အခန်း ၃၆ တောင်းဆိုချက်များ
နင်ဖုန်းကျစ်၏ စကားကို ကြားရသောအခါ ယန်ရှောင်က "ကျွန်တော် ခင်ဗျားတို့ကို ဆေးလုံးတွေ ရောင်းပေးလို့ရပါတယ်... ဒါပေမဲ့ ကျွန်တော့်မှာ အခြေအနေတစ်ရပ် ရှိတယ်။ အဲဒါကတော့ အနာဂတ်မှာ ရုန်ရုန်ဟာ ကျွန်တော်နဲ့အတူ ကျင့်ကြံခြင်းကို လုပ်ဆောင်ရမှာဖြစ်ပြီး သူမ ကျင့်ကြံခြင်းအတွက် လိုအပ်တဲ့ အရင်းအမြစ်အားလုံးကိုလည်း ကျွန်တော်ကိုယ်တိုင် ပံ့ပိုးပေးမှာဖြစ်ပါတယ်" ဟု ဆိုလိုက်သည်။
ယန်ရှောင်၏ စကားကို ကြားလိုက်ရသဖြင့် နင်ဖုန်းကျစ်မှာ ပထမဦးစွာ အံ့အားသင့်သွားပြီးနောက် အတန်ကြာ တွေးတောကာ "မေးပါရစေဦး မိတ်ဆွေငယ်... မင်းက ဘယ်ဂိုဏ်း ဒါမှမဟုတ် ဘယ်အင်အားစုကလဲဆိုတာ သိခွင့်ရှိမလား" ဟု မေးမြန်းလိုက်သည်။
"ကျွန်တော့်မှာ ဘာလျှို့ဝှက်ချက်မှ မရှိပါဘူး ဘာအင်အားစု နောက်ခံမှလည်း မရှိပါဘူး။ ဒါပေမဲ့ ရုန်ရုန် ကျွန်တော့်ဘေးမှာ ရှိနေပြီး ကျင့်ကြံမယ်ဆိုရင် သေချာပေါက် ခင်ဗျားကို စိတ်ပျက်စေမှာမဟုတ်ဘူးလို့ ယုံကြည်ပါတယ်"
နင်ဖုန်းကျစ်၏ အသံက ပြတ်သားစွာ ထွက်ပေါ်လာခဲ့သည် "မင်း သိထားသင့်တာက... ရုန်ရုန်ဟာ ငါတို့ ခုနစ်ပါးရတနာမျှော်စင်ဂိုဏ်းရဲ့ သမီးတော်လေးဖြစ်ပြီး ဂိုဏ်းရဲ့ တစ်ဦးတည်းသော ဆက်ခံသူလည်း ဖြစ်တယ် ပြီးတော့ ငါ့ရဲ့ အဖိုးတန် သမီးလေးလည်း ဟုတ်တယ်"
"ကျွန်တော် အဲဒီ ဆေးလုံး နှစ်မျိုးစလုံးကို တစ်မျိုးစီ အလုံး ၅၀၀ စီ ပံ့ပိုးပေးနိုင်ပါတယ်"
နင်ဖုန်းကျစ် ခေတ္တမျှ တွေးတောနေပြီး ချက်ချင်း အဖြေမပေးခဲ့ချေ။ သူက ယန်ရှောင်ကို ကြည့်ကာ "မိတ်ဆွေငယ်... ငါ ဒါကို ဂိုဏ်းထဲက အကာအကွယ်ပေးသူ အဘိုးနှစ်ယောက်နဲ့ တိုင်ပင်ဆွေးနွေးဖို့အတွက် ခဏလောက် စောင့်ပေးလို့ ရမလား။ ဘာပဲဖြစ်ဖြစ် ရုန်ရုန်က သူတို့မျက်စိရှေ့မှာတင် ကြီးပြင်းလာခဲ့ရတဲ့ ကလေးမို့လို့ပါ" ဟု ပြောလိုက်သည်။
