အခန်း (၅၀) စိတ်တိုင်းကျ ရတနာအိတ်ကို ရရှိခြင်း
သုံးရက်တာ ကုန်လွန်သွားခဲ့သည်။ ထိုသုံးရက်အတွင်း လင်းဖန်သည် ဝိညာဉ်ကွင်း ချိတ်ဆက်ပြီးနောက် သတ်ဖြတ်ခြင်းဓားမြှောင်နှင့် အသားကျအောင် ပြင်ဆင်နေခဲ့သည်။
ယနေ့သည် မိုးဖွဲဖွဲလေးများ အဆက်မပြတ် ရွာသွန်းနေပြီး ကောင်းကင်ဒေါဝ်မြို့တော်တစ်ခုလုံး မြူမှုံများ အုံ့ဆိုင်းကာ မှုန်မှိုင်းနေသော နေ့တစ်နေ့ ဖြစ်သည်။
လင်းဖန်သည် ညဉ့်နက်သန်းခေါင်ယံအချိန်တွင် မြူဖြူများအကြားမှ ဖြတ်သန်းကာ လွန်ခဲ့သော ဆယ်ရက်က ချန်ရန်ရွှယ် လိုက်ပြခဲ့သည့် တုကုပေါ်၏ နေအိမ်သို့ ရောက်ရှိလာခဲ့သည်။
အိမ်ရှေ့တွင် ရပ်နေရင်း ခြံဝင်းထဲသို့ပင် မဝင်ရသေးသော်လည်း အတွင်းခန်းမထဲမှ ထွက်ပေါ်နေသော ရှုပ်ထွေးပွေလီလှသည့် အရှိန်အဝါများကို သူ ခံစားသိရှိနေရသည်။
"တုကုပေါ်ကလည်း သနားစရာပဲ။ ဘွဲ့ခံတန်ခိုးရှင်တစ်ယောက် ဖြစ်နေတာတောင်မှ ကိုယ်ပိုင်ဝိညာဉ်ကြောင့် မျိုးဆက်တွေအတွက် ဖြေရှင်းလို့မရတဲ့ အဆိပ်ဒဏ်ကို ချန်ထားခဲ့ရတယ်" တုကုပေါ်၏ အဆိပ်ကြောင့် စွမ်းအင်များ ကမောက်ကမ ဖြစ်နေသည်ကို ခံစားမိပြီး လင်းဖန် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
ဝိညာဉ်များမှာ တကယ်ကို အံ့ဩစရာကောင်းလှသလို တစ်ခါတစ်ရံတွင်လည်း စိတ်ပျက်စရာ ကောင်းလှသည်။ ဥပမာအားဖြင့် တုကုပေါ် နိုးထလာခဲ့သော အဆိပ်ဂုဏ်သတ္တိရှိ ဝိညာဉ်သည် မိမိကိုယ်ကိုယ် နာကျင်စေရုံသာမက သူ၏ သားစဉ်မြေးဆက်များထံသို့ပါ လက်ဆင့်ကမ်း သယ်ဆောင်သွားစေသည်။
နင်ဖုန်းကျိကဲ့သို့ မွေးရာပါ ချို့ယွင်းချက် ပါလာသူများ သို့မဟုတ် ထန်ယွဲ့ဟွာကဲ့သို့ ဝိညာဉ်အသွင်ပြောင်းလဲမှု လွဲမှားသွားသူများလည်း ရှိကြသည်။
သို့သော်လည်း လင်းဖန်အနေဖြင့် တတ်နိုင်သည်က ဤမျှသာ ရှိပေသည်။
ထို့နောက် လင်းဖန်သည် တုကုပေါ်၏ ခြံဝင်းထဲသို့ ပျံသန်းဝင်ရောက်လိုက်ပြီး ပြတင်းပေါက်မှတစ်ဆင့် မှောင်မည်းနေသော အခန်းထဲသို့ ခိုးဝင်ခဲ့သည်။
ပထမထပ် ဧည့်ခန်းထဲတွင် ရပ်နေစဉ် ဒုတိယထပ်ရှိ အခန်းတစ်ခန်းထဲမှ နာကျင်စွာဖြင့် ညည်းညူနေသော အသံတိုးတိုးကို လင်းဖန် ကြားလိုက်ရသည်။
တုကုပေါ်သည် မိမိခန္ဓာကိုယ်ထဲမှ အဆိပ်အတောက်များ ပြန်လည်တိုက်ခိုက်လာသည့် နောက်ဆက်တွဲဝေဒနာကို အလူးအလဲ ခံစားနေရသည်မှာ ထင်ရှားလှသည်။
