အခန်း (၁၃) ကံကြမ္မာကို ဖိနှိပ်ခြင်း - ထန်စန်း၏ ကံကောင်းခြင်းများ ကုန်ဆုံးချိန်သို့ ရောက်ရှိလာခြင်း
ယခုတစ်ကြိမ်တွင်မူ ဟူလီနာသည် တုံ့ဆိုင်းနှေးကွေးခြင်း လုံးဝမရှိတော့ပေ။
သူမသည် မိမိရှေ့မှောက်တွင် လွင့်မျောနေသော အသေးစား ကြေးဝါဖိုခနောက်လေးကို ငြိမ်သက်စွာ စိုက်ကြည့်နေပြီးနောက် ဖြည်းညှင်းစွာနှင့် လေးနက်စွာ အသက်တစ်ချက် ရှူသွင်းလိုက်သည်။ ထို့နောက် သူမ၏ လက်ကို လှမ်းလိုက်တော့သည်။ လွန်ခဲ့သော သုံးရက်ခန့်က ဒေါသစိတ်ကြောင့် အနည်းငယ် တုန်ယင်နေခဲ့သော ထိုလက်ကလေးသည် ယခုအခါတွင်မူ လုံးဝ တည်ငြိမ်ရင့်ကျက်နေခဲ့ပြီ ဖြစ်သည်။
သူမ၏ လက်ချောင်းထိပ်လေးများက သွယ်လျလျနှင့် ဖယောင်းလို ဖြူစင်နေပြီး ကောင်းကင်ပြင်တစ်ခုလုံး ခရမ်းရောင်အလင်းတန်းများ ဖုံးလွှမ်းနေသည့် နောက်ခံမြင်ကွင်းနှင့်အတူ မြင်တွေ့ရသည်မှာ မြင့်မြတ်လှသော အလှတရားတစ်ခုကို ပိုင်ဆိုင်ထားသကဲ့သို့ပင်။ သူမ၏ လက်ချောင်းထိပ်လေးများက ကံကြမ္မာဖိနှိပ်ဖိုခနောက်၏ အေးစက်လှသော မျက်နှာပြင်ပေါ်သို့ သာသာလေး ထိတွေ့လိုက်သည်။ မျှော်လင့်ထားသကဲ့သို့ နွေးထွေးမှုမျိုး လုံးဝမရှိဘဲ ပြောင်းလဲခြင်းမရှိသည့် အေးစိမ့်မှုနှင့် လေးလံမှုတို့သာ ရှိနေကာ ၎င်းသည် ဖိုခနောက်ငယ်လေးတစ်ခုကို ထိတွေ့နေရခြင်း မဟုတ်ဘဲ ကမ္ဘာဦးအစကတည်းက စုစည်းတည်ရှိနေခဲ့သော ကျယ်ပြောလှသည့် ကောင်းကင်ပြာကြီးကို ထိတွေ့နေရသကဲ့သို့ ခံစားရစေသည်။
ဝှီး ....
သူတို့၏ လက်ချောင်းထိပ်များ ထိတွေ့မိသည့်အခိုက်အတန့်မှာပင် ကံကြမ္မာဖိနှိပ်ဖိုခနောက်ထံမှ စူးရှတောက်ပလှသော အပြာရောင်အလင်းတန်းတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ထိုအလင်းက မျက်စိကျိန်းလောက်အောင် စူးရှခြင်းမရှိသော်လည်း ကမ္ဘာကြီးတစ်ခုလုံး၏ အလေးချိန်ကို သယ်ဆောင်ထားသကဲ့သို့ အလွန်အမင်း လေးလံလှသည်။
ပြာလဲ့သော အလင်းတန်းတစ်ခု လက်ကနဲ ဖြစ်သွားပြီးနောက် လက်ဖဝါးခန့်သာရှိသော ကံကြမ္မာဖိနှိပ်ဖိုခနောက်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ဟူလီနာ၏ မျက်ခုံးအလယ်ဆီသို့ တိုက်ရိုက်ဝင်ရောက်သွားပြီး ဖြူဖျော့ဖျော့ ခရမ်းရောင် ကိုးမြီးမြေခွေးအမှတ်အသားနှင့် ချက်ချင်းဆိုသလို ပေါင်းစပ်သွားတော့သည်။
"အင့်..."
