အခန်း (၇) ထန်ဟောက် ပေါ်လာခြင်း
"စနစ်... တာဝန်ပြီးမြောက်မှု ဆုလာဘ်တွေကို ရှင်းပေးတော့" ဆိတ်ငြိမ်လှသည့် တောအုပ်လေးထဲတွင် လင်းဖန်က မျှော်လင့်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
[ပိုင်ရှင်သည် ဒဏ်ရာအနာတရများ ရရှိကာ ကျောက်ဝူကျိ၏ အမွှေးတိုင်တစ်တိုင်စာ တိုက်ခိုက်မှု စစ်ဆေးခြင်းကို မနည်းရုန်းကန်ပြီး အောင်မြင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်]
ငါက ဒဏ်ရာရပြီး ရုန်းကန်ခဲ့ရတယ် ဟုတ်လား။
မနည်း အောင်မြင်ခဲ့တယ် ဟုတ်လား။
မျက်နှာပြောင်ပြောင်ဖြင့် လိမ်ညာတတ်သည့် နေရာတွင်တော့ ဤစနစ်က ထိပ်ဆုံးကပင် ဖြစ်လိမ့်မည်။
လင်းဖန်အနေဖြင့် ဉာဏ်ရည်မပြည့်ဝသော စနစ်တစ်ခု ရှိနေခြင်းကို အတော်လေး အသားကျစပြုနေပြီ ဖြစ်သည်။ ထို့ကြောင့် ဆက်ပြီး ညည်းညူ အပြစ်တင်မနေတော့ပေ။
[ဆုလာဘ် - မွေးရာပါ ဝိညာဉ်စွမ်းအား အပြည့်အဝရှိသော ပါရမီ]
ချက်ချင်းဆိုသလိုပင် လင်းဖန်သည် ကမ္ဘာကြီးတစ်ခုလုံး ပိုမိုကြည်လင်ပြတ်သားလာသည်ဟု ခံစားလိုက်ရပြီး ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကို အာရုံခံနိုင်စွမ်းမှာလည်း သိသိသာသာ ပိုမိုထက်မြက်လာခဲ့သည်။
"ဒါက မွေးရာပါ ဝိညာဉ်စွမ်းအား အပြည့်ရှိတဲ့ ပါရမီအဆင့်လား"
"မွေးရာပါ ဝိညာဉ်စွမ်းအား အဆင့်မြင့်လေလေ ကျင့်ကြံတဲ့ အရှိန်အဟုန်က ပိုမြန်လေလေဆိုတာ မဆန်းတော့ပါဘူး။ ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူတဲ့ အရှိန်ချင်းက သိသိသာသာ ကွာခြားသွားတာကိုး"
လင်းဖန် စဉ်းစားကြည့်လျှင် ဤစနစ်က အသုံးဝင်သည်ဟု ပြောရမလား အသုံးမဝင်ဟု ပြောရမလား ဝေခွဲရခက်ပေသည်။ အသုံးမဝင်ဘူး ဆိုပြန်လျှင်လည်း နတ်ဘုရားအဆင့် ဝိညာဉ် သို့မဟုတ် မွေးရာပါ ဝိညာဉ်စွမ်းအား အပြည့်အဝရှိသည့် ပါရမီမျိုးကို ပေးစွမ်းနိုင်ပြန်သည်။
