အခန်း (၁၇) ထန်စန်း၏ နတ်ဘုရားစမ်းသပ်မှုကို တိုက်ရိုက်ဖျက်ဆီးပစ်ခြင်း
ပင်လယ်နတ်ဘုရားကျွန်း ထန်လျင်၏ ယာယီစခန်းတွင်
ထန်စန်းက အဓိကထိုင်ခုံတွင် ထိုင်နေသည်။
"အားလုံး စုံပြီလား"
ထန်စန်းက အခန်းထဲကို တစ်ချက် ဝေ့ကြည့်လိုက်သည်။
ဘယ်ဘက်တွင် ရှီလိုင်ခဲ့ ခုနှစ်ဖော် တန်းစီထိုင်နေကြသည်။
ဒိုင်မူပိုင်က ရင်ဘတ်ပေါ် လက်ပိုက်ထားရင်း ထိုင်ခုံကို မှီထားသည်။
မာဟုန်ကျွင်းက သူ့ဘေးတွင်ထိုင်ကာ စိတ်မရှည်သလို ခြေထောက်ကို တလှုပ်လှုပ် လုပ်နေသည်။
အော်စကာက လက်ထဲတွင် အကြမ်းရည်ကြမ်းပန်းကန်ကို ကိုင်ထားသော်လည်း မသောက်ဘဲ ငြိမ်နေပြီး နင်းရုန်ရုန်က သူ့အနားတွင် ကပ်ရပ်နေသည်။
ကျူကျူချင်းကတော့ အဝေးဆုံးထောင့်က ထိုင်ခုံတွင် မျက်လုံးမှိတ်ကာ တိတ်ဆိတ်စွာ ထိုင်နေပြီး ကျောက်ဝူ၏ ထိုင်ခုံကတော့ အလွတ်အတိုင်း ရှိနေသည်။
ညာဘက်တွင်မူ ထန်ကလန်မှ လူများ ထိုင်နေကြသည်။ သန်မာရေးမျိုးနွယ်၊ ကာကွယ်ရေးမျိုးနွယ်နှင့် အရှိန်နှုန်းမျိုးနွယ်တို့၏ ခေါင်းဆောင်များ အားလုံး ရောက်ရှိနေကြပြီ ဖြစ်သည်။
ယွီရှောင်ကန်းကတော့ အနောက်ဘက်အကျဆုံးနေရာတွင် ရပ်နေပြီး လက်ထဲတွင် သတင်းအချက်အလက် စာရွက်စာတမ်း အထပ်လိုက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။
အားလုံး၏ မျက်နှာပေါ်တွင် တူညီသော အမူအရာတစ်ခုစီ ရှိနေကြသည် စောင့်ဆိုင်းနေခြင်းပင်။
ထန်စန်းက အပိုစကားများဖြင့် အချိန်မဆွဲခဲ့ပေ။
"ငါ အပွင့်လင်းဆုံးပဲ ပြောမယ်"
သူ့လက်က ပင်လယ်နတ်ဘုရားသုံးခွလှံ၏ လက်ကိုင်ထက်သို့ ရောက်ရှိသွားပြီး အားစိုက်ကာ ရွှေ့လိုက်ရာ သုံးခွလှံက စာပွဲပေါ်တွင် လက်မဝက်ခန့် ရွေ့လျားသွားပြီး လေးလံသော အသံတစ်ချက် ထွက်ပေါ်လာသည်။
"ငါ့ရဲ့ ကံကောင်းခြင်းတွေ ဖိနှိပ်ခံလိုက်ရပြီ"
အခန်းထဲတွင် အသက်ရှူသံအနည်းငယ်စာမျှ တိတ်ဆိတ်သွားခဲ့သည်။
မာဟုန်ကျွင်း၏ ခြေထောက်လှုပ်နေမှု ရုတ်တရက် ရပ်တန့်သွားသည်။
"ဒါက ဘာအဓိပ္ပာယ်လဲ"
ဒိုင်မူပိုင်က ရင်ဘတ်ပေါ်မှ လက်ပိုက်ထားမှုကို ဖယ်ရှားလိုက်သည်။
ထန်စန်းက သူ့ကို မကြည့်ဘဲ စာပွဲခုံကိုသာ စိုက်ကြည့်နေမိသည်။
"ဝိညာဉ်မြို့တော်ဆီကို ကံဇာတာထိန်းချုပ်ဖိုခနောက်လို့ ခေါ်တဲ့အရာတစ်ခု ရောက်လာတယ်။ အဲဒါက မိမိကိုယ်မိမိ ရှေးဟောင်းနတ်ဆရာလို့ ခေါ်တဲ့ ရှန်ရိချန်က ဟူလီနာ့ကို ပေးလိုက်တဲ့ ဒုတိယမြောက် မင်္ဂလာစေ့စပ်လက်ဆောင်ပဲ"
