အခန်း ၃၄ ကောင်းကင်မြို့တော်
ယန်ရှောင်၏ စကားကို ကြားရသောအခါ ကျူးကျူးချင်းက အဆင်ပြေကြောင်း ပြောကြားခဲ့ပြီး နင်ရုန်ရုန်မှာမူ ဝမ်းသာအားရဖြင့် ခုန်ပေါက်သွားခဲ့တော့သည်။
သူတို့နှစ်ဦးစလုံး ကန့်ကွက်ခြင်းမရှိသည်ကို မြင်ရသဖြင့် ယန်ရှောင်က "အမြန်သွားပြီး ပစ္စည်းတွေ သိမ်းဆည်းကြတော့... ငါတို့ ဒီနေ့ပဲ အချိန်မဆွဲဘဲ ထွက်ခွာရမယ်" ဟု ဆိုလိုက်သည်။
သူတို့နှစ်ဦး ပစ္စည်းသိမ်းရန် ပြန်သွားသည်ကို ကြည့်ပြီးနောက် ယန်ရှောင်သည် ဖလန်းဒါး၏ ရုံးခန်းဆီသို့ သွားရောက်ကာ တံခါးခေါက်လိုက်ရာ အတွင်းမှ "ဝင်ခဲ့ပါ" ဟူသော အသံကို ကြားလိုက်ရသည်။ ယန်ရှောင် တံခါးကို တွန်းဖွင့်ကာ ဖလန်းဒါး၏ ရှေ့သို့ လျှောက်လှမ်းသွားပြီး "ကျောင်းအုပ်ကြီး... ကျွန်တော်တို့ ဒီနေ့ပဲ ထွက်ခွာဖို့ အစီအစဉ်ရှိလို့ လာပြီး အသိပေးတာပါ" ဟု ပြောလိုက်သည်။
"ဒီလောက်တောင် အလျင်စလို ထွက်ခွာဖို့ ပြင်နေတာလား။ နောက်ထပ် ရက်အနည်းငယ်လောက် ဘာလို့ ထပ်မနေရတာလဲ။ အကယ်ဒမီက ဆင်းရဲတယ်ဆိုပေမဲ့ မင်းတို့ကို ရက်ပိုင်းလောက်တော့ အငတ်မထားပါဘူး"
ဖလန်းဒါး၏ စကားကို ကြားရသော်လည်း ယန်ရှောင်က "ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီး။ ကျွန်တော်တို့ အကယ်ဒမီကို နောက်ထပ် အနှောင့်အယှက် မပေးချင်တော့ပါဘူး ကျွန်တော်တို့ အချင်းချင်းလည်း ဆွေးနွေးပြီးသွားပါပြီ" ဟု ပြန်လည်ပြောကြားခဲ့သည်။
ထိုသို့ပြောပြီးနောက် ယန်ရှောင်သည် ဖလန်းဒါး၏ ရုံးခန်းထဲမှ ထွက်ခွာလာခဲ့သည်။ ဖလန်းဒါးသည် ယန်ရှောင်၏ ကျောပြင်ကို ကြည့်ရင်း ထိုသူ ဘာတွေ တွေးတောနေလဲဆိုသည်ကို စဉ်းစားရင်း ငေးကျန်ခဲ့တော့သည်။
ယန်ရှောင် လေ့ကျင့်ရေးကွင်းပြင်သို့ ရောက်ရှိလာချိန်တွင်မူ တိုက်မုပိုင်နှင့် မာဟုန်ကျွင်းတို့က သူ့ကို စောင့်ဆိုင်းနေကြသည်ကို တွေ့လိုက်ရသည်။ ယန်ရှောင်ကို မြင်သည်နှင့် တိုက်မုပိုင်က ပထမဦးစွာ ဝင်ရောက်ပြောဆိုခဲ့သည် "ယန်ရှောင်... အခုအချိန်မှာ ငါ မင်းကို မနိုင်မှန်း ငါသိတယ် မင်းနဲ့လည်း မတိုက်ခိုက်ချင်ဘူး။ ဒါပေမဲ့ မင်းကို သတိပေးလိုက်မယ်... ကျူးကျူးချင်းနဲ့ ဝေးဝေးမှာနေပါ မဟုတ်ရင် မင်း ခံရမယ့် အကျိုးဆက်တွေကို တာဝန်ယူနိုင်မှာ မဟုတ်ဘူး။ ငါပြောတာကို မယုံရင် မင်း စမ်းကြည့်လို့ရတယ်"
