အခန်း ၂၉ ကျူးကျူးချင်း၏ အံ့မခန်းဖွယ် စွမ်းဆောင်ရည်
တော်ဝင်တိုက်ပွဲဝင်အဖွဲ့ - အဖွဲ့ဝင် ခုနစ်ယောက်စလုံးသည် ငွေရောင်တိုက်ပွဲဝင်တံဆိပ်ကို ပိုင်ဆိုင်ထားကြသူများ ဖြစ်သည်။
ခေါင်းဆောင် - ယူထျန်ဟိန် (သိုင်းဝိညာဉ် - အပြာရောင်လျှပ်စီးမုန်တိုင်းနဂါး အဆင့် ၃၉ တိုက်စစ်စနစ် ဝိညာဉ်ဆရာသခင်။ ဝိညာဉ်ကွင်း - အဝါနှစ်ကွင်း ခရမ်းတစ်ကွင်း။)
ဒုခေါင်းဆောင် - တုကုယန် (သိုင်းဝိညာဉ် - မြစိမ်းရောင်ဖော့စဖရပ်မြွေကြီး အဆင့် ၃၈ ထိန်းချုပ်မှုစနစ် ဝိညာဉ်ဆရာသခင်။ ဝိညာဉ်ကွင်း - အဝါနှစ်ကွင်း ခရမ်းတစ်ကွင်း။)
အဖွဲ့ဝင် - ရှီမို ( သိုင်းဝိညာဉ် - ရွှမ်ဝူလိပ် အဆင့် ၃၈ ကာကွယ်ရေးစနစ် ဝိညာဉ်ဆရာသခင်။ ဝိညာဉ်ကွင်း - အဝါနှစ်ကွင်း ခရမ်းတစ်ကွင်း။)
အဖွဲ့ဝင် - ရှီမို (သိုင်းဝိညာဉ် - ရွှမ်ဝူလိပ် အဆင့် ၃၇ ကာကွယ်ရေးစနစ် ဝိညာဉ်ဆရာသခင်။ ဝိညာဉ်ကွင်း -အဝါနှစ်ကွင်း ခရမ်းတစ်ကွင်း။)
(မှတ်ချက် - မူရင်းစာသားအတိုင်း ညီအစ်ကိုနှစ်ယောက်စလုံး အမည်တူ ရေးသားထားခြင်း ဖြစ်သည်။)
အဖွဲ့ဝင် - ယူဖုန်း (ဝိညာဉ် - လေတံပိုးငှက် အဆင့် ၃၆ သွက်လက်တိုက်စစ်စနစ် ဝိညာဉ်ဆရာသခင်။ ဝိညာဉ်ကွင်း - အဝါနှစ်ကွင်း ခရမ်းတစ်ကွင်း။)
အဖွဲ့ဝင် - အော့စရို (သိုင်းဝိညာဉ် - သရဲတစ္ဆေသစ်ကျား အဆင့် ၃၆ သွက်လက်တိုက်စစ်စနစ် ဝိညာဉ်ဆရာသခင်။ ဝိညာဉ်ကွင်း - အဝါနှစ်ကွင်း ခရမ်းတစ်ကွင်း။)
အဖွဲ့ဝင် - ရဲ့လင်လင် ( သိုင်းဝိညာဉ် - ကိုးပါးနှလုံးသားပန်း အဆင့် ၃၅ ပံ့ပိုးမှုစနစ် ဝိညာဉ်ဆရာသခင်။ ဝိညာဉ်ကွင်း - အဝါနှစ်ကွင်း ခရမ်းတစ်ကွင်း။)
တော်ဝင်တိုက်ပွဲဝင်အဖွဲ့၏ အချက်အလက်များကို မြင်လိုက်ရသောအခါ လူတိုင်း အသက်ရှူမှားမတတ် ဖြစ်သွားကြပြီး ကြီးမားသော ဖိအားကို ချက်ချင်း ခံစားလိုက်ရတော့သည်။
ထိုစဉ် ထန်ဆန်းတစ်ယောက်သာ ကျူးကျူးချင်း၏ ဝိညာဉ်စွမ်းအားကို သတိပြုမိသွားခဲ့သည်။ သူမ၏ အဆင့်မှာ အဆင့် ၃၇ သို့ ရောက်ရှိနေပြီ ဖြစ်သည်။
"ကျူးချင်း... မင်း အဆင့် ၃၇ ကို ရောက်သွားပြီပဲ။" ထန်ဆန်းက အံ့အားသင့်စွာ ရေရွတ်လိုက်သဖြင့် လူတိုင်း၏ အကြည့်များက ကျူးကျူးချင်းထံသို့ ချက်ချင်း ရောက်ရှိသွားကြတော့သည်။