ဟူလီနာသည် လည်ချောင်းဝမှ ညည်းတွားသံတစ်ခု ထွက်ပေါ်လာပြီး ခန္ဓာကိုယ်ကလည်း ထိန်းမနိုင်သိမ်းမရ နောက်သို့ ယိမ်းယိုင်သွားခဲ့သည်။
တကယ်လို့ ကမ္ဘာဦးစွမ်းအင် ဝိညာဉ်ပုလဲရဲ့ စွမ်းအားက နူးညံ့တဲ့ နွေဦးလေပြေတစ်ခုလို သန့်စင်စေမှုနဲ့ ဆင့်ကဲတိုးတက်စေမှုမျိုး ဖြစ်ခဲ့မယ်ဆိုရင် အခု ကံကြမ္မာဖိနှိပ်ဖိုခနောက်ရဲ့ စွမ်းအားကတော့ မြေကမ္ဘာကြီးရဲ့ ခံနိုင်ရည်ရှိမှုလို ဖိနှိပ်ပေးမှုနဲ့ တည်ငြိမ်စေမှုမျိုး ဖြစ်နေချေပြီ။
စကားလုံးဖြင့် ဖော်ပြရန်ခက်ခဲသော ကျယ်ပြောလှသည့် စွမ်းအားကြီးတစ်ခုက သူမ၏ ခန္ဓာကိုယ်ထဲတွင် ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာပြီး ခြေလက်အင်္ဂါများနှင့် အရိုးအဆစ်များအားလုံးဆီသို့ တိုးဝှေ့စီးဆင်းသွားတော့သည်။
ဤစွမ်းအားက ကြမ်းတမ်းခက်ထန်ခြင်းမရှိဘဲ ဆန့်ကျင်ဘက်အနေဖြင့် အလွန်အမင်း နူးညံ့သိမ်မွေ့လှသည်။ ၎င်းက သူမ၏ ချီသွေးကြောများကို တိုက်ခိုက်ခြင်းမရှိဘဲ ပြဒါးရည်များကဲ့သို့ ခန္ဓာကိုယ်၏ ထောင့်စွန်းတိုင်းဆီသို့ တိတ်ဆိတ်စွာ စိမ့်ဝင်သွားခဲ့သည်။
တရစပ် တစ်ဆယ့်ငါးဆင့်အထိ ခုန်တက်သွားခဲ့ခြင်းကြောင့် အနည်းငယ် အားနည်းချင်နေသော သူမ၏ ဝိညာဉ်စွမ်းအား အခြေခံအုတ်မြစ်မှာ ယခုအခါတွင်မူ ပြန်လည်လျော့ကျသွားပြီး မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်လှသော အရှိန်နှုန်းဖြင့် ပိုမိုခိုင်မာတည်ငြိမ်လာကြောင်း သူမ အထင်အရှား ခံစားလိုက်ရသည်။
ဝိညာဉ်စွမ်းအား အမျှင်တန်းတိုင်းတွင် တောင်တန်းကြီးများ၏ အလေးချိန်ကို ထည့်သွင်းပေးလိုက်သကဲ့သို့ လေးလံလှသော်လည်း လည်ပတ်မှုအပိုင်းတွင်မူ အရင်ကထက် ပိုမိုချောမွေ့လွတ်လပ်နေခဲ့ပြီ ဖြစ်သည်။
ယခင်က ကမ္ဘာဦးစွမ်းအင် ဝိညာဉ်ပုလဲ ပေးဆောင်လာခဲ့သော ကြီးမားလှသည့် စွမ်းအားမှာ ယခုအခါတွင် ဤနက်ရှိုင်းလှသော စွမ်းအားနှင့် အပြည့်အဝ ပေါင်းစပ်သွားခဲ့ပြီဖြစ်ရာ ယင်နှင့်ယန် အပြန်အလှန် ဖြည့်ဆည်းပေးသကဲ့သို့၊ ရေနှင့်မီး တူယှဉ်တွဲနေသကဲ့သို့ပင်။
တစ်ခုက မြင့်တက်စေခြင်း ဖြစ်ပြီး အခြားတစ်ခုကမူ ဖိနှိပ်တည်ငြိမ်စေခြင်း ဖြစ်သည်။တစ်ခုက အပြင်သို့ ကျယ်ပြန့်စေပြီး အခြားတစ်ခုကမူ အတွင်းသို့ ခိုင်မာစေသည်။ ၎င်းတို့က တစ်ခုနှင့်တစ်ခု အပြည့်အဝ ဖြည့်ဆည်းပေးနေကြသည်။ ဟူလီနာ၏ ခန္ဓာကိုယ် ယိမ်းယိုင်နေခြင်းမှာ ရပ်တန့်သွားခဲ့ပြီး သူမသည် ထိုနေရာတွင် မတ်မတ်ရပ်လိုက်နိုင်ပြီ ဖြစ်သော်လည်း သူမ၏ အရှိန်အဝါ သွင်ပြင်မှာမူ ကြီးမားလှသောပြောင်းလဲမှုကို ကြုံတွေ့နေရပြီ ဖြစ်သည်။
