အခန်း (၁၂) ဒုတိယမြောက် မင်္ဂလာစေ့စပ်လက်ဆောင် [ကံကြမ္မာဖိနှိပ်ဖိုခနောက် ]
ပုပ်ရဟန်းမင်းကြီးနန်းတော်ရှေ့ရှိ ထောင်ပေါင်းများစွာသော သိုင်းဝိညာဉ်ဆရာများသည် တစ်ပြိုင်နက်တည်းမှာပင် ရင်ဘတ်ကိုဖိကာ နာကျင်စွာ ညည်းတွားလိုက်ကြသည်။
ထိုအရာသည် ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာမှ ပေါ်ထွက်လာသည့် အသက်ရှူကျပ်စေသော ခံစားချက်မျိုး ဖြစ်သည်။
သူတို့ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအားများမှာ ခဲပိတ်သွားသကဲ့သို့ ရှိနေပြီး လည်ပတ်မှုကလည်း အလွန်အမင်း ထိုင်းမှိုင်းနှေးကွေးသွားကာ ဝိညာဉ်စွမ်းအား အမျှင်တန်းလေးတစ်ခုချင်းစီက ရုန်းကန်လှုပ်ရှားနေရသည်။
ကျင့်ကြံခြင်းအဆင့် အနည်းငယ်အားနည်းသော သိုင်းဝိညာဉ်ဆရာအချို့မှာမူ ခြေထောက်များ ပျော့ခွေကာ မြေပြင်ပေါ်သို့ လဲကျသွားကြတော့သည်။ သူတို့၏ မျက်နှာများမှာ ခရမ်းပုပ်ရောင်သန်းလာပြီး လေထုကို မဟုတ်ဘဲ လေးလံလှသော ခဲများကို ရှူသွင်းနေရသကဲ့သို့ အသက်ကို လုရှူနေရသည်။
ဂန္ဓမာဝိဉာဥ် နှင့် သရဲဝိဉာဉ် ကဲ့သို့သော အစွမ်းထက်သည့် ဘွဲ့အမည်ရဝိဉာဉ် သိုင်းပညာရှင်များပင်လျှင် မျက်နှာများ ဖြူဖျော့နေကြပြီး လူအများရှေ့တွင် ဒူးမထောက်မိစေရန် သူတို့၏ ဝိညာဉ်စွမ်းအားအားလုံးကို အစွမ်းကုန် ထုတ်သုံးကာ တောင့်ခံထားရသည်။
သို့သော်လည်း ထိုဧရာမ ဖိုခနောက်ကြီးကို ကြည့်နေကြသော သူတို့၏ မျက်ဝန်းများထဲတွင်မူ အစောပိုင်းက အံ့အားသင့်မှုနှင့် သံသယစိတ်များအစား ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် လုံးဝ အစားထိုးဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။
ဒီဖိုခနောက်ကြီးက ဒီအတိုင်း ရှိနေရုံသက်သက်နဲ့တင် ဒေသတစ်ခုလုံးကို ဖိနှိပ်ထားနိုင်တာပဲ။
မြို့တော်တစ်ခုလုံး သေမင်းတမန် တိတ်ဆိတ်မှုနှင့် ဖိအားပေးမှုများအောက်တွင် ကျရောက်နေစဉ်မှာပင် ကောင်းကင်လမ်းစဉ်ကိုယ်တိုင်က ရွတ်ဖတ်နေသကဲ့သို့ ခန့်ညားထည်ဝါပြီး ခန့်ညားလှသော ရွတ်ဖတ်သံကြီးက ကောင်းကင်ထက်တွင် တစ်ဖန်ပြန်လည် မြည်ဟီးလာကာ လူတိုင်း၏ နားထဲသို့ ရှင်းလင်းစွာ ဝင်ရောက်လာခဲ့သည်။ စကားလုံးတစ်လုံးချင်းစီက လေးလံလှသော တူကြီးတစ်လက်ကဲ့သို့ သူတို့၏ ဝိညာဉ်ကို ထုနှက်နေသကဲ့သို့ပင်။