သူ့လက်ချောင်းများက သုံးခွလှံရိုးတံတစ်လျှောက် လက်မခန့် ရွေ့လျားသွားသည်။
"ဒီဖိုခနောက်ရဲ့ စွမ်းရည်က ကံဇာတာကို ဖိနှိပ်တာ အားနည်းသွားအောင် လုပ်တာမဟုတ်ဘဲ အပြီးတိုင် ဖိနှိပ်ပစ်တာ။ အဲဒီဖိုခနောက်က ဟူလီနာ့ကို သခင်အဖြစ် အသိအမှတ်ပြုလိုက်တဲ့ အခိုက်အတန့်ကစပြီး ငါ့ခန္ဓာကိုယ်ထဲက ကံကောင်းခြင်းတွေ အတင်းအဓမ္မ ဆွဲထုတ်ခံနေရတယ်။ ငါ့ရဲ့ ကျင့်ကြံခြင်းအရှိန်က တစ်ဝက်နီးပါးလောက် ကျဆင်းသွားခဲ့ပြီ။ ပင်လယ်နတ်ဘုရားရဲ့ ရှစ်ခုမြောက် စမ်းသပ်မှု နောက်ဆုံးအဆင့်ကို ကျော်ဖြတ်ဖို့ ဆယ့်နှစ်ရက်ဆက်တိုက် ငါ ကြိုးစားခဲ့ပေမယ့် ဘယ်လိုမှ ကျော်လို့မရတော့ဘူး"
သူ ခဏမျှ ရပ်တန့်လိုက်ပြီး
"တကယ်လို့ အဲဒီဖိုခနောက်ကို မဖျက်ဆီးနိုင်ဘူးဆိုရင် ပင်လယ်နတ်ဘုရားရဲ့... ဆက်ခံခြင်း အစီအစဉ်က နောက်ဆုံးအချိန်ကျမှ ပျက်စီးသွားလိမ့်မယ်"
နောက်ဆုံး စကားလုံးအနည်းငယ် ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် အခန်းတစ်ခုလုံး၏ အပူချိန်က သိသိသာသာ ကျဆင်းသွားခဲ့သည်။
"တတိယအစ်ကို... မင်းပြောတာ တကယ်ပဲလား"
အော်စကာ လက်ထဲက ရေနွေးကြမ်းကန်ကို ချလိုက်ပြီး မျက်နှာပေါ်က ပေါ့ပျက်ပျက် အမူအရာများ လုံးဝ ပျောက်ကွယ်သွားသည်။
ထန်စန်း မိမိ၏ ညာလက်ကို မြှောက်ပြလိုက်သည်။
လက်ဖမိုးပေါ်က အကြောပြာကြီးများ ထောင်ထနေပြီး လက်ချောင်းလေးများက အနည်းငယ် တုန်ယင်နေသည် ဤအရာက ကံကောင်းခြင်းများ အဆက်မပြတ် ဆွဲထုတ်ခံနေရခြင်း၏ အပြင်ပန်းလက္ခဏာများ ဖြစ်သည်။
လွန်ခဲ့သော ခုနစ်ရက်ကတည်းက ဤတုန်ယင်မှုများက မရပ်မနား ဖြစ်နေခဲ့ခြင်း ဖြစ်သည်။ နေ့ဘက်တွင် တော်သေးသော်လည်း ညဘက်ရောက်လျှင် ပိုမိုဆိုးရွားလာတတ်သည်။ လက်ချောင်းငါးချောင်းလုံးက သားရဲလက်သည်းကဲ့သို့ ကွေးကောက်သွားတတ်ပြီး ပြင်းထန်သော နာကျင်မှုကြောင့် တစ်ညလုံး အိပ်၍မရပေ။
အော်စကာ၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ပြီ။
နင်းရုန်ရုန်က လက်ထဲက ခေါက်ယပ်တောင်ကို ဖတ်ခနဲ ပိတ်လိုက်သည်။
"နတ်ဘုရားဖြစ်မယ့် လမ်းကြောင်းက အဖြတ်ခံလိုက်ရတာပေါ့"
ထန်စန်း၏ မေးရိုးကြွက်သားများ တင်းမာသွားသည်။
"ဒီအတိုင်းသာ လွှတ်ထားရင်တော့..."