"သူတို့ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ ပြန်ရောက်တာ။" ကျူးကျူးချင်း၏ အသံ ထွက်ပေါ်လာခဲ့သည်။
ဤအခိုက်အတန့်တွင် လူတိုင်းက ကျူးကျူးချင်းကို မိန်းမောအံ့သြစွာ ကြည့်နေကြသဖြင့် ကျူးကျူးချင်း၏ မျက်ဝန်းထဲတွင် အနည်းငယ် ရှက်ရွံ့သွားသည့် အရိပ်အယောင်လေး ဖြတ်ပြေးသွားခဲ့သည်။
ထို့နောက် သူတို့သည် အကြည့်များကို ယန်ရှောင်ထံသို့ အလျင်အမြန် ရွှေ့ပြောင်းလိုက်ကြသည်။
ကျူးကျူးချင်းက ယန်ရှောင်ကို လှည့်ကြည့်လိုက်သည်ကို မြင်သောအခါ လူတိုင်း ချက်ချင်း သဘောပေါက်သွားကြသည် — ကျူးကျူးချင်း၏ ဝိညာဉ်စွမ်းအား အဆင့် ဤမျှအထိ လျင်မြန်စွာ တိုးတက်လာခြင်းမှာ ယန်ရှောင်၏ အကူအညီကြောင့် ဖြစ်ရမည်။ အဘယ်ကြောင့်ဆိုသော် သူတို့ ခုနစ်ယောက်ထဲတွင် လက်ရှိ ဝိညာဉ်စွမ်းအား အမြင့်ဆုံးဖြစ်သော တိုက်မုပိုင်ပင်လျှင် အဆင့် ၃၈ သာ ရှိသေးပြီး ကျူးကျူးချင်း ကျောင်းသို့ စတင်ရောက်ရှိစဥ်က အဆင့် ၂၇ သာ ရှိခဲ့သောကြောင့် ဖြစ်သည်။ နှစ်ဝက်ပင် မပြည့်သေးသော အချိန်တိုအတွင်း အဆင့် ၃၇ သို့ ရောက်ရှိသွားခြင်းမှာ ယခင်ကလည်း မရှိဖူးသလို နောင်တွင်လည်း ရှိလာရန် ခဲယဉ်းလှသော ကျင့်ကြံခြင်းအရှိန်မျိုး ဖြစ်သည်။
ထို့အပြင် နင်ရုန်းရုန်းသည်လည်း ယန်ရှောင်ထံမှ ဆေးလုံးနှစ်မျိုးကို ဝယ်ယူခဲ့ပြီးနောက် သူမ၏ ဝိညာဉ်စွမ်းအားမှာ အဆင့် ၃၀ သို့ ရောက်ရှိသွားခဲ့ကြောင်း လူတိုင်း သိကြသည်။ (တတိယမြောက် ဝိညာဉ်ကွင်းကို ထည့်သွင်းရန်သာ အချိန်မရသေးခြင်း ဖြစ်သည်။) ထို့ကြောင့် လူတိုင်းသည် ယန်ရှောင်ထံမှ ဆေးလုံးများကို ဝယ်ယူရန် စိတ်ကူးဖြင့် သူ့ကို ဝိုင်းဝန်းကြည့်ရှုလိုက်ကြတော့သည်။
ယန်ရှောင်သည် ထိုနှစ်ဦး၏ တိုက်ပွဲကို အေးအေးလူလူ စောင့်ကြည့်နေစဉ် ကျောပြင်တစ်ခုလုံး စိမ့်ခနဲ ဖြစ်သွားခဲ့သည်။ သူ လှည့်ကြည့်လိုက်ရာ လူတိုင်းက သူ့ကို စိုက်ကြည့်နေကြသဖြင့် သူ၏ အင်္ကျီကို အလျင်အမြန် တင်းတင်းကျပ်ကျပ် ဆွဲစိလိုက်ရင်း "ဘာဖြစ်လို့လဲ... ငါက ပညာပဲပြတာ ကိုယ်ခန္ဓာကို ရောင်းစားတဲ့လူ မဟုတ်ဘူးနော်။ မဟုတ်သေးဘူး... ငါက အနုပညာကိုလည်း မရောင်းဘူး။ မင်းတို့ ဘာဖြစ်ချင်နေတာလဲ ချမလို့လား။" ဟု အော်ဟစ်လိုက်သည်။
