အခန်း (၃) ကောင်းကင်ဘုံက အောင်သွယ်တော်ပြုပြီး မင်္ဂလာစေ့စပ်လက်ဆောင် တစ်ဆယ့်ရှစ်သွယ်အဖြစ် ကံတရားတို့ စုစည်းလာခြင်း
သာသနာပြုအရာရှိ၏ ကြောက်လန့်တကြား အော်ဟစ်သံကို ကြားလိုက်ရချိန်တွင် ဘီဘီတုန်း၊ ဟူလီနာနှင့် ရှဲ့ယွဲ့တို့ သုံးဦးစလုံး၏ မျက်နှာအမူအရာများ တစ်ပြိုင်နက်တည်း အကြီးအကျယ် ပြောင်းလဲသွားတော့သည်။
"ရွှေရောင် အလင်းတန်း ဟုတ်လား"
ဘီဘီတုန်း၏ ရင်ထဲတွင် ဒိန်းကနဲ ဖြစ်သွားသည်။ သူမ ဘာမှ ထပ်မစဉ်းစားနိုင်တော့ဘဲ ကိုယ်ရောင်ဖျောက်ကာ ပုပ်ရဟန်းမင်းကြီးနန်းတော်၏ အပြင်ဘက်သို့ ချက်ချင်း ရောက်ရှိသွားတော့သည်။
ဟူလီနာနှင့် ရှဲ့ယွဲ့တို့ကလည်း နောက်ကနေ ထပ်ချပ်မကွာ လိုက်ပါလာကြပြီး သုံးဦးသား ဝိညာဉ်မြို့တော်၏ ကောင်းကင်ယံသို့ ပြိုင်တူ မော့ကြည့်လိုက်ကြ၏။
ဘီဘီတုန်းကဲ့သို့ စိတ်ဓာတ်ကြံ့ခိုင်လှသူပင် ကောင်းကင်ကို တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် မျက်သူငယ်အိမ်များ စူးရှစွာ ကျုံ့ဝင်သွားရသည်။
မိုင်ပေါင်းထောင်ချီ တိမ်တစ်စမရှိဘဲ ကြည်လင်နေခဲ့သော ကောင်းကင်ကြီးသည် မမြင်နိုင်သော ဘီလူးသရဲလက်ဝါးကြီးတစ်ခုက ဆွဲဖြဲဖျက်ဆီးပစ်လိုက်သကဲ့သို့ ကြောက်မက်ဖွယ်ရာ အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်နေသည်။
ထိုအရာသည် အဆုံးမရှိ မှောင်မိုက်နက်ရှိုင်းလှသော အာကာသအက်ကွဲကြောင်းကြီးတစ်ခုဖြစ်ပြီး အခြားမသိရသေးသော ကမ္ဘာတစ်ခုသို့ ဦးတည်နေသကဲ့သို့ပင်။
ထိုအခိုက်အတန့်တွင် အဆုံးမဲ့လှသော ရွှေရောင် နတ်ဘုရားအလင်းတန်းများသည် ကိုးထပ်ကောင်းကင်ဘုံမှ မြစ်မင်းကြီး ပြောင်းပြန်စီးဆင်းလာသကဲ့သို့ အက်ကွဲကြောင်းကြီးထဲမှ လျှံကျလာကာ ခမ်းနားထည်ဝါလှသော ဝိညာဉ်မြို့တော်တစ်ခုလုံးကို လှပဆန်းကြယ်သော အလင်းရောင်များဖြင့် လွှမ်းခြုံထားတော့သည်။
"ဒါ... ဒါက ဘယ်လို စွမ်းအားမျိုးလဲ"
ရှဲ့ယွဲ့၏ မျက်နှာတစ်ခုလုံး ခက်ထန်သွားသည်။ ထိုရွှေရောင် အလင်းတန်း၏ ရိုက်ခတ်မှုအောက်တွင် သူ၏ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင်များသည် အချိန်မရွေး ခဲပိတ်သွားတော့မည့်အတိုင်း အလွန်တရာ တုံ့ဆိုင်းနှေးကွေးသွားရသည်။