ဝိညာဉ်ဆင့်ကဲတိုးတက်မှုကြောင့် အနည်းငယ် ဖမ်းဆုပ်ရခက်ခဲကာ လောကုတ္တရာဆန်ပြီး မြင့်မြတ်နေခဲ့သော အရှိန်အဝါမှာ ယခုအခါ တောင်တန်းကြီးတစ်ခုကဲ့သို့ ပိုမိုခိုင်မာတည်ငြိမ်ပြီး စောင့်ထိန်းတတ်သော အရည်အသွေးမျိုးကို ပိုင်ဆိုင်သွားခဲ့ပြီ။ သူမသည် မကြာသေးမီကမှ အစွမ်းကုန် ထက်မြက်မှုများကို ပြသလျက် အိမ်မှ ထုတ်နုတ်လိုက်သော နတ်ဘုရားဓားတစ်လက်အလား ရှိနေခဲ့ရာမှ ယခုအခါတွင်မူ ရှေးဟောင်းပြီး လေးလံလှသော ဓားအိမ်ထဲသို့ ပြန်လည်ထည့်သွင်းလိုက်သကဲ့သို့ ဖြစ်သွားသည်။ ဓား၏ ထက်မြက်မှုက လျော့ပါးမသွားဘဲ ၎င်း၏ ဆွဲဆောင်မှုကသာ ပိုမိုနက်ရှိုင်းလာခဲ့ခြင်းဖြစ်သည်။
ပုပ်ရဟန်းမင်းကြီးနန်းတော်၏ ဝရံတာထက်တွင် ဘီဘီတုန်းသည် ဤမြင်ကွင်းကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။ သူမသည် ဟူလီနာ၏ အသက်ရှူနှုန်းက ပိုမိုမြင့်မားလာပြီးနောက် ပြန်လည်ငြိမ်သက်သွားသည်ကို စောင့်ကြည့်ခဲ့သည်။ ရုတ်တရက် တိုးပွားလာသော စွမ်းအားများကြောင့် အစပိုင်းတွင် အနည်းငယ် အသားမကျ ဖြစ်နေခဲ့သော ခန္ဓာကိုယ်လေးက အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် အရာရာကို အပြည့်အဝ ထိန်းချုပ်မောင်းနှင်နိုင်သွားသည်ကို စောင့်ကြည့်ခဲ့သည်။ သူမ၏ မျက်ခုံးကြားရှိ မြေခွေးအမှတ်အသားက ပြာလဲ့သောအလင်းကို ရောင်ပြန်ဟပ်နေပြီး သူမကိုယ်တိုင်၏ နှလုံးသားကိုပင် လှုပ်ခတ်သွားစေနိုင်လောက်သော လမ်းစဉ်ဆွဲဆောင်မှုမျိုး ထွက်ပေါ်နေသည်ကို ကြည့်ရှုခဲ့သည်။ ဘီဘီတုန်း၏ ခရမ်းရောင်မျက်ဝန်း အနက်ရှိုင်းဆုံးနေရာတွင် သူမကိုယ်တိုင်ပင် သတိမထားမိလောက်သော ဖုံးကွယ်မရသည့် မနာလိုအားကျစိတ်လေးတစ်ခု ဖြတ်ကနဲ လက်သွားခဲ့သည်။
"ဆရာ"
ဟူလီနာ၏ အသံကြောင့် ဘီဘီတုန်းတစ်ယောက် အတွေးကမ္ဘာထဲမှ ရုတ်တရက် နိုးထလာခဲ့သည်။ဘီဘီတုန်း မျက်လုံးများကို ပင့်တင်ကြည့်လိုက်ရာ ဟူလီနာက သူမကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"ဘယ်လိုနေလဲ"
ဘီဘီတုန်း မိမိကိုယ်ကို ပြန်လည်ထိန်းချုပ်လိုက်ပြီး အသံကလည်း ပုံမှန်အတိုင်း တည်ငြိမ်သွားခဲ့သည်။
"ခံစားချက်က..."
