလိုက်ပြီး ကျန်ရှိနေသော ကလေးများကို ကြည့်လိုက်သည်။
“ကဲ နောက်တစ်ယောက် လာခဲ့”
ဝိညာဉ်နိုးထခြင်း အခမ်းအနားက မပြီးသေးပေ။ ဆူးယွန်းထောင်းမှာ ဒီနေ့အတွက် တာဝန်များကို ဆက်လက် ထမ်းဆောင်ရဦးမည် ဖြစ်သည်။
တန်းစီဇယား၏ အနောက်ဆုံးတွင်မူ တောက်ပသော မျက်လုံးများရှိသည့် သေးသေးကွေးကွေး ကလေးငယ်တစ်ဦးသည် တံခါးပြင်သို့ ပျောက်ကွယ်သွားသော ခန်းယွီမို့၏ နောက်ကျောကို စဉ်းစားရကြပ်စွာဖြင့် စိုက်ကြည့်နေခဲ့သည်။
“ဒါက သိုင်းဝိညာဉ်ဆိုတာလား”
...
“အဘဂျက်”
ဝိညာဉ်နိုးထသည့် အခန်းထဲမှ ထွက်လာပြီးနောက် ခန်းယွီမို့သည် အပြင်တွင် စောင့်ဆိုင်းနေသော အဘဂျက်ကို တွေ့လိုက်ရသဖြင့် လက်ပြကာ နှုတ်ဆက်လိုက်သည်။
“ရှောင်မို့”
အဘဂျက်က အပြေးအလွှား ရောက်လာပြီး ခန်းယွီမို့၏ ပခုံးကို ကိုင်ကာ စိုးရိမ်တကြီး ကြည့်လိုက်သည်။
“ဘယ်လိုလဲ မင်းရဲ့ သိုင်းဝိညာဉ် နိုးထလာခဲ့ရဲ့လား ဘာသိုင်းဝိညာဉ် အမျိုးအစားလဲဟင်”
“နိုးထလာပါတယ် ရေခဲပိုးကောင်ပါ”
ခန်းယွီမို့က လက်ထဲမှ လောက်ကောင်လေးကို မြှောက်ပြရင်း မျက်ရည်ဝဲလျက် ပြောလိုက်သည်။
“ကျနော့်မှာ အဆင့် ၁ ဝိညာဉ်စွမ်းအား ရှိပေမဲ့ ဒါက အမှိုက်သရိုက် သိုင်းဝိညာဉ်ပဲလို့ ညွှန်ကြားရေးမှူး ဆူးယွန်းထောင်းက ပြောပါတယ်”
ဆူးယွန်းထောင်း ပြောခဲ့သည့် ထူးဆန်းသည်ဆိုသော အချက်ကိုမူ ခန်းယွီမို့ စိတ်ထဲ သိပ်မထားပေ။ ဆူးယွန်းထောင်းအကြောင်းကို အားလုံး သိကြသည် မဟုတ်ပါလား။ ထိုသူပြောသည်ကို အတည်ယူလိုက်လျှင်တော့ ဒီတစ်သက် မတွေးဝံ့စရာပင်။
ကူးပြောင်းလာသူဖြစ်သည့် မိမိတောင်မှ ရေခဲပိုးကောင်၏ ရှေ့ရေးကို မမြင်နိုင်ပါဘဲ ဆူးယွန်းထောင်းကရော အမှန်တကယ် မြင်နိုင်ပါ့မလား။
“အမှိုက်သရိုက် သိုင်းဝိညာဉ်တဲ့လား...”