အော့စကာက ယန်ရှောင်ကို ဖြူစင်ဟန်ဆောင်သော အပြုံးဖြင့် ကြည့်ကာ "ရှောင်အစ်ကို... ငါတို့ကို ဆေးလုံးအချို့ ရောင်းပေးလို့ မရဘူးလား။ ဈေးနှုန်းကိုတော့ ညှိနှိုင်းလို့ရပါတယ်" ဟု ပြောလိုက်သည်။
လူတိုင်း၏ မျှော်လင့်ချက်အပြည့်ရှိသော မျက်ဝန်းများကို မြင်သောအခါ ယန်ရှောင်က ခေါင်းကို အလျင်အမြန် ခါယမ်းလိုက်ပြီး "ငါက ဘာများလဲလို့။ မင်းတို့ကလည်း ဆေးလုံးဝယ်ချင်လို့ကိုး... စောစောက ပြောရတာပေါ့။ ငါက တခြားတစ်ခုခု ထင်နေတာ။ လောလောဆယ် ငါ့ဆီမှာ ဝိညာဉ်ဆင့်ကဲဆေးလုံးနဲ့ လျှို့ဝှက်ရေစင်ဆေးလုံး ဆိုပြီး နှစ်မျိုးပဲ ရှိတယ်။ တစ်လုံးကို ရွှေဒင်္ဂါး ၁၀,၀၀၀ စီပဲ... ဝယ်မလား။" ဟု ဆိုလိုက်သည်။
တစ်လုံးကို ရွှေဒင်္ဂါး ၁၀,၀၀၀ ဟု ကြားလိုက်ရုံဖြင့် လူတိုင်း၏ မျက်နှာများ ချက်ချင်း ပျက်သွားကြတော့သည် "ဓားပြတိုက်တာပဲ... ဘယ်လို ဆေးလုံးမို့လို့ ဒီလောက်တောင် ဈေးကြီးရတာလဲ။"
အော့စကာက ယန်ရှောင်ကို ကြည့်၍ "ရှောင်အစ်ကို... ငါတို့ ရင်းနှီးမှုကို ထောက်ထားပြီး လျှော့ဈေးလေး ဘာလေး မရှိဘူးလား။" ဟု မေးမြန်းလိုက်သည်။
"မရှိဘူး။"
ယန်ရှောင်၏ ငြင်းပယ်မှုကို ကြားရသောအခါ အခြားသူများမှာ မျှော်လင့်ချက် ပျက်သုဉ်းသွားကြရတော့သည်။
အခြားတစ်ဖက်တွင်မူ နင်ရုန်ရုန်သည် ဆေးလုံးက အလွန်ဈေးကြီးသဖြင့် မဝယ်နိုင်ကြသော အဖွဲ့သားများကို ကြည့်ကာ တကယ့် ဆင်းရဲသားအုပ်စုပဲ ဟု စိတ်ထဲမှ တိတ်တဆိတ် ကျိတ်၍ တွေးနေခဲ့သည်။
ထိုစဉ် မဟာဆရာကြီးက ရှေ့သို့ လှမ်းလာပြီး "ကဲ... ဆေးလုံးတွေအပေါ်မှာပဲ မျှော်လင့်ချက် ပုံအောမနေကြဘဲ မိမိကိုယ်တိုင် ကျင့်ကြံအားထုတ်ဖို့ကိုပဲ အာရုံစိုက်ကြပါ။ ယန်ရှောင်... ကျူးကျူးချင်းနဲ့ နင်ရုန်ရုန် မင်းတို့လည်း ဆေးလုံးတွေကို အလွန်အမင်း မမှီဝဲပါနဲ့ အဲဒါက မင်းတို့ရဲ့ အုတ်မြစ်အတွက် မကောင်းဘူး" ဟု သတိပေးလိုက်သည်။
ထို့နောက် သူက ယန်ရှောင်မှလွဲ၍ ကျန်ရှိသော ခုနစ်ယောက်ဘက်သို့ လှည့်ကာ "ဒီနေ့က မင်းတို့ရဲ့ နောက်ဆုံးပွဲပဲ။ ဒီပွဲပြီးရင် မင်းတို့ ခြောက်ယောက်စလုံး ငွေရောင်တိုက်ပွဲဝင် ဝိညာဉ်ဆရာသခင် ဘွဲ့အမည်ကို ရရှိကြလိမ့်မယ်။ တစ်ဖက်က တော်ဝင်တိုက်ပွဲဝင်အဖွဲ့က အရမ်းသန်မာတယ်ဆိုပေမဲ့ မိမိကိုယ်ကို ယုံကြည်မှု ရှိကြစမ်းပါ။ မင်းတို့က ဘယ်သူ့ထက်မှ မနိမ့်ကျဘူး။"
