အခန်း ၃၀ တော်ဝင်တိုက်ပွဲဝင်အဖွဲ့၏ ကျရှုံးမှု
ယူထျန်ဟိန်၏ ဟိန်းဟောက်သံကို ကြားလိုက်ရမှသာ တော်ဝင်တိုက်ပွဲဝင်အဖွဲ့သားများသည် သူတို့၏ အံ့အားသင့်ထိတ်လန့်မှုများထဲမှ ချက်ချင်း သတိပြန်ဝင်လာခဲ့ကြသည်။
ထို့နောက် ချက်ချင်းပင် ကောင်းကင်ထက်ရှိ ယူဖုန်းသည် သူ၏ တတိယမြောက် ဝိညာဉ်စွမ်းရည်ကို ထုတ်ဖော်လိုက်ပြီး ကောင်းကင်၌ ရှိနေသော မာဟုန်ကျွင်းကို ခေတ္တမျှ ဖိနှိပ်ထားလိုက်သည်။ ထို့နောက် သူ၏ ဒုတိယမြောက် ဝိညာဉ်စွမ်းရည်ကို ထပ်မံထုတ်ဖော်ကာ မာဟုန်ကျွင်းကို တိုက်ပွဲစင်မြင့်အောက်သို့ ရိုက်ချလိုက်သဖြင့် နှစ်ဖက်စလုံး၏ အဖွဲ့ဝင်အရေအတွက်မှာ တူညီသွားခဲ့တော့သည်။
ယူဖုန်း၏ ရိုက်ချခြင်းကို ခံလိုက်ရပြီး တိုက်ပွဲစင်မြင့်အောက်သို့ ရောက်ရှိသွားသော မာဟုန်ကျွင်းသည် ဒေါသတကြီး ဆဲရေးတိုင်းထွာရင်း စင်မြင့်ထက်သို့ လှမ်းအော်လိုက်သည် "ဝိညာဉ်စွမ်းအား မြင့်တာ ဘာဖြစ်လဲ။ မင်းရဲ့ အဆင့်က ငါ့ထက် မြင့်နေလို့ပဲ... ဘာတွေ ဒီလောက် ကြွားဝါနေတာလဲ။ စောင့်နေလိုက်စမ်း... တစ်နေ့ကျရင် မင်းကို ငါ့ခြေဖဝါးအောက်မှာ အရှုံးပေး ဒူးထောက်စေရမယ်။"
မာဟုန်ကျွင်းတစ်ယောက် စင်မြင့်အောက်တွင် လူပြက်တစ်ယောက်ကဲ့သို့ အော်ဟစ်ကာ အရှက်ခွဲနေသည်ကို မြင်သောအခါ ဖလန်းဒါး၏ မျက်နှာမှာ ပြာနှမ်းသွားခဲ့ပြီး သူကိုယ်တိုင် အောက်သို့ ဆင်းကာ မာဟုန်ကျွင်းကို ဆွဲခေါ်ခဲ့တော့သည်။
"အသုံးမကျတဲ့ အရှက်မရှိတဲ့ကောင်။ ရှုံးရင် ရှုံးတယ်ပေါ့... အောက်မှာ ဘာလို့ ဒီလောက်တောင် အော်ဟစ်အရှက်ခွဲနေရတာလဲ။"
ဖလန်းဒါး၏ အသံကို ကြားလိုက်ရသဖြင့် မာဟုန်ကျွင်းသည် ကြောက်လန့်တကြားဖြစ်ကာ မရှိသလောက်ဖြစ်နေသော သူ၏ လည်ပင်းတိုကြီးကို ပို၍ ကျုံ့လိုက်မိသည်။
သူက လေသံတိုးတိုးဖြင့် "ဒါတွေ အားလုံးက ကျူးကျူးချင်းကြောင့်ပါ။ သူမသာ ထိုသရဲတစ္ဆေသစ်ကျား ဝိညာဉ်ဆရာသခင်ကို ပွဲစစချင်း စင်အောက် မမောင်းထုတ်ခဲ့ရင် ငါလည်း ဒီထက်မက ပိုပြီး တောင့်ခံထားနိုင်မှာပေါ့" ဟု ညည်းတွားလိုက်သည်။
မာဟုန်ကျွင်း၏ စကားကို ကြားလိုက်ရသောအခါ ဘေးတွင် မတ်တတ်ရပ်နေသော ယန်ရှောင်သည် မလိုလားအပ်သော အမူအရာဖြင့် လှည့်ကြည့်ကာ "ဒီဝက်ပုတို... မင်း စောစော သေချင်နေတာဆိုရင် ငါ မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးမယ်။ မင်းက အသုံးမကျတဲ့ အမှိုက်ဖြစ်နေတာကို တခြားလူတွေကရော မင်းလို အသုံးမကျဖြစ်နေရမှာလား" ဟု အေးစက်စွာ ဆိုလိုက်သည်။
