အခန်း ၉။ မစ်ရှင်အသစ် - ဇာတ်လိုက်၏ ကံပွင့်လမ်းကို ဖြတ်လုခြင်း
[မစ်ရှင်အသစ် ထုတ်ပြန်လိုက်ပြီ - ထန်ဆန်းသည် အဆင့် ၃၀ သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပြီး ဝိညာဉ်ကွင်းကို စုပ်ယူပြီးနောက် အလွန်စွမ်းအားကြီးမားသည့် ပြင်ပဝိညာဉ်အရိုးစု 'ပင့်ကူခြေထောက်ရှစ်ချောင်း' ကို ရရှိသွားမည်ဖြစ်သည်။ ပိုင်ရှ၍သည် လူသတ်ဓားမြှောင်ကို မကြာသေးမီကမှ ရရှိထားသဖြင့် ဤပင့်ကူခြေထောက်ရှစ်ချောင်းမှာ ပိုင်ရှင်အတွက် အပ်ကျမတ်ကျ ကွင်းဆက်တစ်ခု ဖြစ်လာပေလိမ့်မည်။ ထန်ဆန်းသည် ပြင်ပဝိညာဉ်အရိုးစုနှင့် အပြီးသတ် ပေါင်းစပ်မသွားမီ ၎င်းပင့်ကူခြေထောက်ရှစ်ချောင်းကို ဖြတ်လုယူပါရန်။]
[ဤမစ်ရှင်ကို လက်လျှော့ပယ်ဖျက်နိုင်သည်။]
[မစ်ရှင်အောင်မြင်ပါက ရရှိမည့်ဆုလာဘ် - ပင့်ကူခြေထောက်ရှစ်ချောင်းနှင့် ပေါင်းစပ်ခွင့်ရရှိမည့်အပြင် ၎င်းကို နှစ်ပေါင်းတစ်သောင်းသက်တမ်းရှိ ဝိညာဉ်အရိုးစုအဖြစ် အဆင့်မြှင့်တင်ပေးမည် ဖြစ်သည်။]
ဤမစ်ရှင်ကို မြင်လိုက်ရသောအခါ လင်းဖန်၏နှုတ်ခမ်းဖျားတွင် အပြုံးစတစ်ခု ပေါ်လာသည်။ လက်လျှော့ရမည်တဲ့လား။
ပြင်ပဝိညာဉ်အရိုးစုတစ်ခုကို လုယူခွင့်ရမည့်အခွင့်အရေး ထို့ထက်မက ထန်ဆန်း၏ အကြီးမားဆုံးသော အခွင့်အထူးခံ ပစ္စည်းတစ်ခုဖြစ်သည့် ပင့်ကူခြေထောက်ရှစ်ချောင်းကို ရရှိမည့်အခွင့်အရေးဖြစ်ရာ သူ ဤမစ်ရှင်ကို ဘယ်လိုနည်းနဲ့မှ လက်လွှတ်ခံနိုင်မည်မဟုတ်ပေ။
နှစ်ပေါင်းထောင်ချီသက်တမ်းရှိ ပြင်ပဝိညာဉ်အရိုးစုတစ်ခု ဖြစ်နေလျှင်ပင် သူ၏ ဘွဲ့ခံဒိုလော့အဆင့် မြှင့်တင်မှုစွမ်းအားဖြင့် မကြာမီ နှစ်သောင်းချီသက်တမ်းရှိ အဆင့်သို့ ဆင့်ကဲပြောင်းလဲနိုင်မည်ဟု လင်းဖန် ယုံကြည်နေသည်။
"ကြယ်တာယာတောအုပ်ကြီးက အကျယ်ကြီးပဲ အဲဒီထဲမှာ လူမျက်နှာပင့်ကူမိစ္ဆာတွေက အနည်းဆုံး ရှစ်ထောင် ကိုးထောင်လောက် ရှိမှာ။ ကြည့်ရတာ ဒီကမ္ဘာဦးဇာတ်လိုက် ထန်ဆန်းကိုပဲ မူလဇာတ်ကြောင်းအတိုင်း အဲဒီပင့်ကူမိစ္ဆာကို ရှာခိုင်းရလိမ့်မယ်။ သူရှာတွေ့ပြီးမှပဲ သူ့လက်ထဲကနေ ဖြတ်လုရမှာပဲ"
"ဆောရီးပဲ ထန်ဆန်းရာ ငါကတော့ ဒီလိုအခွင့်အရေးမျိုးကို လက်လွှတ်မခံနိုင်ဘူးလေ"
