အခန်း (၆) 'ဓားရိပ်' ဟု ဘွဲ့အမည်တွင်စေ
ကျောက်ဝူကျိမှာ သွေးဆုတ်မတတ် အံ့အားသင့်သွားပြီး သူ၏ ဗလတောင့်တောင့် မျက်နှာကြီးမှာလည်း သိသိသာသာ တုန်လှုပ်သွားခဲ့သည်။
ကျိန်စာသင့်စမ်း။ ဘွဲ့ခံဒိုလော့တစ်ယောက်က ကျောင်းသားအသစ်အဖြစ် လာရောက်စာရင်းသွင်းလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ ဒါဟာ ရူးနှမ်းလွန်းတဲ့ လုပ်ရပ်မဟုတ်ရင် ဘာဖြစ်နိုင်ဦးမှာလဲ။
အကယ်၍ လင်းဖန်သာ သူတပါးစိတ်ကို ဖတ်နိုင်သည့် နတ်ဘုရားစွမ်းရည် ရှိနေပါက ကျောက်ဝူကျိ၏ အတွေးကို သေချာပေါက် ထောက်ခံမိပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤစနစ်သည် ရူးနေရုံတင်မကဘဲ ပြုပြင်ပြင်ဆင်ရန်ပါ လိုအပ်နေသောကြောင့် ဖြစ်သည်။
သို့သော်လည်း စနစ်က သူ့ကို ထိုသို့သော အခွင့်အရေးမျိုး မပေးခဲ့ချေ။
အထူးသဖြင့် ကျောက်ဝူကျိသည် ရှေ့သို့ လှမ်းထားမိသည့် သူ၏ ဘယ်ဘက်ခြေထောက်ကို မြေပြင်ပေါ်သို့ပင် ပြန်မချနိုင်တော့ဘဲ လေထဲတွင်တင် တောင့်ခဲသွားရသည်။
"ဒါ ဘာကြီးလဲဗျာ။ ကျောင်းသားသစ် စစ်ဆေးပွဲမှာ ဘွဲ့ခံဒိုလော့တစ်ယောက် ရောက်နေတယ်တဲ့လား။ ငါကလည်း သတ္တိကောင်းပြပြီး သူ့ကို အရင်ထိုးခွင့် ပေးလိုက်သေးတယ်"
"ဖလန်းဒါး... မင်းတော့ ငါ့ကို သတ်လိုက်တာပဲ" ဟု ကျောက်ဝူကျိတစ်ယောက် စိတ်ထဲကနေ အော်ဟစ်ညည်းတွားနေမိတော့သည်။
သို့သော် ထိုစကားများကို သူကိုယ်တိုင် ပြောခဲ့ပြီး ထိုလုပ်ရပ်များကိုလည်း သူကိုယ်တိုင် လုပ်ဆောင်ခဲ့သည်ကိုတော့ သူ မေ့လျော့နေခဲ့ပုံရသည်။
လင်းဖန်၏ ဝိညာဉ်ကွင်းမှ ဝိညာဉ်စွမ်းအားများ တိုးမြင့်လာသည်နှင့်အမျှ ထွက်ပေါ်လာသော အင်အားကြီးမားလှသည့် ဝိညာဉ်လှိုင်းရိုက်ခတ်မှုကြောင့် ဒိုင်မုပိုင် ထန်ဆန်းနှင့် အခြားသူများမှာ နောက်သို့ မီတာအတော်ကြာ လွင့်ထွက်သွားရသည်။
"မဖြစ်နိုင်တာ။ သူက တကယ်ပဲ ဘွဲ့ခံဒိုလော့လား။ ဒါ အတု ဖြစ်ရမယ် မဟုတ်လား။ ဘွဲ့ခံဒိုလော့တစ်ယောက်က ဘာလို့ ဒီလို စုတ်ပြတ်သတ်နေတဲ့ ကျောင်းကို လာရမှာလဲ" ဒိုင်မုပိုင်တစ်ယောက် ကြောင်အမ်းအမ်းဖြင့် ရေရွတ်လိုက်သည်။
"အစ်ကိုကြီးဒိုင်... စောစောကတင် ငါတို့ သူ့ကို လှောင်ပြောင်မိထားတာနော်။ သူ နောက်မှ ငါတို့ကို ပြန်ပြီး စာရင်းရှင်းနေမှာ မဟုတ်ဘူးမလား" ဩစကာ၏ မျက်နှာမှာ ပို၍ပင် ပျက်နေပြီး ဒိုင်မုပိုင်၏ နောက်ကွယ်သို့ ပုန်းရင်း စိုးရိမ်တကြီး သတိပေးရှာသည်။