"စနစ်... မင်း နတ်ဘုရားတစ်ပါး ဖြစ်လာစေမယ့် တာဝန်ကို ဘယ်တော့မှ ထုတ်ပေးမှာလဲ" ဟု လင်းဖန်က တည်တည်တံ့တံ့ ထပ်မံမေးမြန်းလိုက်သည်။
[ပိုင်ရှင်... ကျေးဇူးပြုပြီး အရှိန်အဝါကို အလွန်အကျွံ မမှန်းဆပါနှင့်။ လက်ရှိတွင် ပိုင်ရှင်သည် အဆင့် ၃၁ ရှိသော ဝိညာဉ်ဆရာကြီး အဆင့်သာ ရှိသေးသဖြင့် ဝိညာဉ်ဆရာလောက၏ အတွေ့အကြုံမရှိသေးသော အခြေခံအဆင့်သာ ဖြစ်ပါသည်]
ငါကလား ဝိညာဉ်ဆရာလောကရဲ့ အတွေ့အကြုံမရှိတဲ့ အခြေခံအဆင့်။
"ဒီစနစ်က ဒီကိုလာတဲ့ လမ်းမှာ အာကာသအချိန်ကာလ လှိုင်းထန်မှုနဲ့ တိုးပြီး ဉာဏ်ရည်တွေ ပျောက်ဆုံးသွားတာများလား"
"မဟုတ်ရင် နှစ်ပေါင်းလေးဆယ်တောင် ဘာလို့ နောက်ကျပြီးမှ ရောက်လာရတာလဲ"
ဤစနစ်သည် ဘွဲ့ခံဒိုလော့ဖြစ်သည့် သူ့ကို ဝိညာဉ်ဆရာလောကထဲသို့ အခုမှ ခြေချခါစ အတွေ့အကြုံမရှိသော ကလေးတစ်ယောက်လို ဆက်ဆံနေသည်။ စနစ်က သူ့ကို တမင်သက်သက် နှိမ့်ချနေခြင်းများလား မသိပေ။ ထိုအတွေးက သူ့ကို ဒေါသတကြီးဖြင့် တုန်ရင်သွားစေသည်။
စွန့်ပစ်ရမည်။ နတ်ဘုရားတစ်ပါး ဖြစ်လာပြီးသည်နှင့် ဤစနစ်ကို အပြတ်အသတ် စွန့်ပစ်ရမည်။ မဟုတ်လျှင် ဤစနစ်နှင့် အချိန်အကြာကြီး အတူရှိနေပါက သူ၏ ဦးနှောက်ကိုပါ ထိခိုက်လာနိုင်ပေသည်။
လင်းဖန်တစ်ယောက် အတွေးကမ္ဘာထဲတွင် လွင့်မျောနေစဉ်မှာပင် စနစ်၏ အေးစက်စက် စက်ရုပ်ဆန်သော အသံက သူ၏ စိတ်ထဲတွင် ထပ်မံထွက်ပေါ်လာပြန်သည်။
[တာဝန်အသစ် ထုတ်ပြန်ချက် - ရှီလိုင်ခဲကျောင်းတော်သို့ အောင်မြင်စွာ ဝင်ရောက်ပြီး မင်း၏ ပညာသင်ကြားမှု ခရီးစဉ်ကို စတင်ပါ။ ရှီလိုင်ခဲကျောင်းတော်၏ ထူးခြားသော သင်ကြားမှုပုံစံကြောင့် မင်းသည် လေ့ကျင့်ရန်အတွက် ဝိညာဉ်ကွင်းပြင်ကျယ်ကြီးသို့ ဝင်ရောက်ရမည်။ မင်းကို ဝိညာဉ်ဆရာကြီးများ ယှဉ်ပြိုင်သည့် ကွင်းပြင်တွင် တာဝန်ပေးထားသည်။ မင်းက ဝိညာဉ်ဆရာကြီး အဆင့်၏ အနိမ့်ဆုံးအဆင့်တွင် ရှိနေသဖြင့် ပရိသတ်များ၏ လှောင်ပြောင်ခြင်းကို ခံရလိမ့်မည်။ ကျေးဇူးပြု၍ ဝိညာဉ်ကွင်းပြင်ကျယ်ကြီးထဲတွင် မင်းထက် ငါးဆင့်မြင့်သော ဝိညာဉ်ဆရာကြီးတစ်ယောက်ကို အနိုင်ယူပြပါ]