လင်းဖန်သည် ရှီလိုင်ခဲအကယ်ဒမီသို့ လာခဲ့ခြင်းမှာ မှန်ကန်သောရွေးချယ်မှုဟု ခံစားလိုက်ရသည်။ ကံကြမ္မာမျက်နှာသာပေးထားသည့် ထန်ဆန်းနောက်သို့ လိုက်နေရုံဖြင့် မူလက ထန်ဆန်းရရှိရမည့် ကောင်းမွန်သောအရာများစွာကို သူ ရယူနိုင်မည်ဖြစ်သည်။
"ဓားရိပ်ဒိုလော့ ခင်ဗျား ဆုံးဖြတ်ချက်မချရသေးဘူးလား ဆက်တိုက်ချင်သေးတာလား"
လင်းဖန်က ပြုံးရုံသာပြုံးပြီး အကြာကြီး ပြန်မဖြေဘဲ နေသဖြင့် ထန်ဟောက်သည် မျက်မှောင်ကြုတ်လိုက်မိသည်။
'ဓားရိပ်က ငါ့ရဲ့ပြိုင်ဘက်မဟုတ်ပေမဲ့ သူ့ကို အပြတ်ရှင်းဖို့ ငါ့ရဲ့စွမ်းအားအစစ်ကို သုံးရမယ်ဆိုရင် ငါ့ရဲ့ဒဏ်ရာဟောင်းတွေနဲ့ ငါလည်း သက်သာမှာမဟုတ်ဘူး။ ထန်ဆန်းက ဒီပြည်မကြီးမှာ ကြီးပြင်းလာဖို့ ငါ့ရဲ့ကာကွယ်ပေးမှုကို လိုသေးတယ်'
'ထန်ဆန်း မကြီးပြင်းခင်အထိ ငါ ခဏခဏ လက်ပါလို့မဖြစ်ဘူး'
ထန်ဟောက်သည်လည်း လင်းဖန်နှင့် အငြှိုးအတေး အလွန်အကျွံမဖြစ်ချင်ပေ။ ဘွဲ့ခံဒိုလော့အဆင့်ရှိသူကို သတ်ရန်မှာ မလွယ်ကူသဖြင့် ထန်ဟောက်သည် တတ်နိုင်သမျှ ရှောင်ရှားလိုခြင်းဖြစ်သည်။
အပြန်အလှန် လက်ရည်စမ်းပြီးနောက် လင်းဖန်၏ ဝိညာဉ်စွမ်းရည် ပေါင်းစပ်မှုများက မည်မျှအလုပ်ဖြစ်သည်ကို ထန်ဟောက် သဘောပေါက်သွားခဲ့သည်။
ဟုတ်ပါသည် ထန်ဟောက်သည် မိမိ၏စွမ်းအားဖြင့် လင်းဖန်ကို သတ်နိုင်သည်ဟု ယုံကြည်ချက်ရှိသော်လည်း ထိုသို့ပြုလုပ်ရန် ဝိညာဉ်ကွင်းကို ပေါက်ကွဲစေသည့် နည်းလမ်းကို သုံးရမည်ဖြစ်ပြီး ဒဏ်ရာဟောင်းများ ပြန်ပွင့်ကာ လူမစွမ်းမသန် ဖြစ်သွားနိုင်သည့် အန္တရာယ်ရှိနေသည်။
ထို့ကြောင့် ထန်ဟောက် အစိုးရိမ်ဆုံးမှာ ထန်ဆန်းပင် ဖြစ်သည်။ မိမိသာ သူ့ကို မကာကွယ်နိုင်တော့ဘဲ ဝိညာဉ်နန်းတော်က ထန်ဆန်းကို သိသွားပါက ထန်ဆန်းသည် ဝိညာဉ်နန်းတော်၏လက်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
"ကောင်းပြီလေ ခင်ဗျားတို့ ဟောက်ထျန်ဂိုဏ်းနဲ့ ဟောက်ထျန်ဒိုလော့ရဲ့ မျက်နှာကို ထောက်ထားပြီး ရှောင်ဝူကို လောလောဆယ် ငါ ဘာမှမလုပ်ဘူး။ ဒါပေမဲ့ နောက်ရက်တွေကျလို့ သူမက နှစ်ပေါင်းတစ်သိန်းသက်တမ်းရှိ ဝိညာဉ်သားရဲတစ်ကောင်ဆိုတဲ့ အရှိန်အဝါကို ဝိညာဉ်နန်းတော်က ရိပ်မိသွားရင်တော့ ငါ အရင်ဆုံး သတ်မိတာကို လာမပြစ်တင်နဲ့" လင်းဖန်သည် စနစ်၏ မစ်ရှင်အသစ်ကို လက်ခံလိုက်ပြီးနောက် ထန်ဟောက်၏ ကမ်းလှမ်းချက်ကို ယာယီသဘောတူလိုက်သည်။
သူ ရှောင်ဝူကို မထိခိုက်သေးပေ။