ဘီဘီတုန်းကမူ ပြန်မဖြေအားပေ။ သူမ၏ မျက်နှာအမူအရာသည် ယခင်ကထက် ပိုမိုတည်ကြည်လေးနက်နေသည်။
သူမ၏ ရာခရှာနတ်ဘုရားစွမ်းအင်များသည် ထိုဖိအားကို တွန်းလှန်ရန်အတွက် အလိုအလျောက် နိုးကြွလာခဲ့သော်လည်း ဤရွှေရောင် အလင်းတန်းကြီး၏ ရှေ့မှောက်တွင်မူ သူမ၏ နတ်ဘုရားစွမ်းအားသည် သမုဒ္ဒရာကြီးနှင့် တွေ့ဆုံလိုက်ရသော စမ်းချောင်းငယ်လေးတစ်ခုကဲ့သို့ အလွန်သေးငယ်လွန်းနေကြောင်း သိလိုက်ရသည်။
ထိုစဉ် အာကာသအက်ကွဲကြောင်းကြီးထဲမှ လုံးဝ ရွှေရောင်သန်းနေသော ရှေးဟောင်းစာလွှာလိပ်ကြီးတစ်ခု ဖြည်းညှင်းစွာ သက်ဆင်းလာခဲ့သည်။
စာလွှာ၏ အနားသတ်များတွင် လက်ရာမြောက်ဆန်းကြယ်လှသော ကိုးမြီးမြေခွေးပုံစံများကို ထုဆစ်ထားသည်။ ရွှေရောင်အလင်းအောက်တွင် ထိုပုံစံများသည် သက်ရှိထင်ရှား ဖြစ်လာသကဲ့သို့ စာလွှာပေါ်တွင် အဆက်မပြတ် လှုပ်ရှားလင်းလက်နေပြီး ရင်သပ်ရှုမောဖွယ်ရာ ဝိညာဉ်အငွေ့အသက်များကို ထုတ်လွှတ်နေ၏။
ဝူး...........
စာလွှာ သက်ဆင်းလာသည်နှင့်အမျှ ယခင်ကထက် အဆပေါင်းရာချီ ပြင်းထန်လှသော ကြောက်မက်ဖွယ်ရာ ဖိအားတစ်ခုသည် ဝိညာဉ်မြို့တော်တစ်ခုလုံးကို ချက်ချင်း လွှမ်းမိုးသွားတော့သည်။
ဤဖိအားသည် ညင်သာသော်လည်း အာခံ၍မရသော အထွတ်အထိပ် ဆန္ဒတစ်ခုကို သယ်ဆောင်လာရာ ကောင်းကင်နှင့် မြေကြီး၏ အလိုဆန္ဒကိုယ်တိုင် သက်ဆင်းလာသကဲ့သို့ပင်။
"အား..."
ဝိညာဉ်မြို့တော်အတွင်းရှိ မရေမတွက်နိုင်သော ဝိညာဉ်ဆရာများသည် နာကျင်စွာဖြင့် ညည်းတွားလိုက်ကြရသည်။
တိရစ္ဆာန်ဝိညာဉ်ကို ပိုင်ဆိုင်ထားကြသော ဝိညာဉ်ဆရာများသည် မိမိတို့၏ ဝိညာဉ်နက်ရှိုင်းရာ အောက်ခြေမှနေ၍ မတွန်းလှန်နိုင်သော တုန်ယင်မှုကို ခံစားလိုက်ရသည်။ ၎င်းသည် သက်ရှိအဆင့်အတန်း ကွာခြားမှုကြောင့် ဖြစ်ပေါ်လာသော အကြွင်းမဲ့ ဖိနှိပ်မှုမျိုး ဖြစ်သည်။
