အခန်း (၇) ဝိညာဉ်နန်းတော်ကို တုန်လှုပ်စေခြင်း၊ သန့်စင်သောမိန်းကလေး၏ သိုင်းဝိညာဉ် ရူးသွပ်စွာ ဆင့်ကဲပြောင်းလဲလာခြင်း
ဟူလီနာသည် မိမိရှေ့ သုံးလက်မအကွာတွင် ငြိမ်သက်စွာ ဝဲပျံနေသော ကမ္ဘာဦးစွမ်းအင် ဝိညာဉ်ပုလဲကို စိုက်ကြည့်ရင်း အကြီးအကျယ် စိတ်ဒွိဟဖြစ်နေမိသည်။
သူမ ကောင်းကောင်းသိပါသည် ဤအရာကိုသာ လက်ခံလိုက်မည်ဆိုပါက ထိုလက်ထပ်ခွင့်ကို သဘောတူလိုက်သကဲ့သို့ ဖြစ်သွားမည်ဆိုတာကို။
သူမသည် ကောင်းကင်ယံမှ ကျလာသော စေ့စပ်စာလွှာကို လက်ခံလိုက်ရမည်ဖြစ်ပြီး တစ်ခါမှ မမြင်ဖူးသည့် နတ်ဆရာသခင် ရှန်ရိချန်ကိုလည်း နောက်နောင်တွင် မိမိ၏ "ကျင့်ကြံဖော်" အဖြစ် သတ်မှတ်လက်ခံလိုက်ရတော့မည် ဖြစ်သည်။
သို့သော် အကယ်၍ မသိချင်ယောင်ဆောင်ပြီး ငြင်းပယ်လိုက်မည်ဆိုလျှင်လည်း ချင်းချိုးမြေခွေးသွေးမျိုးဆက်ကို နိုးထစေနိုင်ပြီး သိုင်းဝိညာဉ်ကို အခြေခံကစပြီး ပြန်လည်ပုံဖော်ပေးနိုင်သည့် ဤရတနာထူးကြီး လက်လွတ်စုတ်ပြတ်သွားမည့် အခြေအနေကို ဒီအတိုင်း ထိုင်ကြည့်နေရတော့မည် ဖြစ်သည်။
ဟူလီနာသည် သွားကို တင်းတင်းကြိတ်ထားမိပြီး လက်ချောင်းထိပ်လေးများ တုန်ရင်နေကာ အသက်ရှူရခက်စွာ သုံးကြိမ်မျှ ဝေခွဲမရဘဲ တုံ့ဆိုင်းနေစဉ်မှာပင်
"ဖယ်စမ်း"
ဘီဘီတုန်း လှုပ်ရှားလိုက်ပြီဖြစ်သည်။
ဘယ်သူမှ မထင်မှတ်ထားဘဲ သူမ၏ခန္ဓာကိုယ်ဘေးမှ ရာရှာဆာ နတ်ဘုရားစွမ်းအင်များ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး တစ်ကိုယ်လုံးကို နက်မှောင်သော ခရမ်းရောင်အလင်းတန်းများဖြင့် လွှမ်းခြုံသွားစေသည်။
သူမသည် ညာဘက်လက်ကို မြှောက်လိုက်ရာ ဝိညာဉ်စွမ်းအားများက လက်ဖဝါးထဲတွင် လျင်မြန်စွာ စုစည်းသွားပြီး ကြီးမားလှသော ခရမ်းရောင်လက်သည်းကုတ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ လေထုကို ဆွဲဖြဲလျက် လေထဲတွင် ဝဲပျံနေသော ကမ္ဘာဦးစွမ်းအင် ဝိညာဉ်ပုလဲထံသို့ အရှိန်ပြင်းစွာ လှမ်းကုတ်လိုက်တော့သည်။
"ဒီလို ဘယ်ကလာမှန်းမသိတဲ့ အရာတွေကို ဝိညာဉ်နန်းတော်ကပဲ သိမ်းဆည်းပြီး စစ်ဆေးရမယ်"
ဘီဘီတုန်း၏ ဆုံးဖြတ်ချက်က ရိုးရှင်းပါသည်
ထိုပုလဲလုံးက ဘာပဲဖြစ်ဖြစ် သူမလက်ထဲ အရင်ရောက်အောင် ယူမည်ဟူ၍
ဝိညာဉ်နန်းတော်ကသာ ၎င်းကို ထိန်းချုပ်ထားနိုင်လျှင် အခွင့်အရေးက သူမဘက်တွင် ရှိနေမည် ဖြစ်သည်။
