အခန်း ၁၉ သူ ထွက်သွားပြီး
ယန်ရှောင်သည် သူ၏ ထမင်းပန်းကန်ကို မတင်လိုက်ပြီး ထိုင်ရန်အတွက် စားပွဲတစ်လုံးကို ရှာဖွေလိုက်သည်။ ပန်းကန်ပြားပေါ်တွင် ယွီရှောင်ကန်း ထည့်ပေးလိုက်သော အသားဟင်းရည်တစ်ခွက်နှင့်အတူ ပေါက်စီနှစ်လုံး ကြက်ဥနှစ်လုံးတို့ ရှိနေသည်။ ၎င်းက တကယ့်ကို အစာစားချင်စိတ်ကို နှိုးဆွပေးနိုင်လောက်ပုံရသည် အသားဟင်းရည်မှာ အလွန်ပျစ်နှစ်နေပြီး အသားပမာဏ ရက်ရက်ရောရော ထည့်ထားသည်မှာ ထင်ရှားလှပေသည်။
သူ စားသောက်နေစဉ် ယွီရှောင်ကန်း၏ အကြည့်များမှာ သူ၏ထံသို့ တစ်ချက်တစ်ချက် ရောက်ရှိလာပြီး အချိန်အတော်ကြာ စိုက်ကြည့်နေသည်ကို သတိပြုမိလိုက်သည်။ သို့သော်လည်း ယန်ရှောင်သည် မည်သည့်ဂရုစိုက်မှုမျှ မပြုဘဲ သူ၏ နံနက်စာကိုသာ ဆက်လက်သုံးဆောင်နေခဲ့သည်။
သူ အလုပ်ရှုပ်နေစဉ်အတွင်း ယွီရှောင်ကန်းသည် ယန်ရှောင်ကို အကဲခတ်နေခဲ့သည်။ ဒါက ဇောက်ဝူကျိ ပြောနေသည့် ပါရမီရှင် အကျော်အမော် ဖြစ်ရပါမည်။ အသက်တစ်ဆယ့်ငါးနှစ်အရွယ်နှင့် ဝိညာဉ်ဘိုးဘေး အဆင့်သို့ ကျင့်ကြံနိုင်ခဲ့ပြီ ဖြစ်ရာ — အံ့ဩဖွယ်ကောင်းသော ပါရမီမျိုး ဖြစ်ပေသည်။ ရှောင်ဆန်းပင်လျှင် သူ့ကို ယှဉ်နိုင်မည်မဟုတ်ချေ။
အကယ်၍ ငါသာ ထိုစဉ်က ဤကဲ့သို့သော ပါရမီမျိုးကို ပိုင်ဆိုင်ခဲ့မည်ဆိုပါက ငါ့ဖခင်သည် ငါ့အတွက် ဂုဏ်ယူနေလိမ့်မည် ဖြစ်ပြီး ငါ့ကိုလည်း အသုံးမဝင်သောလူဟူ၍ တံဆိပ်ကပ်ကြမည်မဟုတ်ပေ။ ထိုသို့သာဆိုလျှင် ငါလည်း ဘီဘီတုန်း နှင့် တရားဝင် လက်တွဲခွင့်ရခဲ့ပေလိမ့်မည်။ ဤကဲ့သို့ ပါရမီမျိုးနှင့်ဆိုလျှင် မည်သူက ငါ့လမ်းကို ပိတ်ဆို့ဝံ့ပါမည်နည်း။
မဟုတ်သေးဘူး... ရှောင်ဆန်းက ငါ့ဘဝရဲ့ မျှော်လင့်ချက်ဆန္ဒတွေကို သယ်ဆောင်ထားသူပဲ ငါ ရှောင်ဆန်းကို ယန်ရှောင်ထက် သာလွန်လာအောင် သေချာပေါက် ကူညီပေးရမယ်။
ရှောင်ဆန်းသည် မွေးရာပါ ပြည့်ဝသော ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားပြီး ကမ္ဘာပေါ်တွင် ရှားပါးလှသော အမြွှာသိုင်းဝိညာဉ် ပိုင်ရှင်လည်း ဖြစ်သည်။ ထို့အပြင် သူ၏ ဒုတိယမြောက် ဝိညာဉ်မှာ ကုန်းမြေတိုက်ကြီးပေါ်တွင် နံပါတ်တစ် လက်နက်သိုင်းဝိညာဉ်ဖြစ်သော ဟောက်ထျန်းတူ ဖြစ်သည်။ ထိုသူ၏ သွေးမျိုးဆက် စီးဆင်းနေသူ ဖြစ်ရာ သူသည် မည်သူ့ထက်မျှ နိမ့်ကျမည်မဟုတ်ပေ။
