အခန်း (၁၉) တိုက်ကွက်တစ်ခုတည်းဖြင့် ထန်စန်း၏ မာန်မာနကို ရိုက်ချိုးခံရခြင်း
ထန်ဟောက်၏ ဝိညာဉ်ကွင်းများက ဆက်လက်ကွဲအက်နေဆဲ ဖြစ်သည်။
တတိယမြောက်တစ်ကွင်း စတုတ္ထမြောက်တစ်ကွင်း
ဝိညာဉ်ကွင်းတစ်ကွင်းစီ ပေါက်ကွဲသွားတိုင်း ခန္ဓာကိုယ်တွင်းရှိ စွမ်းအားများက နှစ်ဆစီ တိုးပွားလာသည်။
ပဉ္စမမြောက် ဝိညာဉ်ကွင်း ပေါက်ကွဲသွားသည့် အခိုက်အတန့်တွင်တော့ ဟောက်ထျန်းတူကြီး၏ လွှမ်းမိုးချုပ်ကိုင်နိုင်သော စွမ်းအားကြီးက ရင်ပြင်တစ်ခုလုံးကို နိမ့်ဆင်းသက်သွားစေခဲ့သည်။
ရာခရှာမိစ္ဆာတံစဉ်ကို သူက လက်တစ်ဖက်တည်းဖြင့် အတင်းအဓမ္မ နောက်သို့ တွန်းထုတ်ပစ်လိုက်သည်။
ဘီဘီတုန်း၏ ခန္ဓာကိုယ်မှာလည်း မထိန်းနိုင်ဘဲ အနောက်သို့ သုံးလှမ်းခန့် ဆုတ်ခွာသွားခဲ့ရသည်။
သုံးလှမ်း....
ဘွဲ့ထူးခံဝိဉာဥ်အိုအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည့် အချိန်မှစ၍ သူမအနေဖြင့် ထိပ်တိုက်ရင်ဆိုင်မှုတစ်ခုတွင် အနောက်သို့ သုံးလှမ်းခန့် ဆုတ်ခွာခဲ့ရဖူးခြင်း လုံးဝမရှိခဲ့ပေ။
ထန်ဟောက်၏ ဖြတ်တောက်ခံထားရသော လက်မောင်းရင်းမှ သွေးများစွာ ပန်းထွက်နေပြီး ဟာလာဟင်းလင်း ဖြစ်နေသော ဘယ်ဘက်အင်္ကျီလက်က ညဉ့်လေထဲတွင် တဖျတ်ဖျတ် လွင့်ပျံနေသည်။
သို့သော် သူထုတ်ဖော်နေသည့် အရှိန်အဝါကတော့ အရှိန်အဟုန်ဖြင့် ဆက်လက်မြင့်တက်နေဆဲ ဖြစ်သည်
အဆင့် ၉၅... အဆင့် ၉၆... အဆင့် ၉၇...
ထိုအရှိန်အဝါက ရပ်တန့်မသွားဘဲ ဆက်လက်မြင့်တက်နေဆဲပင်။
ဘီဘီတုန်း တစ်ယောက် သွားကြိတ်ထားမိသည်။
ဝိညာဉ်ကွင်းပေါက်ကွဲခြင်းအတတ် ဝိညာဉ်ကွင်းကို စေးကပ်စတေးခြင်းဖြင့် အချိန်တိုအတွင်း မိမိ၏ ကန့်သတ်ချက်ထက် များစွာကျော်လွန်သော တိုက်ခိုက်ရေးစွမ်းရည်ကို ရရှိစေခြင်း ဖြစ်သည်။
ယင်း၏ ပေးဆပ်ရမှုကတော့ ဝိညာဉ်ကွင်းတစ်ကွင်း ပေါက်ကွဲသွားတိုင်း ကျင့်ကြံမှုအဆင့်တစ်ခု အမြဲတမ်း ကျဆင်းသွားမည် ဖြစ်သည်။ ထိုအတတ်ကို သုံးပြီးနောက်တွင် သေဆုံးခြင်း သို့မဟုတ် ဒုက္ခိတဖြစ်ခြင်းတို့နှင့်သာ ရင်ဆိုင်ရမည် ဖြစ်သည်။
ထန်ဟောက်ကတော့ သေတွင်းထဲကို တိုးနေပြီ ဖြစ်သည်။