"အဲလိုတော့ မဖြစ်နိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဘွဲ့ခံဒိုလော့တစ်ယောက်ရဲ့ ဂုဏ်သိက္ခာအရ ငါတို့လို ကလေးတွေကို လာပြီး စာရင်းရှင်းရင် သူ့ရဲ့ တန်ဖိုး ကျသွားမှာပေါ့" ဟု ဒိုင်မုပိုင်က လေသံတိုးတိုးဖြင့် ပြောလိုက်သော်လည်း သူကိုယ်တိုင်ပင် သေချာလှပုံမရပေ။
ရှောင်ဝူကတော့ ထန်ဆန်း၏ နောက်ကွယ်တွင် ပုန်းအောင်းနေပြီး တစ်ကိုယ်လုံး တုန်ရင်နေခဲ့သည်။
ထန်ဆန်းက ရှောင်ဝူသည် လင်းဖန်၏ ဖိအားကို မခံနိုင်၍ တုန်ရင်နေသည်ဟု ထင်မှတ်ကာ အမြန်ပင် နှစ်သိမ့်ပေးရှာသည်။ "ရှောင်ဝူ... မကြောက်ပါနဲ့။ အဆင်ပြေပါတယ်။ သူ့ရဲ့ ဖိအားက ငါတို့ကို ရည်ရွယ်ထားတာ မဟုတ်ဘူး"
"ဒါပေမဲ့ ဝိညာဉ်သူတော်စင်နဲ့ ယှဉ်ရင် ဘွဲ့ခံဒိုလော့တစ်ယောက်ရဲ့ ဖိအားက ဆင်နဲ့ ပုရွက်ဆိတ်လိုပဲ ကွာခြားလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ ဒီနေ့ ဘွဲ့ခံဒိုလော့တစ်ယောက်ကို မြင်လိုက်ရတာ တကယ့်ကို ဂုဏ်သတင်းနဲ့ ထိုက်တန်လှပါတယ်"
"အစ်ကိုဆန်း... ငါ အဆင်ပြေပါတယ်။ ဖိအားကြောင့် နည်းနည်းလေး မူးနောက်သွားရုံတင်ပါ" ဟု ရှောင်ဝူက ပြန်ဖြေလိုက်သည်။
"သူက တကယ့်ကို အစွမ်းထက်လွန်းပြီး ကြောက်စရာကောင်းလိုက်တာ" ရှောင်ဝူ စိတ်ပျက်လက်ပျက်ဖြင့် တွေးလိုက်မိသည်။
စောစောက ကွင်းပြင်ကျယ်ကြီးထဲတွင် လင်းဖန် သူမကို စနောက်ခဲ့ပုံကို ပြန်လည်စဉ်းစားကြည့်လျှင် သူမ၏ မည်သူမည်ဝါဖြစ်ကြောင်း အစစ်အမှန်ကို ထိုဘွဲ့ခံဒိုလော့က ရိပ်မိသွားခဲ့ပြီ ဖြစ်ကြောင်း ရှောင်ဝူ ကောင်းကောင်း သိလိုက်ပြီ ဖြစ်သည်။
"ဒါ ကံကြမ္မာပဲနေမှာပါ။ ငါ့ကြောင့် အစ်ကိုဆန်းကိုတော့ အထိခိုက်မခံနိုင်ဘူး" ဟု ရှောင်ဝူက ထန်ဆန်းအတွက် စိတ်ထဲကနေ တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်သည်။
ရှောင်ဝူမှာ အတော်လေးကို အားကိုးရာမဲ့သလို ခံစားနေရပြီး လင်းဖန်သည် ရှီလိုင်ခဲကျောင်းတော်သို့ လာရာလမ်းတွင် သူမနှင့် တိုက်ဆိုင်စွာ ဆုံတွေ့ခဲ့သဖြင့် ကျောင်းတော်အထိ နောက်ယောင်ခံလိုက်လာကာ ကျောင်းသားအဖြစ် ဝင်ရောက်ခဲ့ခြင်း ဖြစ်မည်ဟု ထင်ကြေးပေးနေမိသည်။
သူမ၏ ဝိညာဉ်အရိုးကို မက်မော၍သာ ဖြစ်ပေလိမ့်မည်။
အဝေးတစ်နေရာတွင်တော့ လီယုဆုန်းနှင့် လူချီပင်းတို့ နှစ်ဦးစလုံးသည် အဆောက်အအုံရှိရာဘက်သို့ လှမ်းကြည့်နေကြသော်လည်း မည်သူမျှ အနားသို့ တိုးမလာရဲကြချေ။