တိုက်မုပိုင်၏ ခြိမ်းခြောက်မှုကို ကြားလိုက်ရသောအခါ ယန်ရှောင်သည် တည်ငြိမ်စွာ ပြုံးလိုက်ပြီး တိုက်မုပိုင်ကို စိုက်ကြည့်ကာ "ကျူးကျူးချင်းက ရှန်းလော့အင်ပါယာရဲ့ နယ်စားမင်းအိမ်တော်က ဒုတိယသမီးတော် မဟုတ်ဘူးလား။ ပြီးတော့ မင်းကလည်း ရှန်းလော့အင်ပါယာ တော်ဝင်မျိုးနွယ်ရဲ့ ဒုတိယမင်းသားဆိုတာကို ငါတို့နှစ်ယောက်စလုံး သိကြတာပဲဥစ္စာ။ မင်းက မင်းရဲ့ အစ်ကိုကြီးရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကနေ လွတ်မြောက်ဖို့အတွက် ရှရက်ခ်အကယ်ဒမီကို ထွက်ပြေးတိမ်းရှောင်လာရတဲ့ လေလွင့်ခွေးတစ်ကောင် ဖြစ်နေပြီးတော့ ငါ့ကို လာပြီး ခြိမ်းခြောက်ရဲသေးတယ်ပေါ့။ မင်းကိုယ်မင်း ဘာကောင်မှတ်နေလဲ" ဟု ဆိုလိုက်သည်။
တိုက်မုပိုင်သည် ယန်ရှောင်ကို အံ့သြတုန်လှုပ်စွာ ကြည့်မိသွားသည်။ ယန်ရှောင်က မိမိ၏ နောက်ခံသမိုင်းကြောင်းကို ဤမျှအထိ အသေအချာ မည်သို့ သိရှိနေရသနည်းဆိုသည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေခဲ့ရသည်။ ဒါဟာ သေချာပေါက် ကျူးကျူးချင်းက သူ့ကို ပြောပြထားခြင်း ဖြစ်ရမည် မဟုတ်လျှင် သူ မည်သို့ သိနိုင်မည်နည်း။ သို့သော် သူက ဒေါသတကြီးဖြင့် "ယန်ရှောင်... မင်း သိပ်ပြီး မောက်မာမနေနဲ့။ အချို့သောသူတွေက မင်းလို ဝိညာဉ်ဘုရင် အဆင့်လေးတစ်ခုက သွားပြီး ရန်စလို့ရတဲ့သူတွေ မဟုတ်ဘူး" ဟု ပြန်လည်အော်ဟစ်လိုက်သည်။
တိုက်မုပိုင်၏ ခြိမ်းခြောက်မှုကို ကြားရသော်လည်း ယန်ရှောင်က ဘာမျှ ပြန်မပြောခဲ့ချေ။ သူသည် ဝိညာဉ်နန်းတော်၏ လိုက်လံဖမ်းဆီးမှုကိုပင် မကြောက်ရွံ့ခဲ့ရာ ရှန်းလော့အင်ပါယာကိုမူ ထားဘိဦး။
အကယ်၍ သူ့ကို အကျပ်ကိုင်လွန်းလာပါက သူသည် စနစ်အတွင်းမှ တိုက်တန်တုန့်လော့ စမ်းသပ်မှုကတ်ပြား အချို့ကို ထပ်မံလဲလှယ်ကာ ရှန်းလော့အင်ပါယာတစ်ခုလုံးကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် ဗြောင်းဆန်ပစ်လိုက်ရုံသာ ရှိသည်။