အဘဂျက်က သက်ပြင်းတစ်ချက်ကို ညှိုးငယ်စွာ ချလိုက်သော်လည်း ချက်ချင်းပင် အားပေးသည့် အပြုံးကို ဖန်တီးလိုက်သည်။
“ရှောင်မို့ စိတ်ဓာတ်မကျပါနဲ့ မင်းမှာ ဝိညာဉ်စွမ်းအား ရှိနေတာပဲ မဟုတ်လား ဝိညာဉ်စွမ်းအား ရှိတယ်ဆိုရင် ကျင့်ကြံလို့ ရတာပေါ့ အဘကတော့ မင်းတစ်နေ့ အစွမ်းထက်တဲ့ ဝိညာဉ်ဆရာ ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်”
ခန်းယွီမို့က ခေါင်းငြိမ့်ပြလိုက်သော်လည်း သူ၏ အကြည့်များမှာမူ လက်ဝါးပေါ်ရှိ ရေခဲပိုးကောင်ထံမှ မခွာခဲ့ပေ။
ထန်ဆန်းနှင့် ဆူးယွန်းထောင်းတို့ ထွက်လာသည်ကိုပင် သူ သတိမထားမိလိုက်ချေ။
“လေးစားရပါသော တိုက်ခိုက်ရေး ဝိညာဉ်သခင်ကြီး... ဒီနှစ် ကျနော်တို့ ရွာရဲ့ ဝိညာဉ်နိုးထမှု အခြေအနေလေး နည်းနည်းလောက် ပြောပြပေးပါဦး”
အဘဂျက်က ဆူးယွန်းထောင်းကို ရိုသေစွာ မေးမြန်းလိုက်သည်။
“သိပ်တော့ မကောင်းဘူး”
ဆူးယွန်းထောင်းက ခေါင်းခါရင်း ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
“ခင်ဗျားတို့ရွာ ကံကောင်းတာလား ကံဆိုးတာလားဆိုတာ ကျနော်လည်း မပြောတတ်တော့ဘူး ကံဆိုးတယ်လို့ ပြောရအောင်လည်း ကျနော် ရွာတော်တော်များများကို သွားခဲ့ပြီးပြီ ခင်ဗျားတို့ ရွာတစ်ရွာတည်းမှာပဲ ဝိညာဉ်စွမ်းအားပါတဲ့ ကလေး နှစ်ယောက် ရခဲ့တာ အဲဒီအထဲက တစ်ယောက်ဆိုရင် ပြည့်ဝသော ဇာတိဝိညာဉ်စွမ်းအားတောင် ပါတယ်”
“ကံကောင်းတယ်လို့ ပြောရအောင်လည်း ဝိညာဉ်စွမ်းအား ပါလာတဲ့ ကလေး နှစ်ယောက်လုံးရဲ့ သိုင်းဝိညာဉ်တွေက အမှိုက်သရိုက်တွေ ဖြစ်နေတယ် တစ်ယောက်က ရေခဲပိုးကောင်၊ နောက်တစ်ယောက်က အပြာရောင်ငွေမြက်ပင်... နှစ်ခုလုံးက တိုးတက်ဖို့ လုံးဝ အလားအလာမရှိတဲ့ အမှိုက်သရိုက် သိုင်းဝိညာဉ်တွေပဲ”
“ရေခဲပိုးကောင်ကတော့ နားလည်ပေးလို့ ရပါသေးတယ် မွေးရာပါ ဝိညာဉ်စွမ်းအား အဆင့် ၁ ပဲ ပါတာကို ကျနော် မအံ့ဩပါဘူး ဒါပေမဲ့ အပြာရောင်ငွေမြက်ပင်ကကျတော့...”
ဆူးယွန်းထောင်းက သက်ပြင်းချရင်း နှမြောတတ လေသံဖြင့် ဆက်ပြောသည်။
“ဘာလို့ အပြာရောင်ငွေမြက်ပင် ဖြစ်နေရတာလဲ အဲဒီလို အမှိုက်သရိုက် သိုင်းဝိညာဉ်က ပြည့်ဝသော ဇာတိဝိညာဉ်စွမ်းအားနဲ့ နိုးထလာနိုင်တယ်လို့ ခင်ဗျား ထင်လို့လား”
“ကဲ ကျနော် သွားတော့မယ် နောက်ထပ် ရွာအတော်များများ ကျန်သေးတယ် ရော့ ဒါ ကလေးနှစ်ယောက်ရဲ့ ဝိညာဉ်နိုးထမှု ထောက်ခံစာတွေ”
ထောက်ခံစာများကို အဘဂျက်ထံ ပြန်ပေးပြီးနောက် ဆူးယွန်းထောင်းသည် တစ်ယောက်တည်း တိုးတိုးတိုးတိုး ရေရွတ်ရင်း ရွာပြင်သို့ ထွက်ခွာသွားတော့သည်။
“အမှိုက်သရိုက် သိုင်းဝိညာဉ်... အမှိုက်သရိုက် သိုင်းဝိညာဉ်... အမှိုက်သရိုက် သိုင်းဝိညာဉ်...”