"ကျောက်ကြီးရေ... ငါတို့ မင်းကို ကူညီချင်ပေမဲ့ ကူညီလို့မရဘူးကွာ။ ဘာပဲဖြစ်ဖြစ် မင်းရဲ့ အရေခွံက ထူပြီး ကြမ်းတမ်းတာပဲ လက်သီးအနည်းငယ် အပိုအထုခံရရုံနဲ့ ဘာမှမဖြစ်ပါဘူး" ဟု ထိုနှစ်ဦးစလုံးက စိတ်ထဲတွင် တစ်ပုံစံတည်း တွေးနေကြသည်။
လီယုဆုန်းနှင့် လူချီပင်းတို့သည် ကျောက်ဝူကျိ၏ စိတ်လိုက်မာန်ပါ လုပ်တတ်ပြီး မောက်မာလှသော စရိုက်ကြောင့် ထိုဘွဲ့ခံဒိုလော့ကို သေချာပေါက် စော်ကားမိသွားပြီ ဖြစ်ကြောင်း ကောင်းကောင်း သဘောပေါက်ထားကြသည်။
အကြာကြီး ထူးဆန်းစွာ ရပ်နေခဲ့ပြီးနောက်တွင်တော့ ကျောက်ဝူကျိသည် သူ၏ ဘယ်ဘက်ခြေထောက်ကို နောက်သို့ ပြန်ရုတ်လိုက်ရသည်။
သူက လက်နှစ်ဖက်ကို စုစည်းကာ အရိုအသေပေးလိုက်ရင်း - "လေးစားအပ်ပါတဲ့ ဘွဲ့ခံဒိုလော့ကြီး... ဒိုလော့အရှင်ရဲ့ ဘွဲ့အမည်ကို သိခွင့်ရပါမလားခင်ဗျာ။ ရှီလိုင်ခဲကျောင်းတော်အနေနဲ့ ဒိုလော့အရှင်အတွက် ဆောင်ရွက်ပေးရမယ့် ကိစ္စမျိုးရှိရင် အမိန့်ရှိပါ"
"ငါ့ရဲ့ ဘွဲ့အမည်ကတော့... ဓားရိပ်ပဲ" လင်းဖန်သည် သူကိုယ်တိုင်တွင် သင့်တော်သည့် ဘွဲ့အမည် မရှိသေးသည်ကို အခုမှ သတိရသွားသည်။
သူ၏ ဝိညာဉ်မှာ 'မြရောင်ပြာ ဓားရိပ်' ဖြစ်သည်ကို စဉ်းစားမိပြီးနောက် သူ၏ ဘွဲ့အမည်ကို 'ဓားရိပ်' ဟု အမည်ပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ကျောက်ဝူကျိက ချက်ချင်းပင် အလျော့ပေးကာ "တန်ခိုးရှင် ဓားရိပ်ကြီးခင်ဗျာ... စောစောက ကိစ္စက နားလည်မှုလွဲတာပါ။ ရှီလိုင်ခဲကျောင်းတော်ကို ဒိုလော့အရှင် ဘာကိစ္စများ ကြွမြန်းလာရသလဲဆိုတာ သိပါရစေ"
သူ့တွင် အခြားရွေးချယ်စရာ မရှိတော့ချေ။ အခြေအနေက အဘက်ဘက်က အသာစီးရနေသည်။ အညံ့ခံလိုက်ခြင်းက သေရမည့်ဘေးထက်စာလျှင် ပို၍ သာလွန်ပြီး ဘွဲ့ခံဒိုလော့တစ်ယောက်ထံ အရှုံးပေးရခြင်းမှာ အရှက်ရစရာ မဟုတ်ပေ။
"အဲလို မလုပ်ပါနဲ့ဦး။ မင်း စောစောက လေလုံးထွားနေတဲ့ ပုံစံကိုပဲ ငါ ပိုသဘောကျတယ်။ လက်တွေ့စစ်ဆေးမှုကို အောင်မြင်ဖို့အတွက် မင်းရဲ့လက်အောက်မှာ အမွှေးတိုင်တစ်တိုင်စာ အချိန်ပြည့်အောင် တောင့်ခံဖို့ လိုသေးတယ်လေ"
"အခု အမွှေးတိုင် တစ်ဝက်တောင် ကျန်သေးတာပဲ။ ပြီးတော့ မင်း ယားကျိကျိဖြစ်နေတာကိုလည်း ငါ ဆက်ပြီး ပျောက်အောင် လုပ်ပေးရဦးမယ်လေ" လင်းဖန်က သူ၏ သဲအိတ်အရွယ်အစားရှိသော လက်သီးကြီးကို ကြည့်ရင်း ပြုံးလိုက်သည်။
ကျောက်ဝူကျိ၏ မျက်နှာမှာ ဆီးသီးပျက်ကြီးလို ညှိုးချင်သွားတော့သည်။ လင်းဖန် တိုက်ခိုက်ရန် ပြင်ဆင်နေသည်ကို မြင်သောအခါ သူက လှမ်းအော်သည်။ "မျက်နှာကိုတော့ မထိုးပါနဲ့ဦး"
"အား..."