မင်း သိထားသင့်သည်မှာ ထိုလူသည် တစ်ချိန်က အသက်အငယ်ဆုံး တိုက်တန်တုန့်လော့အဖြစ် စံချိန်တင်ခဲ့ဖူးသည်။ သူ၏ စံချိန်မှာ အလွန်ပင် အထင်ကြီးစရာကောင်းလှပြီး ဝိညာဉ်နန်းတော်မှ တိုက်တန်တုန့်လော့ အမြောက်အမြားကို ချေမှုန်းနိုင်ခဲ့ရုံသာမက ဝိညာဉ်နန်းတော်၏ ထိုခေတ်က အမြင့်ဆုံးအုပ်စိုးသူ ပုပ်ရဟန်းမင်းကြီး ချန်ရွှန်းကျီ ကိုပင် ပြင်းထန်စွာ ဒဏ်ရာရရှိစေခဲ့သဖြင့် ၎င်းက မကြာမီအချိန်အတွင်းမှာပင် ပျက်စီးသွားခဲ့ရသည်။
ယခုအချိန်တွင် ရှောင်ဆန်းက အနည်းငယ် အားနည်းနေသေးသော်လည်း အမြွှာသိင်းဝိညာဉ်၏ အားသာချက်နှင့်အတူ ဟောက်ထျန်းတူ၏ ဝိညာဉ်ကွင်း ကိုးကွင်းစလုံးကို အနှစ်သောင်းချီ သက်တမ်းရှိသော ကွင်းများအဖြစ် စီစဉ်နိုင်မည်ဆိုပါက နောင်တစ်ချိန်တွင် သေချာပေါက် အနှိုင်းမဲ့ ဖြစ်လာပေလိမ့်မည်။
အနာဂတ်တွင် ရှောင်ဆန်းသည် ငါ့ရဲ့ သီအိုရီအားလုံး မှန်ကန်ကြောင်းကို သေချာပေါက် သက်သေပြပါလိမ့်မယ်။
ဤသို့တွေးလိုက်မိပြီးနောက် ယွီရှောင်ကန်းသည် အနည်းငယ် ပြုံးလိုက်မိသည်။ သို့သော်လည်း ရုတ်တရက် အတွေးသစ်တစ်ခု သူ၏ စိတ်ထဲသို့ ဖြတ်သန်းသွားခဲ့သည်။
ငါ ယန်ရှောင်ကိုပါ တပည့်အဖြစ် လက်ခံလိုက်ရင်ကော။ ဒီကလေးက ခုနက ငါ့ကို မြင်တဲ့အချိန်မှာ သူပြောတဲ့ စကားတွေက ငါ့အပေါ် လေးစားအားကျမှုတွေနဲ့ ပြည့်နှက်နေတာမို့ ဒါက အကောင်အထည်ဖော်လို့ ရနိုင်လောက်ပါတယ်။
ခဏအကြာတွင် ထန်းဆန်းနှင့် ကျူးကျူးချင်းတို့သည် ကန်တင်းအတွင်းသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာခဲ့ကြသည်။
ထန်းဆန်းသည် ယွီရှောင်ကန်းကို နွေးထွေးစွာ နှုတ်ဆက်လိုက်ပြီး ကျူးကျူးချင်းကမူ သူမ၏ ထမင်းပန်းကန်ကို ယူကာ တိုးညှင်းစွာ ကျေးဇူးတင်စကားဆိုပြီးနောက် လှည့်ထွက်ခဲ့ပြီး ယန်ရှောင်၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။
ကျူးကျူးချင်း စကားစတင်ပြောဆိုရန် ပြင်လိုက်စဉ်မှာပင် ယန်ရှောင်က သူမကို ကြားဖြတ်ပြောလိုက်သည်။
"ဒီဘက်ကိုလာပြီး ငါ့ဘေးမှာ ထိုင်။"
"အင်း။"
ကျူးကျူးချင်းသည် ထမင်းပန်းကန်ကို ယန်ရှောင်၏ ဘေးသို့ ရွှေ့လိုက်ပြီး မတ်တပ်ရပ်ကာ လာထိုင်လိုက်သည်။ သူတို့နှစ်ဦးသည် အကွာအဝေး အနည်းငယ်သာ ခြားလျက် ဘေးချင်းယှဉ် ထိုင်လိုက်ကြသည်။
