အခန်း (၅) ကောင်းကင်ဘုံ မင်္ဂလာစေ့စပ်စာလွှာကြောင့် ထန်စန်း၏ ကံတရား ဖိနှိပ်ခံရခြင်း
ဝိညာဉ်မြို့တော်သို့ ရွှေရောင် မင်္ဂလာစေ့စပ်စာလွှာ ရောက်ရှိလာသည့် သတင်းသည် မည်သည့် တိုက်ပွဲသတင်းထက်မဆို ပိုမိုမြန်ဆန်စွာဖြင့် နာရီဝက်ပင်မပြည့်မီ ဝိဉာဉ်နယ်မြေကြီးတစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။
ဝိညာဉ်နန်းတော်၊ အကြီးအကဲများနန်းဆောင်။
ဘွဲ့ခံဝိဉာဉ် ဆယ်ဂဏန်းခန့်သည် ဘေးတစ်ဖက်တစ်ချက်စီတွင် ထိုင်နေကြပြီး ခန်းမကြီးအတွင်းရှိ လေထုမှာ ခဲမဖြူးနိုင်လောက်အောင် လေးလံနေသည်။
ဂန္ဓမာဝိဉာဉ် ယွဲ့ကွမ်းက ပထမဆုံး စကားစတင်လိုက်ရာ သူ၏ အိုမင်းရင့်ရော်လှသော မျက်နှာတွင် ဇဝေဇဝါဖြစ်ခြင်းနှင့် စိတ်ပျက်လက်ပျက်ဖြစ်ခြင်းများ ပြည့်နှက်နေ၏။
"ထိုက်ရွှရကျောင်းတော် ဟုတ်လား။ ရှေးဟောင်းနတ်ဆရာသခင် ဟုတ်လား"
သူသည် လက်ထိုင်ခုံလက်ရန်းကို တဒုန်းဒုန်း ထုနှက်လိုက်ရာ ခန်းမကြီးတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
"ငါ အသက်နှစ်ရာနီးပါး နေလာပြီး ဝိဉာဉ်ကုန်းမြေရဲ့ နေရာအနှံ့ကို လျှောက်သွားခဲ့တာတောင် ထိုက်ရွှရကျောင်းတော်ဆိုတာမျိုး တစ်ခါမှ မကြားဖူးဘူး"
သူသည် ရှိနေကြသော အကြီးအကဲများကို ဝေ့ကြည့်လိုက်ရင်း
"မင်းတို့ထဲကရော နတ်ဆရာသခင် ရှန်ရိချန် ဆိုတဲ့နာမည်ကို ကြားဖူးတဲ့သူ ရှိလား"
ဟု မေးလိုက်သည်။
မည်သူမျှ ပြန်မဖြေကြပေ။
ဝိညာဉ် ကွေ့မေ့သည် သူ၏မျက်နှာချင်းဆိုင်တွင် တစ်ခွန်းမှမပြောဘဲ ထိုင်နေသည်။ ဤအဖိုးကြီးသည် ပုံမှန်အားဖြင့်လည်း သရဲတစ္ဆေကဲ့သို့ အုံ့မှိုင်းပြီး စကားနည်းလှသူဖြစ်သော်လည်း ယနေ့တွင်မူ သူ၏တိတ်ဆိတ်မှုက ပိုမိုတည်ကြည်လေးနက်နေ၏။
တော်တော်ကြာမှ သူက ဖြည်းညှင်းစွာ စကားစပြောလာသည်။
"ကြားဖူးသလား မကြားဖူးဘူးလားဆိုတာ အရေးမကြီးဘူး"
ဝိညာဉ် ကွေ့မေ့၏ အသံမှာ အက်ကွဲပြီး နက်ရှိုင်းလှသည်
"အရေးကြီးတာက အဲဒီစေ့စပ်စာလွှာကနေ ထွက်ပေါ်လာတဲ့ စွမ်းအားပဲ"
သူက ခဏမျှ ရပ်လိုက်ပြီး ခန်းမအတွင်းရှိ လူတိုင်းကို စူးစိုက်ကြည့်လိုက်သည်။
"လူတိုင်းလည်း အဲဒီတုန်းက ခံစားမိမှာပါ။ ထိုကြောက်မက်ဖွယ်ကောင်းတဲ့ ဖိအားကြီး သက်ဆင်းလာချိန်မှာ မင်းတို့ထဲက တစ်ယောက်ယောက် လှုပ်ရှားနိုင်ခဲ့လို့လား"