မာဟုန်ကျွင်း ရုတ်တရက် ထိုင်နေရာမှ ဝုန်းခနဲ ထရပ်လိုက်ပြီး စာပွဲခုံကို လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်သည်။
"တောက်... သောက်ကျိုးနည်းဗျာ"
"ဘာကို စောင့်နေဦးမှာလဲ ဝိညာဉ်မြို့တော်ဆီ တန်းတန်းမတ်မတ် သွားကြစို့ အဲဒီသောက်ဖိုခနောက်ကို ရိုက်ခွဲပစ်မယ် ပြီးရင် တစ်ခါတည်း ဟူလီနာနဲ့ ဘီဘီတုန်းကိုပါ သတ်ပစ်လိုက်မယ်။ ဒါမှ နောင်ရေး အေးမှာ"
သူ့စိတ်လှုပ်ရှားမှုကြောင့် ဖီးနစ်သိုင်းဝိညာဉ်က အလိုအလျောက် ပေါက်ကွဲထွက်ပေါ်လာပြီး ကျောပြင်တွင် တောက်လောင်နေသော မီးတောက်နှစ်ခု ထွက်ပေါ်လာကာ အမြီးအနင်းခံလိုက်ရသော ကြက်ဖတစ်ကောင်ကဲ့သို့ ဒေါသတကြီး ဖြစ်နေတော့သည်။
"ငါ အဲဒီဟူလီနာကို မကြည်တာ ကြာပြီ မြေခွေးမျက်နှာနဲ့ နေရာတကာ လျှောက်ပြီး မြူဆွယ်နေတာ အခုတော့ ဘယ်ကမှန်းမသိတဲ့ နတ်ဆရာဆိုတဲ့ကောင်နဲ့ပါ ငြိနေပြီ "
"ထိုင်စမ်း"
ဒိုင်မူပိုင် ခေါင်းပင်မော့မကြည့်ဘဲ စကားနှစ်လုံးတည်းကိုသာ ပြတ်သားစွာ ပြောလိုက်သည်။
မာဟုန်ကျွင်း တောက်တစ်ချက် ခေါက်လိုက်သော်လည်း ထိုင်ခုံပေါ်သို့ ပြန်လည်ဝင်ထိုင်လိုက်ရသည်။
ဖီးနစ်မီးတောက်က ငြိမ်းသတ်ခြင်း မရှိသေးသဖြင့် ထိုင်ခုံအမှီက အပူရှိန်ကြောင့် တကျိကျိ မြည်နေသည်။
ဒိုင်မူပိုင် ခန္ဓာကိုယ်ကို ရှေ့သို့ အနည်းငယ် ကိုင်းလိုက်ပြီး လက်ချောင်းများကို ယှက်ကာ စာပွဲပေါ် တင်လိုက်သည်။
"တတိယညီလေး ဝိညာဉ်မြို့တော်က ဝိညာဉ်နန်းတော်ရဲ့ အခြေစိုက်စခန်းပဲ အဲဒီမှာ ဝိညာဉ်သခင် နှစ်သောင်းကျော် နေထိုင်ကြတယ် ဂန္ဓမာအိုနဲ့ သရဲအိုတို့ကလည်း အဲဒီမှာ ရေရှည် အခြေစိုက်နေတာ၊ ပြီးတော့ ဘီဘီတုန်းကိုယ်တိုင်ကလည်း အဆင့်မြင့်ဆုံး ဝိဉာဉ်အိုတစ်ယောက် ဖြစ်နေပြီ သူမက ရာခရှာနတ်ဘုရားရဲ့ ဆက်ခံခြင်းကိုလည်း မကြာခင် ပြီးဆုံးတော့မှာ"
သူ့ခေါင်းကို အနည်းငယ် စောင်းလိုက်သည်။
"တန်းတန်းမတ်မတ် သွားတိုက်မယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ အတူတူပဲ"
မာဟုန်ကျွင်း နှုတ်ခမ်းကို မဲ့လိုက်သော်လည်း ပြန်လည်မချေပတော့ပေ။
အဘယ်ကြောင့်ဆိုသော် ဒိုင်မူပိုင် ပြောသည့်စကားက အမှန်တရား ဖြစ်နေသောကြောင့်ပင်။
အခန်းထဲတွင် တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။