"နတ်ဆရာရဲ့ ဒုတိယမြောက် မင်္ဂလာစေ့စပ်လက်ဆောင် ကံကြမ္မာဖိနှိပ်ဖိုခနောက်"
"နတ်ဆရာ၏ မင်္ဂလာပွဲအတွက် ဂုဏ်ယူဝမ်းမြောက်အပ်ပါသည်"
ထိုရွတ်ဖတ်သံက မြင့်မားကျယ်လောင်လှပြီး ငြင်းဆန်ပယ်ဖျက်၍မရသော ကြေညာချက်တစ်ခုကို သယ်ဆောင်ထားသည်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ထိုအသံက ကောင်းကင်နှင့် မြေကြီးကြားတွင် ဆက်လက်ပဲ့တင်ထပ်ကာ ဤဧရာမ ဖိုခနောက်ကြီး၏ အမြင့်မြတ်ဆုံးသော စွမ်းပကားကို တိုက်ကြီးတစ်ခုလုံးထံ မိတ်ဆက်ပေးနေတော့သည်
"ဒီဖိုခနောက်က ဒေသတစ်ခုရဲ့ ကံဇာတာကိုတင်မကဘူး၊ လူတစ်ယောက်ချင်းစီရဲ့ ကံကြမ္မာကိုပါ ဖိနှိပ်ထားနိုင်တယ်"
"ဝိညာဉ်ရဲ့ မူလအစကို မွေးမြူပေးနိုင်ပြီး တဖြည်းဖြည်းချင်း အဆင့်မြင့်မားလာစေနိုင်တယ်"
"လောကမှာရှိတဲ့ မိစ္ဆာဝိညာဉ်အားလုံးကို နှိမ်နင်းနိုင်ပြီး စိတ်အာရုံနောက်ကျိစေတဲ့ အတားအဆီးအားလုံးကို ဖယ်ရှားပေးနိုင်တယ်"
ဂျိန်း.....
အာနိသင်တစ်ခုချင်းစီက ကောင်းကင်ကိုးထပ်မှ မိုးကြိုးမုန်တိုင်းများ ဝိညာဉ်နန်းတော်၏ အဆင့်မြင့်အဖွဲ့ဝင်အားလုံး၏ နှလုံးသားထဲတွင် ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွားစေသည်။
ရင်ပြင်ထက်ရှိ အသက်ရှူကျပ်မတတ် ဖိနှိပ်မှုကြီးမှာ ပိုမိုကြောက်မက်ဖွယ်ကောင်းသော သေမင်းတမန် တိတ်ဆိတ်မှုဖြင့် ချက်ချင်း အစားထိုးသွားခဲ့သည်။
လူတိုင်းက ဖြည်းညှင်းစွာ နိမ့်ဆင်းလာနေသော ကြေးဝါဖိုခနောက်ကြီးကို မယုံနိုင်စရာ ကောင်းလောက်အောင် ငေးစိုက်ကြည့်နေကြပြီး သူတို့၏ စိတ်ကူးစိတ်သန်းများလည်း ဗလာဖြစ်သွားကြသည်။
ကံဇာတာကို... ဖိနှိပ်ပေးနိုင်တာလား
ဝိညာဉ်ကို... မွေးမြူပေးနိုင်တာလား
မိစ္ဆာဝိညာဉ်တွေကို... နှိမ်နင်းပေးနိုင်တာလား
ကမ္ဘာဦး စွမ်းအင် ဝိညာဉ်ပုလဲ၏ အာနိသင်များကပင် တိုက်ကြီးတစ်ခုလုံးကို မှောက်လှန်ပစ်ရန် လုံလောက်နေပြီ ဖြစ်သော်လည်း အခုရှေ့မှောက်က ကံကြမ္မာဖိနှိပ်ဖိုခနောက်နှင့် နှိုင်းယှဉ်လိုက်လျှင် သမုဒ္ဒရာထဲက ရေတစ်စက်မျှသာ ရှိတော့သည်။
ဝိညာဉ်ပုလဲက လူတစ်ယောက်၏ အနာဂတ်ကို ပြောင်းလဲပေးနိုင်သည်။
သို့သော် ဤကံကြမ္မာဖိနှိပ်ဖိုခနောက်ကမူ အင်အားစုတစ်ခု၊ အင်ပါယာတစ်ခုနှင့် တိုက်ကြီးတစ်ခုလုံး၏ အခြေအနေကိုပါ ပြောင်းလဲပစ်နိုင်သည်။