လင်းဖန်သည် အပေါ်ထပ်သို့ ခြေသံဖွဖွဖြင့် တက်သွားခဲ့သည်။
တုကုပေါ်သည် အခန်းထောင့်တစ်နေရာတွင် နာကျင်လွန်းသဖြင့် တစ်ကိုယ်လုံး ကွေးနေအောင် ခံစားနေရရှာသည်။
"ငါသာ နေဝင်ဆည်းဆာတောအုပ်ထဲက ရတနာမြေမှာ ရှိနေရင် အဆိပ်ဒဏ်က ဒီလောက်အထိ နာကျင်မှာ မဟုတ်ဘူး။"
တုကုပေါ်၏ မျက်နှာပေါ်တွင် ချွေးစက်များမှာ မိုးရေစက်များကဲ့သို့ စီးကျနေပြီး နားထင်မှ သွေးကြောများမှာလည်း ဖောင်းကြွနေသဖြင့် ကြောက်မက်ဖွယ် သွင်ပြင် ဖြစ်နေသည်။
ဤကဲ့သို့ ဖြစ်လာသည့် အချိန်တိုင်း တုကုပေါ်သည် သူ၏ အဆိပ်အတောက်များကို ဖိနှိပ်ပေးနိုင်သော ရေခဲနှင့် မီးတောက် ယင်ယန်စမ်းရေတွင်း၏ အကျိုးအာနိသင်ကို သတိရမိစမြဲ ဖြစ်သည်။
ထို့အပြင် လွန်ခဲ့သော ရှစ်လက ရေခဲနှင့် မီးတောက် ယင်ယန်စမ်းရေတွင်းမှ ထွက်ခွာလာခဲ့ရကတည်းက မိုးရွာသောနေ့များတွင် အဆိပ်အတောက် ပြန်လည်တိုက်ခိုက်သည့် ဝေဒနာမှာ တစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုပြင်းထန်လာကြောင်း တုကုပေါ် အထင်အရှား သိနေသည်။
"အဲဒီ အမုန်းတရားခံ ဓားရိပ်... ငါ့ရဲ့ ကျင့်ကြံတဲ့နေရာကို လုယူသွားတယ်။ မဟုတ်ရင် ငါ ဒီလိုအခြေအနေမျိုး ရောက်မှာ မဟုတ်ဘူး" လင်းဖန်အပေါ် ထားရှိသော တုကုပေါ်၏ မုန်းတီးမှုမှာ ပိုမိုနက်ရှိုင်းလာခဲ့သည်။
ကျိန်း...
ပိတ်ထားသော တံခါးကို လင်းဖန်က အရှိန်ဖြင့် တွန်းဖွင့်လိုက်သည်။ တုကုပေါ် လန့်ဖျပ်သွားပြီး တံခါးဝဆီသို့ မော့ကြည့်လိုက်မိသည်။
တံခါးဝ၌ ရပ်နေသော လူရိပ်ကို မြင်လိုက်ရသောအခါ သူ၏ မျက်ဝန်းများ ကျုံ့ဝင်သွားပြီး အံ့ဩတုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည် "ဓားရိပ်... မင်းက ဘာကိစ္စရှိလို့ ငါ့အိမ်ကို ရောက်လာတာလဲ။"
တုကုပေါ်သည် နာကျင်မှုဝေဒနာကို အာရုံစိုက်နေရသဖြင့် အိမ်ထဲသို့ လူတစ်ယောက် ဝင်ရောက်လာသည်ကိုပင် သတိမထားမိခဲ့ချေ။
သာမန်အခြေအနေမျိုးတွင် ဆိုပါက မိမိအိမ်ထဲသို့ တစ်စုံတစ်ယောက် ဝင်လာသည်ကို တုကုပေါ် သေချာပေါက် သိရှိနိုင်မည် ဖြစ်သည်။
"အို..." လင်းဖန်က လှောင်ပြောင်သရော်သော လေသံဖြင့် ဆိုလိုက်သည် "အဆိပ်တန်ခိုးရှင်... ဘာဖြစ်နေတာလဲဗျာ။ အကူအညီ လိုအပ်လို့လား။"