နင်ဖုန်းကျစ် ထိုသို့ပြောရခြင်း၏ ရည်ရွယ်ချက်မှာ ခုနစ်ပါးရတနာမျှော်စင်ဂိုဏ်း၏ တိုက်တန်တုန့်လော့ နှစ်ဦး၏ သဘောထားကို တောင်းခံရန်သာမက အဓိကအားဖြင့် မိမိကိုယ်ကိုယ် ပြန်လည်တည်ငြိမ်အောင် လုပ်ရန်အတွက် ဖြစ်သည်။ ယနေ့ နင်ရုန်ရုန် ယူဆောင်လာခဲ့သော ထိတ်လန့်မှုများမှာ ကြီးမားလွန်းလှသဖြင့် သူ၏ စိတ်အစဉ်မှာ ဗြောင်းဆန်နေခဲ့ရသည်။ ဒါဟာ ဂိုဏ်းတစ်ခု၏ အကြီးအကဲတစ်ဦးအတွက် မဖြစ်သင့်သော စိတ်လှုပ်ရှားမှုမျိုး ဖြစ်သော်လည်း နှမြောစရာကောင်းသည်မှာ ယန်ရှောင်က သူ့ကို ပေးခဲ့သော အံ့အားသင့်မှုက လွန်ကဲလွန်းနေခဲ့ခြင်းပင် ဖြစ်သည်။
ထို့အပြင် နင်ရုန်ရုန်မှာ သူ၏ တစ်ဦးတည်းသော သမီးဖြစ်ပြီး ယန်ရှောင်၏ စရိုက်သဘာဝက မည်သို့ရှိသည်ကိုလည်း သူ မသိရှိချေ။ ယန်ရှောင်၏ ဆေးလုံးများက ဂိုဏ်းတိုးတက်ဖွံ့ဖြိုးရေးအတွက် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်နေသည်ဆိုလျှင်ပင် ဖြစ်သည်။
ကွက်တိပင် နင်ရုန်ရုန်၏ အသံက ကြားဖြတ်ထွက်ပေါ်လာခဲ့သည် "ဖေဖေ... သမီး အစ်ကိုရှောင်နဲ့အတူ ကျင့်ကြံဖို့ လိုလိုလားလား ရှိပါတယ်"
နင်ရုန်ရုန်၏ စကားကို ကြားရသောအခါ နင်ဖုန်းကျစ်က "အဓိပ္ပာယ်မရှိတာ" ဟု ဒေါသတကြီး ငေါက်ငမ်းလိုက်တော့သည်။
နင်ဖုန်းကျစ် ဒေါသထွက်သွားသည်ကို မြင်ရသဖြင့် နင်ရုန်ရုန်မှာ ဘာတစ်ခွန်းမျှ ထပ်မပြောရဲတော့ဘဲ ဝမ်းနည်းပူဆွေးသော မျက်နှာလေးဖြင့် ဘေး၌သာ ကပ်ရပ်နေခဲ့ရတော့သည်။
နင်ဖုန်းကျစ်က ယန်ရှောင်ဘက်သို့ လှည့်ကာ "မိတ်ဆွေငယ်... ငါတို့ကို တစ်ရက်လောက် အချိန်ပေးပါ။ ငါတို့ ဂိုဏ်းကို ပြန်ပြီး သေချာဆွေးနွေးကြမယ်။ မနက်ဖြန် ဒီအချိန်ကျရင် မင်းကို အဖြေတစ်ခု ပေးပါ့မယ်" ဟု ဆိုလိုက်သည်။
ယန်ရှောင်သည် နင်ဖုန်းကျစ်၏ အမူအရာကို ကြည့်ပြီး "ကောင်းပါပြီ... ဂိုဏ်းချုပ်နင် ခင်ဗျားတို့ ပြန်ပြီး သေချာ စဉ်းစားကြပါ။ မနက်ဖြန် ခင်ဗျားတို့ရဲ့ အဖြေကို ကျွန်တော် စောင့်နေပါ့မယ်" ဟုသာ ပြောနိုင်ခဲ့တော့သည်။
ယန်ရှောင်၏ အဖြေကို ရရှိပြီးနောက် နင်ဖုန်းကျစ်သည် အချိန်ဆွဲမနေတော့ဘဲ နင်ရုန်ရုန် အရိုးတုန့်လော့တို့နှင့်အတူ အခန်းထဲမှ ထွက်ခွာသွားခဲ့သည်။ ယန်ရှောင်နှင့် ကျူးကျူးချင်းတို့သည် ခုနစ်ပါးရတနာမျှော်စင်ဂိုဏ်းမှ လူသုံးဦး ထွက်ခွာသွားသည်ကို ကြည့်ရင်း အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