ကံဇာတာကို ဖိနှိပ်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။
ဒါက ဒီဖိုခနောက်ကို ပိုင်ဆိုင်ထားရုံနဲ့ ရန်သူ့အင်အားစုတွေရဲ့ တိုင်းပြည်ကံဇာတာနဲ့ ကံကောင်းခြင်းရဲ့ သားတော်လို့ ခေါ်ဝေါ်ကြတဲ့သူတွေရဲ့ ကံကြမ္မာကိုပါ အတင်းအဓမ္မ ဖိနှိပ်ပစ်နိုင်တာကို ဆိုလိုတာပဲ။
ဒါက မိမိရဲ့ ကြီးမားလှတဲ့ ကံကောင်းခြင်းတွေကို အားကိုးပြီး အစဉ်တစိုက် တိုးတက်လာခဲ့တဲ့ ထန်စန်းဟာ ဒီဖိုခနောက်ကြီးရဲ့ ရှေ့မှောက်မှာ ခြေတစ်လှမ်းတောင် လှမ်းရခက်ခဲသွားလိမ့်မယ်ဆိုတာကို ဆိုလိုတာပဲ။
ဝိညာဉ်ရဲ့ မူလအစကို မွေးမြူပေးနိုင်တယ်ဆိုတာ။
ဒါက ဖိုခနောက်ထဲမှာ ဝိညာဉ်ကို ထည့်သွင်းမွေးမြူထားသရွေ့ အညံ့ဖျင်းဆုံး ပါရမီရှိတဲ့ ဝိညာဉ်မျိုးတောင်မှ အချိန်ကြာလာတာနဲ့အမျှ အဆက်မပြတ် ဆင့်ကဲတိုးတက်လာပြီး နောက်ဆုံးမှာတော့ စိတ်ကူးလို့တောင်မရတဲ့ အမြင့်ဆုံးအဆင့်ကို ရောက်ရှိသွားနိုင်တာကို ဆိုလိုတာပဲ။
"လောကမှာရှိတဲ့ မိစ္ဆာဝိညာဉ်အားလုံးကို နှိမ်နင်းနိုင်တယ်"
ထို အစွမ်းကတော့ အမှောင်ထုနဲ့ ယုတ်ညံ့တဲ့ ဝိညာဉ်တွေကို အားကိုးပြီး ကျင့်ကြံကြတဲ့ သိုင်းဝိညာဉ်ဆရာ အများအပြားအတွက် သဘာဝတရားက ပေးထားတဲ့ ကန္တာရဆူးကြီးတစ်ခု ဖြစ်နေချေပြီ။
"မဟုတ်ဘူး... ဒါက မဖြစ်နိုင်တာ..."
ဂန္ဓမာဝိဉာဉ် ယွဲ့ကွမ်းသည် ဧရာမ ဖိုခနောက်ကြီးကို စိုက်ကြည့်ရင်း နှုတ်ခမ်းများ တုန်ယင်လျက် လုံးဝမျှော်လင့်ချက်မဲ့နေသော အသံဖြင့် မိမိဘာသာ ရေရွတ်မိသည်
"ဘယ်လိုလုပ်ပြီး ဒီလိုမျိုးအရာက... တိုက်ကြီးရဲ့ လားရာကို ပြောင်းလဲပစ်နိုင်တဲ့ တိုင်းပြည်ရဲ့ ရတနာမျိုးကို... ဘယ်လိုလုပ်ပြီး မင်္ဂလာစေ့စပ်လက်ဆောင်အဖြစ် ပေးပစ်နိုင်ရတာလဲ"
ဘယ်သူမှ သူ့ကို ပြန်မဖြေနိုင်ကြပေ။
ဘာဖြစ်လို့လဲဆိုတော့ ဘီဘီတုန်း အပါအဝင် အဲဒီနေရာမှာ ရှိနေကြသူအားလုံးရဲ့ အသိဥာဏ်တွေဟာ လုံးဝ ခြေမှုန်းခံလိုက်ရပြီ ဖြစ်လို့ပင်။
"ဂွတ်…"
သရဲဝိဉာဉ် ကွေ့မေ့သည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်သည်။ သူ၏ အမြဲတမ်း မှုံမှိုင်းနေသော မျက်နှာထက်တွင် ဖုံးကွယ်မရသော လောဘစိတ်နှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေခဲ့ပြီ။
