အခန်း (၁၁) ဤကဲ့သို့သော မင်္ဂလာစေ့စပ်လက်ဆောင်က နတ်ဘုရားလောကကိုပင် ဖိနှိပ်နိုင်ပါသလား
မိုးသောက်အရုဏ်ဦး အချိန်တွင် ဝိညာဉ်မြို့တော်ကြီးသည် တိတ်ဆိတ်ငြိမ်သက်လှသော မြူနှင်းများအောက်တွင် လွှမ်းခြုံနေဆဲဖြစ်သည်။
စောစောထလေ့ရှိသူများမှာ တံခါးများကို မကြာသေးမီကမှ ဖွင့်လှစ်ကြသေးပြီး လမ်းမများပေါ်တွင် သိုင်းဝိညာဉ်ဆရာ အနည်းငယ်သာ ကင်းလှည့်နေကြသဖြင့် သူတို့၏ ခြေသံများက ဆိတ်ငြိမ်သော လမ်းမထက်တွင် ပို၍ပင် ရှင်းလင်းစွာ ကြားနေရသည်။
ရုတ်တရက်ဆိုသလို အရှေ့ဘက်မိုးကုတ်စက်ဝိုင်း အရုဏ်ဦး၏ ဖြူဖျော့ဖျော့အလင်းနှင့် နေထွက်ချိန်တို့ ဆုံစည်းရာနေရာမှ ထူးခြားဆန်းပြားလှသော ခရမ်းရောင်အလင်းတန်းများ မည်သည့်နိမိတ်မှမရှိဘဲ တိုးဝှေ့ထွက်ပေါ်လာခဲ့သည်။
ပထမတွင် ထိုအလင်းက မိုးကုတ်စက်ဝိုင်းပေါ်တွင် ဖြန့်ခင်းထားသော အကောင်းစား ပိုးဖဲတစ်စအလား အမျှင်တန်းလေးတစ်ခုမျှသာ ဖြစ်သည်။
သို့သော်လည်း ခဏချင်းမှာပင် ထိုခရမ်းရောင်မီးတောက်များက တစ်ဟုန်ထိုး ရူးသွပ်စွာ ကျယ်ပြန့်လာပြီး စစ်မြေပြင်သို့ တိုက်ခိုက်ချီတက်လာသော မြင်းသည်တော် ထောင်သောင်းချီသည့်အလား သို့မဟုတ် ကမ်းပါးပြိုကျလာသော ပင်လယ်လှိုင်းလုံးကြီးများအလား ကောင်းကင်ပြင်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
အသက်ရှူကြိမ် တစ်ဆယ်ကျော်အတွင်းမှာပင် ကျယ်ပြောလှသော ခရမ်းရောင်အရှိန်အဝါကြီးက ဝိညာဉ်မြို့တော်၏ ကောင်းကင်ထက်ကို လုံးဝဖုံးလွှမ်းသွားပြီး လတ်တလောမှ ပေါ်ထွန်းစပြုလာသော အရုဏ်ဦးအလင်းကို ဝါးမြိုပစ်လိုက်သည်။
ခမ်းနားထည်ဝါလှသော မြို့တော်ကြီးတစ်ခုလုံးသည် လှပဆန်းပြားပြီး ဖိအားပြင်းလှသော ရွှေရောင်အလင်းအောက်တွင် ကျရောက်သွားခဲ့ရသည်။
မြို့ထဲရှိ သိုင်းဝိညာဉ်ဆရာများ ပိုမိုတိုက်ရိုက် ခံစားလိုက်ရသည်မှာ ပြင်းထန်လှသော ကြောက်ရွံ့ထိတ်လန့်မှုပင် ဖြစ်သည်။
ထိုခရမ်းရောင်ချီစွမ်းအင်ထဲတွင် ပါရှိသော ဖိအားသည် အရင်ကကဲ့သို့ သိုင်းဝိညာဉ်ဆရာများထံ တိုက်ရိုက်ပစ်မှတ်ထားခြင်း မဟုတ်သော်လည်း ပိုမိုရှေးကျပြီး ကျယ်ပြောလှသော အရှိန်အဝါကို သယ်ဆောင်ထားသည်။ ၎င်းသည် ကမ္ဘာဦးအစက ဖြစ်ပေါ်ခဲ့သော ကမ္ဘာဦးချီစွမ်းအင်အလား ခံစားရစေပြီး သူတို့၏ ဝိညာဉ်စွမ်းအားများကို ရပ်တန့်သွားစေကာ အသက်ရှူရပင် ခက်ခဲလာစေသည်။