ဆူးယွန်းထောင်း ပါးစပ်မှ အမှိုက်သရိုက် သိုင်းဝိညာဉ်ဟု ပြောလိုက်တိုင်း ခန်းယွီမို့၏ ရင်ဘတ်ထဲသို့ ဓားဖြင့် ထိုးဆွလိုက်သလို နာကျင်ရသည်။
အဆိုတစ်ခု ရှိခဲ့သည် မဟုတ်ပါလား။ ဆူးယွန်းထောင်း၏ ပါးစပ်မှ “အမှိုက်” ဟု ပြောလိုက်တိုင်း နတ်ဘုရားဧကရာဇ် တစ်ပါး မွေးဖွားလာစမြဲမလား။
သို့သော် ခန်းယွီမို့ကော ထိုသို့ ဖြစ်နိုင်ပါ့မလား။
သူက အမှန်တကယ်ကို အမှိုက် ဖြစ်နေသည်လေ။
ရေခဲပိုးကောင်တဲ့။
စကားအလှတွေက မနာကျင်ရပေမဲ့ အမှန်တရားကတော့ ထက်ရှတဲ့ ဓားတစ်လက်လိုပါပဲ။
ခန်းယွီမို့က သိုင်းဝိညာဉ်ကို ခန္ဓာကိုယ်ထဲ ပြန်သိမ်းလိုက်ပြီး တည်ငြိမ်သော မျက်နှာထားဖြင့် အိမ်သို့ ပြန်လာခဲ့သည်။ လက်ရှိအချိန်၌ အခြားအရာများကို စဉ်းစားရန် စိတ်ကူးမရှိတော့ပေ။ ကူးပြောင်းလာသူတစ်ဦး ဖြစ်သည့်အတွက် ရေခဲပိုးကောင် သိုင်းဝိညာဉ် ပါလာရုံမျှဖြင့် မိမိကိုယ်ကို လက်လျှော့သွားမည် မဟုတ်ပေ။
သူ၏ သိုင်းဝိညာဉ်က လောက်ကောင် ဖြစ်နေသည့် အချက်က စိတ်ပျက်စရာ ကောင်းသည်မှာ အမှန်ပင် ဖြစ်သော်လည်း ကောင်းကင်ဘုံက တံခါးပေါက်အားလုံးကို ပိတ်ပစ်မည် မဟုတ်ပါပေ။
ငါ့ရဲ့ သိုင်းဝိညာဉ်က လောက်ကောင် ဖြစ်နေပါစေဦး... ငါ ခန်းယွီမို့ကတော့ ဧကန္တ အသန်မာဆုံး ဖြစ်လာရမယ်။
“စနစ်အစ်ကိုကြီး ရောက်ရင် မြန်မြန်လာပါတော့”
【 တင် — — 】
“ဟေ”
ခန်းယွီမို့ ထိုနေရာတွင်တင် ကြောင်အစွာ ရပ်တန့်သွားခဲ့သည်။
သူ၏ မလှမ်းမကမ်း အနောက်ဘက်တွင်မူ...
“အဘဂျက် ဟိုကောင် ဘာဖြစ်တာလဲ”
ထန်ဆန်းက ထူးဆန်းစွာ ပြုမူနေသော ခန်းယွီမို့ကို ဇဝေဇဝါဖြင့် ကြည့်လိုက်ပြီး ဘေးနားရှိ အဘဂျက်ကို မော့ကြည့်လိုက်သည်။
“ဟင်း... သူ စိတ်ဓာတ်ကျသွားတာ ဖြစ်မှာပါ”
အဘဂျက်က သက်ပြင်း ထပ်မံချလိုက်သည်။
“ရှောင်မို့ မိဘတွေက စောစောစီးစီး ဆုံးပါးသွားတာ ကံကောင်းလို့ အိမ်နီးနားချင်းတွေနဲ့ ရွာသားတွေရဲ့ ကူညီမှုကြောင့် ဒီနှစ်တွေမှာ အသက်ဆက်နိုင်ခဲ့တာပေါ့ သူ့ရဲ့ ကံကြမ္မာကို ပြောင်းလဲဖို့အတွက် အစွမ်းထက်တဲ့ သိုင်းဝိညာဉ် နိုးထလာဖို့ မျှော်လင့်နေခဲ့တာလေ”
“ဒါပေမဲ့ အစွမ်းထက်တဲ့ သိုင်းဝိညာဉ် နိုးထနိုင်တဲ့လူဆိုတာ အင်မတန် နည်းတာကိုး”
“နားလည်ပါပြီ”
ထန်ဆန်းက ခေါင်းကို ဖြည်းဖြည်းချင်း ငြိမ့်လိုက်သည်။ အိတ်ထဲတွင် ထည့်ထားသော သူ၏ ဘယ်ဘက်လက်ကမူ မသိမသာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိသည်။
အစွမ်းထက်တဲ့ သိုင်းဝိညာဉ် ဟုတ်လား။
သူ့၏ ဘယ်ဘက်လက်ထဲရှိ တူသည် အလွန်အစွမ်းထက်သည်ဟု သူ ခံစားနေရသည်။
“သွားကြစို့ သူ့ကို ခဏလောက် ငြိမ်ငြိမ်လေး နေပါစေ”
အဘဂျက်က တိုးတိုးလေး ပြောလိုက်ပြီး ထန်ဆန်းကို ဦးဆောင်ကာ ကြောင်အအ ဖြစ်နေသော ခန်းယွီမို့ ဘေးမှ ပတ်၍ ထွက်သွားကြတော့သည်။
ထိုသူနှစ်ဦးလုံး ခန်းယွီမို့ထံတွင် ဘာဖြစ်သွားသည်ကို မသိကြသည်မှာ သေချာလှသည်။
ကြည်လင်ပြတ်သားသော အသိပေးသံ ထွက်ပေါ်လာပြီးနောက် ခန်းယွီမို့၏ စိတ်ထဲတွင် စာကြောင်းတစ်ကြောင်း ပဲ့တင်ထပ်သွားခဲ့လေသည်။