ယန်ရှောင်၏ မောက်မာလှသော မျက်နှာကို ကြည့်ရင်း တိုက်မုပိုင်သည် ထိုနေရာ၌ပင် ယန်ရှောင်ကို အပိုင်းပိုင်းပြတ်အောင် ရိုက်နှက်ပစ်ချင်စိတ် ပေါက်နေခဲ့သော်လည်း နှမြောစရာကောင်းသည်မှာ သူ ယန်ရှောင်ကို မယှဉ်နိုင်ခြင်းပင် ဖြစ်သည်။
တိုက်မုပိုင်တစ်ယောက် သွားကြိတ်ခံပြင်းနေသည်ကို မြင်သောအခါ ယန်ရှောင်က "အူကြောင်ကြောင်ကောင်" ဟု ရေရွတ်ကာ လှောင်ပြောင်လှည့်ထွက်သွားခဲ့တော့သည်။
ယန်ရှောင် ထွက်ခွာသွားသည်ကို ကြည့်ရင်း တိုက်မုပိုင်မှာ မတတ်သာခဲ့ချေ။ ယန်ရှောင်၏ ပုံရိပ် ပျောက်ကွယ်သွားပြီးနောက် မာဟုန်ကျွင်းက တိုက်မုပိုင်ကို "အကိုကြီးတိုက်... မင်းက တကယ်ပဲ ရှန်းလော့အင်ပါယာရဲ့ ဒုတိယမင်းသားလား" ဟု မေးမြန်းလိုက်သည်။
တိုက်မုပိုင်က မာဟုန်ကျွင်းကို ကြည့်ကာ "ဟုတ်တယ်... ဝတုတ်ရေ ငါ့အစ်ကိုရဲ့ နှိပ်စက်မှုတွေကနေ လွတ်ဖို့ ရှရက်ခ်အကယ်ဒမီကို ထွက်ပြေးလာခဲ့တာ။ မင်းရော မထင်ဘူးလား... ငါက သုံးစားမရတဲ့ကောင်ဖြစ်လို့ ငါ့ရဲ့ စေ့စပ်ထားသူကတောင် ငါ့ကို အထင်သေးနေတာလေ" ဟု ဆိုသည်။
တိုက်မုပိုင်၏ ဝမ်းနည်းပူဆွေးဖွယ် စကားများကြောင့် မာဟုန်ကျွင်းတစ်ယောက် သူ့ကို မည်သို့နှစ်သိမ့်ပေးရမှန်း မသိတော့ချေ။ ဘာပဲဖြစ်ဖြစ် တိုက်မုပိုင်မှာ သူတို့၏ ခေါင်းဆောင်တစ်ဦးကဲ့သို့ ဖြစ်နေခဲ့သောကြောင့် ဖြစ်သည်။ သူက "အစ်ကိုကြီးတိုက်... အဲလိုမျိုး မတွေးပါနဲ့။ ကျွန်တော့်နှလုံးသားထဲမှာတော့ မင်းက အမြဲတမ်း အကောင်းဆုံးပါပဲ" ဟုသာ ဆိုနိုင်ခဲ့သည်။
မာဟုန်ကျွင်း၏ နှစ်သိမ့်စကားများကြောင့် တိုက်မုပိုင်၏ စိတ်ခံစားချက်မှာ အနည်းငယ် ပြန်လည်ကောင်းမွန်လာခဲ့သည်။ သူက "ကျေးဇူးပါပဲ ဝတုတ်ရာ။ ဒီနေ့ပြောခဲ့တဲ့ စကားတွေကိုတော့ လျှို့ဝှက်ပေးထားပါဦး" ဟု ဆိုလိုက်သည်။
"စိတ်ချပါ... အစ်ကိုကြီးတိုက်အတွက် ကျွန်တော် သေချာပေါက် လျှို့ဝှက်ပေးထားပါ့မယ်"
တစ်ဖက်တွင်မူ ယန်ရှောင်သည် အပြန်လမ်း၌ အော့စကာတစ်ယောက် နင်ရုန်ရုန်၏ အခန်းတံခါးအပြင်ဘက်တွင် ရပ်ကာ သူမနှင့် စကားပြောရန် ကြိုးစားနေသည်ကို တွေ့ရှိခဲ့ရသည်။ တံခါးဝတွင် ရပ်နေသော နင်ရုန်ရုန်မှာမူ အော့စကာကို စက်ဆုပ်ရွံရှာသော အကြည့်များဖြင့် ကြည့်နေခဲ့သည်။ ယန်ရှောင်ကို မြင်သည်နှင့် သူမသည် ဝမ်းသာအားရ နှုတ်ဆက်လိုက်သည် "အစ်ကိုယန်ရှောင်..."