အကြီးအကဲများနန်းဆောင်အတွင်း ခဏတာ တိတ်ဆိတ်သွားရသည်။
ဤမေးခွန်းကို မည်သူမျှ မဖြေရဲကြပေ။
အဘယ်ကြောင့်ဆိုသော် အဖြေက ရှက်စရာကောင်းလွန်းနေ၍ ဖြစ်သည် မလှုပ်ရှားနိုင်ခဲ့ကြပါ။ ရှိနေသော ဘွဲ့ခံဝိဉာဥ်တစ်ယောက်မှ ထိုဖိအားအောက်တွင် တိုက်ခိုက်နိုင်စွမ်းကို မထိန်းသိမ်းနိုင်ခဲ့ကြပေ။
ကွေ့မေ့က ဆက်ပြောသည်
"အဲဒီစွမ်းအားက တကယ့်ကို ထိတ်လန့်စရာပဲ။ ပုပ်ရဟန်းမင်းကြီးကိုယ်တိုင်တောင် စိုးရိမ်တုန်လှုပ်သွားရတယ်။ ဒီနတ်ဆရာသခင် ရှန်ရိချန်ဆိုတဲ့လူဟာ နတ်ဘုရားအဆင့်အောက်မှာ နံပါတ်တစ်လို့ ပြောလို့ရတယ်"
သူက စကားကို ခေတ္တရပ်ကာ အသံကို အနည်းငယ် နှိမ့်လိုက်ပြီး
"ဒါမှမဟုတ်... နတ်ဘုရားအဆင့်ရဲ့ တံခါးခုံကိုတောင် နင်းမိနေပြီလားမသိဘူး"
ဤစကားများသည် ရေအိုင်သေထဲသို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ ဖြစ်သွားရာ အကြီးအကဲများအားလုံး၏ မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွားကြတော့သည်။
ထျန်းသိုအင်ပါယာ၊ နန်းတော်။
ဧကရာဇ် ရွှေယဲ့သည် နဂါးပလ္လင်ထက်တွင် မတ်မတ်ထိုင်နေပြီး ညီလာခံတစ်ခုလုံး တိတ်ဆိတ်ခြောက်ကပ်နေသည်။
ရွှေရောင် စေ့စပ်စာလွှာသတင်းသည် ဤနေရာသို့လည်း ရောက်ရှိလာခဲ့ပြီဖြစ်ရာ ရှိနေသော လူတိုင်းသည် ဤမယုံကြည်နိုင်စရာ သတင်းအချက်အလက်ကို အသည်းအသန် စဉ်းစားနေကြရသည်။
ဝိညာဉ်နန်းတော်၏ သန့်ရှင်းသောမိန်းမပျိုကို တစ်ယောက်ယောက်က လာပြီး စေ့စပ်ကြောင်းလမ်းတာ ဟုတ်လား။
၎င်းပြင် ကောင်းကင်ဘုံကိုပါ အောင်သွယ်တော်အဖြစ် အသုံးပြုခဲ့တာလား။
ထိုစဉ် မှန်သားမျက်မှန်တပ်ထားသော အသက်လတ်ပိုင်း အမျိုးသားတစ်ဦးသည် ခန်းမကြီး၏ ဘေးတစ်ဖက်မှ ရှေ့သို့ လှမ်းထွက်လာခဲ့သည်။
သူကတော့ ယူရှောင်ကန်း ပင် ဖြစ်သည်။
"အရှင်မင်းကြီး... ကျွန်တော့်မှာ ပြောစရာရှိပါတယ်"
သူသည် သူ၏မျက်မှန်ကို ပင့်တင်လိုက်ပြီး မျက်နှာအမူအရာမှာ ပုံမှန်နူးညံ့သော ပညာရှိတစ်ဦးနှင့်မတူဘဲ တည်ကြည်လေးနက်နေသည်။
"ရှေးဟောင်းမှတ်တမ်းတွေအရတော့ နတ်ဆရာသခင် မျိုးနွယ်စုဆိုတာ ရှေးခေတ်ကာလက တကယ်ပဲ တည်ရှိခဲ့ဖူးပါတယ်"
ညီလာခံတစ်ခုလုံး ဆူညံသွားပြန်သည်။