"ရှင် ဘယ်တုန်းက ပြန်ရောက်တာလဲ" ကျူးကျူးချင်းက မေးမြန်းလိုက်သည်။
"မနေ့ညကပေါ့... မင်း ကျောင်းတော်မှာ အနေအထိုင် မတတ်ဘဲ သူများတွေရဲ့ အနိုင်ကျင့်တာ ခံနေရမှာ စိုးရိမ်လို့ ကိစ္စပြီးတာနဲ့ အမြန် ပြန်လာခဲ့တာ။"
ဟင်းချိုဇွန်းကို ကိုင်ထားသော ကျူးကျူးချင်း၏ ဖြူဖွေးသွယ်လျသော လက်ချောင်းလေးများမှာ ချက်ချင်းပင် တောင့်တင်းသွားခဲ့ရသည်။ သူမသည် ခေါင်းမော့လိုက်ပြီး ယန်ရှောင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်တော့သည်။
"ရှင် ကြယ်တာရာ တောအုပ်ကြီးထဲမှာတင် ဘာလို့ သေမသွားခဲ့တာလဲ" ကျူးကျူးချင်းက ရက်ရက်စက်စက် ပြောလိုက်သည်။
"ငါက ကောင်းကင်ဘုံရဲ့ ရွေးချယ်ခံရသူဖြစ်ပြီး ကံတရားက အမြဲတမ်း ငါ့ဘက်မှာ ရှိနေတာ။ ငါ မကြာခင်မှာ ဝိညာဉ်သားရဲကို အမဲလိုက်တော့မှာ ငါက ဘာလို့ သေရမှာလဲ" ယန်ရှောင်သည် သူ၏ ရင်ဘတ်ကို မာန်ပါပါဖြင့် မော့လိုက်သည်။
ကျူးကျူးချင်းသည် ဘာမှ ဆက်မပြောချင်တော့ဘဲ သူမ၏ နံနက်စာကိုသာ အာရုံစိုက် စားသောက်နေခဲ့သည်။
"ငါ ပေးထားတဲ့အရာကို မင်း ဘာလို့ အသုံးမပြုသေးတာလဲ" ယန်ရှောင်က မေးလိုက်သည်။
ပြီးခဲ့သည့် ရက်ပိုင်းက သူသည် ကျူးကျူးချင်းအား အနက်ရောင်ရွှေရောင် ထိတ်လန့်ဖွယ်ရာ လက်သည်းဝက်ဝံ အစုအဝေးမှ ပြင်ပဝိညာဉ်အရိုး တစ်ခုကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူမ ၎င်းကို စုပ်ယူလိုက်မည်ဆိုပါက သူမ၏ ဝိညာဉ်စွမ်းအားမှာ အနည်းဆုံး နှစ်ဆင့်ခန့် တိုးတက်လာမည်ဖြစ်ပြီး ထိုအခါမှသာ ယန်ရှောင်သည် ကတ်များကို ထပ်မံလှန်လှောနိုင်မည် ဖြစ်သည်။ သူသည် နောက်ထပ် ဝိညာဉ်အရိုးတစ်ခုကို လှန်လှောရရှိရန် အလွန်ပင် စိတ်အားထက်သန်စွာ မျှော်လင့်နေခဲ့ခြင်း ဖြစ်သည်။
၎င်းကို ကြားလိုက်ရသောအခါ ကျူးကျူးချင်းသည် ဝိညာဉ်အရိုး ရှိနေသော သိုလှောင်မှုလက်စွပ်ကို ထုတ်ယူကာ ယန်ရှောင်၏ ဘက်သို့ တွန်းပို့လိုက်သည်။
"ဝိညာဉ်အရိုးက အရမ်း တန်ဖိုးကြီးလွန်းတယ် ရှင်ပဲ ကိုယ်တိုင် စုပ်ယူလိုက်ပါ" ကျူးကျူးချင်းက တည်ငြိမ်စွာ ပြောလိုက်ပြီး သူမ၏ ကြည်လင်သော မျက်ဝန်းများထဲတွင် မည်သည့် လောဘအရိပ်အယောင်မျှ ရှိမနေခဲ့ပေ။ သူမသည် ဝိညာဉ်အရိုးတစ်ခုကို စုပ်ယူခြင်းက ဝိညာဉ်သခင်တစ်ဦးအတွက် မည်မျှအထိ အဓိပ္ပာယ်ရှိသည်ကို သဘာဝကျကျ သိရှိထားသည်။ သူမသည် အစွမ်းထက်လာရန် တောင့်တသော်လည်း ယန်ရှောင်အပေါ် အကြွေး အလွန်အမင်း တင်ရှိသွားမည်ကိုလည်း စိုးရိမ်မိသည်။