'ဒါပေမဲ့ ခင်ဗျားသားကိုတော့ ငါ အစအနဖျောက်လို့ရတယ်' လင်းဖန်သည် ရင်ထဲတွင် မသမာသော အကြံဖြင့် တွေးလိုက်သည်။
ရှောင်ဝူကတော့ ဘယ်မှပြေးမလွတ်ဘဲ အချိန်မရွေး သတ်နိုင်သော်လည်း ပင့်ကူခြေထောက်ရှစ်ချောင်း၏ တန်ဖိုးမှာမူ နှစ်ပေါင်းတစ်သိန်းသက်တမ်းရှိ ဝိညာဉ်သားရဲတစ်ကောင်ထက်ပင် မနိမ့်ကျပေ။
ထိုအရာက နတ်ဘုရားလက်နက်အဖြစ် ဆင့်ကဲပြောင်းလဲနိုင်သည့် ပြင်ပဝိညာဉ်အရိုးစု ပင့်ကူခြေထောက်ရှစ်ချောင်း မဟုတ်ပါလား။
"ခင်ဗျားပြောတဲ့စကားကို မှတ်ထားပါ။ ကတိဖျက်ရင်တော့ ငါ့အသက်နဲ့လဲပြီး ခင်ဗျားကို အပြတ်ရှင်းမယ်" ထန်ဟောက်၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြေလျော့သွားသော်လည်း ပျောက်ကွယ်မသွားမီ လင်းဖန်ကို သတိပေးစကား ဆိုခဲ့သေးသည်။
ထန်ဟောက်၏ သတိပေးချက်ကို လင်းဖန်က ဂရုမစိုက်သလို ပြုံးလိုက်သည်။ အကယ်၍ တကယ်သာ ကစားကြေးဆိုလျှင် ထန်ဟောက်သည် သူ့ကို မည်သို့မှ ယှဉ်နိုင်မည်မဟုတ်ပေ။
အခြားအရာများကို ထည့်မပြောဘဲ သူ၏ ဘွဲ့ခံဒိုလော့စွမ်းအားဖြင့် ဝိညာဉ်နန်းတော်သို့ သွားကာ ထန်ဟောက်နှင့် ထန်ဆန်းတို့ ရှီလိုင်ခဲအကယ်ဒမီတွင် ရှိနေကြောင်း သတင်းပေးလိုက်ရုံမျှဖြင့် ဝိညာဉ်နန်းတော်က ထိုသားအဖနှစ်ယောက်ကို လွှတ်ထားမည်တဲ့လား။
"ကြည့်ရတာ ရှီလိုင်ခဲအကယ်ဒမီမှာ ဆက်နေရဦးမှာပဲ" ထန်ဆန်းသည် မကြာမီ အဆင့် ၃၀ သို့ ချိုးဖျက်ဝင်ရောက်တော့မည်ဖြစ်ပြီး သူ၏ကံပွင့်လမ်းကို ရှာဖွေရန် ကြယ်တာယာတောအုပ်ကြီးသို့ သွားရတော့မည်ကို သူ သတိရလိုက်သည်။
ထို့ကြောင့် ထန်ဟောက် ပျောက်ကွယ်သွားပြီးနောက် လင်းဖန်သည် သူ၏ဝိညာဉ်စွမ်းအားများကို ရုပ်သိမ်းကာ ရှီလိုင်ခဲအကယ်ဒမီသို့ ပြန်လာခဲ့သည်။
အကယ်ဒမီသို့ ပြန်ရောက်သောအခါ နေဝင်ရိုးရီအချိန်ကို ကျော်လွန်ခဲ့ပြီဖြစ်၍ ကောင်းကင်တစ်ခုလုံး မှောင်ပျိုးနေပြီဖြစ်သည်။
လင်းဖန်သည် ကျောက်ဝူကျီကို ရိုက်နှက်ခဲ့သော နေရာသို့ ရောက်လာပြီးနောက် ၎င်းတို့၏ တည်ရှိမှုကို လျင်မြန်စွာ အာရုံခံမိလိုက်သည်။
"ကျောက်ဝူကျီ ထွက်ခဲ့စမ်း" လင်းဖန်က အသံလှိုင်းဖြင့် တိုက်ရိုက် လှမ်းခေါ်လိုက်သည်။
ဆရာများ နားနေဆောင်အတွင်းရှိ ကျောက်ဝူကျီမှာ ထိတ်လန့်သွားပြီး "ဓားရိပ်ဒိုလော့ မပြန်သေးဘူးပဲ" ဟု ရေရွတ်မိသည်။
"သွားကြည့်ရအောင် သူ မပြန်သေးဘူးဆိုမှတော့ ငါတို့ဘက်က မယဉ်ကျေးလို့မဖြစ်ဘူး" ဟု ဖလန်းဒါးက အကြံပြုသည်။