[ဤတာဝန်ကို စွန့်ပစ်နိုင်ပါသည်]
[တာဝန်ဆုလာဘ် - ဝိညာဉ်စွမ်းအား သုံးဆင့် တိုးမြင့်ပေးခြင်း ရွှေပြား တစ်ထောင်နှင့် မြေတိုက်ကြီးတစ်ခုလုံး၏ မြေပုံ]
လင်းဖန်သည် ဤဆုလာဘ်ကလည်း အတော်လေး မက်မောစရာကောင်းသည်ဟု မြင်မိသည်။ ရွှေပြားတစ်ထောင်ကို ထည့်မတွက်လျှင်ပင် ဝိညာဉ်ဆရာကြီးတစ်ယောက်၏ ဝိညာဉ်စွမ်းအားကို ဘေးထွက်ဆိုးကျိုးမရှိဘဲ သုံးဆင့် တိုးမြှင့်ပေးနိုင်ခြင်းက အခြားသူများအတွက် ရက်ပေါင်းများစွာ ပင်ပင်ပန်းပန်း ကျင့်ကြံရမည့် အချိန်များကို သက်သာစေမည် ဖြစ်သည်။
ထို့အပြင် လမ်းမပျောက်စေရန်အတွက် ဝိညာဉ်ဆရာများ စွန့်စားသွားလာရာတွင် မရှိမဖြစ်လိုအပ်သော မြေတိုက်ကြီးတစ်ခုလုံး၏ မြေပုံလည်း ပါဝင်သေးသည်။
ဆုလာဘ်တွေက ရက်ရောလွန်းလှသဖြင့် လင်းဖန်အနေဖြင့် ဤတာဝန်ကို စိတ်မကောင်းစွာဖြင့်ပင် စွန့်ပစ်ရန် ဆုံးဖြတ်လိုက်ရသည်။
စနောက်နေတာပဲ။ ဂုဏ်သိက္ခာကြီးမားလှသည့် ဘွဲ့ခံဒိုလော့တစ်ယောက်က ဝိညာဉ်ကွင်းပြင်ကျယ်ကြီးထဲ သွားပြီး အတွေ့အကြုံမရှိသေးသည့် ဝိညာဉ်ဆရာလေးတွေကို သွားအနိုင်ကျင့်နေရမှာက စိတ်ဝင်စားစရာ ကောင်းပါဦးမလား။
ထို့အပြင် အကောင်းဆုံး ဆုလာဘ်ဖြစ်သည့် ဝိညာဉ်စွမ်းအား သုံးဆင့် တိုးမြင့်ပေးခြင်းက ဝိညာဉ်ဆရာကြီး အဆင့်အပေါ်တွင်သာ သက်ရောက်မှု ရှိနိုင်မည် ဖြစ်သည်။
"စနစ်... ငါ ဒီတာဝန်ကို စွန့်ပစ်ဖို့ ရွေးချယ်တယ်"
[မင်း ဤတာဝန်ကို စွန့်ပစ်ချင်တာ သေချာပါသလား]
"သေချာတယ်"
[ပိုင်ရှင် နှုတ်ကျွံသွားခြင်း မဖြစ်စေရန်အတွက် ထပ်မံအတည်ပြုပေးပါ -ပိုင်ရှင် ဤတာဝန်ကို တကယ်ပဲ စွန့်ပစ်ချင်တာလား]
"သေချာတယ်လို့"
[ပိုင်ရှင် စွန့်ပစ်ချင်တာ...]