"မင်းကလည်း အရမ်း ဇွတ်တရွတ်နိုင်တာပဲ။ ငါက ပေးချင်လို့ ပေးတာပဲမို့ လက်ခံလိုက်စမ်းပါ။ ဒီဝိညာဉ်အရိုးက ငါ့အတွက် သိပ်ပြီး မသင့်တော်ဘူး။ ငါက လက်နက်ဝိညာဉ်သခင် တစ်ဦးဖြစ်လို့ ဒီလက်သည်းက ငါ့အတွက် သိပ်ပြီး အသုံးမဝင်လှဘူး။ ဒါ့အပြင် ဒီဘက်ခေတ်မှာ ဝိညာဉ်အရိုးအပိုင်းအစတွေက ဒီလောက်အထိ ရှားပါးနေလို့လား။ ငါက သက်တမ်း ထောင်ချီရှိတဲ့ ဝိညာဉ်အရိုးကိုဆိုရင် ထည့်တောင် မစဉ်းစားဘူး ငါ့ကိုယ်ပေါ်မှာ လုံးဝ တပ်ဆင်မှာ မဟုတ်ဘူး။ ငါက ပိုပြီး ကောင်းမွန်တဲ့အရာကိုပဲ လိုချင်တာ" ယန်ရှောင်က တည်ငြိမ်စွာ ပြောလိုက်သည်။
"လိမ္မာစမ်းပါ... ငါ့စကားကို နားထောင် ဒီညကျရင် ငါ့အခန်းကိုလာပြီး ဒီဝိညာဉ်အရိုးကို အရင်ဆုံး စုပ်ယူလိုက်ပါ" ယန်ရှောင်က ဆိုသည်။
ကျူးကျူးချင်းသည် ရုတ်တရက် ခေါင်းမော့လာပြီး ယန်ရှောင်ကို ထူးဆန်းသော အကြည့်ဖြင့် စိုက်ကြည့်လိုက်ရာ သူမ၏ နုနယ်သော မျက်နှာထက်တွင် ဒေါသအရိပ်အယောင်အချို့ ဖြတ်သန်းသွားခဲ့သည်။
"မင်း ဘာတွေ တွေးနေတာလဲ" ယန်ရှောင်သည် ကျူးကျူးချင်း၏ မျက်နှာအမူအရာကို မြင်တွေ့လိုက်ရသဖြင့် သူမ နားလည်မှုလွဲသွားသည်ကို ချက်ချင်း ရိပ်မိလိုက်သည်။ သူက အလျင်အမြန် ရှင်းပြလိုက်သည် "မင်းက မင်းရဲ့ ကိုယ်ပိုင်အဆောင်အခန်းထဲမှာ ဝိညာဉ်အရိုးကို စုပ်ယူချင်လို့လား။"
အမှန်ပင်... "သာမန်လူတစ်ယောက်မှာ အပြစ်မရှိပေမဲ့ ရတနာတစ်ခုကို ပိုင်ဆိုင်ထားခြင်းကတော့ အပြစ်ရှိသကဲ့သို့ ဖြစ်တတ်သည်" ဟု ဆိုရိုးရှိသည်။ တန်ဖိုးမဖြတ်နိုင်သော ဝိညာဉ်အရိုးတစ်ခုကို အဆောင်ဖော် နှစ်ယောက်၏ ရှေ့မှောက်တွင် စုပ်ယူရန် ကြိုးစားခြင်းမှာ တကယ့်ကို လူတစ်ယောက်၏ စရိုက်လက္ခဏာကို စမ်းသပ်ခြင်းပင် ဖြစ်ပေလိမ့်မည်။
"ငါ ကတိပေးပါတယ်... ဒါက မင်း ဝိညာဉ်အရိုး စုပ်ယူဖို့သက်သက်ပဲ ငါ တခြားဘာမှ လုံးဝ မလုပ်ပါဘူး။ အကယ်၍ မင်း သဘောမကျဘူးဆိုရင် ငါ့အခန်းတံခါးကို အတွင်းကနေ သော့ခတ်ထားလိုက်လေ ရလား။ ငါ တံခါးဝမှာ စောင့်ရှောက်ပေးထားမယ်။" ယန်ရှောင်တွင် မကောင်းသော ရည်ရွယ်ချက် မရှိပေ။