ယူရှောင်ကန်းက တိတ်ဆိတ်ရန် လက်ကာပြလိုက်ပြီး ဆက်ပြောသည် —
"နတ်ဆရာသခင် မျိုးနွယ်စုဟာ ကောင်းကင်နဲ့ မြေကြီးရဲ့ ကံကြမ္မာအကျိုးအကြောင်းတွေကို ထိန်းချုပ်ပြီး ယင်နဲ့ယန် သဘောတရားကို နားလည်ကြသလို ရှေးဟောင်း ဝိညာဉ်သားရဲဘိုးဘေးတွေနဲ့လည်း ကတိသစ္စာပြုခဲ့ကြတာပါ။ သူတို့ရဲ့ စွမ်းအားဟာ ဝိညာဉ်ကွင်း ဒါမှမဟုတ် ဝိညာဉ်စွမ်းအင်တွေနဲ့ တိုင်းတာလို့မရဘဲ 'တာအို' နိယာမတရားကို အခြေခံထားတာမို့လို့ ခန့်မှန်းရ တကယ့်ကို ခက်ခဲနက်နဲလှပါတယ်"
"နှစ်ပေါင်းသောင်းချီ ကြာပြီးတဲ့နောက်မှာ ဒီမျိုးနွယ်ရဲ့ အဆက်အနွယ်တွေ လောကထဲမှာ ကျန်ရှိနေဦးမယ်လို့ ကျွန်တော် တစ်ခါမှ မထင်ခဲ့မိဘူး"
ခန်းမကြီးအတွင်းရှိ အပူချိန်သည် ဒီဂရီအနည်းငယ်မျှ ကျဆင်းသွားသကဲ့သို့ အေးစိမ့်သွားတော့သည်။
ပင်လယ်နတ်ဘုရားကျွန်း။
ထန်စန်းသည် ပင်လယ်နတ်ဘုရားကျောင်းတော်၏ ဗဟိုတွင် တင်ပလ္လင်ခွေထိုင်နေပြီး တစ်ကိုယ်လုံးကို ရွှေရောင်နတ်ဘုရားအလင်းတန်းများ လွှမ်းခြုံထားသည်။ ပင်လယ်နတ်ဘုရား သုံးခွလှံကြီးသည် သူ၏ရှေ့တွင် ဝဲပျံနေပြီး ခမ်းနားထည်ဝါလှသော နတ်ဘုရားအာဏာစက်များကို ထုတ်လွှတ်နေ၏။
ယခုအခါ ပင်လယ်နတ်ဘုရား၏ အောင်မြင်မှုစတင်ခြင်း ရှစ်ခုမြောက် စမ်းသပ်ချက်ကို လုပ်ဆောင်နေခြင်း ဖြစ်သည်။
သူ၏ ဝိညာဉ်စွမ်းအင်သည် တည်ငြိမ်စွာ တိုးတက်နေပြီး ခန္ဓာကိုယ်ထဲရှိ အပြာရောင်ငွေမင်းသား ဝိညာဉ်နှင့် ပင်လယ်နတ်ဘုရားစွမ်းအားတို့သည် ဖြည်းညှင်းစွာ ပေါင်းစည်းနေကြသည်။
အရာအားလုံးသည် အစီအစဉ်အတိုင်း ချောမွေ့နေခဲ့သော်လည်း ကြိုတင်သတိပေးချက်မရှိဘဲ စူးရှလှသော နာကျင်မှုတစ်ခုက ရုတ်တရက် ရိုက်ခတ်လာခဲ့သည်။
"အင့်"
ထန်စန်းသည် ညည်းတွားလိုက်မိပြီး မျက်ခုံးများကို တင်းတင်းကျပ်ကျပ် တွန့်ချိုးလိုက်သည်။
သူ၏ ခန္ဓာကိုယ်ထဲရှိ အပြာရောင်ငွေမင်းသား ဝိညာဉ်သည် ပြင်းထန်စွာ တုန်ခါသွားပြီး စူးရှပြင်းထန်လှသော နာကျင်မှုတစ်ခုက သူ၏ အခြေခံအုတ်မြစ်ကို ဆွဲဖြဲဖျက်ဆီးပစ်တော့မည့်အတိုင်း ဖြတ်သန်းသွားခဲ့သည်။
တစ်ခုခုတော့ မမှန်တော့ပေ။
သူသည် စိတ်ကို တည်ငြိမ်အောင်ထားပြီး ဤဆန်းကြယ်သော အပြောင်းအလဲ၏ အရင်းအမြစ်ကို အာရုံခံရန် ကြိုးစားလိုက်သည်။