"သေချာပါတယ်ဆို"
လင်းဖန်သည် ဤပျက်စီးနေသော စနစ်က ဉာဏ်ရည်ပြဿနာ ရှိရုံတင်မကဘဲ သူ၏ အရင်ဘဝက ဖုန်းတွေထဲတွင် ပါတတ်သည့် ဖျက်ရခက်သော ဗိုင်းရပ်စ်ဆော့ဖ်ဝဲလ်များအတိုင်း ဂျစ်ကန်ကန် လုပ်နေသည်ဟု ခံစားလိုက်ရသည်။
[တာဝန်ကို အောင်မြင်စွာ စွန့်ပစ်ပြီးပါပြီ]
စနစ်က ပြောပြီးသည်နှင့် တိတ်ဆိတ်သွားတော့သည်။ လင်းဖန် မျက်တောင်ခတ်ရင်း အကြာကြီး စောင့်ဆိုင်းနေခဲ့သော်လည်း တာဝန်အသစ် ထွက်ပေါ်မလာခဲ့ချေ။
"စနစ်... ငါ့ရဲ့ တာဝန်အသစ်က ဘယ်မှာလဲ"
[ပိုင်ရှင်... ကျေးဇူးပြု၍ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပေးပါ]
လင်းဖန် ဘာပြန်ပြောရမှန်းမသိအောင် ဆွံ့အသွားရသည်။ တာဝန်တစ်ခုကို စွန့်ပစ်လိုက်ပြီးနောက်တွင် နောက်ထပ်တာဝန်တစ်ခုဆီသို့ တိုက်ရိုက် ကူးပြောင်း၍မရနိုင်ကြောင်း သူ သိလိုက်ရသည်။
"ထားလိုက်ပါတော့လေ... စနစ်ရဲ့ ဦးနှောက်က သိပ်မကောင်းတာကို ငါကပဲ နားလည်ပေးရမှာပေါ့။ စနစ်က အချက်အလက်တွေကို စီစဉ်ပြီးသွားရင် တာဝန်အသစ် ထုတ်ပေးမှာပဲ"
"အချိန်လည်း စောသေးတော့ မွေးရာပါ ဝိညာဉ်စွမ်းအား အပြည့်ရှိတဲ့ တရားထိုင်ခြင်းက အရင်တုန်းက မွေးရာပါ ဝိညာဉ်စွမ်းအား အဆင့် ၆ ပဲ ရှိခဲ့တဲ့ တရားထိုင်ခြင်းနဲ့ ဘာတွေကွာခြားလဲဆိုတာကို ငါ စမ်းသပ်ကြည့်ရမယ်"
ထို့နောက်တွင် လင်းဖန်သည် ထိုနေရာ၌ပင် တင်ပျဉ်ခွေထိုင်လိုက်ပြီး တရားထိုင် ကျင့်ကြံခြင်းကို စတင်လိုက်သည်။
မကြာမီမှာပင် လင်းဖန် အဖြေတစ်ခု ရရှိခဲ့သည်။ မွေးရာပါ ဝိညာဉ်စွမ်းအား အပြည့်ရှိသည့် တရားထိုင်ခြင်းနှင့် အဆင့် ၆ သာရှိသည့် တရားထိုင်ခြင်းတို့၏ ကွာခြားချက်မှာ ငါးဆခန့်အထိ ရှိနေခဲ့သည်။
"ဒါတင်မကသေးဘူး... ငါ့ရဲ့ အမြင့်ဆုံး တက်လှမ်းနိုင်မယ့် အဆင့်ကလည်း အဆင့် ၉၁ မှာတင် ရပ်တန့်မနေတော့ဘူးဆိုတာ ခံစားမိတယ်"
မွေးရာပါ ဝိညာဉ်စွမ်းအား အပြည့်အဝ မရရှိခင် ဘွဲ့ခံဒိုလော့အဆင့်သို့ ရောက်ရှိပြီးကတည်းက လင်းဖန် တရားထိုင်သည့်အခါတိုင်း အမျိုးမျိုးသော ပိတ်ဆို့မှုများနှင့် ချုပ်ချယ်မှုများကို ခံစားခဲ့ရသည်။ သို့သော် အခုတော့ ထိုသို့သော အခြေအနေမျိုး မရှိတော့ဘဲ မွေးရာပါ ဝိညာဉ်စွမ်းအား အပြည့်အဝရှိသော ပါရမီကို ရရှိပြီးနောက်တွင် ပိတ်ဆို့မှုများနှင့် ချုပ်ချယ်မှုများအားလုံး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ထိုသို့ဖြင့် လင်းဖန်သည် ထိုနေရာတွင်ပင် နှစ်နာရီခန့် တရားထိုင်လိုက်ရာ တစ်ကိုယ်လုံး ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။