ကျန်သူများကလည်း ခေါင်းကို အဆက်မပြတ် ငြိမ့်ကြသည်။
မကြာမီပင် ဖလန်းဒါးသည် ကျောက်ဝူကျီအပြင် အခြားဆရာသုံးဦးနှင့်အတူ နားနေဆောင်ထဲမှ ထွက်လာခဲ့သည်။
လင်းဖန်သည် ၎င်းတို့ကို ဦးဆောင်လာသူမှာ မျက်မှန်တပ်ထားပြီး ပိန်ပိန်ရှည်ရှည် ခန္ဓာကိုယ်ရှိသည့် အလတ်တန်းစား လူလတ်ပိုင်းအမျိုးသားတစ်ဦးဖြစ်ကြောင်း မြင်လိုက်ရသဖြင့် ဤသူမှာ ရှီလိုင်ခဲအကယ်ဒမီကို တည်ထောင်သူ 'ဖလန်းဒါး' ဖြစ်ကြောင်း သိလိုက်သည်။
"ဂါရဝပြုပါတယ် ဓားရိပ်အရှင် အရှင် ရှီလိုင်ခဲအကယ်ဒမီကို ကြွရောက်လာတာ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါ။ ကောင်းကောင်းမွန်မွန် မကြိုဆိုနိုင်ခဲ့တာကို ခွင့်လွှတ်ပေးပါ" ဟု ဖလန်းဒါးက ပြုံးလျက် နှုတ်ဆက်သည်။
"ရွှေတြိဂံထဲက တစ်ယောက်ဖြစ်တဲ့ ဖလန်းဒါးက ဒီလိုရွာငယ်လေးထဲမှာ အကယ်ဒမီတစ်ခု ဖွင့်ထားတာ တကယ်ပဲ အံ့သြဖို့ကောင်းတယ်" လင်းဖန်က ဖလန်းဒါး၏ နောက်ကြောင်းကို အေးဆေးစွာပင် ဖွင့်ချလိုက်သည်။
"မဟုတ်တာပဲဗျာ ကျွန်တော်က ဝိညာဉ်ဆရာလောကအတွက် တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးနေရုံပါ" ဖလန်းဒါးသည် လင်းဖန်က မိမိနောက်ကြောင်းကို ဤမျှတိုက်ရိုက် ပြောလာလိမ့်မည်ဟု မထင်ထားပေ။
"အင်း ငါ့နာမည်က လင်းဖန်။ ဒါပေမဲ့ မင်းတို့ ငါ့ကို ဓားရိပ်လို့ပဲ ဆက်ခေါ်လည်း ကိစ္စမရှိပါဘူး" ဤသို့ပြောပြီးနောက် လင်းဖန်သည် မိမိ၏ ဝိညာဉ်အာကာသပစ္စည်းထဲမှ ငွေအိတ်တစ်အိတ်ကို ထုတ်ကာ ဖလန်းဒါးထံသို့ ပစ်ပေးလိုက်သည်။
ဖလန်းဒါးသည် ကြောင်တောင်တောင်ဖြင့် ဖမ်းလိုက်ပြီးနောက် ချက်ချင်းပင် အိတ်ကို အလေးချိန် ချိန်ကြည့်သည်။ သူသည် လူလည်တစ်ယောက်ဖြစ်သဖြင့် အိတ်၏အလေးချိန်မှာ ရွှေဒင်္ဂါးပြား တစ်ရာခန့်ရှိကြောင်း ချက်ချင်း ရိပ်မိလိုက်သည်။
ဖလန်းဒါးက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။ "ဓားရိပ်အရှင် ဒါက ဘာသဘောလဲခင်ဗျာ"
"ရှီလိုင်ခဲအကယ်ဒမီရဲ့ စည်းကမ်းကို ဖျက်လို့မရဘူးလေ။ ငါပေးတာ ရွှေဒင်္ဂါး တစ်ရာရှိတယ် ဒါက ငါ့ရဲ့ကျောင်းလခပဲ"
"ဘာပဲဖြစ်ဖြစ် ငါက ဆရာကျောက်ရဲ့ လက်တွေ့စစ်ဆေးမှုကို မနည်းအောင်မြင်ခဲ့တာ မဟုတ်လား" လင်းဖန်က တည်တည်တံ့တံ့ ပြောလိုက်သည်။
"ဟမ်..." လင်းဖန်၏စကားကို ကြားရသောအခါ ဖလန်းဒါးမှာ ဆွံ့အသွားရသည်။