"ထန်ဆန်း... မင်းက ဒီပွဲရဲ့ ထိန်းချုပ်မှုစနစ် ဝိညာဉ်ဆရာသခင်ပဲ မင်းမှာ အရေးကြီးတဲ့ တာဝန် ရှိတယ်။"
ထန်းဆန်းက ခေါင်းညိတ်ပြလိုက်ပြီး "စိတ်ချပါ ဆရာ... ကျွန်တော် လူတိုင်းကို အောင်ပွဲဆီ အရောက် ဦးဆောင်သွားပါ့မယ်။" ဟု ဆိုလိုက်သည်။
ယုံကြည်ချက်အပြည့်ရှိသော ထန်းဆန်းကို မြင်ရသဖြင့် မဟာဆရာကြီး စိတ်သက်သာရာ ရသွားခဲ့သည်။ ထို့နောက် သူက ဆက်လက်၍ "မင်းတို့ရှေ့မှာ ရှိနေတဲ့ တော်ဝင်တိုက်ပွဲဝင်အဖွဲ့က ခြုံငုံကြည့်ရင် ပိုပြီး သန်မာတယ်ဆိုပေမဲ့ သူတို့က အနိုင်မရနိုင်တဲ့ အဖွဲ့မျိုးတော့ မဟုတ်ပါဘူး။ အဖွဲ့တိုင်းမှာ အားနည်းချက် ရှိစမြဲပဲ။ တိုက်ပွဲအတွင်းမှာ တိုက်ခိုက်မယ့် အချိန်အခါကိုပဲ အာရုံစိုက်ရမှာ မဟုတ်ဘဲ ပြိုင်ဘက်ရဲ့ အားနည်းချက်တွေကိုပါ စောင့်ကြည့်ပြီး အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကာ ပြတ်ပြတ်သားသား တိုက်ခိုက်ရမယ်။ ကွင်းထဲမှာ လူတိုင်းက ထန်းဆန်းရဲ့ အမိန့်ကို နာခံကြပါ မပြာယာကြပါနဲ့။ မင်းတို့ တော်ဝင်တိုက်ပွဲဝင်အဖွဲ့ကို အနိုင်ယူနိုင်လိမ့်မယ်လို့ ငါ ယုံကြည်တယ် မင်းတို့တစ်ယောက်ချင်းစီအပေါ်မှာ ငါ့မှာ အပြည့်အဝ ယုံကြည်ချက် ရှိတယ်" ဟု မှာကြားလိုက်သည်။
ယန်ရှောင်သည် မဟာဆရာကြီးက ထိုခုနစ်ယောက်ကို စိတ်ဓာတ်မြှင့်တင်ပေးသည့် စကားများ ပြောဆိုနေသည်ကို ကြည့်ကာ သီအိုရီပိုင်းဆိုင်ရာ မဟာဆရာကြီးဆိုတာ သေချာပေါက်ပါပဲ ဟု စိတ်ထဲမှ ပြုံးလိုက်မိသည်။
ကျူးကျူးချင်းမှာမူ မဟာဆရာကြီး၏ စကားများသည် ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရသည် ယန်ရှောင် သူမကို ကတိအကြီးကြီးများ ပေးသည့်အချိန်တိုင်း ဤကဲ့သို့ပင် ပြောလေ့ရှိသောကြောင့် ဖြစ်သည်။ သို့သော်လည်း သူမ ၎င်းကို အလွန်အမင်း အာရုံမထားမိခဲ့ချေ။
မကြာမီ ကွင်းအတွင်းသို့ ဝင်ရောက်ရမည့် အချိန်သို့ ရောက်ရှိလာခဲ့ရာ ထိုခုနစ်ဦးသည် တိုက်ပွဲစင်မြင့်ထက်သို့ တစ်ယောက်ပြီးတစ်ယောက် တက်လှမ်းသွားခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် တစ်ဖက်ပြိုင်ဘက်အဖွဲ့သည်လည်း စင်မြင့်ထက်သို့ အသီးသီး တက်လှမ်းလာခဲ့ကြသည်။