ဟူလီနာ မိမိခန္ဓာကိုယ်ထဲက ပြောင်းလဲမှုများကို ဆန်းစစ်ကြည့်ပြီးနောက် စကားလုံးများကို စီစဉ်လိုက်သည်
"အခြေခံအုတ်မြစ်က အရင်ကထက် ပိုပြီး ခိုင်မာသွားသလိုပဲ နာနာ့ရဲ့ ဝိညာဉ်စွမ်းအား လည်ပတ်နှုန်းကလည်း အရင်ကထက် အနည်းဆုံး သုံးဆယ်ရာခိုင်နှုန်းလောက် ပိုမြန်လာတယ်"
မူလအစက အလွန်နူးညံ့တဲ့ စွမ်းအားတစ်ခုရဲ့အဆက်မပြတ် မွေးမြူပေးမှုကို ခံနေရသလိုပဲ အလွန်ကို သက်တောင့်သက်သာ ရှိလှသည်။ ဘီဘီတုန်း ခေါင်းကို ဖြည်းညှင်းစွာ ညိတ်လိုက်ပြီး သူမ၏ မျက်နှာထက်တွင် ဝမ်းသာခြင်း၊ စိတ်ဆိုးခြင်း အမူအရာမျိုး လုံးဝမပြပေ။
သူမသည် ဟူလီနာ့ထံသို့ လျှောက်လှမ်းသွားပြီး သူမ၏ ဘေးနားတွင် ရပ်ကာ ပြန်လည်ကြည်လင်သွားခဲ့ပြီဖြစ်သော ကောင်းကင်ပြင်ကြီးကို အတူတူ ငေးကြည့်လိုက်ကြသည်။
"ဒါတွေက ကံကြမ္မာဖိနှိပ်ဖိုခနောက်ရဲ့ အသေးအမွှားဆုံး အာနိသင်တွေပဲ ရှိသေးတာ"
ဘီဘီတုန်း၏ အသံက တိုးညှင်းလှသော်လည်း ဟူလီနာ၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိလာခဲ့သည်။
ဟူလီနာ လန့်ဖျန့်သွားပြီး သူမ၏ ဆရာဖြစ်သူကို လှည့်ကြည့်လိုက်မိသည်။
ဘီဘီတုန်းက သူမကို ပြန်မကြည့်ဘဲ တည်ငြိမ်စွာ ဆက်ပြောသည်
"ဝိညာဉ်ကို မွေးမြူပေးတာနဲ့ မိစ္ဆာဝိညာဉ်တွေကို နှိမ်နင်းပေးတာ။ ဒီအာနိသင်တွေက ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်လောက်အောင် စွမ်းပေမယ့် နောက်ဆုံးတော့ ဒါတွေက ပြင်ပအရာတွေပဲ။ ဒီဖိုခနောက်ရဲ့ တကယ့်ကို အစားထိုးလို့မရတဲ့ တန်ဖိုးက သူ့ရဲ့ ပထမဆုံး အာနိသင်မှာ ရှိတာ"