မြို့တော်တစ်ခုလုံးသည် ချက်ချင်းဆိုသလို တစ်ခါမှမကြုံဖူးသော ရုတ်ရုတ်သဲသဲ အခြေအနေသို့ ဆိုက်ရောက်သွားတော့သည်။
ပုပ်ရဟန်းမင်းကြီးနန်းတော် အမိုးပွင့်ဝရံတာ
ဘီဘီတုန်းသည် လက်ရန်းနားတွင် ရပ်နေပြီး သူမ၏ ခရမ်းနက်ရောင် ပုပ်ရဟန်းမင်းကြီးဝတ်ရုံကြီးက နံနက်ခင်းလေပြေတွင် တဖျတ်ဖျတ် လွင့်ပယ်နေသည်။
သူမသည် အောက်ခြေတွင် လှုပ်လှုပ်ရွရွ ဖြစ်နေသော လူအုပ်ကြီးကို ကြည့်မနေဘဲ သူမ၏ ခရမ်းရောင်မျက်ဝန်းများက ခေါင်းပေါ်ရှိ အဆုံးမရှိသော ခရမ်းရောင်တိမ်ပင်လယ်ကြီးဆီသို့သာ စူးစိုက်ကြည့်နေမိသည်။
ဘယ်သောအခါမှ အေးစက်တည်ငြိမ်လေ့ရှိသော သူမ၏ မျက်နှာထက်တွင် ပထမဆုံးအကြိမ်အဖြစ် ဖုံးကွယ်မရသော လေးနက်မှုနှင့် အံ့အားသင့်မှုတို့ ထင်ဟပ်နေခဲ့ပြီ
"ဒီအရှိန်အဝါက..."
သူမ ဖြည်းညှင်းစွာ စကားပြောလိုက်ရာ သူမကိုယ်တိုင်ပင် သတိမထားမိလောက်အောင် အသံများ ခြောက်ကပ်နေခဲ့သည်
"ကမ္ဘာဦးစွမ်းအင် ဝိညာဉ်ပုလဲ ဆင်းသက်လာတုန်းကထက် အဆပေါင်းရာချီ ပိုပြီး ကြောက်စရာကောင်းတယ်"
ဟူလီနာသည် သူမ၏ ဘေးနားတွင် တစ်ဝက်မျှ ကပ်လျက် ရပ်နေသည်
သူမသည်လည်း ကောင်းကင်ပြင်ကို ဖိနှိပ်ထားသော ခရမ်းရောင်အလင်းတန်းကြီးကို မော့ကြည့်နေမိပြီး နှလုံးသားက ရင်ဘတ်ထဲမှ ဖောက်ထွက်မတတ် တဒိန်းဒိန်း ခုန်ခတ်နေမိသည်။
အေးမြသော နံနက်ခင်းလေပြေ တိုက်ခတ်သွားချိန်တွင်မှ သူမ၏ လက်ဖဝါးနှစ်ဖက်စလုံး၌ အေးစိမ့်သော ချွေးစေးလေးများ စိုရွှဲနေပြီဖြစ်ကြောင်း သတိပြုမိတော့သည်။
လွန်ခဲ့သော ခုနစ်ရက်က ပထမဆုံး မင်္ဂလာ စေ့စပ်လက်ဆောင်ဖြစ်သည့် ကမ္ဘာဦးစွမ်းအင် ဝိညာဉ်ပုလဲသည် သူမကို ပြောင်းလဲပေးခဲ့ပြီး သိုင်းဝိညာဉ်ကို ဆင့်ကဲတိုးတက်စေကာ ဝိညာဉ်စွမ်းအားကို တစ်ဆယ့်ငါးဆင့် အထိ ခုန်တက်သွားစေခဲ့သည်။ သိုင်းဝိညာဉ်ဆရာ မြောက်မြားစွာ တောင့်တကြသော ဝိညာဉ်အဆင့်သို့ သူမကို တစ်ဟုန်ထိုး ရောက်ရှိသွားစေခဲ့သည်။