နတ်ဆရာသခင် ရှန်ရိချန် ဘာကိုပဲ ရည်ရွယ်သည်ဖြစ်စေ ဤပုလဲလုံး၏ အသေးစိတ်အချက်အလက်များကို သေချာလေ့လာပြီးမှ ဆုံးဖြတ်ချက်ချလည်း မနောက်ကျသေးပေ။
မီတာများစွာ ရှည်လျားသော ခရမ်းရောင်လက်သည်းကုတ်ကြီးသည် ဘွဲ့ခံဒိုလော့အထွတ်အထိပ်၏ ဝိညာဉ်စွမ်းအားအားလုံးကို ထုတ်ဖော်ထားခြင်းဖြစ်ပြီး လူတိုင်း၏ မျက်စိရှေ့မှောက်မှာပင် ခိုးဗျိုင်းဥခန့်ရှိသော ဖြူစင်သည့် ပုလဲလုံးလေးပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
ထိမိသွားသည့် အခိုက်အတန့်တွင်
ရွှေရောင်အလင်းတန်းများ ဝုန်းကနဲ ထွက်ပေါ်လာခဲ့သည်။
ရှေးဟောင်း နတ်ဆရာသခင်၏ လမ်းစဉ်အမှတ်အသားများ ကမ္ဘာဦးစွမ်းအင် ဝိညာဉ်ပုလဲမျက်နှာပြင်ပေါ်တွင် ရုတ်တရက် ထင်ဟပ်လာ၏။ ထိုအမှတ်အသားသည် ခဏမျှသာ လင်းလက်သွားသော်လည်း ကမ္ဘာကြီးကို ဖျက်ဆီးပစ်နိုင်လောက်သည့် တွန်းကန်အားတစ်ခုကို ထုတ်လွှတ်လိုက်သည်။
ဝုန်း........
ဘီဘီတုန်း၏ ခန္ဓာကိုယ် နောက်သို့ လွင့်ထွက်သွားခဲ့ရသည်။
၎င်းသည် လွင့်စင်သွားခြင်းမျိုး မဟုတ်ဘဲ တစ်ခုခုက ကြိတ်ခြေပြီး မောင်းထုတ်လိုက်သကဲ့သို့ ပြင်းထန်လှသည်။
သူမ၏ ဝိညာဉ်စွမ်းအားအားလုံး ပါဝင်သော ခရမ်းရောင်လက်သည်းကုတ်ကြီးသည် ရွှေရောင်လမ်းစဉ်အမှတ်အသားရှေ့တွင် အသက်တစ်ရှူစာမျှပင် မခံဘဲ ကောင်းကင်တစ်ခုလုံး ခရမ်းရောင်အစအနများအဖြစ် ကြေမွပျက်စီးသွားရသည်။
ထို့နောက်တွင်မူ ထိုတွန်းကန်အားက သူမ၏ လက်မောင်းမှတစ်ဆင့် ရိုက်ခတ်သွားပြီး သူမကို ပေ သုံးဆယ်ကျော်ခန့် ဝေးရာသို့ လွင့်စင်သွားစေခဲ့သည်။
ဂျုန်း….
ဘီဘီတုန်း၏ ကျောပြင်သည် ပုပ်ရဟန်းမင်းကြီးနန်းတော်၏ ကျောက်တိုင်ကြီးတစ်ခုနှင့် ပြင်းထန်စွာ ဆောင့်မိသွားပြီး ကျောက်တိုင်ကြီးတွင် အက်ကြောင်းများစွာ ဖြစ်ပေါ်ကာ ကျောက်ခဲအစအနများ တဖွဲဖွဲ လျှောကျလာခဲ့သည်။
သူမသည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကျသွားပြီး ညာဘက်လက်မှ လက်ချောင်းငါးချောင်းစလုံး တုန်ရင်ကာ ကွေးကောက်နေပြီး လက်ချောင်းထိပ်များမှ မီးခိုးနက်များ ထွက်ပေါ်နေသည်။ ၎င်းသည် သာမန်မီးလောင်ဒဏ်ရာမျိုး မဟုတ်ဘဲ လမ်းစဉ်၏ စွမ်းအင်များက သူမခန္ဓာကိုယ်ထဲရှိ ရာရှာဆာ၏ မိစ္ဆာစွမ်းအားများကို လိုက်လံသန့်စင်ဖယ်ရှားနေခြင်း ဖြစ်သည်။
“အင့် ......”