"ဒီစနစ်က ပြဿနာအချို့ ရှိနေပေမဲ့ လုံးဝကြီးတော့ အသုံးမဝင်တာမျိုး မဟုတ်ပါဘူးပဲ" လင်းဖန်က ကျေနပ်အားရစွာဖြင့် မျက်ဝန်းများကို ဖွင့်လိုက်သည်။
မိုးကုပ်စက်ဝိုင်းဆီမှ နံနက်ခင်း တိမ်တိုက်များကို ကြည့်ရင်း သူ အတော်လေး အချိန်အကြာကြီး တရားထိုင်မိသွားကြောင်း လင်းဖန် သိလိုက်သည်။
"ဘွဲ့ခံဒိုလော့ ဓားရိပ်... ဒီဘက်ကို ခဏလောက် လာခဲ့စမ်းပါ"
လင်းဖန် မတ်တတ်မထရသေးခင်မှာပင် လေးနက်တည်ကြည်လှသော အသံတစ်သံက သူ၏ နားထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။ လင်းဖန် တောအုပ်အနက်ပိုင်းဆီသို့ လှမ်းကြည့်လိုက်ရာ အရိပ်တစ်ခု ဖြတ်ခနဲ လှုပ်ရှားသွားသည်ကို မြင်လိုက်ရသည်။
ဤအချိန်တွင် သူ၏ အနားသို့ တိတ်တဆိတ် ရောက်ရှိနေပြီး သူကိုယ်တိုင်ပင် ကြိုတင်အာရုံမခံမိအောင် လုပ်ဆောင်နိုင်စွမ်းရှိသူမှာ ထန်ဟောက်မှလွဲ၍ အခြားသူ မည်သူမျှ မဖြစ်နိုင်ကြောင်း လင်းဖန် ကောင်းကောင်း သိလိုက်သည်။
လျှို့ဝှက်ဆန်းပြားစွာ လှုပ်ရှားတတ်သည့် ထန်ဟောက်ကတော့ သူ့ကို မည်သူမျှ အာရုံမခံမိနိုင်ဟု ထင်မှတ်နေပုံရသည်။ အမှန်တကယ်တော့ လင်းဖန် ရှီလိုင်ခဲကျောင်းတော် ကွင်းပြင်သို့ စတင်ဝင်ရောက်ပြီး ထန်ဆန်းကို ဆုံးမခဲ့စဉ်ကတည်းက ပြင်းထန်လှသော အရှိန်အဝါ လှိုင်းရိုက်ခတ်မှုကို အာရုံခံမိခဲ့ပြီး ဖြစ်သည်။
သူ၏ သားဖြစ်သူ အရိုက်ခံနေရသည်ကို မြင်ရချိန်တွင် ထန်ဟောက် မည်မျှပင် သေသပ်စွာ ပုန်းကွယ်နေပါစေ စိတ်မလှုပ်ရှားဘဲ နေနိုင်မည် မဟုတ်သဖြင့် သူ၏ အရှိန်အဝါက အလိုအလျောက် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။
အကယ်၍ ထိုစဉ်က လင်းဖန်သာ သတ်ဖြတ်လိုစိတ် ပြသခဲ့ပါက ထန်ဟောက်သည် အခုထိ စောင့်ဆိုင်းမနေဘဲ စောစောကတည်းက ပေါ်လာခဲ့ပြီး ဖြစ်လိမ့်မည်။
"ထန်ဟောက်..." လင်းဖန်က လေသံတိုးတိုးဖြင့် ရေရွတ်လိုက်ပြီး တောအုပ်အနက်ပိုင်းဆီသို့ ချက်ချင်း လျှောက်လှမ်းသွားခဲ့သည်။