မနက်ပိုင်းက ကျောက်ဝူကျီနှင့် လီယွီစုန်းတို့ထံမှ စိတ်ပိုင်းဆိုင်ရာ ပြဿနာအချို့ရှိနေသည့် ဘွဲ့ခံဒိုလော့တစ်ယောက် ကျောင်းသားအဖြစ် လာရောက်အပ်နှံကြောင်း ကြားသိခဲ့ရသည်။
ဖလန်းဒါးက ထိုစဉ်က မယုံကြည်ခဲ့သော်လည်း ယခုမူ မျက်ဝါးထင်ထင် ယုံကြည်လိုက်ရပြီဖြစ်သည်။
'ဒီအရှင်က တကယ် ထူးဆန်းတဲ့ အကျင့်ရှိတာပဲ။ ငါတို့ရဲ့ဆရာ လုပ်လို့ရနေတာကို ကျောင်းသားပဲ လုပ်ချင်နေတယ်တဲ့' ဖလန်းဒါးသည် လင်းဖန်၏ လုပ်ရပ်ကို မည်သို့မှ တွေးမရနိုင်ပေ။
"ဘာလဲ မင်းက မကျေနပ်လို့လား။ ငါက ငါ့ရဲ့အရည်အချင်းနဲ့ မင်းတို့ကျောင်းကို ဝင်ဖို့ ကြိုးစားခဲ့တာလေ" လင်းဖန်က အေးစက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"ကျောင်းအုပ်ကြီး သဘောတူလိုက်ပါဗျာ။ ဒီဘွဲ့ခံဒိုလော့က စိတ်ကူးပေါက်ရင် ပေါက်သလိုလုပ်တတ်တာ။ အကယ်၍ ကျောင်းအုပ်ကြီးက သဘောမတူရင် သူ ဘာတွေဆက်လုပ်ဦးမလဲ မသိနိုင်ဘူး" လီယွီစုန်းက ဖလန်းဒါး၏ အကျီလက်စကို ဆွဲကာ တိုးတိုးလေး ပြောလိုက်သည်။
"ဟုတ်တယ် ကျောင်းအုပ်ကြီး သူ့ကို ကျောင်းသားအဖြစ် လက်ခံပြီး ဒီမှာပဲ ထားလိုက်ပါ။ ဘာပဲဖြစ်ဖြစ် သူ့ဘာသာသူ ဆော့ကစားပါစေ ဂရုစိုက်မနေပါနဲ့။ သူ ပျော်သွားရင် တစ်ရက်ရက်ကျ သူ့ဖာသာသူ ထွက်သွားလိမ့်မယ်" လူချီပင်းကလည်း ခေါင်းညိတ်ထောက်ခံရင်း ဖလန်းဒါးကို ဖျောင်းဖျသည်။
"အရှင် ကျွန်တော်က ဘယ်လိုလုပ် သဘောမတူဘဲ နေမှာလဲဗျာ။ ဒီငွေကို မယူသင့်ဘူးလို့ ထင်လို့ပါ။ အရှင် ကျွန်တော်တို့ရဲ့ အကယ်ဒမီလေးကို ကြွရောက်ပေးတာကတင် ကျွန်တော်တို့အတွက် အိပ်မက်တောင် မမက်ရဲတဲ့ ဂုဏ်ကျက်သရေပါပဲ" ဖလန်းဒါးသည် လင်းဖန်ကို ဤသို့သာ ချော့မော့ပြောလိုက်ရသည်။
"ယူထားလိုက်ပါ။ ငါက ကျောင်းမှာနေပြီး အလကား စားသောက်နေလို့ မဖြစ်ဘူးလေ။ ပြီးတော့ မင်းတို့ကျောင်းက ဝင်ငွေနဲ့ ထွက်ငွေတောင် မမျှဘဲ ရုန်းကန်နေရတာ မဟုတ်လား"
"ကဲ ငါ့အတွက် အခန်းတစ်ခန်း စီစဉ်ပေးတော့" လင်းဖန်က သဘောကောင်းစွာဖြင့် ပြောလိုက်သည်။
"ကောင်းပါပြီ။ ကျောက်ဝူကျီ မင်းက ဘာလို့ ဓားရိပ်အရှင်အတွက် တိတ်ဆိတ်တဲ့ အခန်းတစ်ခန်း အခုထိ မစီစဉ်ပေးရသေးတာလဲ" ဖလန်းဒါးက လင်းဖန်ကို မော့မကြည့်ရဲဘဲ ခေါင်းငုံ့ထားသည့် ကျောက်ဝူကျီကို လှမ်းအော်လိုက်သည်။