ဘီဘီတုန်း၏ လည်ချောင်းထဲမှ အောင့်အည်းထားရသော ညည်းတွားသံတစ်ခု ထွက်ပေါ်လာသည်။
ခန္ဓာကိုယ်ထဲရှိ ရာရှာဆာ သိုင်းဝိညာဉ်သည်လည်း စူးစူးဝါးဝါး အော်ဟစ်မြည်တမ်းနေ၏။
ဆယ်စုနှစ်ပေါင်းများစွာ သွေးကြောများထဲတွင် နက်ရှိုင်းစွာ ပုန်းအောင်းနေခဲ့သော မိစ္ဆာစွမ်းအားများသည် တားဆီး၍မရသော ရွှေရောင်လမ်းစဉ်စွမ်းအင်များ၏ အတင်းအဓမ္မ ခွာထုတ်ခြင်းကို ခံနေရပြီး အကြောတစ်ချောင်းချင်းစီ ခွာထုတ်ခံရတိုင်း စူးရှလွန်းသော နာကျင်မှုများက ခန္ဓာကိုယ်အနှံ့ ရိုက်ခတ်နေသည်။
ဘီဘီတုန်း၏ နဖူးတွင် ချက်ချင်းပင် ချွေးစေးများ ပြည့်နှက်သွားပြီး မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူလျော်သွားတော့သည်။
ရင်ပြင်တစ်ခုလုံးရှိ ထောင်ပေါင်းများစွာသော ဝိညာဉ်ဆရာများသည် ဤမြင်ကွင်းကို ကြည့်ပြီး စိတ်ထဲတွင် လုံးဝ ဗလာဖြစ်သွားကြရသည်။
အရှင်မင်းကြီး ပုပ်ရဟန်းမင်းကြီးက... ကျောက်စရစ်ခဲလေးတစ်ခုကြောင့် လွင့်ထွက်သွားတာလား။
တင်လိုက်ရတဲ့ ဒဏ်ရာကလည်း ဒီလောက်တောင် ပြင်းထန်လှသည်။
"ဆရာ"
ရှဲ့ယွဲ့က အရင်ဆုံး သတိဝင်လာပြီး ဘီဘီတုန်းအနားသို့ ပြေးသွားကာ တွဲထူရန် လက်လှမ်းလိုက်သည်။
ဘီဘီတုန်းက သူ့ကို တွန်းဖယ်လိုက်ပြီး သွားကို တင်းတင်းကြိတ်ကာ မတ်တတ်ထရပ်လိုက်၏။
သူမ၏ ညာဘက်လက်မှ မီးခိုးနက်များ ထွက်နေတုန်းဖြစ်ပြီး လက်ချောင်းငါးချောင်းစလုံး ရောင်ကိုင်းကာ ပုံပျက်နေပြီး လက်သည်းကြားထဲမှ သွေးပုတ်များ စီးကျနေသည်။
သို့သော် သူမသည် မိမိဒဏ်ရာကို ငုံ့မကြည့်အားဘဲ။
ဟူလီနာ့ရှေ့တွင် ငြိမ်သက်စွာ ဝဲပျံနေဆဲဖြစ်သော ကမ္ဘာဦးစွမ်းအင် ဝိညာဉ်ပုလဲကိုသာ ရင်ဘတ် တလှုပ်လှုပ်ဖြင့် စိုက်ကြည့်နေမိတော့သည်။
လမ်းစဉ်စွမ်းအင်က မိစ္ဆာများကို သန့်စင်ပေးသည်။
ထိုစကားလုံးများက သူမ၏ စိတ်ထဲတွင် ထပ်ခါတလဲလဲ ပဲ့တင်ထပ်နေ၏။
ခုနက ခံစားလိုက်ရတဲ့ ပြင်းထန်တဲ့ နာကျင်မှုက တိုက်ခိုက်မှုကြောင့် မဟုတ်ဘဲ သန့်စင်မှုကြောင့် ဖြစ်သည်။
ထိုလမ်းစဉ်စွမ်းအားသည် သူမခန္ဓာကိုယ်ထဲရှိ ရာရှာဆာ၏ မိစ္ဆာစွမ်းအားနှင့် ထိမိသွားသည့် အခိုက်အတန့်တွင် သဘာဝအလျောက် အလိုအလျောက် သန့်စင်ပစ်လိုက်ခြင်းပင်။