ယန်ရှောင်၏ အသံကို ကြားသည်နှင့် မာဟုန်ကျွင်းသည် ဖလန်းဒါး၏ အနောက်ဘက်သို့ ချက်ချင်းပင် ပုန်းကွယ်လိုက်တော့သည်။
ယန်ရှောင် ဒေါသထွက်နေသော မျက်နှာကို မြင်သောအခါ ဖလန်းဒါးက ကြားထဲမှ ဝင်၍ "ယန်ရှောင်... မင်းနဲ့ ကျူးကျူးချင်းတို့ သွားခဲ့တဲ့ ခရီးစဉ်က အောင်မြင်ခဲ့မှန်း ငါသိပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဝက်ပုတိုလေးရဲ့ အပြစ်ပါ ဒါပေမဲ့ သူက ငယ်သေးတာမို့လို့ စိတ်ထဲ အရမ်းမထားပါနဲ့" ဟု ဖြန်ဖြေလိုက်ရသည်။
"ဟွန့်... ဒီတစ်ကြိမ်တော့ ကျောင်းအုပ်ကြီးရဲ့ မျက်နှာကို ထောက်ပြီး လွှတ်ပေးလိုက်မယ်။ ဒါပေမဲ့ နောက်တစ်ကြိမ် ဒီလိုစကားမျိုး ထပ်ကြားရရင်တော့ မင်းအတွက် ခေါင်းတလားသာ ကြိုပြင်ထားလိုက်တော့။"
တကယ့် ဟာသပင် ဖြစ်သည်။ ကျူးကျူးချင်းသည် သူ၏ ကျင့်ကြံခြင်း ပစ်မှတ်ဖြစ်ပြီး ဝိညာဉ်စွမ်းအား မပြည့်စုံဘဲ သေခါနီးဖြစ်နေသော ဝက်ပုတိုတစ်ကောင်က ကဲ့ရဲ့ရှုတ်ချနိုင်မည့်သူ မဟုတ်ချေ။
ထိုအချိန်တွင် ကွင်းအတွင်းရှိ တိုက်ပွဲမှာ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ယူဖုန်းသည် မာဟုန်ကျွင်းကို အနိုင်ယူပြီးနောက် ကျူးကျူးချင်းနှင့် ထိပ်တိုက်တွေ့ဆုံကာ ပြင်းထန်စွာ တိုက်ခိုက်ခဲ့သည်။ သို့သော်လည်း သူသည် တိုက်စစ်ဆင်နေသော ကျူးကျူးချင်းကို မနည်းတောင့်ခံနေရခြင်း ဖြစ်ပြီး ယူဖုန်းမှာ ကာကွယ်ရုံသာ တတ်နိုင်ခဲ့သည်။ ဝိညာဉ်စွမ်းရည်များကို အဆက်မပြတ် အသုံးပြုခဲ့ရသဖြင့် ထိုနှစ်ဦးစလုံး၏ ဝိညာဉ်စွမ်းအားများမှာ ကုန်ခမ်းလုနီးပါး ဖြစ်နေခဲ့ပြီ။
တစ်ချိန်တည်းမှာပင် ရှီညီအစ်ကိုနှစ်ယောက်သည် သူတို့၏ ဒုတိယမြောက် ဝိညာဉ်ကွင်းများကို လှုံ့ဆော်လိုက်ရာ လိပ်ခွံဒိုင်းနှစ်ခု သူတို့၏ လက်ထဲတွင် ထွက်ပေါ်လာခဲ့သည်။ ထိုညီအစ်ကိုနှစ်ဦး ရှေ့သို့ ပြေးဝင်လာရာ ထန်ဆန်းက သူ၏ ငွေပြာမြက်ပင်များကို အသုံးပြု၍ ပိတ်ဆို့တားဆီးခဲ့သည်။ သို့သော်လည်း ထိုညီအစ်ကိုတို့၏ ဒိုင်းများတွင် ဖြတ်တောက်နိုင်စွမ်း ရှိနေသဖြင့် ထန်းဆန်း၏ ငွေပြာမြက်ပင်များကို အဆက်မပြတ် ရိတ်ဖြတ်ပစ်နေခဲ့သည်။