"ကောင်းပါပြီ။" ကျူးကျူးချင်း၏ မျက်နှာထက်တွင် ချက်ချင်းပင် နီမြန်းမှုတစ်ခု ထွက်ပေါ်လာခဲ့ပြီး သူမသည် သူမ၏ မျက်ဝန်းများကို အလျင်အမြန် နှိမ့်ချလိုက်ကာ အသိစိတ်မဲ့စွာဖြင့် အသားဟင်းရည်ကို လက်ဖြင့် မွှေနေခဲ့မိသည်။
"ကျွန်မကြောင့် ရှင် စောစောစီးစီး ဆင်းရဲသွားရလိမ့်မယ်။" ကျူးကျူးချင်းက အေးစက်စွာ ပြောလိုက်သည်။
"ရပါတယ်... ဒါက စိန်ခေါ်မှုတစ်ခုပဲ။ မင်းကြောင့် ငါ ဆင်းရဲသွားမလားဆိုတာ ကြည့်ကြသေးတာပေါ့" ယန်ရှောင်က တဟီးဟီး ရယ်မောလိုက်သည်။
ဤအချိန်တွင် တိုက်မုပိုင်နှင့် မာဟုန်ကျွင်းတို့သည် ကန်တင်းအဝမှ လှမ်းဝင်လာခဲ့ကြပြီး ယန်ရှောင်နှင့် ကျူးကျူးချင်းတို့ ဘေးချင်းယှဉ်ထိုင်ကာ တစ်ဦးကိုတစ်ဦး တိုးတိုးဖျော့ဖျော့ ပြောဆိုနေကြသည်ကို မြင်တွေ့လိုက်ရသော်လည်း သူတို့ ဘာပြောနေကြသည်ကိုမူ မကြားရချေ။
ချက်ချင်းပင် တိုက်မုပိုင်၏ မျက်နှာမှာ စိမ်းဖတ်သွားခဲ့ပြီး သူ၏ စူးရှသော မျက်ဝန်းများထဲတွင် ဒေါသမီးများ တောက်လောင်သွားခဲ့ရသည်။ သူသည် အရှေ့သို့ လှမ်းတက်ရန် ပြင်လိုက်စဉ်မှာပင် အချိန်မီ တုံ့ပြန်လိုက်သော မာဟုန်ကျွင်းက သူ၏ လက်မောင်းကို တင်းတင်းကြပ်ကြပ် လှမ်းဆွဲလိုက်သည်။
"အကိုကြီးတိုက်... မင်း ဘာလုပ်မလို့လဲ" မာဟုန်ကျွင်းက တိုးညှင်းစွာ မေးလိုက်သည်။
"ငါ ဒီကောင်မလေးနဲ့ ကောင်လေး နှစ်ယောက်လုံးကို အပိုင်းပိုင်း ဆွဲဖြဲပစ်မလို့။" တိုက်မုပိုင်သည် အလွန်အမင်း ဒေါသထွက်နေခဲ့ပြီး မာဟုန်ကျွင်းက ဆွဲထားသည့်တိုင်အောင် အရှေ့သို့ ဆက်လက်လှမ်းတက်ရန် ပြင်နေခဲ့သည်။
"အကိုကြီးတိုက်... လျှောက်မလုပ်ပါနဲ့ဦး။ မင်း ယန်ရှောင်ကို မနိုင်ဘူးလေ" မာဟုန်ကျွင်းက တိုက်မုပိုင်၏ စိတ်အားထက်သန်မှုအပေါ် ရေအေးဖြင့် လောင်းချလိုက်သည်။
"ငါတို့ မနိုင်ရင်တောင် တိုက်ခိုက်ရမယ်။ ဒါက သိက္ခာတရားနဲ့ ဆိုင်တဲ့ ကိစ္စပဲ။" တိုက်မုပိုင်က ဒေါသတကြီး ပြောလိုက်သည်။
"ဒီလိုအချိန်မျိုးမှာ ဘယ်သူက သိက္ခာတရားကို ဂရုစိုက်နေမှာလဲ။ သူမက မိန်းကလေးတစ်ယောက်သက်သက်ပဲ မဟုတ်လား။ ငါ နောက်ရက်ကျရင် မင်းကို တစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်။ သူမမှာ သွယ်လျတဲ့ ခါးလေးနဲ့ ခြေတံရှည်ရှည်တွေ ရှိစေရမယ်လို့ ငါ အာမခံတယ်။ သူမက ငါ့ကို စိတ်မဝင်စားရင်တောင် အကိုကြီးတိုက်ရဲ့ အကူအညီနဲ့ဆိုရင် မင်း သူမကို သေချာပေါက် သိမ်းပိုက်နိုင်လိမ့်မယ်လို့ ငါ အာမခံတယ်" မာဟုန်ကျွင်းက အလျင်အမြန် ပြောလိုက်သည်။