လင်းဖန်က ရှေ့သို့ လျင်မြန်စွာ လှမ်းတက်လိုက်ပြီး ပင့်လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။
ကျောက်ဝူကျိ၏ အစွမ်းမှာ လင်းဖန်အနေဖြင့် သူ၏ 'မြရောင်ပြာ ဓားရိပ်' ဝိညာဉ်ကို ထုတ်သုံးရလောက်အောင်အထိ မပြင်းထန်လှပေ။
"ရက်စက်လွန်းရာကျတယ်" ဒိုင်မုပိုင်က ဆက်မကြည့်ရဲတော့ဘဲ ရေရွတ်လိုက်သည်။
ဩစကာကလည်း ခေါင်းညိတ်ကာ ထောက်ခံရှာသည်။
"ခံရတာ တန်ပါတယ်" နင်ရုန်ရုန်ကတော့ ကမ္ဘာပျက်ရင် ကြည့်ချင်သည့် မျက်နှာပေးမျိုးဖြင့် နေကြာစေ့အချို့ကိုပင် ထုတ်စားနေသေးသည်။
ဇူကျူးချင်း၏ မျက်ဝန်းများကတော့ ဝေဝေဝါးဝါး ဖြစ်နေပြီး သူမ ဘာတွေ စဉ်းစားနေသည်ကို မည်သူမျှ မသိနိုင်ချေ။
"ရှောင်ဝူ... စောစောကတင် မောက်မာနေတဲ့ ဝိညာဉ်သူတော်စင်ကြီးက ဘွဲ့ခံဒိုလော့ရဲ့ လက်ထဲမှာ ဘာမှမတတ်နိုင်ဘဲ ခံနေရလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ သူက တကယ့်ကို ဝိညာဉ်ဆရာလောကရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ ဝိညာဉ်ဆရာကြီးတစ်ယောက်လို့ ခေါ်ဆိုဖို့ ထိုက်တန်ပါတယ်နော်... ဟုတ်တယ်မလား ရှောင်ဝူ" ထန်ဆန်း၏ မျက်ဝန်းများထဲတွင် တောင့်တမှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ဤမျှော်လင့်ချက်သည် စွမ်းအားကို တောင့်တသည့် အကြည့်မျိုး ဖြစ်သည်။
"အင်း... ဘွဲ့ခံဒိုလော့က တကယ့်ကို အစွမ်းထက်တာပဲ" ရှောင်ဝူက စိတ်မပါဘဲ ပြန်ဖြေလိုက်သည်။
ဝုန်း...