ထိုကဲ့သို့သော အံ့ဖွယ်ဖြစ်ရပ်သည် တိုက်ကြီးတစ်ခုလုံး၏ အသိဥာဏ်ကို မှောက်လှန်ပစ်ရန် လုံလောက်နေပြီ ဖြစ်သည်။
သို့သော် ယခုမူ ဒုတိယမြောက် မင်္ဂလာစေ့စပ်လက်ဆောင် မပေါ်လာသေးခင်မှာပင် ရောက်ရှိလာတော့မည့် နိမိတ်လက္ခဏာများက ယခင်အရာထက် စွမ်းအားပိုင်းတွင် များစွာသာလွန်နေချေပြီ။
ထိုလူ နတ်ဆရာ ရှန်ရိချန်ဟု ခေါ်သော ထိုလူသည် အမှန်တကယ်တော့ ဘာလုပ်ချင်နေတာလဲ
သူ့ရဲ့ စွမ်းအားနောက်ခံက ဘယ်လောက်တောင် နက်ရှိုင်းပြီး အတိုင်းအဆမရှိ ဖြစ်နေရတာလဲ
"ဆရာ... ပုပ်ရဟန်းမင်းကြီး အရှင်သခင်မ..."
ဂန္ဓမာဝိဉာဉ် ယွဲ့ကွမ်းသည် ယိမ်းယိုင်လျက် ရှေ့သို့ တိုးလာခဲ့သည်။ အမြဲတမ်း နုပျိုအောင် ထိန်းသိမ်းထားလေ့ရှိသော သူ၏ မျက်နှာထက်တွင် သွေးရောင် လုံးဝမရှိတော့ဘဲ အသံများလည်း ထိန်းမရအောင် တုန်ယင်နေသည်
"ဒါ... ဒါက ဘယ်လိုမျိုး စွမ်းအားလဲ။ ကမ္ဘာကြီးတစ်ခုလုံးကို ဒီလိုမျိုး သွင်ပြင်ပြောင်းလဲသွားစေနိုင်တာ ဒါက... ဒါက နတ်ဘုရားစွမ်းအားတွေနဲ့ ရှင်းပြလို့ရတဲ့ အဆင့်ထက် ကျော်လွန်နေပြီ"
သူသည် ဘွဲ့အမည်ရဝိဉာဥ်တစ်ယောက်ဖြစ်သည့်အတွက် ဤစွမ်းအား၏ သဘောသဘာဝသည် သူသိထားသော မည်သည့်စွမ်းအင်စနစ်နှင့်မျှ လုံးဝမတူညီကြောင်း အထင်အရှား သိရှိနိုင်သည်။
၎င်းသည် ဝိညာဉ်စွမ်းအားလည်း မဟုတ်သလို နတ်ဘုရားစွမ်းအားလည်း မဟုတ်ပေ။ ၎င်းသည် ပိုမိုရှေးကျပြီး ပိုမိုမူလဆန်လှကာ ဤကမ္ဘာကြီး၏ အခြေခံအကျဆုံး စည်းမျဉ်းများကို ဖွဲ့စည်းထားသော အရာအလား ခံစားရစေသည်။
ဤစွမ်းအား၏ ရှေ့မှောက်တွင် သူ အမြဲဂုဏ်ယူလှသော ဘွဲ့အမည်ရဒိုးလော့ ကျင့်ကြံခြင်းအဆင့်မှာ ဖုန်မှုန့်တစ်စကဲ့သို့ အဓိပ္ပာယ်မဲ့လွန်းလှသည်။
ဘီဘီတုန်း ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်သော်လည်း မျက်ဝန်းများကမူ လိပ်တက်နေသော ခရမ်းရောင်မီးတောက်များဆီမှ ဖယ်ခွာမသွားပေ။
သူမ၏ စကားများထဲတွင် ပထမဆုံးအကြိမ်အဖြစ် ဝေခွဲမရမှုနှင့် အားကိုးရာမဲ့မှုတို့ ပါဝင်နေခဲ့သည်
"ငါလည်း မသိဘူး"
သူမ ထိုစကားကို ပြောလိုက်သည့် အခိုက်အတန့်တွင် ဂန္ဓမာဝိဉာဥ်နှင့် သရဲဝိဉာဥ်တို့ တစ်ပြိုင်နက်တည်း ကြောင်အမ်းသွားကြသည်။