အထူးသဖြင့် မြေခွေးအမျိုးအစား ဝိညာဉ်များကို ပိုင်ဆိုင်ထားကြသော ဝိညာဉ်ဆရာများမှာမူ အော်ပင်မအော်နိုင်တော့ဘဲ ခြေထောက်များ ပျော့ခွေသွားကြရသည်။
သူတို့အနက်မှ အများစုမှာ ဘုန်းဘုန်းလဲလျက် ဒူးထောက်ကျသွားကြပြီး တစ်ကိုယ်လုံးမှာလည်း ဘာမှန်းမသိ တုန်ခါနေကာ မျက်ဝန်းထဲတွင်မူ အခြေခံအကျဆုံးသော ကြောက်ရွံ့ရိုသေမှုနှင့် နာခံမှုများ ပြည့်နှက်နေတော့သည်။
ဘွဲ့ခံဝိဉာဥ်အဆင့်ရှိသော ကျွမ်းကျင်သူကြီးများပင် မျက်နှာများ နီမြန်းနေကြပြီး ဝိညာဉ်စွမ်းအင်များကို အတင်းအကျပ် ထုတ်လွှတ်ကာ မလဲကျအောင် အသည်းအသန် ထိန်းထားကြရသည်။
သူတို့၏ အသက်ရှူသံများ အလွန်မြန်ဆန်လာပြီး ထိတ်လန့်တုန်လှုပ်စွာဖြင့် ကောင်းကင်ယံသို့ မော့ကြည့်နေကြ၏။
သာမန် ဝိညာဉ်ဆရာများမှာမူ ထိုဖိအားကြောင့် မြေပြင်ပေါ်သို့ ပြားပြားဝပ် လဲကျနေကြပြီး မတ်တပ်ရပ်ရန်ပင် ခွန်အားမရှိကြတော့ပေ။
မြို့ထဲရှိ သာမန်လူသားများမှာမူ ဤဆန်းကြယ်သော မြင်ကွင်းကို ကြည့်ပြီး လုံးဝ မှင်တက်နေကြသည်။ သူတို့သည် ဝိညာဉ်ဆရာများ ခံစားနေရသော ကြောက်မက်ဖွယ်ရာ ဖိအားမျိုးကို မခံစားရဘဲ သန့်ရှင်းမွန်မြတ်လှသော အလင်းတန်းအောက်တွင် ရေချိုးနေရသကဲ့သို့ ခံစားနေရခြင်း ဖြစ်သည်။
ခဏချင်းတွင်ပင် မရေမတွက်နိုင်သော လူသားများသည် ဒူးထောက်ကာ လက်အုပ်ချီလျက် ကောင်းကင်ကြီးထံ ဆုတောင်းမေတ္တာ ပို့သနေကြတော့သည်။
"အံ့ဖွယ်နိမိတ်ပဲ ဒါဟာ ဧကန်အမှန် အံ့ဖွယ်နိမိတ်ပဲ"
"နတ်ဘုရားတစ်ပါး ဝိညာဉ်မြို့တော်ကို သက်ဆင်းလာပြီ"
ပုပ်ရဟန်းမင်းကြီးနန်းတော်၏ ရှေ့တွင်မူ ဘီဘီတုန်း၏ မျက်နှာသည် အလွန်အမင်း ဖြူလျော်နေသည်။
သူမသည် ဖြည်းညှင်းစွာ သက်ဆင်းလာသော ရွှေရောင် စာလွှာကြီးကို စူးစိုက်ကြည့်နေပြီး သူမ၏ ရင်ထဲတွင်လည်း လှိုင်းတံပိုးများ ထန်နေသကဲ့သို့ ခံစားချက်များ ဗြောင်းဆန်နေ၏။
ဒါက ဘာလဲ။
ဘယ်လိုဖြစ်လို့ ဒီလောက် ကြောက်စရာကောင်းတဲ့ ကောင်းကင်နိမိတ်မျိုးကို ဖြစ်ပေါ်စေနိုင်ရတာလဲ။
ဤဖိအားသည် သူမ၏ နားလည်နိုင်စွမ်းထက် များစွာ ကျော်လွန်နေပြီး သူမ အာရုံခံဖူးသမျှ ရာခရှာနတ်ဘုရား၏ အသိစိတ်ဝိညာဉ်စွမ်းအားထက်ပင် ပိုမို ကြောက်မက်ဖွယ်ကောင်းနေသည်။