ဒိုင်လူကြီးက နှစ်ဖက်စလုံးကို မိတ်ဆက်ပေးပြီးနောက် တိုက်ပွဲကို စတင်လိုက်တော့သည်။
တိုက်ပွဲစင်မြင့်၏ ဘယ်ဘက်ခြမ်းတွင် တော်ဝင်တိုက်ပွဲဝင်အဖွဲ့ ရှိနေပြီး ညာဘက်ခြမ်းတွင်မူ ရှရက်ခ်အဖွဲ့ရှိနေသည်။ တော်ဝင်တိုက်ပွဲဝင်အဖွဲ့၏ ဘက်တွင် ယူထျန်ဟိန်နှင့် တုကုယန်တို့က အရှေ့ဆုံးတွင် မတ်တတ်ရပ်နေပြီး ၎င်းတို့၏ နောက်တွင် ရှီညီအစ်ကိုနှစ်ယောက် ရှိနေကာ ဘေးတစ်ဖက်တစ်ချက်စီတွင် သွက်လက်တိုက်စစ်စနစ် ဝိညာဉ်ဆရာသခင်နှစ်ယောက်နှင့် အနောက်ဆုံးတွင်မူ ပံ့ပိုးမှုစနစ် ဝိညာဉ်ဆရာသခင်တို့ တည်ရှိနေကြသည်။
တိုက်ပွဲ စတင်သည်နှင့် နှစ်ဖက်စလုံးမှ တိုက်စစ်စနစ် ဝိညာဉ်ဆရာသခင်များ အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ကြပြီး ထန်းဆန်းကမူ တစ်ကွင်းလုံးကို ကျွမ်းကျင်စွာ ထိန်းချုပ်ထားခဲ့သည်။
နှစ်ဖက်စလုံးမှ ဝိညာဉ်များကို တစ်ခုပြီးတစ်ခု ထုတ်ဖော်လိုက်ကြရာ ငွေပြာမြက်ပင် များ၏ ချိတ်ဆက်မှုကြောင့် ရှရိုက်ခ်အဖွဲ့သည် ထန်းဆန်းကို ဗဟိုပြု၍ ချက်ချင်းပင် တစ်သားတည်း ဖြစ်သွားခဲ့တော့သည်။
ယူထျန်ဟိန် ဦးဆောင်သော တော်ဝင်တိုက်ပွဲဝင်အဖွဲ့သည် ရှရိုက်ခ်အဖွဲ့ဆီသို့ အပြင်းအထန် ပြေးဝင်လာခဲ့သည်။ ယူထျန်ဟိန်၏ ညာဘက်လက်မောင်းမှာ နဂါးအကြေးခွံများဖြင့် ဖုံးလွှမ်းလျက် နဂါးလက်မောင်းအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။ သူ၏ အနောက်ဘက်တွင်မူ မြစိမ်းရောင် အလင်းတန်းတစ်ခု ပေါ်လာပြီး သူ့ကျောပြင်တွင် ကပ်ညှိလာခဲ့သည် ထိုသူမှာ အခြားသူမဟုတ်ဘဲ တုကုယန်ပင် ဖြစ်သည်။ နှစ်ဖက်စလုံးမှ သွက်လက်တိုက်စစ်စနစ် ဝိညာဉ်ဆရာသခင်များသည်လည်း သူတို့၏ အရှိန်အဟုန်ကို အပြည့်အဝ ထုတ်ဖော်လျက် အချင်းချင်း ဆုံတွေ့ရန် ပြေးထွက်လာခဲ့ကြသည်။
ကျူးကျူးချင်းသည် တစ်ဖက်မှ သရဲတစ္ဆေသစ်ကျား ဝိညာဉ်ဆရာသခင်နှင့် ထိပ်တိုက်တွေ့ဆုံချိန်တွင် သူမ၏ ဒုတိယမြောက် ဝိညာဉ်ကွင်း လင်းထိန်လာခဲ့ပြီး လက်သည်းရာချီကို ချက်ချင်း ထုတ်ဖော်လိုက်သည်။ ကျူးကျူးချင်း၏ အားကောင်းလှသော ဖိအားကို ခံစားလိုက်ရသဖြင့် တစ်ဖက်မှ သရဲတစ္ဆေသစ်ကျား ဝိညာဉ်ဆရာသခင်သည် ခုခံရန်အတွက် သူ၏ တတိယမြောက် ဝိညာဉ်ကွင်း ဖြစ်သော သစ်ကျားရိပ်ပုံတူကို