"ဟုတ်ကဲ့ ကျောင်းအုပ်ကြီး။ အရှင် ကျွန်တော် အခုပဲ အခန်းဆီ လိုက်ပို့ပေးပါ့မယ်" ကျောက်ဝူကျီက ဖူးယောင်နေသော မျက်နှာကို မော့ကာ လင်းဖန်ကို ပြောလိုက်သည်။
"သွားကြစို့"
"ဒီစီနီယာက တကယ်ပဲ ထူးဆန်းတဲ့ အကျင့်ရှိတာပဲ" ထွက်ခွာသွားသော လူနှစ်ဦး၏ ကျောပြင်ကို ကြည့်ရင်း ဖလန်းဒါးသည် တွေးမရနိုင်စွာဖြင့် သက်ပြင်းချလိုက်မိသည်။
"ဟုတ်ပဗျာ မနက်က သူ့ရဲ့စွမ်းအားကို မြင်ပြီး ကျွန်တော် တကယ် လန့်သွားတာ" လီယွီစုန်းက ခေါင်းညိတ်ထောက်ခံသည်။
"ဒါက ဘာဆန်းလို့လဲ။ ငါဆို သူ့ရှေ့မှာ ဝိညာဉ်အရှိန်အဝါကို ထုတ်လိုက်မိလို့ အရိုက်ခံရလုနီးပါး ဖြစ်သွားသေးတယ်။ ကံကောင်းလို့ ငါ့မျက်စိက စူးရှပြီး စီနီယာရဲ့ ထူးခြားမှုကို ရိပ်မိလို့ လက်မပါမိတာ။ မဟုတ်ရင် ငါလည်း အဘိုးကြီးကျောက်လို ဖြစ်နေလောက်ပြီ" လူချီပင်းက ကြွားလုံးထုတ်လိုက်သည်။
"ဟဲဟဲ အဘိုးကြီးလုရာ... မင်း ကြောက်လို့ နောက်ဆုတ်သွားတာကို ဆုတ်တယ်လို့ ပြောပါ ငါ မီးဖိုချောင်ထဲကနေ အကုန်မြင်နေရတယ်" စောက်ရှင်းက လူချီပင်း၏ စကားကို ညှာတာမှုမရှိဘဲ ဖော်ကောင်လုပ်လိုက်သည်။
"ကဲပါ အားလုံးပဲ စောစောနားကြတော့။ ဒီနှစ် ကျောင်းသားအသစ်ကောင်းကောင်းလေးတွေ ရထားတယ်" ဖလန်းဒါးက သက်ပြင်းချရင်း ပြောလိုက်သည်။
ကျောက်ဝူကျီသည် လင်းဖန်ကို မလှမ်းမကမ်းရှိ သီးခြားသစ်သားအိမ်လေးတစ်ခုဆီသို့ ခေါ်ဆောင်လာပြီးနောက် မိတ်ဆက်ပေးလိုက်သည်။ "အရှင် ဒီသစ်သားအိမ်က ကျွန်တော်တို့ကျောင်းရဲ့ အကောင်းဆုံးအခန်းပါ။ နည်းနည်းတော့ ဟောင်းနေပေမဲ့ တော်တော်လေးတော့ ကျယ်ဝန်းပါတယ်"
"မဆိုးပါဘူး ဒီအခန်းပဲ ထားလိုက်တော့" လင်းဖန်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
"အရှင် အိပ်ရာခင်းတွေနဲ့ လူသုံးကုန်ပစ္စည်းတွေ ပြင်ဆင်ပေးဖို့ လိုဦးမလားခင်ဗျာ" ကျောက်ဝူကျီက သတိထားကာ မေးလိုက်သည်။
"မလိုဘူး ငါ့မှာ ကိုယ်ပိုင်ပစ္စည်းတွေ ပါပြီးသား။ ဘာလဲ... မင်း ငါ့ကို ကြောက်နေသေးတာလား" လင်းဖန်က ပြုံးစစဖြင့် ပြောလိုက်သည်။
"မဟုတ်ပါဘူး ကျွန်တော် အရှင်အပေါ် မရိုမသေ ဖြစ်ခဲ့မိလို့ အားနာလို့ပါ" ကျောက်ဝူကျီက ခေါင်းကို ကုတ်ရင်း ပြောသည်။
"ကဲပါ ငါက အဲဒီလောက် စိတ်သဘောထား သေးသိမ်တဲ့သူ မဟုတ်ပါဘူး။ ပြီးတော့ ငါလည်း မင်းကို စိတ်ရှိလက်ရှိ ရိုက်နှက်ပြီးပြီပဲဥစ္စာ" လင်းဖန်က ခပ်အေးအေးပင် ဆိုလိုက်သည်။