ထိုစဉ် လူတိုင်း၏ စောင့်ကြည့်နေမှုအောက်တွင် ရွှေရောင် မင်္ဂလာစေ့စပ်စာလွှာကြီးသည် လေထုထဲ၌ ဖြည်းညှင်းစွာ ပွင့်ဟလာခဲ့သည်။
ချက်ချင်းဆိုသလိုပင် ကြီးကျယ်ခမ်းနားပြီး တည်ကြည်လှသော ရှေးဟောင်းကျမ်းစာ ရွတ်ဖတ်သံကြီးတစ်ခုသည် ကောင်းကင်နှင့် မြေကြီးကြားတွင် ဘယ်ကမှန်းမသိ ထွက်ပေါ်လာပြီး ပဲ့တင်ထပ်သွားတော့သည်။
ထိုအသံသည် ရှေးဦးကမ္ဘာဦးကာလမှ လာသကဲ့သို့ အဆုံးမရှိသော အချိန်နှင့် အာကာသကို ဖြတ်သန်းကာ ဝိညာဉ်မြို့တော်ရှိ လူတိုင်း၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိလာသည်။
ပို၍ ထူးခြားသည်မှာ တည်ကြည်လှသော ရွတ်ဖတ်သံများကြားတွင် စိတ်ဝိညာဉ်ကို ထိုးဖောက်သွားနိုင်သည့် စူးရှကြည်လင်သော မြေခွေးအော်သံများပါ လျှံထွက်နေခြင်း ဖြစ်သည်။
မြေခွေးအော်သံကို ကြားလိုက်ရချိန်တွင် ဟူလီနာ၏ နူးညံ့သော ခန္ဓာကိုယ်လေးသည် ပြင်းထန်စွာ တုန်ရင်သွားရသည်။ သူမ၏ ခန္ဓာကိုယ်ထဲရှိ မိစ္ဆာမြေခွေး ဝိညာဉ်သည် ဆူပွက်လာပြီး မထိန်းချုပ်နိုင်ဘဲ ဝပ်စင်းအလေးပြုချင်စိတ်များ တားမရဆွဲမရ ဖြစ်ပေါ်လာ၏။
ထို့နောက်တွင်မူ ခမ်းနားလှသော အသံကြီးသည် စာလွှာပေါ်ရှိ အကြောင်းအရာများကို စတင်ဖတ်ကြားလေတော့သည်။
စကားလုံးတိုင်းသည် ကောင်းကင်ဘုံ၏ အမိန့်တော်ကဲ့သို့ပင် ငြင်းပယ်၍မရသော နက်နဲသည့် နိယာမတရားများ ပါဝင်နေသည်။
"ငါကတော့ ထိုက်ရွှရကျောင်းတော်ရဲ့ အရှင်သခင်၊ ရှေးဟောင်းနတ်ဆရာသခင်... နတ်ဆရာသခင် ရှန်ရိချန် ဖြစ်တယ်"
အသံသည် မကျယ်လောင်သော်လည်း လူတိုင်း၏ စိတ်ဝိညာဉ်အောက်ခြေအထိ ရှင်းလင်းစွာ ထိုးဖောက် ပဲ့တင်ထပ်သွားသည်။
"ရှေးဟောင်း ချင်းချိုးကတိသစ္စာအတိုင်း ကောင်းကင်ဘုံကို အောင်သွယ်တော်ပြုလို့ မြေခွေးမျိုးနွယ်စုကို သက်သေအရာတည်ပြီး ငါတို့ဟာ ဝိညာဉ်နန်းတော်ရဲ့... သန့်ရှင်းသောမိန်းမပျို ဟူလီနာကို ငါ့ရဲ့ ကျင့်ကြံဖော်အဖြစ် ရွေးချယ်တယ်"
ဝုန်း...........