"မင်း ခုနစ်ပါးရတနာမျှော်စင်ဂိုဏ်းနဲ့ စီးပွားရေးလုပ်နေတာကို... ဘာဖြစ်လို့ ရုန်ရုန်ကို အလဲအလှယ်လုပ်မယ့် အသုံးချတန်ဖိုးတစ်ခုအနေနဲ့ သုံးရတာလဲ"
"ငါ့မှာ ကိုယ်ပိုင်အစီအစဉ် ရှိပါတယ်။ မင်း ဒါကို စိတ်ပူနေစရာ မလိုပါဘူး။ ငါ ဒီလိုလုပ်တာဟာ ကိုယ်ပိုင်အကြောင်းပြချက် ရှိလို့ဆိုတာကိုပဲ မင်း ယုံကြည်ပေးထားပါ"
ကျူးကျူးချင်းသည် ယန်ရှောင်၏ စကားကို ကြားပြီးနောက် ဘာမျှမပြောဘဲ အခန်းထဲမှ ထွက်ခွာသွားခဲ့သည်။ ကျူးကျူးချင်း ထွက်သွားသည်ကို ကြည့်ပြီးနောက် ယန်ရှောင်လည်း အခန်းထဲမှ လိုက်ထွက်လာခဲ့သည်။
ခုနစ်ပါးရတနာမျှော်စင်ဂိုဏ်းသို့ ရောက်ရှိချိန်တွင် နင်ဖုန်းကျစ်သည် နင်ရုန်ရုန်နှင့် အရိုးတုန့်လော့တို့ကို ဦးဆောင်ကာ ဂိုဏ်း၏ ပင်မခန်းမဆောင်ကြီးဆီသို့ တိုက်ရိုက်သွားရောက်ခဲ့သည်။ စွန်းထင်းမှုမရှိသော ဝတ်ရုံဖြူကြီးကို ဆင်မြန်းထားသည့် အဘိုးအိုတစ်ဦးက သူတို့ကို ကြိုတင်စောင့်ဆိုင်းနေခဲ့ပြီး ထိုသူမှာ ခုနစ်ပါးရတနာမျှော်စင်ဂိုဏ်း၏ အခြားသော အကာအကွယ်ပေးသူတစ်ဦးဖြစ်သည့် ဓားတုန့်လော့ချန်ရှင်း ပင် ဖြစ်သည်။
အားလုံး နေရာတကျ ထိုင်မိကြပြီးနောက် နင်ဖုန်းကျစ်က နင်ရုန်ရုန်ကို "ရုန်ရုန်... မင်းနဲ့ ယန်ရှောင်အကြားက အကြောင်းအရာအားလုံးကို ငါတို့ကို အစအဆုံး သေချာ ပြန်ပြောပြပါဦး" ဟု ဆိုလိုက်သည်။
နင်ရုန်ရုန်သည် မိမိနှင့် ယန်ရှောင်အကြား ဖြစ်ပျက်ခဲ့သမျှကို ဖြည်းညှင်းစွာ ပြန်လည်ပြောပြခဲ့လေသည်။
နင်ရုန်ရုန် ပြောကြားပြီးနောက်တွင်မူ နင်ဖုန်းကျစ်က "ရုန်ရုန်လည်း အိမ်မပြန်ရတာ ကြာပြီဆိုတော့ အပြင်ကို ခဏသွားနားလိုက်ဦးလေ။ မင်းရဲ့ ဖိုးဖိုးအရိုး ဖိုးဖိုးဓားနဲ့ ဖေဖေတို့ ဆွေးနွေးစရာ ကိစ္စအချို့ ရှိလို့ပါ" ဟု ဆိုသည်။
နင်ဖုန်းကျစ်က မိမိကို ထွက်ခွာခိုင်းသည်ကို ကြားရသဖြင့် နင်ရုန်ရုန်က "သမီး နားထောင်လို့မရတဲ့ ကိစ္စမျိုး ရှိလို့လား ဖေဖေ။ သမီးကို ဒီမှာပဲ နေခွင့်ပြုပါဦး" ဟု ဆိုသော်လည်း နင်ဖုန်းကျစ်က သူမအား အပြင်သို့ ထွက်သွားရန်သာ အခိုင်အမာ ပြောဆိုခဲ့သဖြင့် နင်ရုန်ရုန်မှာ မတတ်သာဘဲ ထွက်ခွာခဲ့ရသည်။ ယနေ့ သူမ ဖခင်ကို ကြီးမားသော တုန်လှုပ်မှု ပေးခဲ့မိသည်ကို သူမ သိရှိထားသည် မဟုတ်လျှင် သူ ဤမျှအထိ တည်ငြိမ်မှု ပျက်ပြားလိမ့်မည် မဟုတ်ချေ။ သူမသည် နှုတ်ခမ်းစူကာ ခန်းမဆောင်ကြီးအပြင်ဘက်သို့ လျှောက်လှမ်းထွက်ခွာသွားခဲ့တော့သည်။