သူတို့၏ နှလုံးသားထဲတွင် ပုပ်ရဟန်းမင်းကြီး ဘီဘီတုန်းသည် အရာရာကို တတ်စွမ်းနိုင်သူ နတ်ဘုရားအဆင့်သို့ ရောက်ရှိရန် လက်တစ်ကမ်းအလိုတွင် ရှိနေသူနှင့် ဝိညာဉ်နန်းတော်၏ အဓိကဒေါက်တိုင်ကြီး ဖြစ်သည်။
သို့သော် ယခုမူ သူမကိုယ်တိုင်က ရှေ့မှောက်က မြင်ကွင်းကို နားမလည်နိုင်ပါဟု ဝန်ခံလိုက်ချေပြီ။
ဤအချက်သည် ခရမ်းရောင်ကောင်းကင်ကြီးက ပေးဆောင်လာသော ဖိနှိပ်မှုထက်ပင် သူတို့ကို ပိုမိုစိတ်မသက်မသာ ဖြစ်စေခဲ့သည်။
ထိုစဉ်မှာပင် ကောင်းကင်နှင့် မြေကြီးကြားတွင် သာယာနာပျော်ဖွယ်ကောင်းပြီး လောကုတ္တရာဆန်လှသော တရားရွတ်ဖတ်သံများ ပဲ့တင်ထပ်လာခဲ့သည်။
ထိုအသံသည် ဝေးကွာထည်ဝါလှပြီး မည်သည့်အရပ်မျက်နှာမှ ထွက်ပေါ်လာသည်ဟု ပြော၍မရဘဲ လူတိုင်း၏ ဝိညာဉ်အောက်ခြေမှ တိုက်ရိုက်မြည်ဟီးလာခြင်း ဖြစ်သည်။
၎င်းသည် ကမ္ဘာဦးအစက အမြင့်မြတ်ဆုံးသော တည်ရှိမှုတစ်ခုက ကမ္ဘာကြီး၏ အခြားတစ်ဖက်တွင် မြေလှန်ပစ်မည့်အရာတစ်ခုခုကို ဖန်တီးနေသကဲ့သို့ပင်။
ထိုတရားရွတ်ဖတ်သံများနှင့်အတူ နဂါးဟိန်းသံ ဖီးနစ်ငှက်တွန်သံနှင့် ချီလင်သားရဲတို့၏ ဟောက်သံများလည်း ပါဝင်နေပြီး အသံတစ်ခုချင်းစီက တက်ရောက်လာသူတိုင်း၏ စိတ်နှလုံးကို ရိုက်ခတ်နေသည်။
ဟူလီနာသည် ထိုခရမ်းရောင် ကောင်းကင်ပြင်ကြီးကို ငေးကြည့်ရင်း လက်ချောင်းထိပ်လေးများ ကွေးညွတ်လျက် မိမိဘာသာ တိုးတိုးလေး ရေရွတ်မိသည်
"နတ်ဆရာ ရှန်ရိချန်... ဒီတစ်ခါရော ရှင် ဘယ်လိုမျိုး ကမ္ဘာလှန်မယ့်အရာကို ပေးပို့ဦးမှာလဲ"
သူမ၏ အသံက အလွန်တိုးညှင်းလွန်းသဖြင့် သူမကိုယ်တိုင်သာ ကြားနိုင်သည်။ လွန်ခဲ့သော ခုနစ်ရက်က ရှိခဲ့သည့် ဒေါသနှင့် တွန်းလှန်လိုစိတ်များမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ထိုနေရာတွင် အစားထိုးဝင်ရောက်လာသည်မှာ သူမကိုယ်တိုင်ပင် ရင်းနှီးခြင်းမရှိသော ရှုပ်ထွေးသည့် ခံစားချက်၊ ရင်ခုန်လှုပ်ရှားမှု၊ စူးစမ်းလိုစိတ်နှင့်... လျှို့ဝှက်သော မျှော်လင့်ချက်လေးတစ်ခုပင် ဖြစ်သည်။
သူမ၏ မေးခွန်းကို ပြန်လည်တုံ့ပြန်လိုက်သည့်အလား
ဂျိန်း.......