ဤစကားကို ကြားလိုက်ရချိန်တွင် ပုပ်ရဟန်းမင်းကြီးနန်းတော်ရှေ့ရှိ လူတိုင်းနှင့် ဝိညာဉ်မြို့တော်တစ်ခုလုံးရှိ လူအားလုံး၏ ဦးနှောက်များ လုံးဝ ဗလာဖြစ်သွားကြရသည်။
ဘာလဲ။
ထိုက်ရွှရကျောင်းတော်ရဲ့ အရှင်သခင် ရှေးဟောင်းနတ်ဆရာသခင်
ဝိညာဉ်နန်းတော်ရဲ့ သန့်ရှင်းသောမိန်းမပျိုကို လာပြီး စေ့စပ်ကြောင်းလမ်းတာလား။
ဘီဘီတုန်းသည် မှင်တက်သွားပြီးနောက် ဘေးနားတွင် ကြောင်အမ်းအမ်းဖြစ်နေသော ဟူလီနာ့ထံသို့ ချက်ချင်း လှည့်ကြည့်လိုက်သည်။
ထိုကြီးကျယ်လှသော အသံကြီးကမူ မည်သူ့ကိုမျှ စဉ်းစားချိန်မပေးဘဲ ဆက်လက် ကြေညာနေဆဲပင်။
"ကောင်းကင်နဲ့ မြေကြီးက စုစည်းပေးတဲ့ မင်္ဂလာစေ့စပ်လက်ဆောင် တစ်ဆယ့်ရှစ်သွယ်ဟာ ငါတို့ရဲ့ ကျင့်ကြံဖော်ကို ဂုဏ်ပြုဖို့ အရှေ့အရပ်ကနေ လာနေပြီ"
"မင်္ဂလာစေ့စပ်ပွဲ အခမ်းအနား ပြီးဆုံးတာနဲ့ ငါကိုယ်တိုင် ဝိညာဉ်မြို့တော်ကို လာပြီး ကျင့်ကြံဖော်နဲ့ မင်္ဂလာဆောင်ကာ ငါတို့ရဲ့ ထာဝရပေါင်းစည်းခြင်းကို သက်သေတည်မယ်"
နောက်ဆုံးတွင် ထိုအသံသည် ပြုံးယောင်လေး သန်းနေသကဲ့သို့ ရှိနေပြီး နူးညံ့သော်လည်း အလွန်အမင်း အာဏာစက်ပြင်းထန်လှသော စကားတစ်ခွန်းအဖြစ် ပြောင်းလဲကာ ဟူလီနာ့စိတ်ထဲသို့ တိုက်ရိုက် ရောက်ရှိလာတော့သည်။
"ဟူလီနာ... သင့်တော်တဲ့ အချိန်ကိုသာ စောင့်နေပါ"
စကားဆုံးသည်နှင့်အမျှ ကမ္ဘာပေါ်ရှိ ခမ်းနားလှသော ကျမ်းစာရွတ်ဖတ်သံများနှင့် မြေခွေးအော်သံများ သည် ဖြည်းညှင်းစွာ ကွယ်ပျောက်သွားတော့သည်။
လောကကြီးကို တုန်လှုပ်စေခဲ့သော သတင်းများကို ကြေညာခဲ့သည့် ရွှေရောင် မင်္ဂလာစေ့စပ်စာလွှာကြီးသည် လေထဲတွင် ညင်သာစွာ ဝဲပျံလျက် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ဟူလီနာ့ဦးခေါင်းထက်သို့ တည့်တည့်မတ်မတ် သက်ဆင်းလာခဲ့သည်။
၎င်းသည် ထိုနေရာတွင် ဝဲပျံနေပြီး နူးညံ့ကာ ချဉ်းကပ်ရလွယ်ကူသော ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်လျက် သူမ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံထား၏။
ချက်ချင်းပင် မြို့ထဲရှိ ဝိညာဉ်ဆရာအားလုံးကို အသက်ရှူကျပ်စေခဲ့သော ကြောက်မက်ဖွယ်ရာ ဖိအားကြီးသည်လည်း သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။