လင်းဖန်၏ လှောင်ပြောင်သော လေသံကို ကြားလိုက်ရသဖြင့် မူလကတည်းက ညိုမှိုင်းနေသော တုကုပေါ်၏ မျက်နှာမှာ ပို၍ပင် ပုပ်သိုးသွားတော့သည်။
"ဓားရိပ်... မင်း ဒီကို ဘာလာလုပ်တာလဲ" တုကုပေါ်က အံကြိတ်ကာ မေးလိုက်သည်။
"တုကုပေါ်... မင်း ဒီလောက်တောင် နာကျင်နေတာ၊ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဝိညာဉ်အရိုးထဲကို ဖိသွင်းပြီး ဝေဒနာကို လျှော့ချဖို့ မတွေးဖူးဘူးလား။" အမှန်အတိုင်း ပြောရလျှင် လင်းဖန် အလွန်အမင်း နားမလည်နိုင် ဖြစ်မိသည်၊ တုကုပေါ်ကဲ့သို့ လူတစ်ယောက်က ဤမျှ ရိုးရှင်းသော အခြေခံသဘောတရားကို မတွေးမိဘဲ နေမည်ဟု သူ မယုံကြည်ချေ။
တုကုပေါ် ကြောင်အသွားပြီး "မင်းပြောတာက ဘာအဓိပ္ပာယ်လဲ" ဟု မေးသည်။
"မင်းက တကယ်ပဲ မသိတာလား၊ ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေတာလား။ မင်း ဒီအဆိပ်တွေကို ကိုယ်တိုင် သယ်ဆောင်လာတာ နှစ်ပေါင်းများစွာ ရှိပြီ၊ ဆေးဝါးဗေဒအကြောင်းကိုလည်း အတိုင်းအတာတစ်ခုအထိ သုတေသနလုပ်ထားတာပဲ။ အဆိပ်ဂုဏ်သတ္တိရှိတဲ့ ဝိညာဉ်ပိုင်ရှင် တန်ခိုးရှင်တွေနဲ့လည်း အများကြီး ဆုံဖူးမှာပါ။"
"သားရဲဝိညာဉ်ပိုင်ဆိုင်တဲ့ အဆိပ်ဝိညာဉ်ဆရာတွေနဲ့ ကိရိယာဝိညာဉ်ပိုင်ဆိုင်တဲ့ ဝိညာဉ်ဆရာတွေကြားက ကွာခြားချက်ကို စဉ်းစားကြည့်ပါ။"
"အခြားသူတွေကို ထည့်မပြောရင်တောင် ငါသိသလောက် ဝိညာဉ်နန်းတော်မှာ အဆိပ်ဂုဏ်သတ္တိရှိတဲ့ ဝိညာဉ်ပိုင်ရှင် ဘွဲ့ခံတန်ခိုးရှင် တစ်ယောက်ရှိတယ်၊ သူ့နာမည်က ငါးပူတင်းတန်ခိုးရှင်လို့ ခေါ်တယ်၊ သူက မင်းလို ဝေဒနာမျိုး မခံစားရဘူး။"
"သူ့ရဲ့ ငါးပူတင်းဝိညာဉ်က အဆိပ်တွေကို ဘယ်မှာ သိုလှောင်ထားလဲ သိလား။ ငါးပူတင်းရဲ့ ဗိုက်ထဲက နေရာလွတ်ထဲမှာ သိုလှောင်ထားတာ။"
"အလားတူပဲ ကိရိယာဝိညာဉ်ပိုင်ဆိုင်တဲ့ အဆိပ်ဝိညာဉ်ဆရာတွေက သူတို့ရဲ့ အဆိပ်တွေကို ဝိညာဉ်ထဲမှာ သိုလှောင်ထားနိုင်တယ်။ ကိရိယာဝိညာဉ်က ခန္ဓာကိုယ်နဲ့ ပေါင်းစပ်ဖို့ မလိုတဲ့အတွက် အသုံးပြုသူအပေါ် ဘာသက်ရောက်မှုမှ မရှိဘူး။"
"မင်းကျတော့ အလွန်အမင်း ပြင်းထန်တဲ့ အဆိပ်စွမ်းအားကို လိုချင်လို့ မြစိမ်းမြွေဟောက်ရဲ့ အဆိပ်တွေကို တစ်ကိုယ်လုံးမှာ ပျံ့နှံ့စေခဲ့တယ်၊ ဒါကြောင့်မို့လို့ မင်းကိုယ်တိုင် ရှာဖွေခဲ့တဲ့ အဆိပ်ဒဏ်တွေကြားမှာ ပြန်ပြီး ဝေဒနာ ခံစားနေရတာပေါ့။"