နင်ရုန်ရုန် ထွက်သွားပြီးနောက် ဓားတုန့်လော့က "မင်း ဒီနေ့ ရုန်ရုန်ကို အိမ်ပြန်ခေါ်ဖို့ သွားတာ မဟုတ်ဘူးလား။ ဘာတွေဖြစ်ခဲ့လို့လဲ... ဂိုဏ်းချုပ် မင်းရဲ့ စိတ်စွမ်းအားတွေ အတော်လေး လှုပ်ခတ်နေတာကို ငါ သတိထားမိတယ်" ဟု မေးမြန်းလိုက်သည်။
ဓားတုန့်လော့၏ စကားကို ကြားရသောအခါ နင်ဖုန်းကျစ်သည် ယနေ့ ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် ပြန်လည်ပြောပြခဲ့ရတော့သည်။
"ဘာ... အသက်ဆယ့်ငါးနှစ်နဲ့ ဝိညာဉ်ဘုရင် ဟုတ်လား။ အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါ ကျင့်ကြံခြင်းလောကထဲမှာ ကျင်လည်လာတဲ့ သက်တမ်းတစ်လျှောက်လုံး ဤကဲ့သို့အရာမျိုး တစ်ခါမျှ မမြင်ဖူးဘူး"
ဓားတုန့်လော့၏ ထိတ်လန့်သွားမှုကို မြင်သောအခါ အရိုးတုန့်လော့က "သူက သေချာပေါက် ဝိညာဉ်ဘုရင်အဆင့်ပါပဲ။ ငါလည်း သူ့ရဲ့ အရိုးတည်ဆောက်ပုံကို အကဲခတ်ကြည့်ခဲ့တယ်... သူက အသက်ဆယ့်ငါးနှစ်ဝန်းကျင်ပဲ ရှိပါသေးတယ်" ဟု ထောက်ခံချက်ပေးလိုက်သည်။
မိမိနှင့် နှစ်ပေါင်းများစွာ လက်တွဲလာခဲ့သော ရဲဘော်ရဲဘက် အရိုးတုန့်လော့၏ အတည်ပြုချက်ကို ကြားရမှသာ ဓားတုန့်လော့အနေဖြင့် မယုံကြည်ချင်သော်လည်း မတတ်သာဘဲ ယုံကြည်လိုက်ရတော့သည်။ အရိုးတုန့်လော့၏ စွမ်းဆောင်ရည်အရ ဤကဲ့သို့ ကိစ္စမျိုးတွင် အမှားအယွင်း ရှိလိမ့်မည်မဟုတ်ကြောင်း သူ သိထားသောကြောင့် ဖြစ်သည်။
ထို့နောက် နင်ဖုန်းကျစ်က ဂိုဏ်း၏ အကာအကွယ်ပေးသူ အဘိုးနှစ်ဦးကို ကြည့်ကာ "ဦးလေးတို့... ယန်ရှောင်က ရုန်ရုန်ကို သူ့နောက်လိုက်ပြီး ကျင့်ကြံဖို့ တောင်းဆိုတဲ့အချက်အပေါ် ဘယ်လိုထင်ကြလဲ။ သူ့ဆီမှာ ရှိတဲ့ ဆေးလုံးတွေက ငါတို့ဂိုဏ်းအတွက် အမှန်တကယ် လိုအပ်နေတဲ့ အရာတွေပါပဲ" ဟု မေးလိုက်သည်။
"မဖြစ်နိုင်တာ... ငါ ရုန်ရုန်ကို မျက်စိအောက်တင် ကြီးပြင်းအောင် စောင့်ရှောက်လာတာ ငါတော့ သဘောမတူဘူး" ဟု အရိုးတုန့်လော့က ဆိုသည်။