သူမ၏ အသံက ခဏမျှ ဆိုင်းငံ့သွားပြီး စကားလုံးတစ်လုံးချင်းစီက ကြီးမားလှသော အလေးချိန်ကို သယ်ဆောင်ထားသည်
"ကံဇာတာကို ဖိနှိပ်တာ"
ဟူလီနာ အသက်ရှူသံ အနည်းငယ် တုန့်ဆိုင်းသွားခဲ့သည်။
ဘီဘီတုန်း ခေါင်းကို လှည့်လိုက်ပြီး သူမ၏ နက်ရှိုင်းလှသော ခရမ်းရောင်မျက်ဝန်းများဖြင့် ဟူလီနာ၏ မျက်လုံးများကို စူးစိုက်ကြည့်လိုက်သည်
"နာနာ... ဒါကို အသေအချာ မှတ်ထားပါ ဒီလောကမှာ အကြောင်းပြချက် အရှိဆုံးနဲ့ အဓိပ္ပာယ်မရှိဆုံးအရာက ကံကောင်းခြင်းပဲ အဲဒါက မျက်စိနဲ့ မမြင်ရသလို လက်နဲ့လည်း ဖမ်းဆုပ်လို့မရဘူး ဒါပေမဲ့ အဲဒါက သာမန်လူတစ်ယောက်ကို အခွင့်အရေး မြောက်မြားစွာ ရရှိစေပြီး ကြီးမားတဲ့ အောင်မြင်မှုကို ပေးစွမ်းနိုင်သလို တောက်ပတဲ့ ပါရမီရှင်တစ်ယောက်ကိုလည်း ကံဆိုးမှုတွေ အထပ်ထပ် ကြုံတွေ့စေပြီး နောက်ဆုံးမှာတော့ သာမန်လူတစ်ယောက် ဖြစ်သွားအောင် လုပ်နိုင်တယ်"
"ထန်စန်းက အဲဒီလို ပထမလူစားမျိုးပဲ"
ဘီဘီတုန်း၏ စကားလုံးများထဲတွင် အရိုးထဲအထိ စိမ့်ဝင်သွားစေမည့် အမုန်းတရားများ ပြည့်နှက်နေသည်
"သူ ဒီနေ့ ဒီလိုမျိုး အောင်မြင်နေရတာက နတ်ဘုရားတွေရဲ့ ထောက်ပံ့မှုကြောင့်တင် မကဘူး ပိုပြီး အရေးကြီးတာက သူ့မှာ လက်နဲ့ ဖမ်းဆုပ်လို့ရမတတ် ပြင်းထန်လှတဲ့ ကံကောင်းခြင်းတွေ ရှိနေလို့ပဲ။ ဒါမှမဟုတ်ရင် သူ အကြိမ်ပေါင်း ထောင်ချီပြီး သေဆုံးသွားလောက်ပြီ"
ဟူလီနာ၏ နှလုံးသားက ထိတ်ကနဲ ဖြစ်သွားပြီး အခြေအနေကို ချက်ချင်း ရိပ်မိသွားခဲ့သည်။
သူမ ဘီဘီတုန်းကို ကြည့်လိုက်ရာ နှုတ်ခမ်းလေးများက အနည်းငယ် တုန်ယင်နေသည်
"ဆရာ... ဆရာ့ဆိုလိုချက်က..."