"မင်း တကယ် အားနာနေတယ်ဆိုရင် နောက်ခါကျရင် ငါနဲ့ လက်ရည်လာစမ်းလို့ရတယ်"
"မလိုတော့ပါဘူးဗျာ ကျွန်တော် အခုလိုပဲ အဆင်ပြေပါတယ်။ အရှင် အနားယူပါဦး ကျွန်တော် သွားခွင့်ပြုပါဦး" ပြောပြီးသည်နှင့် ကျောက်ဝူကျီသည် ထွက်ပြေးသည့်အလား သစ်သားအိမ်ထဲမှ သုတ်ခြေတင် ထွက်ခွာသွားတော့သည်။
ကျောက်ဝူကျီတစ်ယောက် ရင်ထဲတွင်မူ 'ဘယ်သူက ခင်ဗျားနဲ့ လက်ရည်လာစမ်းရဲမှာလဲ ကျွန်တော်က ထမင်းဝပြီး အလုပ်မရှိ အားနေတဲ့သူ မှမဟုတ်တာ' ဟု တွေးတောနေလေသည်။
လင်းဖန်သည် အခန်းကို အနည်းငယ် သန့်ရှင်းရေးလုပ်ပြီးနောက် ချက်ချင်းပင် အိပ်ပျော်သွားခဲ့သည်။
နောက်တစ်နေ့မနက်တွင် ငှက်ကလေးများ၏ တေးဆိုသံနှင့် ပန်းရနံ့များကြောင့် သူ နိုးလာခဲ့သည်။
အိပ်ခန်းထဲမှ ထွက်ကာ ဝရန်တာသို့ လျှောက်လာပြီး အကြောဆန့်ရင်း ကွင်းပြင်ကျယ်ဆီသို့ လှမ်းကြည့်လိုက်ရာ ထန်ဆန်းနှင့် အခြားသူများ စုဝေးရောက်ရှိနေကြသည်ကို မြင်လိုက်ရသည်။
"ငါ့နာမည်က ဖလန်းဒါး ရှီလိုင်ခဲအကယ်ဒမီရဲ့ ကျောင်းအုပ်ကြီးဖြစ်တယ်"
"မင်းတို့တွေ ရှီလိုင်ခဲအကယ်ဒမီရဲ့ စမ်းသပ်မှုကို အောင်မြင်ပြီး မျှော်လင့်ထားတဲ့အတိုင်း ကျောင်းဝင်ခွင့်ရတဲ့အတွက် ကြိုဆိုပါတယ်။ ကျောင်းလခကတော့ တစ်နှစ်ကို ရွှေဒင်္ဂါး တစ်ရာဖြစ်တယ်။ နောက်မှ ဘဏ္ဍာရေးတာဝန်ခံ ဆရာလီဆီကို အပ်နှံလိုက်ကြပါ"
ဖလန်းဒါးသည် ရှီလိုင်ခဲမိစ္ဆာခုနစ်ဖော်၏ ရှေ့တွင် ရပ်ကာ မိမိကိုယ်ကိုယ် မိတ်ဆက်ရင်း ကျောင်းလခ တောင်းခံနေသည်။
၎င်းကို မြင်သောအခါ လင်းဖန်သည် အခန်းထဲသို့ပြန်ဝင်ကာ အဝတ်အစားလဲပြီး ကွင်းပြင်ကျယ်ဆီသို့ လျှောက်လာခဲ့သည်။
"ကျောင်းသားတွေ စုဝေးနေတာကို ငါ့ကို ဘာလို့ လာမခေါ်ကြတာလဲ" လင်းဖန်က သမ်းဝေရင်း လျှောက်လာခဲ့သည်။
ဖလန်းဒါး မနည်းထိန်းထားရသော ကျောင်းအုပ်ကြီး၏ သိက္ခာမှာ ချက်ချင်းပင် ပြိုလဲသွားရသည်။ သူက လင်းဖန်ဘက်သို့ လှည့်ကာ "အရှင် ဒါက လာဖို့မလိုပါဘူးဗျာ" ဟု ပြောလိုက်သည်။
"ပြီးတော့ ကျွန်တော်တို့ကျောင်းရဲ့ သင်ကြားမှုက အရမ်းလွတ်လပ်ပါတယ် အခုက ကျောင်းသားသစ်တွေနဲ့ စီနီယာတွေ အချင်းချင်း မိတ်ဆက်ပေးရုံတင်ပါ"
"ဟင်... ဒီစီနီယာက မပြန်သေးဘူးပဲ" ကျူကျူချင်းက လင်းဖန် မနေ့ကတည်းက ပြန်သွားပြီဟု ထင်ထားခဲ့ရာ ယခု ထပ်မံမြင်တွေ့ရသဖြင့် အံ့သြသွားသည်။