ပုပ်ရဟန်းမင်းကြီးနန်းတော်၏ ဝရံတာထက်တွင် ထိုရွတ်ဖတ်သံက အာနိသင်များကို ရှင်းလင်းပြလိုက်သည့် အခိုက်အတန့်မှာပင် ဘီဘီတုန်း၏ မျက်ဝန်းအိမ်များက ရုတ်တရက် အပ်နဖားခေါင်းခန့်အထိ ကျုံ့ဝင်သွားခဲ့သည်။
သူမ၏ ခန္ဓာကိုယ်က လှုပ်ရှားမှုမရှိဘဲ ကျောက်ရုပ်တစ်ခုလို တောင့်တင်းနေသော်လည်း သူမ၏ နှလုံးသားထဲမှာမူ ပြင်းထန်လှသော မုန်တိုင်းတစ်ခု ဆင်နွှဲနေချေပြီ။
ကံဇာတာကို ဖိနှိပ်တယ်ဆိုတာ။
ဒီစကားလုံး လေးလုံးက ပူပြင်းလှတဲ့ သံပူကြီးတစ်ခုလို သူမရဲ့ ဝိညာဉ်အနက်ရှိုင်းဆုံးနေရာအထိ ပြင်းထန်စွာ ရိုက်နှိပ်သွားခဲ့သည်။
သူမတစ်သက်မှာ ဘာကို အမုန်းဆုံးလဲ။
အဲဒီ ဒြပ်မဲ့သော်လည်း တကယ်ရှိနေတဲ့ ကံကောင်းခြင်းတွေကိုပဲ။
ဘာဖြစ်လို့ ထန်ဟောက်နဲ့ သူ့သား ထန်စန်းတို့က နတ်ဘုရားတွေရဲ့ မျက်နှာသာပေးမှုကို ရရှိပြီး အရာရာမှာ ချောမွေ့နေရတာလဲ။
ဘာဖြစ်လို့ သူမ သွေးချွေးတွေ ရင်းပြီး ခက်ခက်ခဲခဲ တည်ဆောက်ထားခဲ့တဲ့ ဝိညာဉ်အင်ပါယာကြီးက သူတပါး နတ်ဘုရားဖြစ်ဖို့အတွက် နင်းခြေစရာ ကျောက်တုံးတစ်ခု ဖြစ်ပေးရမှာလဲ။
သူမ မုန်းတယ်။
အခုတော့ ကံဇာတာကို ဖိနှိပ်ပေးနိုင်တဲ့ ရတနာထူးတစ်ခုက သူမရဲ့ မျက်စိရှေ့တည့်တည့်မှာ ပေါ်လာခဲ့ပြီ။
တကယ်လို့... တကယ်လို့ ဒီဖိုခနောက်က ဝိညာဉ်နန်းတော်ရဲ့ အပိုင်သာ ဖြစ်လာခဲ့မယ်ဆိုရင်...
ဒီအတွေးက ဘီဘီတုန်းရဲ့ စိတ်ထဲကို ဖြတ်ပြေးသွားတဲ့ အခိုက်အတန့်မှာပဲ သူမရဲ့ နှလုံးသားက ရူးသွပ်စွာ ခုန်ခတ်လာခဲ့သည်။
ဒါပေမဲ့ နောက်ထပ်အခိုက်အတန့်မှာတော့ ရိုးတွင်းခြင်ဆီအထိ အေးစိမ့်သွားတဲ့ အအေးဓာတ်က ခြေဖဝါးကနေ ဦးခေါင်းအထိ ဆိမ့်တက်သွားခဲ့ရသည်။
သူမ လွန်ခဲ့တဲ့ ခုနစ်ရက်က ကမ္ဘာဦးစွမ်းအင် ဝိညာဉ်ပုလဲကို လုယူဖို့ ကြိုးစားခဲ့တုန်းက လမ်းစဉ်အမှတ်အသားရဲ့ အလွယ်တကူ တွန်းကန်မှုကို ခံရပြီး အရှက်တကွဲ ဖြစ်ခဲ့ရတဲ့ မြင်ကွင်းကို ပြန်လည်သတိရသွားသည်။
ဒီကံကြမ္မာဖိနှိပ်ဖိုခနောက်ကနေ ထွက်ပေါ်နေတဲ့ ဖိနှိပ်မှုအရှိန်အဝါက ဝိညာဉ်ပုလဲထက်တောင် အဆပေါင်းများစွာ ပိုမိုပြင်းထန်နေသေးသည်။
ဒီဖိုခနောက်ကလည်း အဲဒီဝိညာဉ်ပုလဲလိုပဲ လူတစ်ယောက်တည်းကိုသာ အသိအမှတ်ပြုထားတာကို သူမ အသေအချာ သိရှိနေသည်။
ဟူလီနာ....