"ဟုတ်တယ်"
ဘီဘီတုန်း၏ နှုတ်ခမ်းထောင့်တွင် အေးစက်ပြီး အောင်နိုင်သူတစ်ယောက်၏ အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။
"ဒီနေ့ကစပြီး ဒီကံကြမ္မာဖိနှိပ်ဖိုခနောက်က နင့်ကို အရှင်သခင်အဖြစ် အသိအမှတ်ပြုလိုက်တဲ့ အခိုက်အတန့်ကစပြီး ထန်စန်းရဲ့ ကံကောင်းခြင်းတွေဟာ လုံးဝ ကုန်ဆုံးသွားပြီ"
"ဒီကံကြမ္မာဖိနှိပ်ဖိုခနောက်က မျက်မြင်မရတဲ့ တောင်တန်းကြီးတစ်ခုလို သူ့ရဲ့ ကံကြမ္မာအပေါ်ကို ဖိချထားလိမ့်မယ် သူ့ရဲ့ အခွင့်အရေးအားလုံးက အားနည်းသွားလိမ့်မယ် သူ့ရဲ့ ကျင့်ကြံခြင်းအားလုံးက ထိရောက်မှု နည်းပါးသွားလိမ့်မယ် သူ့ရဲ့ အကြံအစည်နဲ့ လုပ်ဆောင်ချက်အားလုံးကလည်း အကြောင်းပြချက်မရှိတဲ့ မတော်တဆမှုတွေကြောင့် ပျက်စီးသွားလိမ့်မယ်"
"အဲဒီ နတ်ဆရာ ရှန်ရိချန် သူ နင့်ကို ဒီဖိုခနောက် ပေးလိုက်တာက နင့်ကို ဝိညာဉ်မွေးမြူဖို့ သက်သက်အတွက်တင် မဟုတ်ဘူး"
ဘီဘီတုန်း၏ မျက်ဝန်းများက တစ်ဖန် ပြန်လည်ရှုပ်ထွေးသွားခဲ့သည်။ သူမ၏ တပည့်ဖြစ်သူကို ကြည့်ရင်း သက်ပြင်း ဖွဖွလေး ချလိုက်မိသည်
"သူက နင့်အတွက် နောင်တစ်ချိန်မှာ အကြီးမားဆုံး ဖြစ်လာမယ့် ရန်သူကို တိတ်တဆိတ် ဖြတ်တောက်ပေးလိုက်တာပဲ"
ဂျိန်း..........
ဘီဘီတုန်း၏ စကားလုံးများက မိုးကြိုးမုန်တိုင်းတစ်ခုကဲ့သို့ ဟူလီနာ၏ စိတ်ထဲတွင် ပေါက်ကွဲသွားခဲ့သည်။ သူမ အပြည့်အဝ နားလည်သွားခဲ့ပြီ။ အော်... ဒါကြောင့်ကိုး။
ဒါကြောင့်မို့လို့ ကံကြမ္မာဖိနှိပ်ဖိုခနောက်ရဲ့ စစ်မှန်တဲ့ ရည်ရွယ်ချက်က ဒါ ဖြစ်နေတာကိုး။ ထိုလူ... မင်္ဂလာစာလွှာတစ်ခုတည်းနဲ့တင် တိုက်ကြီးတစ်ခုလုံးကို လှုပ်ခတ်သွားစေခဲ့တဲ့ ထိုလူက သူမရဲ့ အလားအလာနဲ့ ဝိညာဉ်ရဲ့ အားနည်းချက်ကို မြင်ရုံတင်မကဘဲ... သူမရဲ့ အနာဂတ် အကြီးမားဆုံး ရန်သူကိုပါ ကြိုတင်တွက်ချက်ပေးထားခဲ့တာပဲ။
သူကိုယ်တိုင် လှုပ်ရှားခြင်းမရှိသလို မျက်နှာတောင် ပြသခဲ့ခြင်း မရှိပေ။
သူ ဒုတိယမြောက် မင်္ဂလာစေ့စပ်လက်ဆောင်ကိုအလွယ်တကူ ပေးပို့လိုက်ရုံမျှသာ ဖြစ်သည်။
ပစ္စည်းတစ်ခုတည်းနဲ့တင်[ကံကောင်းခြင်းရဲ့ သားတော်] ဖြစ်တဲ့ ထန်စန်းကို တဖြည်းဖြည်းချင်းနဲ့ အမြစ်ပြတ်အောင် ချေမှုန်းပစ်ဖို့ လုံလောက်နေချေပြီ။