"သူ ပြန်လာပြီ သူ ငါ့ကိုသတ်ဖို့ ပြန်လာတာ သေချာတယ်" ရှောင်ဝူသည် ကြောက်လန့်တကြားဖြင့် ထန်ဆန်း၏ နောက်သို့ ကပ်လိုက်မိသည်။
"ရှောင်ဝူ မင်း ဘာဖြစ်လို့လဲ" ထန်ဆန်းက ရှောင်ဝူကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။
"ငါကလည်း ကျောင်းသားသစ်တစ်ယောက်ပဲ သူတို့နဲ့ မိတ်ဖွဲ့ချင်လို့ပါ။ အားလုံးပဲ မင်္ဂလာနံနက်ခင်းပါ ငါ့နာမည်က လင်းဖန်။ ငါက မင်းတို့ထက် သိပ်မကြီးပါဘူး အဲဒါကြောင့် ငါ့ကို အစ်ကိုဖန်လို့ပဲ ခေါ်ကြပါ" လင်းဖန်က ပြုံးလျက် နှုတ်ဆက်လိုက်သည်။
"မင်းကလည်း ကျောင်းသားသစ် ဟုတ်လား။ မင်းက ကျောင်းသားသစ်ဆိုရင် ငါက ဘာလို့ မင်းကို အစ်ကိုဖန်လို့ ခေါ်ရမှာလဲ။ မင်းကပဲ ငါ့ကို အစ်ကိုဝတုတ်လို့ ခေါ်သင့်တာ ကျောင်းမှာ ငါ မင်းကို စောင့်ရှောက်ပေးမယ်" ထိုစဉ် ဒိုင်မုပိုင်၏ ဘေးတွင်ရပ်နေသော ပုပုဝတုတ်ဝတုတ်နှင့် ဆံပင်နီနီဖြင့် လူငယ်တစ်ဦးက လင်းဖန်ကို လှမ်းပြောလိုက်သည်။
အားလုံး ဆွံ့အသွားကြသည်။
ဖလန်းဒါး ဒိုင်မုပိုင်နှင့် အခြားသူများအားလုံး သူ့ကို ကြည့်လိုက်ကြသည်။
'ဒုက္ခပါပဲ။ ငါက ဒီဘွဲ့ခံဒိုလော့ ပြန်သွားပြီအမှတ်နဲ့ ဒီဝတုတ်အသေကောင်ကို သူ့အကြောင်း မပြောပြရသေးဘူး' ဒိုင်မုပိုင်သည် မိမိနဖူးကို ရိုက်ကာ မြေကြီးထဲသာ ငုံ့ဝင်သွားချင်တော့သည်။
"မာဟုန်ကျွင်း မင်း ဘာတွေ လျှောက်ပြောနေတာလဲ။ ဒီဘက်ကိုလာပြီး ဓားရိပ်ဒိုလော့ အရှင်ကို ကန်တော့စမ်း" ဖလန်းဒါးက မာဟုန်ကျွင်းကို လှမ်းအော်လိုက်သည်။
"အရှင် တောင်းပန်ပါတယ်ခင်ဗျာ။ ကလေးက စကားအဆင်အခြင် မရှိလို့ပါ" ဖလန်းဒါးက လင်းဖန်ကို ချက်ချင်းပင် တောင်းပန်လိုက်သည်။
"ရပါတယ် ငယ်ရွယ်တဲ့အချိန်မှာ သွေးကြွတာ သဘာဝပဲလေ။ ပြီးတော့ မသိလို့ ပြောမိတာဆိုတော့ အပြစ်မရှိပါဘူး" လင်းဖန်က သဘောကောင်းစွာဖြင့် ဆိုလိုက်သည်။
"ဘာ... ဘာကြီး။ ဘွဲ့ခံဒိုလော့ ဟုတ်လား။ အစ်ကိုကြီးဒိုင်... ငါ နားကြားမှားတာ မဟုတ်ဘူးမလား" အားလုံးက သူ့ကို စိုက်ကြည့်နေကြသဖြင့် မာဟုန်ကျွင်းသည် ကြောက်လန့်တကြားဖြင့် မေးလိုက်သည်။
"မင်း နားကြားမမှားပါဘူး။ သူက လင်းဖန် ဘွဲ့ခံဒိုလော့အဆင့် ဘွဲ့အမည်က 'ဓားရိပ်'" ဒိုင်မုပိုင်က သက်ပြင်းချရင်း ရှင်းပြလိုက်သည်။
"အာ... အဲဒါက..."