နင်ရုန်ရုန်၏ ခေါ်သံကို ကြားရသောအခါ ယန်ရှောင်က တစ်ချက်မျှသာ ပြုံးပြလိုက်ပြီး သူမ၏ အခန်းဘေးမှ ဖြတ်ကျော်လျှောက်လှမ်းသွားခဲ့သည်။
ဘေးတွင် ရပ်နေသော အော့စကာမှာမူ နင်ရုန်ရုန်က မိမိကို လျစ်လျူရှုထားပြီး ယန်ရှောင်ကိုမူ အပြုံးများဖြင့် ဆက်ဆံနေသည်ကို မြင်ရသောအခါ နှလုံးသားထဲတွင် ဒဏ်ရာပေါင်း ထောင်သောင်းချီ၍ ရရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။ ဤမြင်ကွင်းကို မြင်ရသော ယန်ရှောင်က စိတ်ထဲမှ ငပေါလေး... ငပေါလေး... နောက်ဆုံးတော့ မင်း ဘာမှ ရမှာမဟုတ်ဘူး ဟု တွေးတောမိသည်။
ယန်ရှောင်သည် မိမိ၏ နေရာသို့ ပြန်ရောက်ကာ ပစ္စည်းများကို လက်စွပ်အတွင်းသို့ သိမ်းဆည်းလိုက်ပြီး နောက်ဆုံးတစ်ကြိမ် မျှော်ကြည့်ကာ ခြောက်လနီးပါး နေထိုင်ခဲ့သော အိမ်ငယ်လေးထဲမှ ထွက်ခွာခဲ့တော့သည်။
သူ ဆုံရပ်သို့ ရောက်ရှိချိန်တွင် ကျူးကျူးချင်းမှာ သူ့ကို ကြိုတင်စောင့်ဆိုင်းနေပြီ ဖြစ်သော်လည်း နင်ရုန်ရုန်မှာမူ ရောက်မလာသေးချေ။ သူမသည် အော့စကာနှင့် ကိစ္စ ရှင်းနေရသဖြင့် အချိန်ကြန့်ကြာနေခြင်း ဖြစ်ရမည်။ ခေတ္တမျှ စောင့်ဆိုင်းပြီးနောက် နင်ရုန်ရုန် လှမ်းလာသည်ကို တွေ့လိုက်ရသည်။
နင်ရုန်ရုန် ရောက်ရှိလာပြီးနောက် ယန်ရှောင်က ကျူးကျူးချင်းနှင့် နင်ရုန်ရုန်တို့ကို ကြည့်ကာ "ဒီနေ့ကစပြီး ငါတို့ သုံးယောက်ဟာ အေးအတူပူအမျှ အခက်အခဲတွေကို အတူကျော်ဖြတ်ကြမယ့် ညီအစ်ကို မောင်နှမတွေ ဖြစ်သွားကြပြီ။ ငါတို့အကြားမှာ ဘာပဋိပက္ခမှ ရှိလို့မဖြစ်ဘူး... ဟုတ်ပြီလား။ အကယ်၍ တစ်ယောက်ယောက်က စကားမနားထောင်ရင်တော့ ငါ့ကို ရက်စက်တယ်လို့ မဆိုကြနဲ့တော့" ဟု ဆိုလိုက်သည်။
ယန်ရှောင်၏ စကားကို ကြားရသောအခါ ကျူးကျူးချင်းက နားလည်ကြောင်း ခေါင်းညိတ်ပြခဲ့ပြီး နင်ရုန်ရုန်ကမူ "အစ်ကိုရှောင်... မင်းက ဒီလောက် လူကောင်းတစ်ယောက်ပဲဟာ ဘာပဲဖြစ်ဖြစ် လူကိုတော့ ရိုက်မှာမဟုတ်ပါဘူး ဟုတ်တယ်မလား" ဟု ကလေးဆန်စွာ မေးလိုက်သည်။
"မင်း စမ်းကြည့်ချင်လို့လား"
ယန်ရှောင်၏ ဟာသဉာဏ်မရှိသော စကားကြောင့် နင်ရုန်ရုန် နှုတ်ခမ်းစူကာ ငြိမ်သက်သွားခဲ့ရသည်။ ထို့နောက် ယန်ရှောင်က မိန်းကလေးနှစ်ဦးကို ကြည့်ကာ "သွားကြစို့။ ဦးတည်ရာက ကောင်းကင်မြို့တော်" ဟု ကြေညာလိုက်တော့သည်။