လင်းဖန်က စိတ်ပျက်လက်ပျက်ဖြင့် ရှင်းပြလိုက်သည်။ တုကုပေါ်၏ လက်ထဲတွင် ရှိနေသော စိတ်တိုင်းကျ ရတနာအိတ်အတွက်ကြောင့် သူအနည်းငယ် လမ်းညွှန်ပေးလိုက်ခြင်းမှာ နစ်နာစရာ မရှိပေ။
"မင်း ညဉ့်နက်သန်းခေါင်ယံမှာ ငါ့အိမ်ကို ခိုးဝင်လာပြီး၊ ငါ့ကို ဒါတွေအကုန်လုံး လာပြောပြလောက်အောင် စေတနာကောင်းနေတာ ဟုတ်လို့လား" တုကုပေါ်က ဝေဒနာကို အောင့်အီးသည်းခံရင်း လင်းဖန်ကို လှမ်းပြောလိုက်သည်။
"မိသွားပြီပဲ" လင်းဖန်က အနည်းငယ် ပြုံးလိုက်ပြီး "တကယ်တော့ ငါ မကြာသေးခင်က ကောင်းကင်ဒေါဝ်မြို့တော်ထဲမှာ စုံစမ်းကြည့်တော့ မင်းဆီမှာ သက်ရှိသတ္တဝါတွေကို ထည့်လို့ရတဲ့ ရတနာအိတ်တစ်လုံး ရှိတယ်လို့ သိရတယ်။"
"ဒါကြောင့် ဒီည မင်းနဲ့ အရောင်းအဝယ်တစ်ခု လုပ်ဖို့ လာခဲ့တာ။"
"ငါ မင်းကို ရွှေဒင်္ဂါး တစ်သိန်း ပေးမယ့်အပြင်၊ အဆိပ်တွေကို ဖိနှိပ်ဖို့အတွက် နေဝင်ဆည်းဆာတောအုပ်ထဲက အဆိပ်ရတနာမြေထဲကို ဝင်ခွင့်ပြုမယ်။"
"ဒါပေမဲ့ မင်းအထဲမှာ ရှိနေတဲ့ အချိန်အတွင်းမှာ တခြားဘယ်သူ့ကိုမှ အထဲပေးမဝင်ရဘူး။"
"ဒီအရောင်းအဝယ်ကို ဘယ်လိုသဘောရလဲ။"
သနားစရာကောင်းသော တုကုပေါ်မှာ ၎င်းကို ရေခဲနှင့် မီးတောက် ယင်ယန်စမ်းရေတွင်းဟု ခေါ်ဆိုကြောင်း အခုထိ မသိသေးသလို၊ လင်းဖန်ကလည်း အသေးစိတ် ရှင်းမပြခဲ့ချေ။
တုကုပေါ် အံ့အားသင့်သွားသည်။ လင်းဖန်၏ တောင်းဆိုချက်က လွန်စွာ ရိုးရှင်းလွန်းလှသည်။ သူက လမ်းညွှန်ချက် ပေးခဲ့သည့်အပြင် ထိုရတနာမြေထဲသို့ပင် ပြန်လည်ဝင်ရောက်ခွင့်ပြုမည်ဟု ကတိပေးခဲ့သည်၊ ဤအရာအားလုံးမှာ သူ၏ လက်ထဲရှိ သေးငယ်သော ရတနာအိတ်တစ်လုံးအတွက်သာ ဖြစ်သည်။
တုကုပေါ် မှတ်မိသလောက်ဆိုလျှင် လေလံပွဲတစ်ခုတွင် ဤရတနာအိတ်ကို ရွှေဒင်္ဂါး ငါးသောင်းကျော်မျှသာ ပေး၍ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
"ဒီလောက်တင်ပဲလား" တုကုပေါ်က မတင်မကျ ဖြစ်နေသော ခံစားချက်ဖြင့် သံသယဝင်ကာ မေးလိုက်သည်။
"တုကုပေါ်... မင်း ငါ့ကို အဲဒီလောက်အထိ သံသယဝင်နေဖို့ မလိုပါဘူး။ မင်းကို သတ်ရတာ ငါ့အတွက် လွယ်လွယ်လေးရယ်၊ ပြီးတော့ မင်းရဲ့ အဆိပ်တွေက ငါ့အပေါ် ဘာမှ အာနိသင်မရှိဘူးဆိုတာလည်း မင်း သိပါတယ်။"