သူက မိမိ၏ လက်တစ်ဖက်တည်းကို ဝုန်းခနဲ လွှဲယမ်းလိုက်ရာ ဟာလာဟင်းလင်းပြင်ထဲမှ နက်မှောင်လှသော ကောင်းကင်လှုပ်ခတ်တူကြီး ထွက်ပေါ်လာသည်။
တူကြီးပေါ်တွင် ကျန်ရှိနေသေးသော ဝိညာဉ်ကွင်းများက အပြင်းအထန် လင်းလက်နေပြီး ကွင်းတိုင်းက ပေါက်ကွဲလုနီးပါး ဖြစ်နေချေပြီ။
စိန်း----
ကောင်းကင်လှုပ်ခတ်တူက ရာခရှာမိစ္ဆာတံစဉ်နှင့် ထိပ်တိုက် တိုးတိုက်မိသွားသည်။
ဘီဘီတုန်း အနောက်သို့ ငါးလှမ်းခန့် ဆုတ်ခွာသွားခဲ့ရသည်။
ရင်ပြင်ပေါ်ရှိ ဝိညာဉ်နန်းတော် ဝိညာဉ်သခင်များမှာ ထိုစွမ်းအင်ရိုက်ခတ်မှုကြောင့် ဟိုဟိုဒီဒီ လွင့်စင်သွားကြပြီး အချို့ဆိုလျှင် မြို့ရိုးပေါ်သို့ လွင့်စင်သွားကာ ကျောပြင်များက မြို့ရိုးအုတ်ခဲများထဲသို့ နက်ရှိုင်းစွာ နစ်ဝင်သွားသဖြင့် ပြန်လည်ဆွဲထုတ်၍ပင် မရနိုင်လောက်အောင် ဖြစ်သွားရသည်။
ဂန္ဓမာအိုနှင့် သရဲအိုတို့က ဘေးတစ်ဖက်တစ်ချက်စီမှနေ၍ တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်လိုက်ကြသည်။
ထန်ဟောက်ကတော့ လှည့်ပင်မကြည့်ဘဲ ကောင်းကင်လှုပ်ခတ်တူကို ဝေ့ယမ်းကာ ရန်သူ့စစ်ကြောင်းကို ရိုက်ချပစ်လိုက်သည်။
ဂန္ဓမာဝိဉာဥ်အိုမှာ တူ၏ စွမ်းအားကြောင့် လွင့်စင်သွားပြီး အနောက်သို့ ဆယ်လှမ်းခန့် တုန်တုန်ချိချိ ဆုတ်ခွာသွားရကာ လက်ဖဝါးများ ကွဲအက်ပြီး လက်ချောင်းများကြားမှ သွေးများ စီးကျလာခဲ့သည်။
သရဲဝိဉာဥ်အို၏ ကိုယ်ပျောက်အတတ်ကလည်း ဤမျှပြင်းထန်လှသော အင်အားအရှေ့တွင် အသုံးမဝင်ခဲ့ပေ၊ သူက တူနောက်မြီးမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများကြောင့် တိုက်ပွဲအဝိုင်းအပြင်ဘက်သို့ လွင့်စင်သွားကာ ရင်ပြင်အစွန်းသို့ ကျရောက်ပြီး သုံးပတ်ခန့် လိမ့်ဆင်းသွားခဲ့ရသည်။
ဘွဲ့ထူးခံဝိဉာဥ်အို နှစ်ယောက် ပူးပေါင်းတိုက်ခိုက်တာတောင်မှ သူ့ရဲ့ တိုက်ကွက်တစ်ချက်ကိုမျှ မတောင့်ခံနိုင်ကြပေ။
ဤအခိုက်အတန့်တွင် ထန်ဟောက်က လူသားတစ်ယောက်နှင့် မတူတော့ပေ။
လက်မောင်းတစ်ဖက် ပြတ်တောက်နေပြီး ဝိညာဉ်ကွင်း ငါးကွင်းကို ပေါက်ကွဲစေထားကာ သွေးများဖြင့် ရဲရဲနီနေသော ပိတ်မိနေသည့် သားရဲတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး သားဖြစ်သူ၏ ရှေ့တွင် မတ်တတ်ရပ်ကာ အနားသို့ ချဉ်းကပ်လာသမျှအရာအားလုံးကို တူဖြင့် ရိုက်ခွဲဖျက်ဆီးပစ်နေသည်။