အရေးကြီးသော အခိုက်အတန့်တွင် ရှောင်ဝူသည် ထန်းဆန်း၏ ဘေးနားသို့ ရောက်ရှိလာပြီး အရှိန်အဟုန်ကို မြှင့်တင်ကာ သူမ၏ ဒုတိယမြောက် ဝိညာဉ်စွမ်းရည်ကို အသုံးပြု၍ ထိုညီအစ်ကိုနှစ်ဦးကို ချက်ချင်းပင် မိန်းမောညို့ယူခြင်းကိုသုံးလိုက်သည်။ ထို့နောက် ရွှေ့ပြောင်းခြင်းစွမ်းရည်ကို အသုံးပြုကာ ၎င်းတို့၏ အနောက်ဘက်သို့ ရောက်ရှိသွားပြီး ညီအစ်ကိုနှစ်ဦးအနက်မှ ရှီမိုကို စင်အောက်သို့ တွန်းချလိုက်နိုင်သည်။
ထန်ဆန်း ရှောင်ဝူနှင့် ရှီညီအစ်ကိုတို့ အပြင်းအထန် တိုက်ခိုက်နေကြစဉ်မှာပင် ယူထျန်ဟိန်နှင့် တိုက်မုပိုင်တို့သည်လည်း ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံနေခဲ့ကြသည်။ ထိုနှစ်ဦးစလုံး၏ ဝိညာဉ်ကွင်းများမှာ ထိပ်တန်းအဆင့်ရှိ သားရဲဝိညာဉ်များ ဖြစ်ကြသဖြင့် တိုက်ခိုက်မှုတိုင်းမှာ အလွန်ပင် စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်။
မိမိ၏ အဖွဲ့သားများ တိုက်ပွဲတွင် ရုန်းကန်နေရသည်ကို မြင်သောအခါ ကျူးကျူးချင်းသည် တွေဝေမနေတော့ချေ။ သူမသည် ယန်ရှောင်ပေးထားသော ဝိညာဉ်ပြန်လည်ဆန်းသစ်ဆေးလုံးကို တိတ်တဆိတ် ဝါးမြိုလိုက်ရာ မျက်စိတစ်မှိတ်အတွင်း (၁၀ ကြိမ်မျှ အသက်ရှူရုံမျှသော အချိန်တိုအတွင်း) သူမ၏ ဝိညာဉ်စွမ်းအားများ အပြည့်အဝ ပြန်လည်ပြည့်ဖြိုးလာခဲ့သည်။ သူမသည် ဆန့်ကျင်ဘက်ရှိ ယူဖုန်းကို ကြည့်ကာ ငရဲခေါင်းဖြတ်ခြင်း ကို တိုက်ရိုက် ထုတ်ဖော်လိုက်တော့သည်။ ကျူးကျူးချင်းတွင် တတိယမြောက် ဝိညာဉ်စွမ်းရည်ကို ထုတ်ဖော်နိုင်စွမ်း ရှိနေသေးသည်ကို မြင်လိုက်ရသဖြင့် ယူဖုန်း ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားကာ အလျင်အမြန် ရှောင်တိမ်းလိုက်ရသည်။
သို့သော်လည်း အရာအားလုံးက အချည်းနှီးသာ ဖြစ်ခဲ့သည် ကျူးကျူးချင်းသည် သူ့ကို တိုက်ပွဲစင်မြင့်အပြင်ဘက်သို့ အောင်မြင်စွာ မောင်းထုတ်လိုက်ပြီ ဖြစ်သည်။
ထို့နောက် ကျူးကျူးချင်းသည် ခေါင်းကို လှည့်၍ အခြားတစ်ယောက်ဖြစ်သော ကိုးပါးနှလုံးသားပန်း ဝိညာဉ်ဆရာသခင် ရဲ့လင်လင်ထံသို့ တိုက်ရိုက် ဦးတည်ကာ ပြေးဝင်သွားခဲ့သည်။ မိမိ၏ အဖွဲ့သားနှစ်ယောက်စလုံး ကျူးကျူးချင်း၏ လက်ချက်ဖြင့် တိုက်ပွဲစင်မြင့်အောက်သို့ ရောက်ရှိသွားပြီး ကျန်ရှိသော လေးယောက်မှာလည်း တစ်ဖက်အဖွဲ့၏ ထိန်းချုပ်မှုကို ခံနေရသည်ကို မြင်သောအခါ ရဲ့လင်လင်၏ မျက်နှာမှာ ပြာနှမ်းသွားခဲ့ရသည်။