ထန်ကလန်၏ မျိုးနွယ်စုခေါင်းဆောင်များက တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသော်လည်း ဘယ်သူမှ စကားမဆိုကြပေ။
ယွီရှောင်ကန်းကတော့ အနောက်ဘက်တွင် ရပ်နေရင်း သတင်းအချက်အလက် စာရွက်များကို လှန်လှောနေသော လက်များမှာ ရပ်တန့်နေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။
ထန်စန်းက အားလုံး၏ အကြည့်များ သူ့ထံသို့ ပြန်လည်ရောက်ရှိလာသည်အထိ ခဏမျှ စောင့်ဆိုင်းလိုက်သည်။
"တန်းတန်းမတ်မတ် သွားတိုက်ဖို့ မလိုပါဘူး"
သူက အိတ်ထဲမှ အထပ်ထပ် ခေါက်ထားသော သားရေစက္ကူတစ်ရွက်ကို ထုတ်ယူကာ ဖြန့်လိုက်ပြီး စာပွဲပေါ်တွင် တင်လိုက်သည်။
ထိုအရာက ဝိညာဉ်မြို့တော်၏ ခံစစ်မြေပုံ ဖြစ်သည်။
မြို့ရိုးများ၊ ကင်းလှည့်လမ်းကြောင်းများ၊ ဝိညာဉ်လက်နက် တည်နေရာများနှင့် ဘွဲ့ထူးခံဒိုလူအိုများ၏ ကင်းတာဝန် အချိန်ဇယားများအားလုံးကို ရှင်းလင်းစွာ မှတ်သားထားသည်။
"ဒါကို ဘယ်ကရတာလဲ"
ဒိုင်မူပိုင် လှမ်းကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သွားသည်။
"လျူအာလုံ အစ်မကြီးမှာ ဝိညာဉ်မြို့တော်ထဲက သတင်းပေးတစ်ယောက် ရှိတယ်၊ ဒါက သူမ ငါးရက်တိုင်တိုင် စုံစမ်းစစ်ဆေးပြီးနောက် ရရှိလာတဲ့ နောက်ဆုံးရ သတင်းအချက်အလက်ပဲ"
ထန်စန်း၏ လက်ညှိုးက ခံစစ်မြေပုံ၏ ညာဘက်အောက်ထောင့်စွန်းပေါ်သို့ ကျရောက်သွားသည်
"ဝိညာဉ်မြို့တော်ရဲ့ ညဘက်ခံစစ်မှာ သေစေနိုင်တဲ့ ဟာကွက်တစ်ခု ရှိနေတယ်"
အားလုံး၏ အကြည့်များက သူ့လက်ညှိုးရာနောက်သို့ လိုက်ပါသွားကြသည်။
"သန်းခေါင်ကျော်ကနေ မနက်အစောပိုင်း အချိန်ကြားထဲမှာ ဝိညာဉ်မြို့တော်ရဲ့ အရှေ့တံခါးက ကင်းလှည့်အဖွဲ့က လူပြောင်းကြလိမ့်မယ်။ အဲဒီလူပြောင်းတဲ့ အချိန်က တစ်ဆယ့်ငါးမိနစ်ခန့် ကြာတတ်တယ်။ အဲဒီအချိန်အတွင်းမှာ အရှေ့တံခါးကနေ ဝိဉာဉ်နန်းတော်အထိ သွားတဲ့ လမ်းကြောင်းပေါ်မှာ "
သူ့လက်ညှိုးက မြေပုံပေါ်တွင် မြှားလိုင်းအပါးလေးတစ်ခု ဆွဲပြလိုက်သည်။
"သာမန်ဝိညာဉ်သခင် ကင်းလှည့်အဖွဲ့ သုံးဖွဲ့ပဲ ရှိလိမ့်မယ် ဘွဲ့ထူးခံဒိုလူအို လုံးဝမရှိဘူး"
"ဂန္ဓမာအိုနဲ့ သရဲအိုကော ဘယ်မှာလဲ"
ကျူကျူချင်း မျက်လုံးဖွင့်ပြီး မေးလိုက်သည်။