ဘီဘီတုန်းပင်လျှင် ဖိနှိပ်ခြင်း ခံထားရသည်။
ထန်စန်းကတော့ အခွင့်အရေးကို မြင်သွားခဲ့သည်။ ဖခင်ဖြစ်သူက ဘီဘီတုန်းကို နောက်သို့ တွန်းထုတ်လိုက်သည့် အခိုက်အတန့်ကို အမိအရအသုံးချကာ ပင်လယ်နတ်ဘုရားသုံးခွလှံဖြင့် ရွှေရောင်အလင်းတန်းတစ်ခု ဆွဲသားပြီး ဘေးဘက်မှနေ၍ ကြားဖြတ်တိုက်ခိုက်လိုက်သည်
တစ်ချိန်တည်းမှာပင် တိုက်ပွဲမြေပြင်၏ အခြားတစ်ဖက်တွင်တော့ ရှဲ့ယွဲ့မှာ ဒိုင်မူပိုင်၏ အပြင်းအထန် တိုက်ခိုက်မှုကြောင့် အနောက်သို့ ဆက်တိုက် ဆုတ်ခွာနေရသည်။
ဝိဉာဉ်နန်းတော်၏ နက်ရှိုင်းလှသော နေရာတွင် ဖြစ်သည်။
ဟူလီနာက ကျင့်ကြံခြင်းအခန်းထဲတွင် တင်ပလ္လင်ခွေထိုင်နေပြီး ဟုတ်ယွမ်ဝိညာဉ်ပုတီးစေ့၏ နွေးထွေးမှုက သူမ၏ မျက်ခုံးအစုံကြားတွင် ဖြည်းညှင်းစွာ စီးဆင်းနေကာ ကံတရားထိန်းချုပ်ရာ အိုးကြီး၏ လေးလံလှသော စွမ်းအားများကလည်း ဝမ်းဗိုက်အတွင်းပိုင်း၌ တည်ငြိမ်စွာ လည်ပတ်နေသည်။
ဝုန်း........
အထက်ဘက်မှ ပြင်းထန်သော တုန်ခါမှုတစ်ခု ထွက်ပေါ်လာပြီး ကျင့်ကြံခြင်းအခန်း၏ နံရံများ တုန်ခါသွားကာ ဝိညာဉ်စုစည်းမှုအစီအရင်၏ အလင်းတန်းများက နှစ်ကြိမ်ခန့် ဖျတ်ဖျတ်လူးသွားပြီး ပျက်စီးလုနီးပါး ဖြစ်သွားခဲ့ရသည်။
ပြင်ပတွင် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားနေချေပြီ။
ထို့အပြင် ၎င်းက ဘွဲ့ထူးခံဝိဉာဥ်အိုအဆင့် တိုက်ပွဲမျိုး ဖြစ်သည် ဤမျှပြင်းထန်လှသော စွမ်းအင်ရိုက်ခတ်မှုမျိုးကို အဆင့် ၈၀ အောက် လူများအနေဖြင့် ဘယ်လိုမှ မဖန်တီးနိုင်ပေ
ဟူလီနာ ဝုန်းခနဲ ထရပ်လိုက်သည်။
ကျင့်ကြံခြင်းအခန်းထဲမှ ပြေးထွက်လာပြီး စင်္ကြံလမ်းကို ဖြတ်ကျော်ကာ ဝိဉာဉ်နန်းတော်၏ ဘေးတံခါးကို တွန်းဖွင့်လိုက်ရာ သွေးညှီနံ့များ သယ်ဆောင်လာသည့် ညဉ့်လေပြင်းက မျက်နှာဆီသို့ အရှိန်အဟုန်ဖြင့် တိုးဝှေ့လာခဲ့သည်။
ရင်ပြင်တစ်ခုလုံး လုံးဝပျက်စီးနေချေပြီ ကျောက်ပြားများ လွင့်စင်နေပြီး လှေကားထစ်အများစုကလည်း ကျိုးပျက်နေကာ ဝိညာဉ်နန်းတော် ဝိညာဉ်သခင်များမှာ စွမ်းအင်လှိုင်းများကြောင့် ဟိုဟိုဒီဒီ လွင့်စင်လဲကျနေကြသည်။