နင်ဖုန်းကျစ်က ဒေါသထွက်နေသော အရိုးတုန့်လော့ကို ကြည့်ကာ "ဒါဆိုရင်... ငါတို့ ဒီညပဲ အဲဒီကောင်ရှိတဲ့နေရာကို သွားပြီး သူ့ကို သတ်ပစ်ကာ ဆေးလုံးတွေကို လုယူလာခဲ့ရင်ကော မကောင်းဘူးလား" ဟု ဆိုလိုက်သည်။
"မလုပ်နဲ့... အဲဒီလို လူမျိုးမှာ သေချာပေါက် အင်အားကြီးတဲ့ နောက်ခံ ရှိလိမ့်မယ်။ ငါတို့ ဂိုဏ်းအတွက် ရန်သူအသစ် မဖန်တီးသင့်ဘူး။ ဒါ့အပြင် သူသာ မသေခဲ့ရင် အနာဂတ်မှာ ငါတို့ဂိုဏ်းအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်လာလိမ့်မယ်။ သူ့ကို ငါတို့ဂိုဏ်းထဲ ဆွဲသွင်းရင်ကော မကောင်းဘူးလား... ရုန်ရုန်ကလည်း အဲဒီကလေးကို အတော်လေး သဘောကျနေပုံရတယ်" အရိုးတုန့်လော့သည် စိတ်အေးအေးထားကာ နင်ဖုန်းကျစ်၏ အစွန်းရောက်လှသော အကြံဉာဏ်ကို ချက်ချင်း ငြင်းပယ်လိုက်သည်။
ထို့နောက် ဓားတုန့်လော့က "ဒီလိုလူမျိုးက အင်အားစုတစ်ခုခုထဲကို အလွယ်တကူ ဝင်လိမ့်မယ်မထင်ဘူး ဒါမှမဟုတ် သူက အင်အားကြီးအဖွဲ့အစည်းတစ်ခုခုက မွေးထုတ်ပေးလိုက်တဲ့ ဝိညာဉ်ဆရာ ဂျီနီယက်စ်တစ်ယောက်လည်း ဖြစ်နိုင်တယ်" ဟု ဆိုသည်။
နင်ဖုန်းကျစ်သည် ဂိုဏ်းအကာအကွယ်ပေးသူ နှစ်ဦး၏ သဘောထားကို ကြည့်ပြီး တည်ငြိမ်စွာဖြင့် "ဦးလေးကျန့်... ဒါဆိုရင် ငါတို့ ဒီညပဲ အဲဒီကလေးရဲ့ စရိုက်ကို သွားပြီး စမ်းသပ်ကြည့်ရင်ကော ဘယ်လိုလဲ။ အကယ်လို့ သူက တကယ်ပဲ ရုန်ရုန် ပြောသလို လူမျိုးဆိုရင် ရုန်ရုန် သူ့နောက်လိုက်ပြီး ကျင့်ကြံဖို့ ခွင့်ပြုတာကလည်း မဖြစ်နိုင်တာ မဟုတ်ပါဘူး။ ရုန်ရုန် ပြောပုံအရဆိုရင် သူ့ဘေးက အမျိုးသမီး ဝိညာဉ်ဆရာမလေးဟာ သူ့နောက်ကို နှစ်ဝက်လောက်ပဲ လိုက်ဖူးသေးတာ... ဝိညာဉ်စွမ်းအား အဆင့် ၂၇ ကနေ အဆင့် ၃၇ အထိ တက်လှမ်းသွားနိုင်ခဲ့တယ်တဲ့ ဤကဲ့သို့ အရှိန်အဟုန်မျိုးက ရိုးရိုးတန်းတန်း စိတ်ကူးကြည့်လို့တောင် မရနိုင်တဲ့အရာပဲ" ဟု ဆိုလိုက်သည်။
နင်ဖုန်းကျစ်၏ စကားကို ကြားရသောအခါ ဓားတုန့်လော့နှင့် အရိုးတုန့်လော့တို့ ခေါင်းညိတ်လိုက်ကြရတော့သည် ၎င်းမှာ အမှန်တကယ်ပင် အကောင်းဆုံးသော ဖြေရှင်းနည်း ဖြစ်သည်။ ယန်ရှောင်၏ ကိုယ်ပေါ်တွင် ရှိနေသော ဆေးလုံးများကြောင့်ဖြစ်စေ ယန်ရှောင်နောက်သို့ လိုက်၍ ကျင့်ကြံခြင်း၏ တိုးတက်မှုနှုန်းကြောင့်ဖြစ်စေ သူတို့ကိုယ်တိုင်ပင် မနာလိုဖြစ်ရမည့် အခြေအနေမျိုး ဖြစ်နေသောကြောင့် ဖြစ်သည်။