"ဂန္ဓမာအိုက မြောက်တံခါးရဲ့ ညဘက်ခံစစ်ကို တာဝန်ယူထားတာ၊ သရဲအိုကတော့ သန်းခေါင်ကျော်ရင် သက်ကြီးဝါရီနန်းဆောင်မှာ သီးသန့်ကျင့်ကြံနေလေ့ရှိတယ်။ သူတို့နှစ်ယောက် ဝိဉာဉ်နန်းတော်ဆီ ရောက်လာဖို့ အနည်းဆုံး အမွှေးတိုင်တစ်ဝက်စာ အချိန်ယူရလိမ့်မယ်"
ထန်စန်း ခေါင်းမော့လိုက်ပြီး ရောက်ရှိနေသော လူအားလုံး၏ မျက်နှာကို တစ်ယောက်ချင်းစီ လိုက်ကြည့်လိုက်သည်။
"အစီအစဉ်က ရိုးရိုးလေးပဲ ညဘက်မှာ ခိုးဝင်ပြီး ဝိဉာဉ်နန်းတော်ဆီ တန်းတန်းမတ်မတ် သွားမယ်"သ
"ကံဇာတာထိန်းချုပ်ဖိုခနောက်က ဟူလီနာ့ကို သခင်အဖြစ် အသိအမှတ်ပြုပြီးပြီဆိုတော့ အဲဒီအရာက သူမရဲ့ ကျင့်ကြံခြင်းအခန်း အနီးအနားမှာ ရှိနေဖို့ ရာခိုင်နှုန်း တော်တော်များတယ်။ ငါတို့တွေ တိုက်ပွဲကို အချိန်ဆွဲမှာ မဟုတ်ဘူး၊ ဖိုခနောက်ကို ဖျက်ဆီးပြီးတာနဲ့ ချက်ချင်း ပြန်ဆုတ်မယ်"
"ငါတို့တွေ လုံလောက်အောင် မြန်မယ်ဆိုရင် ဘီဘီတုန်းလည်း တုံ့ပြန်ဖို့ အချိန်ရမှာ မဟုတ်ဘူး"
ဒိုင်မူပိုင် ထန်စန်းကို သုံးစက္ကန့်ခန့် စိုက်ကြည့်နေပြီးမှ အကြည့်လွှဲလိုက်သည်။
တိတ်ဆိတ်သွားပြန်သည်။
နောက်ဆုံးတွင် သူက ဖြည်းညှင်းစွာ ခေါင်းညိတ်ပြလိုက်သည်။
မာဟုန်ကျွင်းက ဒုတိယမြောက်အဖြစ် ခေါင်းညိတ်ပြပြီး
"ငါ ဒါကို လုပ်ချင်နေတာ ကြာပြီ"
ဆိုသည့် အမူအရာမျိုး ပြသနေသည်။
အော်စကာက နင်းရုန်ရုန်ကို လှမ်းကြည့်လိုက်ရာ သူမက မျက်လုံးကို အသာအယာ မှိတ်ပြပြီး သဘောတူကြောင်း ပြသလိုက်သည်။
ကျူကျူချင်းကတော့ ထောင့်စွန်းမှ ထရပ်လိုက်ပြီး ခေါင်းညိတ်ခြင်း ခေါင်းခါခြင်းမျိုး မလုပ်ဘဲ ဒိုင်မူပိုင်၏ အနောက်သို့ လျှောက်လှမ်းသွားကာ မတ်မတ်ရပ်လိုက်သည် —ဒါက သူမ၏ အဖြေပင် ဖြစ်သည်။
ထန်ကလန်၏ မျိုးနွယ်စုခေါင်းဆောင်များကတော့ နောက်ဆုံးမှ စကားဆိုကြသည်။ သန်မာရေးမျိုးနွယ်စုခေါင်းဆောင်က လက်နှစ်ဖက်ကို ပွတ်သပ်ရင်း လေးနက်သော အသံဖြင့် ပြောလိုက်သည်
"ဂိုဏ်းချုပ်ထန် အမိန့်ပေးတဲ့အတိုင်းပါပဲ"
ကျန်တဲ့လူများကလည်း ထပ်တူ ထောက်ခံကြသည်။
ယွီရှောင်ကန်းတစ်ယောက်တည်းသာ အခန်းထဲတွင် မလှုပ်မယှက် ကျန်ရှိနေခဲ့သည်။
သူက အနောက်ဘက်အကျဆုံးနေရာတွင် ရပ်နေရင်း လက်ထဲက စာရွက်စာတမ်းများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိသည်။ သူ ပါးစပ်နှစ်ကြိမ်ခန့် ဟလိုက်သော်လည်း ဘာအသံမှ ထွက်မလာခဲ့ပေ။
ထန်စန်း သတိပြုမိသော်လည်း သူ့ကို လှည့်မကြည့်ခဲ့ပေ။