ကောင်းကင်ယံတွင် ဘီဘီတုန်းက လက်ပြတ် အမျိုးသားတစ်ဦးနှင့် တိုက်ခိုက်နေသည်။
ရာခရှာမိစ္ဆာတံစဉ်၏ ခရမ်းရင့်ရောင်အလင်းနှင့် ကောင်းကင်လှုပ်ခတ်တူ၏ နက်မှောင်လှသော တူရိပ်တို့က ညကောင်းကင်ယံတွင် ထပ်ခါတလဲလဲ ထိတွေ့နေကြပြီး တိုက်ခိုက်မှုတိုင်းက စွမ်းအင်လှိုင်းများကို ဖြစ်ပေါ်စေသည်။
ဘီဘီတုန်းကတော့ အနောက်သို့ ဆုတ်ခွာနေရသည်။
ဟူလီနာ၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည် ဆရာက ဖိနှိပ်ခံထားရတာလား။
စဉ်းစားနေဖို့ အချိန်မရတော့ပေ။
သူမ၏ မျက်လုံးအစုံက ရင်ပြင်၏ ညာဘက်အခြမ်းသို့ ရောက်ရှိသွားချိန်တွင်တော့ တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့ရသည်။
ရှဲ့ယွဲ့။
သူမ၏ အစ်ကိုဖြစ်သူက ဆံပင်ဖြူအမျိုးသားတစ်ဦးနှင့် တိုက်ခိုက်နေခြင်း ဖြစ်သည်။
တစ်ဖက်လူက လိပ်ပြာဖြူသိုင်းဝိညာဉ်ကို ထုတ်ဖော်ထားပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် ကျားကျားကျားကျား အစင်းကြောင်းများ ဖုံးလွှမ်းနေကာ ရှဲ့ယွဲ့ဆီသို့ ပြင်းထန်ပြီး သဘာဝကျလှသော လက်သီးချက်များကို တရစပ် ထိုးနှက်နေသည်။
ရှဲ့ယွဲ့တစ်ကိုယ်လုံး သွေးချင်းနီနေခဲ့ပြီ။
သူ့ရဲ့ ဘယ်ဘက်ပုခုံးပေါ်ရှိ ချပ်ဝတ်တန်ဆာက ပွင့်ထွက်နေပြီး ကြီးမားလှသော ဒဏ်ရာကြီးမှ သွေးများ ပန်းထွက်နေသည်။
သူ့ရဲ့ ညာဘက်ခြေထောက်ကလည်း တုန်ယင်နေပြီး တိုက်ပွဲဝင်အနေအထားကို မနည်းထိန်းထားရင်း တုန်တုန်ချိချိ ဖြစ်နေရသည်။ အနောက်သို့ ဆုတ်ခွာလိုက်ရသည့် ခြေလှမ်းတိုင်းက သူ့ကို ပိုပြီး အခြေအနေဆိုးစေခဲ့သည်။
ဒိုင်မူပိုင်။ ရှီလိုင်ခဲ့ ခုနှစ်ဖော်မှ လိပ်ပြာဖြူဒိုလူအို။
တောက်လောင်နေသော ဒေါသတရားများက ရင်ဘတ်ထဲမှနေ၍ လည်ချောင်းကို ဖြတ်ကာ ဦးနှောက်ထဲအထိ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
စဉ်းစားနေစရာမလို၊ ဆုံးဖြတ်နေစရာမလိုပေ။
တစ်ယောက်ယောက်က သူမရဲ့ အစ်ကိုကို လာပြီး ရိုက်နှက်နေတာ ဖြစ်သည်။
ဝူး--
ကိုးမြီးကောင်းကင်မြေခွေး သိုင်းဝိညာဉ် ထွက်ပေါ်လာခဲ့သည်။ ခြေဖဝါးအောက်တွင် ဝိညာဉ်ကွင်း ခြောက်ကွင်းက တစ်ခုပြီးတစ်ခု လင်းလက်လာသည်။