ကျူးကျူးချင်းသည် သုံးမိနစ်ပင်မပြည့်သော အချိန်တိုအတွင်း သူမကိုပါ စင်မြင့်အောက်သို့ ရိုက်ချလိုက်တော့သည်။
မိမိတို့အဖွဲ့မှ အဖွဲ့ဝင်သုံးယောက်စလုံး တစ်ဖက်မှ သွက်လက်တိုက်စစ်စနစ် ဝိညာဉ်ဆရာသခင်မလေး၏ လက်ချက်ဖြင့် မျက်စိတစ်မှိတ်အတွင်း ရှုံးနိမ့်သွားခဲ့ရသည်ကို ယူထျန်ဟိန် သတိပြုမိလိုက်သည်။ သူ ပြာယာသွားခိုက်တွင် ထန်းဆန်းက အခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ တိုက်မုပိုင်၏ အကူအညီဖြင့် ၎င်းတို့ကိုပါ စင်မြင့်အောက်သို့ ရိုက်ချလိုက်တော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကျူးကျူးချင်းသည် သူမ၏ ကြောက်မက်ဖွယ်ကောင်းသော အင်အားဖြင့် တိုက်ပွဲ၏ အခြေအနေကို အရှုံးဘက်မှ အနိုင်ဘက်သို့ ပြောင်းလဲပစ်ခဲ့သည်။ သူမ၏ အံ့မခန်းဖွယ် အင်အားကြောင့် လူတိုင်း အံ့အားသင့်ခဲ့ရသည် လွန်ခဲ့သော ခြောက်လခန့်ကမှ အဆင့် ၂၇ သာ ရှိသေးသော ကျူးကျူးချင်းသည် မိမိတို့ထက် အဆမတန် သန်မာလှသော တော်ဝင်တိုက်ပွဲဝင်အဖွဲ့ကို အနိုင်ရရှိအောင် ရှရက်ခ်အဖွဲ့ကို တစ်ကိုယ်တော် ဦးဆောင်မှုပေးသွားနိုင်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြချေ။
ကျန်ရှိသော အဖွဲ့ဝင်များမှာလည်း မျက်စိတစ်မှိတ်အတွင်း သုံးယောက်တည်းသာ ကျန်ရှိတော့သဖြင့် တော်ဝင်တိုက်ပွဲဝင်အဖွဲ့မှာ ကစားကွက် ပျက်ပြားသွားခဲ့ရပြီး မတတ်သာသည့်အဆုံး လက်မြှောက်၍ အရှုံးပေးကြောင်း အချက်ပြလိုက်ရတော့သည်။
တော်ဝင်တိုက်ပွဲဝင်အဖွဲ့ အရှုံးပေးသည်ကို မြင်မှသာ ရှရက်ခ်အဖွဲ့သားများ သက်ပြင်းချနိုင်ကြတော့သည်။ နင်ရုန်ရုန်သည် ကျူးကျူးချင်း၏ ဘေးနားသို့ ချက်ချင်း ပြေးလာပြီး သူမ၏ လက်ကို ဆွဲကာ "ကျူးချင်း... မင်း တကယ့်ကို အံ့သြဖို့ကောင်းတာပဲ။ ဝိညာဉ်ဆရာသခင် သုံးယောက်လုံးကို တစ်ယောက်တည်းနဲ့ ဖြုတ်ချပစ်လိုက်တာ။ ဝိညာဉ်စွမ်းအား အမြင့်ဆုံးပါဆိုပြီး ယူထျန်ဟိန်ရဲ့ ဖိနှိပ်ခြင်းကို ခံနေရတဲ့ တချို့လူတွေထက် အများကြီး သာပါတယ်" ဟု မြှောက်ပင့်ပြောဆိုလိုက်သည်။
ကျူးကျူးချင်း၏ တည်ငြိမ်အေးစက်သော မျက်နှာထက်တွင်မူ မည်သည့်စကားမျှ ထွက်ပေါ်မလာဘဲ တိတ်ဆိတ်နေခဲ့သည်။