ဓားတုန့်လော့က နင်ဖုန်းကျစ်ကို ကြည့်ကာ "အကယ်လို့ အဲဒီကလေးရဲ့ စရိုက်က မကောင်းဘူးလို့ ငါ တွေ့ရှိခဲ့ရင်... ခုနစ်ပါးရတနာမျှော်စင်ဂိုဏ်းအတွက် အဲဒီ ဆေးလုံးတွေ ဘယ်လောက်ပဲ လိုအပ်နေပါစေဦးတော့ ရုန်ရုန် သူ့နောက်လိုက်ပြီး ကျင့်ကြံဖို့ကို ငါ သေချာပေါက် ခွင့်ပြုမှာ မဟုတ်ဘူး" ဟု ပြတ်သားစွာ ပြောကြားခဲ့သည်။
ထိုသို့ပြောပြီးနောက် ဓားတုန့်လော့ ထွက်ခွာသွားခဲ့သည်။ နင်ဖုန်းကျစ်နှင့် အရိုးတုန့်လော့တို့မှာ တစ်ဦးကိုတစ်ဦး ကြည့်ရင်း ယန်ရှောင်တစ်ယောက် ဓားတုန့်လော့၏ စမ်းသပ်မှုကို အောင်မြင်ပါစေကြောင်းသာ ဆုတောင်းနိုင်ခဲ့တော့သည်။ ဘာပဲဖြစ်ဖြစ် ယန်ရှောင်ကိုယ်တိုင်နှင့် ယန်ရှောင်၏ ကိုယ်ပေါ်ရှိ ဆေးလုံးများမှာ သူတို့၏ ခုနစ်ပါးရတနာမျှော်စင်ဂိုဏ်းက အလိုချင်ဆုံးသော အရာများ ဖြစ်နေသောကြောင့် ဖြစ်သည်။
ညနေစောင်းအချိန်သို့ ရောက်ရှိလာသောအခါ ယန်ရှောင်သည် ကျင့်ကြံခြင်းမှ နိုးထလာခဲ့ပြီး အပြင်ဘက် ကောင်းကင်ယံကို တစ်ချက်မျှ ကြည့်ကာ အိပ်ရာမှထ၍ တံခါးဖွင့်လိုက်ပြီး ဤသမိုင်းဝင် မြို့တော်ကြီးကို လှည့်လည်ကြည့်ရှုရန် ပြင်ဆင်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ကောင်းကင်အင်ပါယာ၏ မြို့တော်ဖြစ်သည့်အားလျော်စွာ ကောင်းကင်မြို့တော်သည် ကဏ္ဍစုံတွင် ထူးခြားဆန်းပြားမှုများ ရှိနေမည်မှာ အသေအချာပင်။
ကျူးကျူးချင်း၏ အခန်းတံခါးဝသို့ ရောက်ရှိချိန်တွင် ယန်ရှောင် တံခါးခေါက်လိုက်ပြီး အတွင်းရှိလူကို "အပြင်ထွက်ပြီး လမ်းလျှောက်ကြမလား" ဟု လှမ်းမေးလိုက်သည်။
တံခါးပွင့်လာပြီး ကျူးကျူးချင်းသည် ယန်ရှောင်၏ ဖိတ်ခေါ်မှုကို ငြင်းပယ်ခြင်းမရှိဘဲ တံခါးကို ပြန်ပိတ်ကာ ဟိုတယ်အပြင်ဘက်သို့ ယန်ရှောင်နှင့်အတူ လိုက်ပါလာခဲ့သည်။
သူတို့နှစ်ဦး ကောင်းကင်မြို့တော်အတွင်း၌ ဦးတည်ချက်မရှိဘဲ လျှောက်လည်နေခဲ့ကြသည်။
ထိုအချိန်၌ အသံတစ်သံက ဟိန်းထွက်လာခဲ့သည် "ဘယ်လောက်တောင် လှပတဲ့ မိန်းကလေးငယ်လေးလဲ... လာစမ်းပါဦး ဒီအဘိုးကြီးကို အဖော်လာလုပ်ပေးစမ်းပါ"