ထို့ကြောင့် သူတို့ သုံးယောက်သည် ကောင်းကင်မြို့တော်ဆီသို့ ခရီးစတင်ခဲ့ကြရာ ရက်အနည်းငယ်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။
ညနေစောင်းအချိန်တွင် လူငယ် သုံးဦးသည် ကောင်းကင်မြို့တော်၏ မြင့်မားလှသော မြို့ရိုးကြီးကို ကြည့်ရင်း မြို့တံခါးဝတွင် မတ်တတ်ရပ်နေခဲ့ကြသည်။ ထိုသူ သုံးဦးမှာ ယန်ရှောင် ကျူးကျူးချင်းနှင့် နင်ရုန်ရုန်တို့မှတစ်ပါး အခြားသူ မဟုတ်ချေ။
ရက်အနည်းငယ်ကြာ ခရီးနှင်ခဲ့ပြီးနောက် သူတို့တစ်စုသည် နောက်ဆုံးတွင် ကောင်းကင်မြို့တော်သို့ ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။ သူတို့ သုံးဦး မြို့တော်အတွင်းသို့ ဝင်ရောက်လာကြရာ နင်ရုန်ရုန်က ယန်ရှောင်ကို ဝမ်းသာအားရ ပြောလိုက်သည် "အစ်ကိုရှောင်... ငါတို့ရဲ့ ခုနစ်ပါးရတနာမျှော်စင်ဂိုဏ်း ဆီကို ခေတ္တမျှ သွားလည်ကြမလား။ အဲဒါက ကောင်းကင်မြို့တော်နဲ့ ကီလိုမီတာ ၅၀ လောက်ပဲ ဝေးတာပါ"
နင်ရုန်ရုန်၏ ပုံမှန်ထက် ထူးကဲစွာ ဝမ်းသာနေသော မျက်နှာလေးကို ကြည့်ရင်း ယန်ရှောင်က မတတ်သာဟန်ဖြင့် "ရုန်ရုန်... ဒီညတော့ အရင်ဆုံး နားလိုက်ပါဦး။ မိုးလည်း ချုပ်နေပြီဆိုတော့ ဂိုဏ်းချုပ်နင် ဆီကို မနက်ဖြန်မှပဲ သွားကြတာပေါ့" ဟု ဆိုလိုက်သည်။
ယန်ရှောင်၏ စကားကို ကြားရပြီး မှောင်ရိပ်ပျိုးစပြုနေသည်ကို ကြည့်ကာ နင်ရုန်ရုန်က စိတ်ပျက်ဟန်ဖြင့် "ကောင်းပြီလေ" ဟုသာ ပြန်ပြောနိုင်ခဲ့တော့သည်။
နင်ရုန်ရုန်၏ စိတ်ကောက်နေသော အမူအရာက ယန်ရှောင်ကို ရယ်မောမိစေသည်။
"ခုနစ်ပါးရတနာမျှော်စင်ဂိုဏ်းက ငါ သေချာပေါက် သွားရမယ့်နေရာပဲဟာ မနက်ဖြန် သွားလည်း အတူတူပါပဲ"
"ကျူးချင်း... သူ့ကို ကြည့်ပါဦး သူက ငါ့ကို အမြဲတမ်း အနိုင်ကျင့်နေတာ"
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း အတူတကွ ဖြတ်သန်းခဲ့ကြပြီးနောက် ကျူးကျူးချင်းသည် ယန်ရှောင်က နင်ရုန်ရုန်ကို မိမိတို့အဖွဲ့ထဲသို့ ခေါ်သွင်းခဲ့သည့်အချက်အပေါ် မည်သည့်ကန့်ကွက်မှုမျှ မရှိတော့ချေ။