နှင်းကဲ့သို့ ဖြူစင်သော မြေခွေးအမြီးသုံးချောင်းက အနောက်ဘက်မှ ဖြန့်ထွက်လာပြီး အမြီးတစ်ခုချင်းစီက တစ်လံကျော်ခန့် ရှည်လျားကာ အမြီးဖျားတွင် မှိန်ပျပျ ရွှေရောင် အလင်းတန်းများ ဝန်းရံနေသည်။
ဟူလီနာ ခြေဖျားလေးဖြင့် တို့ထိကာ အရှိန်အဟုန်ဖြင့် ပြေးထွက်လိုက်သည်။
"ငါ့လမ်းကနေ ဖယ်စမ်း"
မြေခွေးအမြီး သုံးချောင်းလုံး တစ်ပြိုင်နက်တည်း ဝေ့ယမ်းလိုက်ကြသည်။
အဆင့် ၈၄ ရှိသော ဝိညာဉ်ဧကရာဇ်၏ ဝိညာဉ်စွမ်းအားအားလုံးကို ထည့်သွင်းထားသဖြင့် မြေခွေးအမြီးက ညကောင်းကင်ယံကို ဖြတ်သန်းကာ လေထုကိုပင် ပုံပျက်သွားစေနိုင်သော ကြောက်မက်ဖွယ်ကောင်းသော လေပြင်းများနှင့်အတူ ဒိုင်မူပိုင်၏ ခါးဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။
ဒိုင်မူပိုင် တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များ ထောင်ထသွားခဲ့ရသည်။
ဗီဇစိတ်အရ သူက မိမိ၏ လက်မောင်းနှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် ကြက်ခြေခတ်အနေအထားဖြင့် ကာကွယ်လိုက်ပြီး လိပ်ပြာဖြူ၏ စွမ်းအားအားလုံးကို ထုတ်ဖော်လိုက်ရာ
ဒုန်း.....
ပြင်းထန်သော အသံကြီးတစ်သံ ထွက်ပေါ်လာသည်။
ဒိုင်မူပိုင် တစ်ယောက် အနောက်ဘက်သို့ လွင့်စင်သွားခဲ့ရသည်။ သူ့ရဲ့ ခြေဖဝါးနှစ်ဖက်က မြေပြင်ပေါ်တွင် ရှည်လျားလှသော မြောင်းကြီးနှစ်ခုကို ဆွဲသားသွားခဲ့ပြီး အနောက်သို့ ခုနစ်လှမ်း ရှစ်လှမ်းခန့် ဆုတ်ခွာသွားရပြီးမှသာ မနည်းခြေလှမ်းပြန်ထိန်းနိုင်ခဲ့သည်။
လက်မောင်းနှစ်ဖက်လုံး အပြင်းအထန် ထုံကျဉ်သွားခဲ့ရပြီး လက်မနှင့် လက်ညှိုးကြားရှိ အရေပြားများ ကွဲအက်ကာ သွေးများ စိမ့်ထွက်လာခဲ့သည်။
သူ မော့ကြည့်လိုက်သည်။
နှင်းကဲ့သို့ ဖြူစင်သော မြေခွေးအမြီးသုံးချောင်းက ထိုအမျိုးသမီး၏ အနောက်တွင် ဖြည်းညှင်းစွာ လှုပ်ရှားနေသည်။
သူမ၏ မျက်ခုံးအစုံကြားရှိ မှိန်ပျပျ ခရမ်းရောင် မြေခွေးအမှတ်အသားက အနည်းငယ် လင်းလက်နေသည်။ သူမထံမှ ထွက်ပေါ်နေသော အရှိန်အဝါက လွန်ခဲ့သော နာရီဝက်ခန့်ကနှင့် လုံးဝကို ကွာခြားနေချေပြီ
"ဟူလီနာ..."