ဘီဘီတုန်း ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်ပြီး သူမရဲ့ ဘေးနားက တပည့်ဖြစ်သူကို ရှုပ်ထွေးလှတဲ့ အမူအရာနဲ့ ကြည့်လိုက်သည်။
ဒီအချိန်မှာတော့ ဟူလီနာကတော့ လုံးဝ ကြောင်အမ်းနေခဲ့ပြီ။
သူမသည် နှုတ်ခမ်းလေး အနည်းငယ် ပွင့်ဟလျက် နှင်းလိုဖြူစင်သော လည်တိုင်လေးကို မော့ကာ အဆုံးမရှိသော ခန့်ညားထည်ဝါမှုများကို ထုတ်လွှတ်နေသည့် ကြေးဝါဖိုခနောက်ကြီးကို အဝေးကနေ ငေးကြည့်နေမိသည်။ ရွှေရောင်အလင်းတန်းများ ပြည့်နှက်နေသော သူမ၏ မျက်ဝန်းများထဲတွင် စစ်မှန်သော တုန်လှုပ်မှုနှင့် ဝေခွဲမရမှုများသာ ရှိတော့သည်။
ပထမဆုံး မင်္ဂလာစေ့စပ်လက်ဆောင်ဖြစ်တဲ့ ကမ္ဘာဦးစွမ်းအင် ဝိညာဉ်ပုလဲက သူမရဲ့ ကိုယ်ပိုင်တိုးတက်မှုအတွက်၊ သူမကို ပြန်လည်မွေးဖွားစေပြီး သိုင်းဝိညာဉ်ကို ဆင့်ကဲတိုးတက်စေဖို့အတွက် ဖြစ်သည်။
သူမ ထိတ်လန့်ခဲ့ရပေမယ့် ဒါက သူမကို "ကျင့်ကြံဖော်" အဖြစ် ပိုမိုသန်မာလာစေချင်လို့ဆိုတာကို နားလည်နိုင်သေးသည်။
ဒါပေမဲ့ ဒီဒုတိယမြောက် မင်္ဂလာစေ့စပ်လက်ဆောင်ကတော့...
ကံဇာတာကို ဖိနှိပ်တယ် ဝိညာဉ်ကို မွေးမြူပေးတယ် မိစ္ဆာဝိညာဉ်တွေကို နှိမ်နင်းပေးတယ်...