ထူးဆန်းသော မလုံခြုံမှုမျိုးက ရင်ထဲတွင် တိုးဝှေ့လာပြီး အတိအကျ မပြောနိုင်သော်လည်း သူ၏ အရေးကြီးလှသော အရာတစ်ခုခုက လက်ထဲမှ လျှောကျပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သူ့ရဲ့ ကံတရားက... ဖိနှိပ်ချုပ်ချယ်ခံလိုက်ရတာလား။
ထိုစဉ် ကျောင်းတော်အပြင်ဘက်မှ ကပျာကယာ ပြေးဝင်လာသော ခြေသံများကို ကြားလိုက်ရသည်။
ပင်လယ်နတ်ဘုရားကျွန်းမှ တပည့်တစ်ဦးသည် တံခါးဝတွင် ဒူးထောက်လိုက်ပြီး တုန်ရင်နေသော အသံဖြင့် ကြေညာသည်
"ဝိညာဉ်မြို့တော်ဆီကနေ အရေးပေါ် သတင်း ရောက်ရှိလာပါတယ်"
ထန်စန်း မျက်လုံးများကို ဖွင့်လိုက်သည်။
သတင်း၏ အကြောင်းအရာအားလုံးကို နားထောင်ပြီးသွားသည့်နောက်တွင်မူ
ကောင်းကင်က ကျလာသည့် ရွှေရောင်မင်္ဂလာစေ့စပ်စာလွှာ၊ ထိုက်ရွှရကျောင်းတော်မှ နတ်ဆရာသခင် ရှန်ရိချန်က ကောင်းကင်ဘုံကို အောင်သွယ်တော်ပြုကာ မင်္ဂလာစေ့စပ်လက်ဆောင် တစ်ဆယ့်ရှစ်သွယ်ဖြင့် ဟူလီနာကို စေ့စပ်ကြောင်းလမ်းခြင်း စသည့် အကြောင်းအရာများကြောင့် သူသည် အတော်ကြာအောင် တိတ်ဆိတ်သွားရသည်။
သူသည် နတ်ဆရာသခင် ရှန်ရိချန်ကို မသိသော်လည်း မိမိ၏ ကံတရားသည် မမြင်နိုင်သော စွမ်းအားတစ်ခု၏ ဖိနှိပ်ခြင်းကို ခံလိုက်ရကြောင်း အသေအချာ ခံစားနေရသည်။
ကျင့်ကြံခြင်းနှုန်းသည် နှေးကွေးသွားခဲ့ပြီဖြစ်ရာ ၎င်းသည် အမြင်မှားခြင်း လုံးဝမဟုတ်ပေ။
"စီနီယာ ပိုဆိုင်းဒွန်..."
သူသည် မတ်တပ်ရပ်လိုက်ပြီး ပင်လယ်နတ်ဘုရားကျောင်းတော်၏ အနက်ရှိုင်းဆုံးနေရာဆီသို့ လှည့်ကြည့်လိုက်သည်။
အလင်းတန်းများထဲမှ ရွှေရောင်ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ပိုဆိုင်းဒွန်သည် ပင်လယ်နတ်ဘုရားကျွန်း၏ အစောင့်အရှောက်ဖြစ်ပြီး ဘွဲ့ခံဝိဉာဥ်လောကတွင် အထွတ်အထိပ် ရောက်နေသော ကျွမ်းကျင်သူကြီး ဖြစ်သည်။
သူမသည်လည်း ဤသတင်းကို သိရှိပြီးဖြစ်ကြောင်း ထင်ရှားနေသည်၊ အဘယ်ကြောင့်ဆိုသော် သူမ၏ မျက်နှာသည် ယခင်ကထက် ပိုမိုဖြူလျော်နေသောကြောင့် ဖြစ်သည်။
"ထန်စန်း... ငါပြောတာကို သေချာနားထောင်ပါ"
ပိုဆိုင်းဒွန်၏ အသံသည် ထူးခြားစွာ တည်ကြည်လေးနက်နေသည်
"နတ်ဆရာသခင် မျိုးနွယ်စုဆိုတာ နတ်ဘုရားလောကက နတ်ဘုရားတွေတောင် သတိထားရတဲ့ စွမ်းအားစုမျိုးပဲ"
ထန်စန်း အနည်းငယ် အသက်ရှူမှားသွားသည်။