ဒါက ဘာကို ဆိုလိုတာလဲ။
ဒါက နတ်ဆရာသခင် ရှန်ရိချန်၏ လမ်းစဉ်စွမ်းအားသည် သူမ၏ ရာရှာဆာ သိုင်းဝိညာဉ်ကို သဘာဝအလျောက် ချုပ်ငြိမ်းစေနိုင်သည့် အရာဖြစ်ကြောင်း သက်သေပြလိုက်ခြင်းပင်။
ဘီဘီတုန်းတစ်ယောက် စိတ်ထဲမှ အေးစိမ့်ကာ ချွေးစေးများ ထွက်လာရသည်။
ဆရာဖြစ်သူ အဆင်ပြေသည်ကို အတည်ပြုပြီးနောက် ရှဲ့ယွဲ့သည် ဟူလီနာ့အနားသို့ လျင်မြန်စွာ လျှောက်လှမ်းသွားလိုက်သည်။
ဟူလီနာမှာမူ ထိုနေရာတွင်ပင် ကျောက်ရုပ်ပမာ ကြောင်အမ်းအမ်း ရပ်နေဆဲ ဖြစ်သည်။
သူမစိတ်ထဲတွင် အင်အားအကြီးဆုံး အမျိုးသမီးဟု သတ်မှတ်ထားသော ဆရာဖြစ်သူသည် ပုလဲလုံးလေးတစ်လုံး၏ အသာအယာ ဖယ်ထုတ်ခြင်းခံရရုံဖြင့် ယခုကဲ့သို့ ဒဏ်ရာအပြင်းအထန် ရသွားသည်ကို ကိုယ်တိုင် မြင်လိုက်ရ၍ ဖြစ်သည်။
"နာနာ..."
ရှဲ့ယွဲ့က အသံကိုနှိမ့်ပြီး သူမ၏ နားနားသို့ ကပ်ကာ ပြောလိုက်သည်။
"မင်းမြင်တဲ့အတိုင်းပဲ၊ ဒီကမ္ဘာဦးစွမ်းအင် ဝိညာဉ်ပုလဲက မင်းကိုပဲ သခင်အဖြစ် အသိအမှတ်ပြုတာ တခြားဘယ်သူမှ ထိလို့မရဘူး"
ဟူလီနာ ဘာမှပြန်မပြောဘဲ မီးခိုးနက်များ ထွက်နေဆဲဖြစ်သော ဘီဘီတုန်း၏ ညာဘက်လက်ကိုသာ စိုက်ကြည့်နေမိသည်။
ရှဲ့ယွဲ့က ဆက်ပြီး
"ယူလိုက်ပါ... ဒါရှိရင် မင်းရဲ့ အင်အားက အဆမတန် တိုးတက်လာလိမ့်မယ် အဲဒီအခါကျရင် ဘယ်သူမှ မင်းကို နှိမ်လို့မရတော့ဘူး"
ထိုစကားက ဟူလီနာ့နှလုံးသားကို ထိမှန်သွားစေသည်။
မှန်ပါသည် အကယ်၍ သူမ ယခု ငြင်းပယ်လိုက်လျှင်ကော ဘာတတ်နိုင်ဦးမည်နည်း။
ဟူလီနာသည် မိမိရှေ့တွင် နွေးထွေးသော အလင်းဖြူလေး ထွက်ပေါ်နေသည့် ကမ္ဘာဦးစွမ်းအင် ဝိညာဉ်ပုလဲကို ကြည့်လိုက်သည်။
သူမ လက်ကို မြှောက်လိုက်၏။
လက်ချောင်းထိပ်လေး ပုလဲမျက်နှာပြင်နှင့် ထိမိသွားသည့် အခိုက်အတန့်တွင် နွေးထွေးသော ခံစားချက်တစ်ခုက ထိတွေ့မှုနေရာမှတစ်ဆင့် ပျံ့နှံ့သွားသည်။
ကမ္ဘာဦးစွမ်းအင် ဝိညာဉ်ပုလဲသည် ချက်ချင်းပင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူမ၏ မျက်ခုံးကြားသို့ တိုးဝင်သွားတော့သည်။
ဝုန်း ........