သူမ စဉ်းစားမိသည်မှာ ယန်ရှောင်သည် နင်ရုန်ရုန်ကို အဖွဲ့ထဲသို့ ဝင်ခွင့်ပြုခဲ့ခြင်း၌ တစ်စုံတစ်ခုသော လျှို့ဝှက်ရည်ရွယ်ချက် ရှိနေလိမ့်မည်ဟူ၍သာ ဖြစ်သည် ၎င်းမှာ ယခင်က သူမကို အကျိုးအမြတ်တစ်ခုခုအတွက် ကူညီပေးခဲ့စဥ်က ကဲ့သို့ပင် ဖြစ်နိုင်သည်။
ထို့နောက် သူတို့တစ်စုသည် အဆင့်အတန်းမြင့်မားပုံရသော ဟိုတယ်တစ်ခုသို့ သွားရောက်ကာ အခန်းများ ငှားရမ်း၍ တစ်ဦးစီ မိမိတို့၏ အခန်းများ၌ အသီးသီး အနားယူခဲ့ကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်တစ်နေ့ မနက်ခင်းသို့ ရောက်ရှိလာခဲ့သည်။ နင်ရုန်ရုန်တစ်ယောက် အိပ်ရာမှ နိုးရုံသာရှိသေးစဉ် တံခါးခေါက်သံကို ကြားလိုက်ရသည်။ ယန်ရှောင်က သူမကို မနက်စာစားရန် လာရောက်ခေါ်ယူခြင်းဟု ထင်မှတ်ကာ တံခါးဖွင့်လိုက်ရာ တံခါးဝတွင် မတ်တတ်ရပ်နေသူမှာ အရိုးတုန့်လော့နှင့်အတူ ရှိနေသော နင်ဖုန်းကျစ် ဖြစ်နေသည်ကို တွေ့လိုက်ရတော့သည်။
"ဖေဖေ... ဖိုးဖိုးအရိုး သမီး ဖေဖေတို့ ဆီကို အရမ်း လွမ်းနေတာ"
ပြောပြီးသည်နှင့် နင်ရုန်ရုန်သည် နင်ဖုန်းကျစ်၏ ရင်ခွင်ထဲသို့ တိုးဝင်ဖက်လှဲတည်းလဲ ပြုလုပ်လိုက်ပြီးနောက် အရိုးတုန့်လော့ကိုလည်း ပြုံးရွှင်စွာ ကြည့်လိုက်သည်။
"ဖေဖေ... သမီး ပြန်လာတာကို ဖေဖေက ဘယ်လိုသိတာလဲ။ ပြီးတော့ ဘာလို့ ဒီဟိုတယ်မှာ လာစောင့်နေရတာလဲ။ ဖေဖေ သမီးနောက်ကို လူတွေ ထပ်ပြီး လွှတ်ပြီး စောင့်ကြည့်ခိုင်းပြန်ပြီ မဟုတ်လား"
နင်ရုန်ရုန်ကို ကြည့်ကာ နင်ဖုန်းကျစ်က "သမီးလေးရယ်... ဒါက သမီးရဲ့ အန္တရာယ်ကင်းဖို့အတွက် ဖေဖေ လုပ်ရတာပဲဥစ္စာ။ သမီး တစ်ခုခုဖြစ်သွားရင် ဖေဖေ ဘယ်လိုလုပ်မလဲ" ဟု ဆိုရှာသည်။
နင်ဖုန်းကျစ်၏ စကားကြောင့် နင်ရုန်ရုန်၏ နှလုံးသားထဲတွင် နွေးထွေးမှုများ ခံစားလိုက်ရပြီး သူမက နင်ဖုန်းကျစ်ကို ကြည့်ကာ "ဖေဖေ... သမီး ဒီတစ်ကြိမ်မှာ ဖေဖေ့အတွက် အံ့သြစရာတစ်ခု ယူလာခဲ့တယ်" ဟု ပြောလိုက်သည်။
"သမီးက ဖေဖေ့ကို မလန့်အောင် လုပ်ရင်ပဲ တော်ပါပြီ"
"မဟုတ်ဘူး ဖေဖေ... ခဏစောင့်ဦး သမီး သူ့ကို သွားခေါ်လိုက်ဦးမယ်" ဟု ဆိုကာ ယန်ရှောင်၏ အခန်းဆီသို့ အပြေးအလွှား ထွက်ခွာသွားခဲ့တော့သည်။