လင်းဖန်၏ ထိုးနှက်မှုကြောင့် လွင့်ထွက်သွားသော ကျောက်ဝူကျိသည် မြေပြင်ပေါ်သို့ ပြုတ်ကျကာ ကျင်းကြီးတစ်ခု ဖြစ်သွားခဲ့သည်။
ကျောက်ဝူကျိသည် ကျင်းကြီးထဲတွင် ခြေပစ်လက်ပစ် လဲလျောင်းနေရရှာသည်။
သူက ချက်ချင်းပင် အားယူကာ ကျင်းအနားသတ်သို့ ယိုင်တိုင်တိုင်ဖြင့် လျှောက်လာသည်။ သူ၏ မျက်ဝန်းထဲတွင်တော့ လင်းဖန်၏ ပုံရိပ်မှာ ရိပ်ရိပ် ရိပ်ရိပ်ဖြင့် အထပ်ထပ် ဖြစ်နေတော့သည်။
"တကယ့်ကို... အစွမ်းထက်တာပဲ" ကျောက်ဝူကျိ ဆက်ပြီး တောင့်မခံနိုင်တော့ဘဲ နောက်သို့ လန်ကျကာ တစ်ကိုယ်လုံး ညိုမည်းယောင်ကိုင်းလျက် ကျင်းကြီးထဲတွင် သတိလစ်သွားတော့သည်။
"လန်းဆန်းသွားတာပဲ။ ငါ ဘွဲ့ခံဒိုလော့အဆင့်ကို တက်လှမ်းနိုင်ခဲ့တုန်းကတောင် ဒီနေ့လောက် စိတ်လက်ပေါ့ပါးမှုကို မခံစားခဲ့ရဘူး" လင်းဖန်က သူ၏ လက်ချောင်းများနှင့် လည်ပင်းကို ဆန့်ထုတ်ကာ အကြောလျှော့လိုက်သည်။
ထို့နောက် လင်းဖန် ချက်ချင်း လှည့်ကြည့်လိုက်ပြီး ဒိုင်မုပိုင်နှင့် ဩစကာတို့ကို ခံ့ညားထည်ဝါစွာ စိုက်ကြည့်လိုက်သည်။
ကြောင်အမ်းနေကြသည့် ဒိုင်မုပိုင်နှင့် ဩစကာတို့သည် သန်မာထွားကျိုင်းလှသော လင်းဖန်က သူတို့ကို လှမ်းကြည့်လာသည်ကို မြင်သောအခါ စောစောက သူတို့ပြောခဲ့မိသည့် စကားများကို ပြန်လည်သတိရသွားပြီး ကြောက်လန့်တကြား တုန်ရင်သွားကြတော့သည်။
"ဟေ့... ရွှေကောင်... ပြီးတော့ ဝက်အူချောင်းကြီး ဦးလေး... မင်းတို့ ဘာလို့ ဆရာကျောက်ကို အဆောင်ဆီ ပြန်မခေါ်သွားကြသေးတာလဲ"
"သူ နိုးလာလို့ မြေပြင်ပေါ်မှာ ဒီအတိုင်း လဲနေတာကို တွေ့ရင် မင်းတို့ နှစ်ယောက်ကို အထူးတလည် ပြုစုစောင့်ရှောက်ပေးလိမ့်မယ်နော်" ဟု လင်းဖန်က သတိပေးလိုက်သည်။
"အာ... ဟုတ်... ဟုတ်ကဲ့ပါ ဒိုလော့အရှင်... အခုချက်ချင်း သွားပါပြီခင်ဗျာ" ထိုနှစ်ဦးစလုံး လန့်ဖျတ်သွားကြပြီး ချက်ချင်းပင် ကျောက်ဝူကျိကို မချီကာ မလှမ်းမကမ်းရှိ သစ်သားအိမ်လေးဆီသို့ အပြေးအလွှား ခေါ်ဆောင်သွားကြတော့သည်။
သူတို့၏ လှုပ်ရှားမှုများမှာ မည်သည့်တွန့်ဆုတ်မှုမျှမရှိဘဲ သွက်လက်မြန်ဆန်လှပေသည်။
"ကဲ... အားလုံးပဲ... မင်းတို့ လက်တွေ့စစ်ဆေးမှုကို အောင်မြင်သွားကြပြီ။ သွားပြီးတော့ အခြားဆရာတွေကို သတင်းပို့ကြတော့" လင်းဖန်က ထန်ဆန်းနှင့် အခြားသုံးဦးကို တည်ငြိမ်စွာ လက်ဝှေ့ယမ်းပြရင်း ပြောလိုက်သည်။