ပုပ်ရဟန်းမင်းကြီးနန်းတော်ရှေ့ရှိ ရင်ပြင်တစ်ခုလုံးတွင် သေမတတ် တိတ်ဆိတ်မှုမျိုး လွှမ်းမိုးသွားသည်။
လူတိုင်းသည် ဤမယုံကြည်နိုင်စရာကောင်းလှသော မြင်ကွင်းကို ကြည့်ပြီး မျက်နှာများတွင် မင်သက်ခြင်းများ ပြည့်နှက်နေကြ၏။
ကောင်းကင်ဘုံကို အအောင်သွယ်တော်ပြုတယ်
မြေခွေးမျိုးနွယ်စုကို သက်သေအရာတည်တယ်
ပြီးတော့... ကောင်းကင်နဲ့ မြေကြီးက စုစည်းပေးတဲ့ မင်္ဂလာစေ့စပ်လက်ဆောင် တစ်ဆယ့်ရှစ်သွယ် ဟုတ်လား။
ဒါ... ဒါက နတ်ဘုရားတစ်ပါး သက်ဆင်းလာတာထက်တောင် ပိုပြီး ဆန်းကြယ်လွန်းနေသေးသည်။
ဝိညာဉ်နန်းတော်၏ သန့်ရှင်းသောမိန်းမပျိုကို ဤမျှ အာဏာစက်ပြင်းထန်ပြီး မယုံကြည်နိုင်စရာကောင်းသော နည်းလမ်းဖြင့် လာရောက် စေ့စပ်ကြောင်းလမ်းမည့်သူ ရှိလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။
ဤအရာသည် စေ့စပ်ကြောင်းလမ်းရုံသာ မဟုတ်ဘဲ တစ်ကမ္ဘာလုံးကို ကြေညာလိုက်ခြင်း ဖြစ်သည်။
သူက ဝိဉာဉ်ကုန်းမြေတစ်ခုလုံးကို ဟူလီနာသည် သူ၏မိန်းမဖြစ်ကြောင်း ရဲရဲဝံ့ဝံ့ ကြေညာလိုက်ခြင်းပင်။
ရှဲ့ယွဲ့သည် ရွှေရောင် အလင်းတန်းအောက်တွင် လွှမ်းခြုံခံထားရသော သူ၏ညီမလေးကို ကြည့်ပြီး ပါးစပ်အဟောင်းသားနှင့် စကားတစ်ခွန်းမျှ မပြောနိုင်တော့ပေ။
သူသည် ဒေါသထွက်ချင်သည်၊ အော်ဟစ်ချင်သည်၊ နတ်ဆရာသခင် ရှန်ရိချန် ဆိုသောသူက ဘယ်သူလဲဟု မေးခွန်းထုတ်ချင်သော်လည်း သူ၏စိတ်ဝိညာဉ်အောက်ခြေတွင် ကျန်ရှိနေသေးသော ဖိအားအငွေ့အသက်များကြောင့် တွန်းလှန်လိုစိတ် အနည်းငယ်မျှပင် မမွေးမြူနိုင်ရှာပေ။
ဘီဘီတုန်း၏ ရင်ဘတ်သည် ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ သူမသည် ဟူလီနာ့ဦးခေါင်းထက်တွင် ရှိနေပြီး မြင့်မြတ်လှသော တာအိုအငွေ့အသက်များ ထွက်ပေါ်နေသည့် စေ့စပ်စာလွှာကို စူးစိုက်ကြည့်နေရင်း မျက်ဝန်းထဲတွင် အံ့ဩခြင်း၊ ဒေါသထွက်ခြင်းနှင့် ကြောက်ရွံ့ခြင်းစသည့် ရှုပ်ထွေးလှသော ခံစားချက်များ ယှက်နွယ်နေတော့သည်။
ဤဖြစ်ရပ်အားလုံး၏ ဗဟိုချက်မတွင် ရှိနေသော ဟူလီနာကိုယ်တိုင်မှာမူ လုံးဝ တွေဝေငေးငိုင်နေခဲ့ပြီ ဖြစ်သည်။
သူမ၏ ရင်ဘတ်တစ်ခုလုံးသည် ဗြောင်းဆန်နေပြီး လုံးဝ ဗလာဖြစ်နေတော့သည်။