သို့သော်လည်း ဘေးတွင် မတ်တတ်ရပ်နေသော တိုက်မုပိုင်မှာမူ စိတ်အလိုမကျ ဖြစ်သွားခဲ့ရသည်။ သူသည် လမ်းလျှောက်လာပြီး နင်ရုန်ရုန်ကို ကြည့်ကာ "မင်း ဘယ်သူ့ကို စောင်းမြောင်းပြောနေတာလဲ။ အဲလောက်တောင် ဟုတ်နေရင် တစ်ဖက်က ယူထျန်ဟိန်ကို သွားပြီး ထိပ်တိုက်ရင်ဆိုင်လိုက်ပါလား။ အခုတော့ ဘေးကနေ သရော်စာ ပြောဖို့ပဲ တတ်တယ်" ဟု ခနဲ့လိုက်သည်။
"အဲဒါတော့ ဟုတ်တယ်။ မင်းသာ ကျူးချင်းလို သန်မာရင် ငါတို့ပွဲက စောစောကတည်းက ပြီးနေပြီ။"
ကျူးကျူးချင်း၏ တဟုန်ထိုး တိုးတက်လာသော စွမ်းဆောင်ရည်များကြောင့် ဒေါသမီး ဟုန်းဟုန်းတောက်လုနီးပါး ဖြစ်နေသော တိုက်မုပိုင်သည် နင်ရုန်ရုန်၏ သရော်သော စကားများကို ကြားလိုက်ရသောအခါ ချက်ချင်းပင် သူ၏ ဝိညာဉ်အရှိန်အဝါများကို ထုတ်ဖော်လိုက်တော့သည်။
တိုက်မုပိုင် ဝိညာဉ်အရှိန်အဝါများ ထုတ်ဖော်လိုက်သည်ကို မြင်သောအခါ ကျူးကျူးချင်းသည်လည်း အလျှော့မပေးဘဲ သူမ၏ ဝိညာဉ်ကို ချက်ချင်း ထုတ်ဖော်လိုက်ပြီး နင်ရုန်ရုန်ကို သူမ၏ နောက်ကွယ်တွင် ကာကွယ်ပေးလိုက်သည်။ တိုက်မုပိုင်၏ တာဝန်ရှောင်လွှဲတတ်မှုအပေါ် ထားရှိသော သူမ၏ မူလအမြင်မကြည်လင်မှုများမှာ ပျောက်ကွယ်မသွားခဲ့သည့်အပြင် ယခုအခါ ပိုမို၍ပင် နက်ရှိုင်းလာခဲ့ပြီ ဖြစ်သည်။
"မင်း တတ်နိုင်တာဆိုလို့ အားနည်းတဲ့လူတွေကို နှိပ်စက်ဖို့ပဲ ရှိတာလား။" ကျူးကျူးချင်း၏ အေးစက်လှသော အသံ ထွက်ပေါ်လာခဲ့သည်။
ကျူးကျူးချင်း၏ အေးစက်လှသော အသံကို ကြားမှသာ တိုက်မုပိုင် သတိပြန်ဝင်လာခဲ့ပြီး သူ၏ ဝိညာဉ်အရှိန်အဝါများကို ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ရုပ်သိမ်းလိုက်သည်။
"တစ်နေ့ကျရင်... မင်းအတွက် တကယ်တမ်း အကောင်းဆုံးဖြစ်မယ့်သူက ဘယ်သူလဲဆိုတာ မင်း နားလည်လာလိမ့်မယ်။" တိုက်မုပိုင်က ပြောပြီးနောက် လှည့်ကြည့်ခြင်းမရှိဘဲ လှည့်ထွက်သွားခဲ့တော့သည်။
ထွက်ခွာသွားသော တိုက်မုပိုင်၏ ကျောပြင်ကို ကြည့်ရင်း ကျူးကျူးချင်းက ဒီလူက အမြဲတမ်း ဒီဆင်ခြေကိုပဲ သုံးနေတာပဲ။ တခြား အသစ်အဆန်း ဆင်ခြေမျိုး မစဉ်းစားတတ်ဘူးလား။ ပိုပြီးတော့တောင် ရွံစရာကောင်းလာပြီ ဟု စိတ်ထဲမှ တွေးလိုက်မိသည်။
နင်ရုန်ရုန်သည် ကျူးကျူးချင်း၏ အနောက်မှ လှမ်းထွက်လာပြီး "ကျူးချင်း... မင်းတို့ နှစ်ယောက်ကြားမှာ တစ်ခုခု ဖြစ်နေတာလား" ဟု မေးမြန်းလိုက်သည်။