"ဒီညပဲ ထွက်ခွာကြမယ်"
ထန်စန်း၏ လက်က ပင်လယ်နတ်ဘုရားသုံးခွလှံထက်သို့ ပြန်လည်ရောက်ရှိသွားပြီး လက်ကိုင်ကို ထိမိလိုက်သည့် အခိုက်အတန့်တွင် သူ့လက်ချောင်းများ၏ တုန်ယင်မှုက အနည်းငယ် သက်သာသွားခဲ့သည်။
"အဲဒီမတိုင်ခင်မှာ အားလုံးပဲ မိမိတို့ရဲ့ အကောင်းဆုံး အခြေအနေ ရောက်အောင် ပြင်ဆင်ထားကြပါ"
လူစုက တစ်ယောက်ပြီးတစ်ယောက် ထရပ်ကာ အပြင်သို့ ထွက်ခွာသွားကြတော့သည်။
မာဟုန်ကျွင်း တံခါးဝသို့ လျှောက်လှမ်းသွားချိန်တွင် အနောက်သို့ လှည့်ကြည့်လိုက်ရာ ထန်စန်းက ထိုနေရာတွင်ပင် မလှုပ်မယှက် ထိုင်နေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။
သုံးခွလှံက စာပွဲပေါ်တွင် ကန့်လန့်ဖြတ် ရှိနေပြီး ခံစစ်မြေပုံက မီးရောင်အောက်တွင် ဖြန့်ကျက်ထားကာ ထိုလူကတော့ ခေါင်းငုံ့ထားသဖြင့် မျက်နှာ၏ တစ်ဝက်ခန့်က အရိပ်ထဲတွင် နစ်မြုပ်နေသည်။
သူ့ရဲ့ မျက်နှာအမူအရာကို ဘယ်လိုမှ ခန့်မှန်းလို့ မရပေ။
တံခါး ပိတ်သွားခဲ့ပြီ။
အခန်းထဲတွင် ထန်စန်းတစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။
သူက မိမိ၏ ညာလက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး လက်ချောင်းငါးချောင်းကို ဖြန့်ကာ ဖယောင်းတိုင်မီးရောင်ကို အတော်ကြာအောင် စိုက်ကြည့်နေမိသည်။
တုန်ယင်မှုများက ဆက်လက်ဖြစ်ပွားနေဆဲ။
ယခင်က သူ အန္တရာယ်နဲ့ ကြုံတွေ့ရတိုင်းမှာ စိတ်ထဲကနေ ဝေဝေဝါးဝါး သိနေတတ်တယ် ရပါတယ်၊ ဒါကို ကျော်ဖြတ်နိုင်မှာပါ ဆိုပြီးတော့။
အဲဒီလို သိစိတ်က သူ့ကို ဘယ်တုန်းကမှ လွဲချော်အောင် မလုပ်ခဲ့ဖူးဘူး။
ဒါပေမဲ့ အခုတော့ အဲဒီအရာ မရှိတော့ဘူး။
ကောင်းကင်နဲ့ မြေကြီးက သူ့ကို ကာကွယ်ပေးနေတယ်ဆိုတဲ့ လုံခြုံမှု ခံစားချက်ကြီးနဲ့အတူ အဲဒီအသံကလည်း ပျောက်ကွယ်သွားခဲ့ပြီ။
အော်... ဒါကြောင့် အဲဒီအရာကို ကံကောင်းခြင်းလို့ ခေါ်တာကိုး။ ဒါကို ဆုံးရှုံးလိုက်ရတဲ့ အချိန်ကျမှပဲ ဘယ်လောက်အထိ နာကျင်ရသလဲဆိုတာကို သိခွင့်ရတော့တာ။
"နတ်ဆရာ ရှန်ရိချန်... ဟူလီနာ..."
သူ လက်ကို ပြန်လည်ဆုပ်လိုက်ရာ လက်ချောင်းငါးချောင်းလုံးက တစ်ခုချင်းစီ တင်းကျပ်သွားပြီး လက်သည်းများက လက်ဖဝါးထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားခဲ့တော့သည်။