"ဒိုလော့အရှင်... ဒိုလော့အရှင်ရဲ့ ဘွဲ့အမည်က ဓားရိပ် မဟုတ်လားဟင်။ သမီး ဘာလို့ တစ်ခါမှ မကြားဖူးရတာလဲ။ ဒိုလော့အရှင်က တောမှီအကျော်အမော် တစ်ယောက်လားဟင်" နင်ရုန်ရုန်ကတော့ လင်းဖန်ကို မကြောက်မရွံ့ဘဲ စပ်စုချင်စိတ်ဖြင့် အနားသို့ တိုးကာ မေးမြန်းတော့သည်။
ကျူကျူချင်းကလည်း သူတို့၏ စကားဝိုင်းကို နားစွင့်နေမိသည် - "အကယ်၍ သူသာ တောမှီအကျော်အမော်တစ်ယောက် ဖြစ်နေပြီး ငါကသာ သူ့ရဲ့ တပည့် ဖြစ်ခွင့်ရမယ်ဆိုရင် ငါ့ရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်ကောင်း ပြောင်းလဲနိုင်လိမ့်မယ်"
"ဒါက ဘာသဘောလဲ။ 'ခုနစ်ပါးရတနာ ဖန်စီကျောင်းတော်ရဲ့ မင်းသမီးလေးက ငါ့ကို စည်းရုံးဖို့ ကြိုးစားနေတာလား" လင်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ တည်ငြိမ်စွာ မေးလိုက်သည်။
"ဒိုလော့အရှင်သာ သဘောတူမယ်ဆိုရင် သမီးကတော့ တကယ့်ကို ဝမ်းသာမိမှာပါ။ သမီးရဲ့ အဖေကလည်း ဒိုလော့အရှင်ကို သေချာပေါက် နွေးထွေးစွာ ကြိုဆိုမှာပါ" နင်ရုန်ရုန်က ပျော်ရွှင်စွာ ပြောသည်။
"ဟွန့်... ငါသာ အဖွဲ့အစည်းတစ်ခုခုထဲ ဝင်ချင်ရင် ကြာလှပြီ။ မင်း စည်းရုံးရမယ့် အလှည့်ကို ရောက်လာမှာ မဟုတ်ဘူး" ထိုသို့ပြောပြီးနောက် လင်းဖန်သည် သူ၏ ဝိညာဉ်ကို ဆင့်ခေါ်ကာ 'မြရောင်ပြာ ဓားရိပ်' အပေါ်သို့ ခြေချလျက် လေထဲသို့ ပျံသန်းထွက်ခွာသွားတော့သည်။
"တကယ့်ကို မိုက်တာပဲ။ အဘိုးဓားအတိုင်းပဲ" နင်ရုန်ရုန်တစ်ယောက် မျက်ဝန်းထဲတွင် ကြယ်ပွင့်လေးများ လင်းလက်လျက် ရေရွတ်နေမိသည်။
"ဟင်... သူ ဒီအတိုင်း ထွက်သွားတာလား။ ငါ့ကို သတ်ဖို့ ဘာလို့ မလာတာလဲ" ရှောင်ဝူ ကြောင်အမ်းသွားရသည်။ သူမက သေဖို့အတွက် အသင့်ပြင်ထားခဲ့သော်လည်း သူကတော့ ဒီအတိုင်း ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
"သူ ငါ့ကို ရိပ်မိမသွားတာများလား။ မဖြစ်နိုင်တာ... သူ တစ်ခုခုကို ကြံစည်နေတာ သေချာတယ်" ရှောင်ဝူ ခေါင်းကို ခါယမ်းကာ ထိုအတွေးကို ပယ်ဖျက်လိုက်သည်။
"ရှောင်ဝူ... သွားကြရအောင်။ ကွင်းပြင်ကျယ်ဆီ ပြန်သွားပြီး အခြားဆရာတွေကို ရှာရအောင်" ထန်ဆန်းက ရှောင်ဝူတစ်ယောက် အကြံအဖန်တွေ တွေးပြီး ခေါင်းခါနေသည်ကို မြင်သောအခါ အားကိုးရာမဲ့စွာဖြင့် သတိပေးလိုက်ရသည်။
လင်းဖန်သည် ရှီလိုင်ခဲကျောင်းတော်နှင့် အဝေးကြီးသို့ မသွားဘဲ တောင်နောက်ကွယ်ရှိ တောအုပ်လေးထဲသို့သာ လာခဲ့သည်။
စနစ်၏ နောက်ထပ်တာဝန်က ရှီလိုင်ခဲကျောင်းတော်နှင့် ပတ်သက်ဦးမလားဆိုတာကိုတော့ ဘုရားသခင်သာ သိပေလိမ့်မည်။