ပိုဆိုင်းဒွန်က သူ၏မျက်ဝန်းများကို စူးစိုက်ကြည့်ပြီး တစ်လုံးချင်း ပြတ်သားစွာ ပြောလိုက်သည်
"အဲဒီ နတ်ဆရာသခင် ရှန်ရိချန်ကို ဘယ်တော့မှ သွားပြီး မဆွမိပါစေနဲ့၊ မဟုတ်ရင် ဖြစ်လာမယ့် အကျိုးဆက်ကို ခန့်မှန်းလို့ရမှာ မဟုတ်ဘူး"
စတားဒိုးတောအုပ်ကြီး၊ သက်စောင့်ရေအိုင်။
ရေပြင်ပေါ်တွင် အလင်းပြန်မှုများ လှုပ်ခတ်နေပြီး ကြီးမားလှသော သားရဲကြီးနှစ်ကောင်၏ ပုံရိပ်သည် ကမ်းစပ်တွင် ရပ်နေကြသည်။
ကောင်းကင်ပြာနဂါးစုန်းမြွေ တာမင်သည် သူ၏ကြီးမားလှသော ဦးခေါင်းကြီးကို မြှောက်ကာ ဝိညာဉ်မြို့တော်ရှိရာ အရပ်ဆီသို့ မော့ကြည့်နေပြီး သူ၏မျက်လုံးများထဲတွင် ရှုပ်ထွေးလှသော အလင်းတန်းများ ပြည့်နှက်နေ၏။
"ငါ ခံစားလိုက်ရတယ်"
သူ၏အသံသည် နက်ရှိုင်းပြီး ရေပြင်တစ်ခုလုံး လှိုင်းထသွားစေသည်
"ရှေးဟောင်းနတ်ဆရာသခင်ရဲ့ အငွေ့အသက်... ပြီးတော့ ချင်းချိုးမြေခွေးမျိုးနွယ်စုရဲ့ သွေးမျိုးဆက် လှုပ်ခတ်မှုပဲ"
သူ့ဘေးတွင် ရပ်နေသော တိုက်တန်းနတ်ဘုရားမျောက်ဝံ အာမင်ကမူ သူ၏ဦးခေါင်းကို ကုတ်ရင်းဖြင့် စိုးရိမ်တုန်လှုပ်နေသော အသံဖြင့် မေးသည်
"အဲဒီ တာအိုဆရာက... ငါတို့ စတားဒိုးတောအုပ်ကြီးအတွက် ခြိမ်းခြောက်မှု ဖြစ်လာနိုင်မလား"
တာမင်သည် တော်တော်ကြာအောင် စဉ်းစားပြီးမှ ဖြည်းညှင်းစွာ ခေါင်းခါပြလိုက်သည်။
"ပြောရခက်တယ်၊ ဒါပေမဲ့ သူက ဟူလီနာကို ရွေးချယ်ခဲ့တာဆိုတော့ ကုန်းမြေကြီးပေါ်က ပဋိပက္ခတွေထဲကို လွယ်လွယ်နဲ့ ဝင်ပါမှာ မဟုတ်လောက်ပါဘူး"
"မပါလောက်ဘူး ဟုတ်လား"
အာမင်က နှာမှုတ်လိုက်ရာ ဤကဲ့သို့ မရေရာသော အဖြေအပေါ် မကျေနပ်ကြောင်း သိသာထင်ရှားနေသည်။
တာမင်ကမူ ဆက်၍ တိတ်ဆိတ်နေခဲ့ပြီး သူ၏မျက်ဝန်းအစုံထဲတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်အချို့ ဖြတ်ပြေးသွားသည်။
ရှေးဟောင်းနတ်ဆရာသခင် ပေါ်ထွက်လာခြင်းသည် ကုန်းမြေကြီး၏ အခြေအနေကို အကြီးအကျယ် ပြောင်းလဲသွားစေတော့မည် ဖြစ်သည်။
နှစ်ပေါင်းသောင်းချီ နေထိုင်လာခဲ့ကြသော ဤရှေးဟောင်း သတ္တဝါကြီးများ လုပ်နိုင်သည်မှာ အခြေအနေကို စောင့်ကြည့်ရန်သာ ရှိတော့သည်။
ဝိညာဉ်မြို့တော်၊ ပုပ်ရဟန်းမင်းကြီးနန်းတော် အတွင်းပိုင်း။