လင်းဖန် မိမိကိုယ်မိမိ ပြန်လည်သုံးသပ်ကြည့်လျှင် လက်ရှိတွင် သူသည် ထန်ဟောက်၏ ပြိုင်ဘက် မဟုတ်သေးသော်လည်း ကြောက်ရွံ့နေခြင်းတော့ မရှိပေ။ သူ၏ ခွန်အားက ထန်ဟောက်ကို မယှဉ်နိုင်သေးသော်လည်း အရှိန်အဟုန်ပိုင်းတွင်မူ ထန်ဟောက်သည် သူ့ကို သေချာပေါက် မမှီနိုင်ဟု လင်းဖန် ယုံကြည်ထားသည်။
ထို့ကြောင့် သူသာ ထွက်ပြေးချင်ပါက ထန်ဟောက်တစ်ယောက်တည်းဖြင့် သူ့ကို တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။ ထို့အပြင် လက်ရှိတွင် ထန်ဟောက်သည် သူ၏ အကောင်းဆုံး အခြေအနေတွင် ရှိမနေချေ။
လင်းဖန်သည် မြက်ရိုင်းပင်များကို ခပ်ဖွဖွ နင်းလျှောက်ရင်း သူ၏ အရှိန်အဟုန်မှာ လျင်မြန်လွန်းလှသဖြင့် နောက်ကွယ်တွင် ပုံရိပ်အထပ်ထပ်ကိုသာ ချန်ရစ်ခဲ့ပြီး တစ်မိနစ်မပြည့်မီ အချိန်အတွင်းမှာပင် မီတာငါးရာကျော် ခရီးပေါက်သွားခဲ့သည်။
ထိုသို့ သွားနေစဉ်အတွင်းမှာပင် လင်းဖန်သည် သူ၏ ဝိညာဉ်ကို ထုတ်ဖော်ကာ 'မြရောင်ပြာ ဓားရိပ်' ကို လက်တွင် ကိုင်ဆောင်ထားလိုက်သည်။
"ဟောက်ထျန်း ဒိုလော့အရှင် ခင်ဗျားပဲဆိုတာ ငါ သိပါတယ် ပုန်းမနေပါနဲ့တော့။ ထန်ဆန်းက ခင်ဗျားရဲ့ သား မဟုတ်လား" လင်းဖန်က တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။
ထိုခဏတွင် ပတ်ဝန်းကျင်ရှိ လေထုတစ်ခုလုံး ခဲတောင့်သွားသလို ဖြစ်သွားပြီး သူ့နောက်ကွယ်ရှိ လေထုက တုန်ခါသွားကာ လေကို ဖြတ်သန်းလာသည့် အသံပြင်းပြင်းတစ်သံ ထွက်ပေါ်လာခဲ့သည်။
လင်းဖန် ချက်ချင်း လှည့်ကြည့်လိုက်ပြီး သူ၏ ဓားဖြင့် အလျားလိုက် ကာကွယ်လိုက်သည်။
ဝုန်း...
လင်းဖန်၏ လက်မောင်းနှစ်ဖက်စလုံး တုန်ရင်သွားရပြီး ပြင်းထန်လှသော အင်အားကြောင့် လင်းဖန် ခေါင်းကို အနည်းငယ် ငုံ့လိုက်ရကာ နောက်သို့ မီတာအတော်ကြာ လျှောကျသွားခဲ့ရသည်။
သူ့ခေါင်းကို ပြန်မော့ကြည့်လိုက်သောအခါ လင်းဖန်သည် ထန်ဟောက်၏ ခန္ဓာကိုယ်ပတ်လည်တွင် ဝိညာဉ်ကွင်း ကိုးကွင်း ရစ်ပတ်နေသည်ကို မြင်လိုက်ရသည်။ ထိုအထဲတွင် အထင်ရှားဆုံး ဝိညာဉ်ကွင်းမှာ တောက်ပလှသော အနီရောင် ရှိသည့် အနှစ်တစ်သိန်း ဝိညာဉ်ကွင်းပင် ဖြစ်သည်။
"ဟောက်ထျန်းတူက ကုန်းမြေတိုက်ကြီးရဲ့ နံပါတ်တစ် လက်နက်ဝိညာဉ်အဖြစ် ကျော်ကြားတာ တကယ်ကို ဂုဏ်သတင်းနဲ့ ထိုက်တန်ပါတယ်။ သူ့ရဲ့ အင်အားက ပြိုင်ဘက်မရှိပါပဲလား" လင်းဖန်က တည်ငြိမ်စွာ ဆိုလိုက်သည်။