ပြင်းထန်သော်လည်း နူးညံ့လှသော စွမ်းအားတစ်ခုက သူမ၏ ခန္ဓာကိုယ်ထဲတွင် ပေါက်ကွဲထွက်လာပြီး သွေးကြောများမှတစ်ဆင့် အကြောအခြင်များနှင့် အရိုးအဆစ်များဆီသို့ စီးဆင်းသွားသည်။
စွမ်းအားများ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် နှစ်ပေါင်းများစွာ စုပုံနေခဲ့သော အညစ်အကြေးများအားလုံး တစ်ခုချင်းစီ ကွာကျသွားပြီး မီးခိုးရောင် အညစ်အကြေးများအဖြစ် ချွေးပေါက်များမှတစ်ဆင့် ပြင်ပသို့ စွန့်ထုတ်ပစ်လိုက်သည်။
ထို့နောက် ပိုမိုနက်ရှိုင်းသော စွမ်းအားတစ်ခုက သူမ၏ သိုင်းဝိညာဉ်အရင်းအမြစ်ကို သွားရောက်ထိတွေ့လိုက်သည်
မိစ္ဆာမြို့တော်တွင် ရှိစဉ်က ရရှိခဲ့သော မိစ္ဆာစွမ်းအားများ သူမကိုယ်တိုင် လုံးဝချေဖျက်ပြီးပြီဟု ထင်မှတ်ထားခဲ့သော်လည်း အမှန်တကယ်တော့ သိုင်းဝိညာဉ်အခြေခံထဲတွင် နက်ရှိုင်းစွာ မြုပ်နှံနေခဲ့သည့် ထိုအမှောင်ထုအကြွင်းအကျန်များအားလုံး လုံးဝဥဿုံ သုတ်သင်ရှင်းလင်းခြင်း ခံလိုက်ရတော့သည်။
ဟူလီနာ့ခန္ဓာကိုယ်လေး တုန်ခါသွားပြီး အညစ်အကြေး လေပုပ်များကို ပါးစပ်မှ မှုတ်ထုတ်လိုက်ရကာ တစ်ကိုယ်လုံး အတွင်းရော အပြင်ပါ လန်းဆန်းပေါ့ပါးသွားသလို ခံစားလိုက်ရသည်။
ထို့နောက်တွင်မူ သူမ၏ မိစ္ဆာမြေခွေး သိုင်းဝိညာဉ်သည် အလိုအလျောက် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။
သူမကိုယ်တိုင် ထုတ်ဖော်လိုက်ခြင်း မဟုတ်ဘဲ သိုင်းဝိညာဉ်က သူမ၏ ထိန်းချုပ်မှုအောက်မှ အလိုအလျောက် ရုန်းထွက်လာခြင်း ဖြစ်သည်။
ရှည်လျားလှသော မြေခွေးအော်ဟစ်သံတစ်ခုက ပုပ်ရဟန်းမင်းကြီးနန်းတော်ထက်တွင် ပဲ့တင်ထပ်သွားသည်။
လူတိုင်းကို အံ့အားသင့်စေသည်မှာ ဟူလီနာ့နောက်ကွယ်ရှိ မိစ္ဆာမြေခွေး သိုင်းဝိညာဉ်၏ မူလက သွေးရောင်လွှမ်းသော အနီရောင်အမွေးအမှင်များသည် သိသိသာသာ အရောင်ဖျော့သွားပြီး ကုန်လွန်တောင်မှ နှင်းပွင့်များကဲ့သို့ စင်ကြယ်လှသော၊ မည်သည့်အညစ်အကြေးမျှမရှိသော အဖြူရောင်အမွေးအမှင်များအဖြစ် ပြောင်းလဲလာခြင်းပင်
သူမ၏ စွမ်းအင်အဆင့်အတန်းကလည်း ရူးသွပ်စွာ မြင့်တက်လာနေသည်
အဆင့် ၆၉
အဆင့် ၇၀
အဆင့် ၇၁
ဝိညာဉ်သူတော်စင် အတားအဆီးကို ဖြတ်ကျော်ခြင်းက ဤမျှလောက်အထိ လွယ်ကူစွာ ကြေမွသွားရသည်။