ဒိုင်မူပိုင်၏ လည်ချောင်းတစ်ခုလုံး တင်းကျပ်သွားခဲ့ရသည်။
လွန်ခဲ့သော နှစ်ပတ်ခန့်က ရရှိထားသည့် သတင်းအချက်အလက်များအရ သူမက အဆင့် ၆၉ အထွတ်အထိပ်၊ မိစ္ဆာမြေခွေး သိုင်းဝိညာဉ်သာ ဖြစ်သည်။
သို့သော် ဤအမျိုးသမီးထံမှ ထွက်ပေါ်နေသော ဖိနှိပ်ချုပ်ချယ်နိုင်သည့် ဝိညာဉ်စွမ်းအားကတော့ အနည်းဆုံး အဆင့် ၈၀ ခန့် ရှိနေမည်ဟု ခန့်မှန်းရသည်။
နှစ်ပတ်အတွင်းမှာတင် တစ်ဆယ့်ငါးဆင့် တက်လာတာလား။
ဒါက ဘယ်လိုပါရမီရှင်မျိုးလဲ။
အခွင့်အရေးကို အမိအရအသုံးချကာ ရှဲ့ယွဲ့က ဟူလီနာ၏ ဘေးနားသို့ ဆုတ်ခွာလာခဲ့ပြီး ဘယ်ဘက်ပုခုံးပေါ်ရှိ ဒဏ်ရာကို ဆုပ်ကိုင်ကာ အပြင်းအထန် အသက်ရှူနေရသည်။
"နာနာ... ညည်း ဘာဖြစ်လို့ "
"အစ်ကို... ဘာမှမပြောနဲ့တော့"
ဟူလီနာ သူ့ကို လှည့်မကြည့်ခဲ့ပေ။ သူမ၏ မြေခွေးအမြီးသုံးချောင်းက မတ်တတ်ထောင်နေပြီး ဒိုင်မူပိုင်ဆီသို့ တိုက်ခိုက်မည့် အနေအထားကို ပြုလုပ်ထားသည်။
သူမရဲ့ အစ်ကိုကို ထိခိုက်အောင် လုပ်ဝံ့တဲ့သူမှန်သမျှ သေရမည် ဖြစ်သည်။
ထိုအခိုက်အတန့်မှာပင် ရွှေရောင်လူရိပ်တစ်ခု ကောင်းကင်ယံမှနေ၍ ဒုန်းခနဲ ဆင်းသက်လာခဲ့သည်။
ထန်စန်း ဖြစ်သည်။
သူက ပင်လယ်နတ်ဘုရားသုံးခွလှံကို ကိုင်စွဲထားပြီး အထက်ကောင်းကင်ယံ တိုက်ပွဲမြေပြင်မှနေ၍ ရင်ပြင်ပေါ်သို့ တည့်တည့် ဆင်းသက်လာခြင်း ဖြစ်သည်။
သူဆင်းသက်လိုက်သည့် အခိုက်အတန့်တွင် ကြေမွနေသော ကျောက်ခဲစများက စွမ်းအင်လှိုင်းများကြောင့် ဘေးပတ်ပတ်လည်သို့ လွင့်စင်သွားခဲ့ကြသည်။ ပင်လယ်နတ်ဘုရား၏ ရွှေရောင်အလင်းတန်းက ညဉ့်နက်သန်းခေါင်ယံတွင် အထူးသဖြင့် စွဲမက်ဖွယ်ကောင်းလောက်အောင် တောက်ပနေသည်။
သူ့ရဲ့ မျက်လုံးအစုံက ဟူလီနာဆီသို့ တည့်တည့် စိုက်ကြည့်နေသည်။
အတိအကျပြောရရင်တော့ သူမ၏ မျက်ခုံးအစုံကြားရှိ မှိန်ပျပျ ခရမ်းရောင် ကိုးမြီးမြေခွေးအမှတ်အသားဆီသို့ စိုက်ကြည့်နေခြင်း ဖြစ်သည်။
ကံတရားထိန်းချုပ်ရာ အိုးကြီး။
ဤအမျိုးသမီးက ထိုအိုးကြီးကို လက်ခံရရှိခဲ့သောကြောင့်သာ သူ့ရဲ့ ကံတရားတွေ ဖိနှိပ်ခံထားရပြီး ပင်လယ်နတ်ဘုရား၏ အဋ္ဌမမြောက် စမ်းသပ်ချက်မှာလည်း ကျရှုံးခဲ့ရခြင်း ဖြစ်သည်။
လွန်ခဲ့သော ရက်များစွာကတည်းက ညတိုင်း ညတိုင်း မိုးလင်းတဲ့အထိ သူ့ရဲ့ လက်ချောင်းတွေက အမြဲတမ်း တုန်ယင်နေခဲ့ရသည်။ သူ့ရဲ့ ကျင့်ကြံခြင်းအရှိန်အဟုန်ကလည်း တစ်ဝက်ခန့် ကျဆင်းသွားခဲ့ရပြီး သုံးခွလှံပင်လျှင် လက်ထဲတွင် တုန်ယင်နေခဲ့ရသည်။
လွန်ခဲ့သော နှစ်ပတ်အတွင်း စုပြုံနေခဲ့သော မကျေနပ်မှုများ၊ နာကျည်းမှုများ၊ ကြောက်ရွံ့မှုများနှင့် စိတ်ပျက်အားငယ်မှုများအားလုံးက ဤအခိုက်အတန့်တွင် အတွေးတစ်ခုတည်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ။