ကောင်းကင်ကိုးထပ်၏ အထက်မှ နက်ရှိုင်းလှသော မိုးခြိမ်းသံကြီး ထွက်ပေါ်လာခဲ့သည်။
လိပ်တက်နေသော ခရမ်းရောင်မီးတောက်များက ရုတ်တရက် ကျယ်ပြန့်ခြင်းကို ရပ်တန့်လိုက်ပြီး ဝိညာဉ်မြို့တော်၏ တည့်တည့်အထက်ကို ဗဟိုပြုကာ ရူးသွပ်စွာ စတင်လည်ပတ်တော့သည်။
တိမ်ပင်လယ်ကြီးက နောက်သို့ လိပ်တက်သွားပြီး ခရမ်းရောင်ရေလှိုင်းများကဲ့သို့ စီးဆင်းလာသည်။
လူတိုင်း၏ မျက်စိရှေ့မှောက်တွင် မယုံနိုင်လောက်အောင် ကြီးမားလှသော ဝဲဂယက်ကြီးတစ်ခု ဖြည်းညှင်းစွာ ပုံဖော်လာခဲ့ပြီ။
ဝဲဂယက်၏ ဗဟိုချက်တွင် အလင်းကိုပင် ဝါးမြိုနိုင်လောက်သော အဆုံးမရှိသည့် မှောင်မိုက်သော အနက်ဆုံးတွင်းကြီး ရှိနေသည်။
အနားသတ်များတွင်မူ လျင်မြန်စွာ လည်ပတ်နေသော ရွှေရောင် တိမ်တိုက်များက လေထုနှင့် ပွတ်တိုက်မိပြီး တိုးညှင်းသော မိုးခြိမ်းသံများကို ဖြစ်ပေါ်စေသည်။
ဝဲဂယက်သည် ပို၍ပို၍ မြန်ဆန်စွာ လည်ပတ်လာပြီး ပို၍ပို၍လည်း အောက်သို့ နိမ့်ဆင်းလာကာ ၎င်း၏ ကြီးမားလှသော အရိပ်မည်းကြီးက ဝိညာဉ်မြို့တော်တစ်ခုလုံးကို လွှမ်းမိုးသွားတော့သည်။
ကောင်းကင်ထက်မှ ကြောက်မက်ဖွယ်ကောင်းသော ဆွဲငင်အားတစ်ခု ဆင်းသက်လာရာ ၎င်းသည် နောက်ထပ်အခိုက်အတန့်တွင် တိုက်ကြီး၏ အခမ်းနားဆုံးသော မြို့တော်နှင့် သန်းပေါင်းများစွာသော လူထုကို ဝါးမြိုပစ်တော့မည့်အတိုင်း ဖြစ်နေသည်။
ဝိညာဉ်မြို့တော်အထက်ရှိ ကြီးမားလှသော ခရမ်းရောင်ဝဲဂယက်ကြီးက ရုတ်တရက် လည်ပတ်နှုန်း ပိုမိုမြန်ဆန်လာခဲ့သည်။
ဝုန်း......