"ဟက်... မင်းရဲ့ အကြိုက်နဲ့ဆိုရင် ငါ လှည့်တောင် ကြည့်မှာမဟုတ်ဘူး။" တိုက်မုပိုင်က နှာခေါင်းရှုံ့လိုက်သည်။
"အကိုကြီးတိုက်... အဲဒီနှစ်ယောက်က သိသိသာသာကို ချစ်ကြိုက်နေကြတာလေ တစ်ယောက်ကိုတစ်ယောက် ကြင်နာပြီး လေးစားမှုရှိနေကြတာပဲ။ အဲဒါ မင်းနဲ့ ဘာဆိုင်လို့လဲ။ မင်းက ဘာဖြစ်လို့ ဖောက်ပြန်ခံလိုက်ရတဲ့ လူတစ်ယောက်လို မျက်နှာပျက်နေရတာလဲ။ မင်းမှာလည်း အဲဒီ အမြွှာညီအစ်မတွေ ရှိနေတာပဲကို မိုက်မဲတာတွေ လျှောက်မလုပ်ပါနဲ့ဦး" မာဟုန်ကျွင်းက စိတ်ရင်းမှန်ဖြင့် အကြံပြုလိုက်သည်။
"မင်း ဘာမှ မသိပါဘူး။" တိုက်မုပိုင်သည် မာဟုန်ကျွင်း၏ လက်ကို လွှဲဖယ်လိုက်ပြီး သူ၏ ဒေါသများမှာ ပိုမိုပြင်းထန်လာခဲ့သည်။
"အကိုကြီးတိုက်... အကယ်၍ မင်း ကျူးကျူးချင်းကို ပြန်ပြီး ရအောင်ယူနိုင်ခဲ့ရင် မင်းရဲ့ အမြွှာညီအစ်မတွေကို ငါ့ကို ပေးနိုင်မလား" မာဟုန်ကျွင်း၏ မျက်ဝန်းများမှာ မျှော်လင့်ချက်များဖြင့် ပြည့်နှက်လျက် မှေးစင်းသွားခဲ့သည်။
"ငါ ပြန်ရောက်မှ ဒီအကြောင်းကို ဆက်ပြောကြတာပေါ့။" တိုက်မုပိုင်သည် သိသိသာသာပင် မလိုလားအပ်ပေ သူ၏ မိန်းကလေးများကို ဤကဲ့သို့သော အဆီပြန်နေသည့် ဝတုတ်ကြီးထံသို့ ဖျက်ဆီးရန် မည်သို့လျှင် ပေးအပ်နိုင်ပါမည်နည်း။
မာဟုန်ကျွင်းသည် တိုက်မုပိုင်၏ လက်မောင်းကို ထပ်မံ၍ တင်းတင်းကြပ်ကြပ် ဖမ်းဆုပ်လိုက်သည်။ သူ၏ မျက်နှာမှာ တည်ကြည်လေးနက်သွားခဲ့ပြီး လေးနက်သော လေသံဖြင့် မေးမြန်းလိုက်သည် "အကိုကြီးတိုက်... မင်း ဘာကိစ္စကြောင့် ဒီကို ရောက်လာတာလဲ။"
"မြစ်ကြီးကို ဖြတ်ကျော်ပြီး ကျူးချင်းကို ပြန်လည်သိမ်းပိုက်ဖို့ပေါ့။" တိုက်မုပိုင်၏ စကားလုံးများထဲတွင် ပြတ်သားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
"အကယ်၍ မင်း သွားပြီး ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူးဆိုရင်ကော။"
"ဒါဆိုရင်လည်း သူ ထွက်သွားပြီး ဘယ်တော့မှ ပြန်မလာတော့ဘူးပေါ့။" တိုက်မုပိုင်၏ မျက်ဝန်းများထဲတွင် ပြတ်သားမှုနှင့် စိတ်ပိုင်းဖြတ်မှုများဖြင့် ပြည့်နှက်နေခဲ့တော့သည်။