ထိုအိုးကြီးကို ဖျက်ဆီးပစ်ရမည်။
"ဟူလီနာ "
ထန်စန်း၏ ဟိန်းဟောက်သံကြီးက ရင်ပြင်ထက် ကောင်းကင်ယံတွင် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
သူက အထက်ကောင်းကင်ယံတွင် ထန်ဟောက်နှင့် လုံးထွေးတိုက်ခိုက်နေသော ဘီဘီတုန်းကိုလည်း ဂရုမစိုက်တော့ဘဲ၊ မိမိအနောက်တွင် အစီအရင်ဖြင့် ရှိနေသော ထန်ကလန်၏ ထိပ်သီးစစ်သည်များကိုလည်း ပစ်ပယ်ထားကာ ပင်လယ်နတ်ဘုရားသုံးခွလှံကို ရှေ့တွင် ကိုင်စွဲ၍ ရွှေရောင်အလင်းတန်းများ တက်လာရင်း ဟူလီနာဆီသို့ တည့်တည့် ပြေးဝင်သွားတော့သည်။
"ကံတရားထိန်းချုပ်ရာ အိုးကြီးကို အခုချက်ချင်း လွှဲအပ်စမ်း"
သုံးခွလှံ၏ လှံဖျားပေါ်တွင် အလွန်အမင်း သိပ်သည်းလှသော ပင်လယ်နတ်ဘုရား၏ စွမ်းအားများ ဖုံးလွှမ်းနေပြီး ၎င်း၏ ရွှေရောင်အလင်းတန်းက ညကောင်းကင်ယံကို ဖြတ်သန်းသွားခဲ့သည်။
"မဟုတ်ရင် မင်းကို သေရုံတင်မကဘဲ အဆိုးရွားဆုံးသော ဒုက္ခတွေနဲ့ ရင်ဆိုင်ရအောင် လုပ်ပစ်မယ်"
ဟူလီနာ၏ မြေခွေးနားရွက်များ ထောင်ထသွားခဲ့ရသည်။
သူမ အနောက်သို့ ဆုတ်ခွာခြင်း မပြုခဲ့ပေ။
သူမက နှုတ်ခမ်းကို အနည်းငယ် စေ့လိုက်ပြီး အသာအယာ နှာခေါင်းရှုံ့လိုက်သည်။
"ကံတရားထိန်းချုပ်ရာ အိုးကြီး ဟုတ်လား"
ထိုစကားလုံး လေးလုံးကို သူမက အလွန်ကျယ်လောင်စွာလည်း မဟုတ်၊ အလွန်တိုးလှစွာလည်း မဟုတ်ဘဲ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
"လိုချင်လို့လား"
မြေခွေးအမြီး သုံးချောင်းလုံး ရုတ်တရက် မတ်တတ်ထောင်သွားခဲ့ကြပြီး အမြီးဖျားရှိ ရွှေရောင် အလင်းတန်းကလည်း ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
"လိုချင်ရင်တော့ ကိုယ်တိုင်လာယူလှည့်"
စကားဆုံးသည်နှင့် လူက စတင်လှုပ်ရှားလိုက်ပြီ ဖြစ်သည်။
ဟူလီနာက ဖြူစင်သော အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူမ၏ မြေခွေးအမြီးသုံးချောင်းတွင် အဆင့် ၈၄ ရှိသော ဝိညာဉ်စွမ်းအားအားလုံးကို ထည့်သွင်းထားကာ ပင်လယ်နတ်ဘုရားသုံးခွလှံဆီသို့ တည့်တည့် ဝင်ဆောင့်လိုက်တော့သည်။
ထန်စန်း၏ သုံးခွလှံကလည်း ရှေ့သို့ ထိုးစိုက်လာခဲ့သည်။
ကျန်ရှိနေသေးသော ပင်လယ်နတ်ဘုရား၏ စွမ်းအားများနှင့် ဒေါသတရားအားလုံး ပါဝင်နေသဖြင့် ရွှေရောင်သုံးခွလှံက လေထုထဲတွင် တစ်လံကျော်ခန့် ရှည်လျားသော အလင်းတန်းတစ်ခုကို ချန်ရစ်ခဲ့သည်။
ဟူလီနာ ရှောင်ကွင်းခြင်း မပြုခဲ့ပါ။
မြေခွေးအမြီး သုံးချောင်းလုံး တစ်နေရာတည်းတွင် စုစည်းသွားကြပြီး ခန္ဓာကိုယ်ရှေ့တွင် နှင်းကဲ့သို့ ဖြူစင်သော ကုန်းချွန်ပုံစံတစ်ခုအဖြစ် ပြောင်းလဲကာ ရှေ့သို့ တည့်တည့် တိုးဝင်သွားခဲ့သည်။
ဝုန်း........