ဝဲဂယက်၏ အနက်ဆုံးပိုင်းမှ တိုးညှင်းသော မိုးခြိမ်းသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာရာ ၎င်းသည် နှစ်ပေါင်းထောင်ချီကြာအောင် အိပ်ပျော်နေခဲ့သော ကမ္ဘာဦးသားရဲကြီးတစ်ကောင် နိုးထလာသည့်အလား ခံစားရစေသည်။
ထိုမှောင်မိုက်သော ဝဲဂယက်ဗဟိုချက်တွင် အရာတစ်ခုခုက ဖြည်းညှင်းစွာ နိမ့်ဆင်းလာနေပြီး ကောင်းကင်ပြာကြီးကိုပင် ဖိနင်းခြေဖျက်နိုင်လောက်သော လေးလံသည့် ခံစားချက်ကို သယ်ဆောင်ကာ တိမ်တိုက်များကို ဖောက်ထွက်လာခဲ့သည်။
ပထမဦးဆုံး ထွက်ပေါ်လာသည်မှာ ရှေးကျပြီး ခိုင်ခံ့လှသော ဖိုခနောက် ခြေထောက်သုံးချောင်း ဖြစ်သည်။
ထို့နောက်တွင်တော့ နက်မှောင်သော အပြာရောင်အလင်းတန်းများ တောက်ပနေသည့် ကြီးမားလှသော ဖိုခနောက်ကြီးတစ်ခုက မှောင်မိုက်သော ဝဲဂယက်ထဲမှ ရုန်းထွက်လာခဲ့ပြီ။
၎င်းသည် ဧရာမ ကြေးဝါဖိုခနောက်ကြီးတစ်လုံး ဖြစ်သည်။
၎င်းက မယုံနိုင်လောက်အောင် ကြီးမားလွန်းလှသဖြင့် ဖိုခနောက်၏ အစိတ်အပိုင်းတစ်ခုတည်းကပင် ပုပ်ရဟန်းမင်းကြီးနန်းတော်ရှေ့ရှိ ရင်ပြင်တစ်ခုလုံးကို ဖုံးကွယ်သွားပြီး အရိပ်မည်းကြီးက နေ့ခင်းပုဒ်ကို ချက်ချင်းဆိုသလို ဆည်းဆာအချိန်အဖြစ် ပြောင်းလဲပစ်လိုက်သည်။
ထိုဧရာမ ဖိုခနောက်ကြီးပေါ်တွင် ထူထပ်လှသော ကိုးကွယ်မှုဆိုင်ရာ ရုပ်ပုံလွှာများကို ထုဆစ်ထားပြီး အနီးကပ်ကြည့်ရှုပါက သတ္တဝါအပေါင်းတို့က ကောင်းကင်ဘုံကို ပြားပြားဝပ် ကိုးကွယ်နေကြသည့် သက်ရှိထင်ရှား မြင်ကွင်းများကို တွေ့ရှိရလိမ့်မည်။
အရှိန်အဟုန်ဖြင့် ပြေးလွှားနေသော ချီလင်သားရဲ ကောင်းကင်ထက်သို့ ပျံသန်းနေသော စစ်မှန်သောနဂါး သို့မဟုတ် မီးတောက်များကြားမှ ပြန်လည်မွေးဖွားလာသော ဖီးနစ်ငှက်ဖြစ်စေ ထိုရှေးဟောင်း ဒဏ္ဍာရီလာ သားရဲတစ်ကောင်ချင်းစီတိုင်းက သက်ရှိများအလား ရှိနေကြပြီး ဖိုခနောက်မျက်နှာပြင်ထက်တွင် ဖြည်းညှင်းစွာ လှုပ်ရှားနေကြကာ သူတို့၏ မျက်ဝန်းများက ဆွဲဆောင်မှုရှိသော အလင်းတန်းများဖြင့် တောက်ပနေကြသည်။
ထိုကြီးမားလှသော ဖိုခနောက်ကြီး၏ အနားသတ်ပတ်ပတ်လည်တွင် ကြောက်မက်ဖွယ်ကောင်းသော ခြေသည်းငါးချောင်းပါ ရွှေနဂါးကိုးကောင်က ရစ်ပတ်ထားကြပြီး သူတို့၏ ခေါင်းများက တစ်ခုနှင့်တစ်ခု ဆုံစည်းလျက် ပါးစပ်များကို ကျယ်ပြန့်စွာ ဖွင့်ထားကြသည်။ သူတို့က တိတ်ဆိတ်စွာ ဟောက်နေကြသည့်အလား ဖျော့တော့သော အပြာရောင်အလင်းတန်းများကို မျက်စိဖြင့် မြင်သာရုံမျှ မှုတ်ထုတ်လိုက် ပြန်လည်စုပ်ယူလိုက် လုပ်နေကြသည်။
ထိုဧရာမ ဖိုခနောက်ကြီး ဝဲဂယက်ထဲမှ လုံးဝရုန်းထွက်လာသည့် အခိုက်အတန့်တွင် မျက်မမြင်ရသော ဖိနှိပ်မှုစွမ်းအားတစ်ခုက အရာရာကို လွှမ်းခြုံသွားတော့သည်။