အဆင့် ၇၂
အဆင့် ၇၃
အရရှိန်က ရပ်မသွားသေးဘဲ ဆက်လက်မြင့်တက်နေဆဲပင်
ဂန္ဓာဒိုလော့ ယွဲ့ကွမ်းမှာမူ အံ့ဩလွန်း၍ ပါးစပ်ပင် မစိနိုင်တော့ဘဲ ကြောင်ကြည့်နေမိသည်။ တစ္ဆေဒိုလော့၏ လက်များမှာမူ တစ်ကိုယ်လုံး ထုံကျဉ်သွားရသည့်အတွက် တုန်ရင်ခြင်းပင် ရပ်တန့်သွားရတော့သည်။
ဟူလီနာ့နောက်ကွယ်ရှိ ဆွဲဆောင်မှုရှိသော မြေခွေးပုံရိပ်ကြီးတွင် ယခုအခါ အမြီးငါးချောင်းစလုံး နှင်းကဲ့သို့ ဖြူဆွတ်သွားခဲ့ပြီ ဖြစ်သည်။
ဆဋ္ဌမမြောက်အမြီးကလည်း အရောင်ပြောင်းနေသည်။
သတ္တမမြောက်အမြီးကမူ... စတင်ထွက်ပေါ်လာနေပြီ ဖြစ်သည်။
ရင်ပြင်ပေါ်မှ အံ့ဩတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏
"သတ္တမမြောက်အမြီးထွက်လာပြီ။ သန့်စင်တဲ့မိန်းကလေးရဲ့ သိုင်းဝိညာဉ် ဆင့်ကဲပြောင်းလဲနေပြီ"
ဘီဘီတုန်းသည် အဝေးတစ်နေရာတွင် ရပ်နေရင်း ဒဏ်ရာရထားသော ညာဘက်လက်ကို ဆုပ်ကိုင်ကာ ဟူလီနာ့နောက်ကွယ်တွင် ဖြစ်ပေါ်နေသည့် မြေခွေးပုံရိပ်၏ အသွင်ပြောင်းလဲမှုကို မမှိတ်မသုန် စိုက်ကြည့်နေမိသည်
အမြီးခုနစ်ချောင်း
အမြီးရှစ်ချောင်း
နှင်းကဲ့သို့ ဖြူဆွတ်သော ကိုးမြီးမြောက်အမြီးသည် မြေခွေးပုံရိပ်နောက်ကွယ်တွင် ဖြည်းညှင်းစွာ ဖြန့်ကျက်လာသည့် အခိုက်အတန့်တွင်မူ ဝိညာဉ်မြို့တော်၏ ကောင်းကင်ယံကြီး ရုတ်တရက် အရောင်ပြောင်းသွားပြီး မင်္ဂလာရှိလှသော ရွှေရောင် တိမ်တိုက်ကြီးများ ကောင်းကင်အပြည့် အလိုအလျောက် စုစည်းရောက်ရှိလာကာ မွန်းတည့်နေမင်းကြီးကိုပင် ဖုံးလွှမ်းသွားတော့သည်။
ကိုးမြီးနတ်ဘုရားမြေခွေး
ရှေးဟောင်းချင်းချိုး၏ အထွတ်အထိပ် သွေးမျိုးဆက်သည် နှစ်ပေါင်းသောင်းချီကြာပြီးနောက် ကမ္ဘာမြေပေါ်တွင် တစ်ကျော့ပြန် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်
ဟူလီနာသည် လေထဲတွင် ဝဲပျံနေပြီး သူမ၏ နောက်ကွယ်တွင် နှင်းဖြူရောင် မြေခွေးအမြီးကိုးချောင်းက ဖြည်းညှင်းစွာ လှုပ်ခတ်နေကာ မျက်ခုံးကြားရှိ မြေခွေးအမှတ်အသားမှ တောက်ပလှသော ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည်။
သူမသည် မိမိ၏ လက်ဖဝါးကို ငုံ့ကြည့်လိုက်မိရာ သူမ၏ ဝိညာဉ်စွမ်းအားများက ဆက်လက်မြင့်တက်နေဆဲပင် ဖြစ်တော့သည်။