အကြီးအကဲများ ထွက်ခွာသွားကြပြီးနောက် ကျယ်ဝန်းလှသော ခန်းမကြီးထဲတွင် လူနှစ်ဦးသာ ကျန်ရှိတော့သည်။
ဘီဘီတုန်းသည် ဟူလီနာ့ရှေ့တွင် ရပ်နေပြီး သူမ၏မျက်ခုံးကြားရှိ ခရမ်းဖျော့ရောင် ကိုးမြီးမြေခွေးအမှတ်အသားကို စူးစိုက်ကြည့်နေမိသည်မှာ တော်တော်ကြာခဲ့ပြီ ဖြစ်သည်။
ဟူလီနာသည် ဆရာဖြစ်သူ၏ အကြည့်အောက်တွင် အလွန်တရာ နေရခက်လှသည်ဟု ခံစားနေရ၏။
ပေါ်လာကတည်းက ထိုမြေခွေးအမှတ်အသားသည် သူမ၏ မျက်ခုံးကြားတွင် အနည်းငယ် နွေးထွေးနေပြီး သူမ၏ ဝိညာဉ်နှင့် သက်ရှိတစ်ခုကဲ့သို့ ပဲ့တင်ထပ်နေခြင်း ဖြစ်သည်။
သူမသည် ဝိညာဉ်စွမ်းအင်များကို သုံးပြီး ထိုအရာကို ဖယ်ရှားရန် ကြိုးစားခဲ့သလို စိတ်အသိဖြင့်လည်း ဖိနှိပ်ရန် ကြိုးစားခဲ့သော်လည်း မည်သို့မျှ မအောင်မြင်ခဲ့ပေ။
ဤအရာသည် သူမ၏ ကိုယ်ပေါ်တွင် အမြစ်တွယ်ကပ်ညှိသွားခဲ့ပြီ ဖြစ်သည်။
"ဆရာ... ကျွန်မ......."
"ဒီမြေခွေးအမှတ်အသားက..."
ဘီဘီတုန်းက သူမ၏စကားကို ဖြတ်ပြောလိုက်ရာ စကားလုံးများထဲတွင် ရှုပ်ထွေးလှသော ခံစားချက်များ ပါဝင်နေသည်
"မင်းရဲ့ ဝိညာဉ်နဲ့ အပြည့်အဝ ပေါင်းစည်းသွားပြီ"
ဟူလီနာ့ ခန္ဓာကိုယ်လေး တောင့်တင်းသွားရသည်။
ဘီဘီတုန်းသည် လက်ကို ဆန့်ထုတ်လိုက်ပြီး ဟူလီနာ့နဖူးထက်တွင် ဝဲပျံကာ မြေခွေးအမှတ်အသားမှ ထွက်ပေါ်နေသော အငွေ့အသက်များကို အာရုံခံကြည့်လိုက်ရာ ဆန်းပြား၊ ညင်သာသော်လည်း ခန့်မှန်းရ ခက်ခဲနက်နဲလှကြောင်း သိလိုက်ရသည်။
သူမ လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။
"မင်း ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ နာနာ... မင်းကတော့ အဲဒီ နတ်ဆရာသခင် ရှန်ရိချန်နဲ့ ပတ်သက်သွားခဲ့ပြီ"
ဟူလီနာသည် လက်သည်းများ လက်ဖဝါးထဲ စိုက်ဝင်မတတ် လက်သီးကို တင်းတင်းဆုပ်ထားမိသည်။
"ဆရာ... ကျွန်မ ဘာဆက်လုပ်ရမလဲဆိုတာ မသိတော့ဘူး"
"ဒီကိစ္စက..."
ဘီဘီတုန်းက သူမကို ကြည့်လိုက်ရာ မျက်ဝန်းထဲတွင် သနားဂရုဏာသက်ခြင်း၊ စိုးရိမ်ပူပန်ခြင်းများနှင့်အတူ သူမ၏ဆရာ့မျက်ဝန်းထဲတွင် တစ်ခါမှ မမြင်ဖူးခဲ့သော အရာတစ်ခုဖြစ်သည့် အားကိုးရာမဲ့မှု အရိပ်အယောင်များ ပြည့်နှက်နေတော့သည်
"လွယ်လွယ်နဲ့ ဖြေရှင်းလို့ရမယ့် ကိစ္စမျိုး မဟုတ်ဘူးထင်တယ် နာနာ..."