ရွှေရောင်နှင့် နှင်းဖြူရောင်တို့က ရင်ပြင်၏ အလယ်ဗဟိုတွင် ပြင်းထန်စွာ ထိပ်တိုက် တိုးတိုက်မိသွားကြသည်။
ထိုထိပ်တိုက်တွေ့ဆုံရာ အမှတ်အသားမှနေ၍ စွမ်းအင်လှိုင်းများက အရပ်မျက်နှာအနှံ့သို့ ပေါက်ကွဲထွက်ပေါ်သွားခဲ့သည်။
ဆယ်လံပတ်လည်အတွင်းရှိ ကျောက်ပြားများအားလုံး ကြေမွပျက်စီးသွားခဲ့ရပြီး ထွက်ပေါ်လာသော ဖုန်မှုန့်များကလည်း ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းသွားစေခဲ့သည်။
ဂန္ဓမာဝိဉာဥ်အိုမှာ ထိုစွမ်းအင်လှိုင်းများကြောင့် အနောက်သို့ ငါးလှမ်းခန့် ဆုတ်ခွာသွားခဲ့ရပြီး သရဲဝိဉာဥ်အိုကတော့ မြေပြင်ပေါ်သို့ မှောက်လျက်လဲကျသွားခဲ့ရသည်။
ထိုမီးခိုးငွေ့များနှင့် ဖုန်မှုန့်များကြားထဲမှ လူရိပ်နှစ်ခုလုံး တစ်ပြိုင်နက်တည်း အနောက်သို့ လွင့်စင်သွားခဲ့ကြသည်။
ထန်စန်း အနောက်သို့ ခြောက်လှမ်းခန့် ဆုတ်ခွာသွားခဲ့ရပြီး ခြေလှမ်းတိုင်းက ခြေဖဝါးအောက်ရှိ ကျောက်ပြားများကို ကွဲအက်သွားစေခဲ့သည်။
ဟူလီနာကတော့ အနောက်သို့ ငါးလှမ်းခန့်သာ ဆုတ်ခွာသွားခဲ့ရပြီး သူမ၏ မြေခွေးအမြီးကတော့ အနောက်တွင် အနည်းငယ် တုန်ယင်နေခဲ့သည်။ အမြီးဖျားရှိ အမွှေးအမျှင် အနည်းငယ်ကတော့ ပင်လယ်နတ်ဘုရား၏ စွမ်းအားကြောင့် လောင်ကျွမ်းသွားခဲ့ရပြီး ကျောက်ခဲစများပေါ်သို့ လွင့်စင်ကျရောက်သွားခဲ့သည်။
ငါးလှမ်းနှင့် ခြောက်လှမ်း။
နှစ်ဖက်စလုံးက အင်အားချင်း ညီမျှနေခဲ့ကြသည်။
ပိုပြီး အံ့ဩဖို့ကောင်းတာကတော့ ဟူလီနာက အနည်းငယ် ပိုပြီး အသာစီးရသွားခဲ့ခြင်း ဖြစ်သည်။
ထန်စန်း ဟူလီနာကို မယုံကြည်နိုင်လောက်သော မျက်ဝန်းများဖြင့် စိုက်ကြည့်နေမိတော့သည်။