အလျင်အမြန် ထုတ်ဖော်လိုက်သော်လည်း... တစ်ဖက်လူ၏ အရိပ်မှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်ကိုသာ တွေ့လိုက်ရတော့သည်။ သရဲတစ္ဆေသစ်ကျား ဝိညာဉ်ဆရာသခင် ကြောင်အမ်းနေစဉ်မှာပင် ကျူးကျူးချင်း၏ တတိယမြောက် ဝိညာဉ်ကွင်း လင်းထိန်လာခဲ့ပြီး ငရဲခေါင်းဖြတ်ခြင်းကို အသုံးပြုလိုက်သည်။ သရဲတစ္ဆေသစ်ကျား ဝိညာဉ်ဆရာသခင်မှာ ခုခံရန် အချိန်မရလိုက်ဘဲ တိုက်ပွဲစင်မြင့်အပြင်ဘက်သို့ ချက်ချင်းပင် လွင့်စင်ထွက်သွားခဲ့ရတော့သည်။
ပွဲစတင်သည်နှင့် အဖွဲ့ဝင်တစ်ယောက် ချက်ချင်း ဆုံးရှုံးလိုက်ရသည်ကို မြင်သောအခါ တော်ဝင်တိုက်ပွဲဝင်အဖွဲ့၏ ကစားကွက် ပုံစံမှာ ပျက်ပြားသွားခဲ့ရပြီး ရှရိုက်ခ်အဖွဲ့မှာမူ ကျူးကျူးချင်း၏ ကြောက်မက်ဖွယ်ကောင်းသော အင်အားကြောင့် အံ့အားသင့်သွားခဲ့ကြကာ သူတို့၏ စိတ်ဓာတ်များ ချက်ချင်း မြင့်တက်လာခဲ့သည်။
ယန်ရှောင်သည် ကျူးကျူးချင်းက ပွဲစစချင်းမှာပင် တစ်ဖက်ပြိုင်ဘက် ဝိညာဉ်ဆရာသခင်တစ်ယောက်ကို ချက်ချင်း မောင်းထုတ်လိုက်နိုင်သည်ကို ကြည့်ကာ ဂုဏ်ယူဝင့်ကြွားနေသော ဖခင်တစ်ယောက်ကဲ့သို့ ပြုံးလိုက်မိသည်။
မဟာဆရာကြီး ဖလန်းဒါးနှင့် ဇောက်ဝူကျိတို့သည် ယန်ရှောင်ဘက်သို့ လှည့်ကြည့်လိုက်ကြပြီး ထိုနှစ်ဦးစလုံး ယခုလအတွင်း ကြယ်တာရာတောအုပ်ကြီးထဲတွင် မည်သည့်အရာများကို ဖြတ်သန်းခဲ့ကြသနည်းဟူ၍ တွေးတောမိကြတော့သည်။
ကျူးကျူးချင်း၏ အင်အားက အလွန်အမင်း လျင်မြန်စွာ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း သူတို့ မသိရှိသည်မှာ ကျူးကျူးချင်းသည် ယခုလအတွင်း နေ့စဉ်ရက်ဆက် ဝိညာဉ်သားရဲအမျိုးမျိုးနှင့် မည်မျှအထိ ခက်ခဲပင်ပန်းစွာ တိုက်ပွဲဝင်ခဲ့ရသည်ဟူသော အချက်ပင် ဖြစ်သည်။
"မင်းတို့ ဘာတွေ တွေးနေကြတာလဲ။ အမြန်ဆုံး တိုက်ပွဲကို ပြန်စကြစမ်း။"
ယူထျန်ဟိန်၏ အသံ ဟိန်းထွက်လာခဲ့သည်။ ခေါင်းဆောင်တစ်ယောက်အနေဖြင့် သူသည် ရှေ့သို့ လှမ်းထွက်ကာ အဖွဲ့သားများ၏ စိတ်ဓာတ်ကို ပြန်လည်ထိန်းသိမ်းရမည့် အချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ယူထျန်ဟိန်၏ အသံကို ကြားရသောအခါ တော်ဝင်တိုက်ပွဲဝင်အဖွဲ့သားများ အားလုံး သတိပြန်ဝင်လာခဲ့ကြတော့သည်။