"ဒါ မင်းနဲ့မဆိုင်ဘူး။" ကျူးကျူးချင်းက ပြောပြီးနောက် တိုက်ပွဲကွင်းပြင်အတွင်းမှ လှည့်ထွက်ခဲ့သည်။
"ကောင်းပြီလေ... မပြောရင်လည်း နေပေါ့... ဟွန့်။" နင်ရုန်ရုန်သည်လည်း တိုက်ပွဲစင်မြင့်ထက်မှ လှည့်ထွက်သွားခဲ့တော့သည်။
ကျန်ရှိသော သူများသည် ထိုသုံးဦး အငြင်းပွားနေသည်ကို ကြည့်ကာ တွေဝေဆွံ့အ လျက် ကျန်ရစ်ခဲ့ကြသည်။ အော့စကာသည် နင်ရုန်ရုန် ကွင်းပြင်ထဲမှ ထွက်ခွာသွားသည်ကို မြင်သောအခါ အလျင်အမြန်ပင် နောက်မှ လိုက်သွားခဲ့တော့သည်။
"ရုန်ရုန်... ငါ့ကို စောင့်ဦးလေ။"
ထို့နောက် လူစုသည် သီးသန့်အခန်းအတွင်းသို့ ဝင်ရောက်လာခဲ့ကြရာ ထိုနေရာတွင် မဟာဆရာကြီး ဖလန်းဒါး ဇောက်ဝူကျိနှင့် ယန်ရှောင်တို့က စောင့်ဆိုင်းနေကြသည်။
လူတိုင်း ရောက်ရှိလာသည်ကို မြင်သောအခါ မဟာဆရာကြီးက "ဒီနေ့ မင်းတို့အားလုံး ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့ကြတယ် အထူးသဖြင့် ကျူးကျူးချင်းပဲ... သူမက အရေးကြီးတဲ့ ကဏ္ဍကနေ ပါဝင်ပေးခဲ့တယ်။ ငါ မင်းတို့အားလုံးအတွက် ဂုဏ်ယူပါတယ်" ဟု ချီးကျူးစကား ဆိုလိုက်သည်။
ယန်ရှောင်ကမူ မဟာဆရာကြီးကို မကျေမနပ် ကြည့်ကာ "ကျွန်တော့်ရဲ့ ကျူးချင်းသာ မရှိရင် သူတို့ ဒီလောက် မြန်မြန်ဆန်ဆန်နဲ့ ပွဲသိမ်းနိုင်မှာ မဟုတ်ဘူး" ဟု ရွဲ့လိုက်သည်။
ကျူးကျူးချင်းသည် ယန်ရှောင်၏ ဘေးနားသို့ လမ်းလျှောက်လာပြီး ယန်ရှောင်ကို ကြည့်ကာ "ဘယ်လိုလဲ... ဒီနေ့ ငါ မင်းကို စိတ်ပျက်အောင် မလုပ်ခဲ့ဘူးမလား" ဟု မေးလိုက်သည်။
ယန်ရှောင်က သူမကို အလိုလိုက်ဂရုစိုက်သော မျက်ဝန်းများဖြင့် ကြည့်ကာ "မင်း တကယ် တော်ပါတယ်။ ဒီအတိုင်းပဲ ဆက်ပြီး ကြိုးစားသွားပါ။ မင်းနဲ့ ထိုက်တန်တဲ့အရာတွေကို သေချာပေါက် ပြန်ပြီး ရယူနိုင်လိမ့်မယ်လို့ ငါ ယုံကြည်တယ်" ဟု အားပေးလိုက်သည်။
ယန်ရှောင်၏ စကားကို ကြားလိုက်ရသောအခါ ကျူးကျူးချင်း၏ မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားခဲ့ရသည်။
ဘေးနားရှိ တိုက်မုပိုင်မှာမူ ထိုမြင်ကွင်းကြောင့် ဒေါသထွက်လွန်းသဖြင့် မေ့လဲလုနီးပါး ဖြစ်သွားခဲ့ရပြီး အချိန်မီ ဖမ်းထိန်းပေးလိုက်သော မာဟုန်ကျွင်းကြောင့်သာ အဆင်ပြေသွားခဲ့သည်။
"အစ်ကိုကြီး... မင်း အဆင်ပြေရဲ့လား။"