စကားလုံးဖြင့် ဖော်ပြရန်ခက်ခဲသော နွေးထွေးမှုတစ်ခု ဟူလီနာ၏ နှလုံးသားအနက်ရှိုင်းဆုံးနေရာမှ ရုတ်တရက် လျှံတက်လာခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ ချက်ချင်း ပြန့်နှံ့သွားခဲ့ရာ ၎င်းက ယခင်က ကြုံတွေ့ခဲ့ရသော မည်သည့်စွမ်းအားပိုင်းဆိုင်ရာ ပြောင်းလဲမှုထက်မဆို ပိုမိုနွေးထွေးလှသည်။
ဒါက ဂရုစိုက်ခံရခြင်းနဲ့ တိတ်တဆိတ် အပြည့်အဝ ကာကွယ်စောင့်ရှောက်ခံရခြင်းရဲ့ ခံစားချက်မျိုး ဖြစ်သည်။
သူမသည် ဤမင်္ဂလာပွဲက သူမအပေါ်ကို အတင်းအဓမ္မ သတ်မှတ်လိုက်တဲ့အရာ၊ အတင်းအကြပ် စေခိုင်းခံရတဲ့အရာလို့ အမြဲ တွေးခဲ့မိသည်။
ဒါပေမဲ့ အခုမှပဲ သူမ သိလိုက်ရတာက ထိုငြင်းပယ်၍မရသော အာဏာရှင်ဆန်မှုရဲ့ အောက်ခြေမှာ အလွန်နက်ရှိုင်းလှတဲ့ စဉ်းစားပေးမှုတွေနဲ့ အစွန်းကုန် ကာကွယ်ပေးလိုတဲ့ စိတ်ဓာတ်တွေ ကိန်းအောင်းနေတာကိုပဲ။
"နတ်ဆရာ ရှန်ရိချန်"
ဟူလီနာ မိမိ၏ နှလုံးသားထဲတွင် ထိုအမည်ကို တတိယမြောက်အကြိမ်အဖြစ် တိတ်တဆိတ် ရေရွတ်မိသည်။
ယခုတစ်ကြိမ်တွင်မူ သူမ၏ နှလုံးသားထဲတွင် တွန်းလှန်လိုစိတ် သို့မဟုတ် ဒေါသစိတ်များ လုံးဝမရှိတော့ဘဲ ပြင်းထန်လှသော စူးစမ်းလိုစိတ်နှင့် သူမကိုယ်တိုင်ပင် ဝန်ခံရန် ရှက်ရွံ့နေမိသော စွဲလမ်းမှုလေးတစ်ခုသာ ကျန်ရှိတော့သည်။
တစ်ချိန်တည်းမှာပင် မိုင်ပေါင်းထောင်ချီ ဝေးကွာလှသော ပင်လယ်နတ်ဘုရားကျွန်းထက်တွင် ပင်လယ်နတ်ဘုရားကျောင်းတော်အတွင်း။ ထန်စန်းသည် တင်ပျဉ်ခွေထိုင်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးက ရွှေရောင်နတ်ဘုရားအလင်းတန်းများ လွှမ်းခြုံနေကာ မိမိရှေ့မှောက်တွင် ပင်လယ်နတ်ဘုရားသုံးခွလှံက ဝဲပျံနေလျက် ခန့်ညားလှသော နတ်ဘုရားအရှိန်အဝါများကို ထုတ်လွှတ်နေသည်။
သူသည် ပင်လယ်နတ်ဘုရား၏ ရှစ်ခုမြောက် စမ်းသပ်မှု နောက်ဆုံးအဆင့်ကို အပြင်းအထန် တိုက်ခိုက်နေခြင်း ဖြစ်သည်။
အရာရာတိုင်းက သဘာဝကျကျ အောင်မြင်သင့်လှသည်။
သို့သော်လည်း အခုလေးတင်မှာပင် မည်သည့်နိမိတ်မှမရှိဘဲ ကြီးမားလှသော ကွက်လပ်ဖြစ်သွားသည့် ခံစားချက်ကြီးတစ်ခုက သူ၏ နှလုံးသားကို ရုတ်တရက် ဖမ်းဆုပ်လိုက်တော့သည်။
ထိုအရာက နာကျင်မှုမျိုး မဟုတ်သလို ဝိညာဉ်စွမ်းအားကြောင့် တုန်လှုပ်သွားခြင်းမျိုးလည်း မဟုတ်ပေ။
၎င်းက မိမိကိုယ်ထဲမှာ မွေးရာပါ ပါရှိနေတဲ့ မိမိရဲ့ ဝိညာဉ်နဲ့ ဆက်နွှယ်နေတဲ့ အရာတစ်ခုခုကို မျက်မြင်မရတဲ့ လက်တစ်ဖက်က ခန္ဓာကိုယ်ထဲကနေ အတင်းအဓမ္မ ဆွဲထုတ်သွားသကဲ့သို့ ခံစားချက်မျိုး ဖြစ်နေတော့သည်။