ထန်ဟောက်၏ ခွန်အားက တကယ့်ကို ပြင်းထန်လှပေသည်။ ဘာပဲဖြစ်ဖြစ် ထိုစွမ်းအားက သူ၏ ဇနီးသည်၏ အနစ်နာခံမှုနှင့် လဲလှယ်ပြီး ရရှိလာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ထန်ဟောက်အနေဖြင့် ဤမျှ အစွမ်းထက်နေခြင်းမှာ ထိုက်တန်လှပြီး သူနှင့် ယှဉ်၍မရနိုင်ကြောင်း လင်းဖန် နားလည်ထားသည်။
"မင်းက တကယ်တော့ ဘယ်သူလဲ။ ရှီလိုင်ခဲကျောင်းတော်ကို လာရတဲ့ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ငါ့ကို မမြင်ရသေးခင်ကတည်းက ငါ့ရဲ့ အချက်အလက်တွေကို မင်း ကြိုသိနေတာပဲ။ ပြောစမ်း... မင်းက ဝိညာဉ်နန်းတော်က လွှတ်လိုက်တဲ့ ဘွဲ့ခံဒိုလော့လား"
အစကတော့ ထန်ဟောက်အနေဖြင့် တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ သို့သော် လင်းဖန်က သူ့အကြောင်းကို ကြိုတင်သိရှိနေသည့်အပြင် ထန်ဆန်းသည် သူ၏ သားဖြစ်ကြောင်းကိုပါ အတိအကျ သိနေခဲ့သည်။ ဤအချက်က ထန်ဟောက်ကို မည်သို့မျှ စိတ်မအေးနိုင်အောင် ဖြစ်သွားစေခဲ့သည်။
"ထန်ဟောက်... ခင်ဗျားရဲ့ လေသံကို ဆင်ခြင်ပါ။ ငါက ခင်ဗျားရဲ့ အကျဉ်းသား မဟုတ်ဘူး။ ငါ့ရဲ့ ဘွဲ့အမည်က ဓားရိပ်။ ဝိညာဉ်နန်းတော်မှာ ဒီလိုလူမျိုး ရှိတယ်လို့ ခင်ဗျား ထင်နေတာလား" လင်းဖန်သည် ထန်ဟောက်၏ စစ်ဆေးမေးမြန်းသကဲ့သို့ ပြောဆိုသော လေသံကို ချက်ချင်းပင် သဘောမကျ ဖြစ်သွားသဖြင့် သူ၏ လေသံကလည်း အေးစက်သွားခဲ့သည်။
"မင်းက ဝိညာဉ်နန်းတော်က မဟုတ်ဘူးဆိုရင် မင်းလို ကျင့်ကြံခြင်းအဆင့်မျိုးနဲ့ ဘာဖြစ်လို့ ကလေးတစ်ယောက်ကို လာပြီး အနိုင်ကျင့်နေရတာလဲ"
ထန်ဟောက် ပြောဆိုသည့် ကလေးဟူသည်မှာ သူ၏ သားဖြစ်သူ ထန်ဆန်းကို ဆိုလိုခြင်း ဖြစ်သည်။
"ဟောက်ထျန်း ဒိုလော့အရှင်... ရှောင်ဝူလို့ ခေါ်တဲ့ မိန်းကလေးကတော့..." လင်းဖန်၏ လေသံက ပြောင်းလဲသွားသည်။
"ဓားရိပ်... အဲဒီအကြောင်းကို စိတ်ကူးတောင် မယဉ်နဲ့။ မင်း ရှောင်ဝူကို သတ်လိုက်ရင်တောင် ငါ့ရဲ့ ရှေ့မှောက်မှာတင် သူမရဲ့ အနှစ်တစ်သိန်း ဝိညာဉ်အရိုးကို မင်း ရရှိနိုင်မယ်လို့ ထင်နေတာလား"
"ဒါ့အပြင် သူမကို ငါက အရင်ဆုံး ပစ်မှတ်ထားခဲ့တာကွ" ထန်ဟောက်က အေးစက်စက် လေသံဖြင့် ပြတ်ပြတ်သားသား ပြောလိုက်တော့သည်။