ဒါတွေက တစ်ဦးတစ်ယောက်ချင်းစီရဲ့ နယ်ပယ်ကို လုံးဝကျော်လွန်သွားပြီ။ ဒါက ထာဝရတည်တံ့မယ့် အင်အားစုကြီးတစ်ခုရဲ့ အခြေခံအုတ်မြစ်ကို ချပေးနိုင်လောက်တဲ့ စစ်ဗျူဟာမြောက် ရတနာထူးကြီးပဲ။
ထိုလူ... နတ်ဆရာ ရှန်ရိချန်လို့ ခေါ်တဲ့ ထိုလူက အမှန်တကယ်တော့ ဘာကို တွေးနေတာလဲ။
သူ့မှာ ဘယ်လိုမျိုး ကြောက်မက်ဖွယ်ကောင်းတဲ့ အရင်းအမြစ်တွေ ရှိနေလို့ ဒီလိုမျိုး အဆင့်အတန်းရှိတဲ့ ရတနာကို မင်္ဂလာစေ့စပ်လက်ဆောင်အဖြစ် အလွယ်တကူ ပေးအပ်နိုင်ရတာလဲ။
ပထမဦးဆုံးအကြိမ်အဖြစ် ဟူလီနာသည် ဤ[နတ်ဘုရား] ဆန်လှသော မင်္ဂလာပွဲအပေါ် စကားလုံးဖြင့် ဖော်ပြရခက်သော စိုးရိမ်ပူပန်မှုများကို ခံစားလိုက်ရသည်။
ဤမင်္ဂလာစေ့စပ်လက်ဆောင်က လေးလံလွန်းလှသည်။
၎င်းက လေးလံလွန်းလှသဖြင့် သူမကိုယ်တိုင်ပင် လုံးဝ မခံနိုင်တော့ဘဲ တောင့်မခံနိုင်တော့သကဲ့သို့ ခံစားရစေသည်။
နန်းတော်တစ်ခုလုံး တိတ်ဆိတ်သွားပြီး လူတိုင်းက ကံကြမ္မာဖိနှိပ်ဖိုခနောက်ကြောင့် တုန်လှုပ်ကာ ဘာမှမတွေးနိုင်တော့သည့် အချိန်မှာပင် ခမ်းနားလှသော ရွတ်ဖတ်သံကြီးက နောက်ဆုံးစကားလုံးများကို ချန်ထားခဲ့သည်။
ထိုအသံ ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် ဝိညာဉ်မြို့တော်တစ်ခုလုံးကို ဖိနှိပ်ထားသော ကြေးဝါဖိုခနောက်ကြီးထံမှ အသက်ရှူကျပ်မတတ် ဖိအားကြီးကရုတ်တရက် လျော့ပါးသွားခဲ့သည်။
၎င်းသည် လေထုထဲတွင် အနည်းငယ် တုန်ခါသွားပြီး မျက်မြင်မရသော ချည်နှောင်မှုအချို့မှ ရုန်းထွက်လိုက်သကဲ့သို့ ဧရာမ ဖိုခနောက်ကြီးက မျက်စိဖြင့် မြင်သာသော အရှိန်နှုန်းဖြင့် စတင်ကျုံ့ဝင်လာခဲ့သည်။
စူးရှတောက်ပသော အလင်းတန်းအားလုံး ငြိမ်းသက်သွားပြီး နောက်ဆုံးတွင် ထိုဧရာမ ဖိုခနောက်ကြီးသည် နူးညံ့လှသော အပြာရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ လေထုထဲတွင် လှပသော လှိုင်းကွေးတစ်ခုကို ဆွဲသားလျက် လမ်းကြောင်းမလွဲဘဲ ဟူလီနာ့ထံသို့ ဖြည်းညှင်းစွာ ပျံသန်းလာခဲ့သည်။
၎င်းတွင် ကမ္ဘာဦးစွမ်းအင် ဝိညာဉ်ပုလဲကဲ့သို့ ရင်းနှီးကျွမ်းဝင်မှုမျိုး မရှိသော်လည်း ငြင်းပယ်၍မရသော ခန့်ညားမှုနှင့် လေးလံမှုကို သယ်ဆောင်ထားသည်။
နောက်ဆုံးတွင် ထိုအပြာရောင်အလင်းတန်းက ဟူလီနာ၏ ရှေ့မှောက် သုံးပေအကွာတွင် ငြိမ်သက်စွာ ဝဲပျံနေခဲ့သည်။
အလင်းတန်းများ ပျောက်ကွယ်သွားချိန်တွင် လက်ဖဝါးခန့်သာရှိပြီး အနုပညာလက်ရာတစ်ခုကဲ့သို့ သေသပ်လှပစွာ ထုဆစ်ထားသော အသေးစား ကြေးဝါဖိုခနောက်လေးတစ်ခုက ထိုနေရာတွင် တိတ်ဆိတ်စွာ လွင့်မျောနေတော့သည်။ ၎င်းက စောင့်ဆိုင်းနေခြင်း ဖြစ်သည်
၎င်း၏ တစ်ဦးတည်းသော အရှင်သခင်မက လက်လှမ်းပြီး သိမ်းဆည်းမည့်အချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။