"ဒါ့အပြင် ငါနဲ့ မင်းကြားမှာ တိုက်ရိုက် ရန်ငြိုးရန်စရယ်လို့လည်း မရှိပါဘူး။"
ပြောပြီးသည်နှင့် လင်းဖန်သည် မိမိ၏ အစွမ်းကို တုကုပေါ် သိရှိစေရန်အတွက် ဝိညာဉ်စွမ်းအား အနည်းငယ်ကို ထုတ်လွှတ်လိုက်သည်။
"အဆင့် ၉၅ (စူပါဒိုလော့)။ ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ လွန်ခဲ့တဲ့ ရှစ်လတုန်းက မင်းက အဆင့် ၉၂ (တိုက်တယ်ဒိုလော့)ပဲ ရှိသေးတာလေ။" တုကုပေါ် မျက်လုံးအပြူးသား ဖြစ်သွားခဲ့သည်။
"အခုကော ငါ့ကို ယုံပြီလား" လင်းဖန်က အေးအေးလူလူ ဆိုလိုက်သည်။
"ကောင်းပြီလေ... မင်း ငါ့ကို အဲဒီရတနာမြေထဲ ဝင်ခွင့်ပြုမယ်ဆိုရင် မင်းရဲ့ ရွှေဒင်္ဂါးတွေကို ငါမလိုချင်ဘူး၊ ပြီးတော့ အဲဒီရတနာမြေကို စောင့်ရှောက်ဖို့လည်း ငါ ကူညီပေးနိုင်တယ်" တုကုပေါ် မိနစ်အနည်းငယ်ခန့် စဉ်းစားပြီးနောက် လင်းဖန်၏ အရောင်းအဝယ်ကို သဘောတူလိုက်လေတော့သည်။
တစ်ပြိုင်နက်တည်းမှာပင် တုကုပေါ်သည် ပိုးထည်အိတ်ငယ်လေးနှင့် တူသော စိတ်တိုင်းကျ ရတနာအိတ်ကို ထုတ်ယူကာ လင်းဖန်ထံ ကမ်းပေးလိုက်သည်။
"မင်းနဲ့ အရောင်းအဝယ် တည့်ရတာ ဝမ်းသာပါတယ်" လင်းဖန်က ပြုံးရင်း ထိုရတနာအိတ်ကို လှမ်းယူလိုက်သည်။
"ဒါဆိုရင် ငါ မင်းကို ဆက်ပြီး မနှောင့်ယှက်တော့ဘူး။ ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ဝိညာဉ်အရိုးထဲ ဖိသွင်းတဲ့နည်းကို မင်း စမ်းကြည့်လိုက်ဦး။"
ပြောပြီးသည်နှင့် လင်းဖန်သည် တုကုပေါ်၏ အိမ်မှ ထွက်ခွာလာခဲ့သည်။
"ဒီဓားရိပ်ဆိုတဲ့လူက တကယ်ပဲ ဘယ်သူလဲ။ ငါ သူ့ဘေးကနေ ထွက်လာပြီး ကောင်းကင်ဒေါဝ်မြို့တော်ကို ပြန်ရောက်ကတည်းက စုံစမ်းကြည့်တာ သူ့အကြောင်း တစ်လုံးမှ မကြားမိဘူး။ ဒါ့အပြင် ရှစ်လအတွင်းမှာတင် ဝိညာဉ်စွမ်းအား သုံးဆင့်တောင် တက်သွားတယ်... ဒါက ဘွဲ့ခံတန်ခိုးရှင်တစ်ယောက်ရဲ့ ဝိညာဉ်စွမ်းအားပဲဥစ္စာ။"
လင်းဖန် တကယ်ပဲ ထွက်ခွာသွားသည်ကို မြင်လိုက်ရသောအခါ တုကုပေါ် စိတ်ထဲတွင် ရေရွတ်ရင်း ကျန်ရစ်ခဲ့သည်။
ထိုစဉ်က တုကုပေါ်သည် ရေခဲနှင့် မီးတောက် ယင်ယန်စမ်းရေတွင်းမှ လင်းဖန်ကြောင့် မောင်းထုတ်ခံရပြီးနောက် မြို့တော်သို့ ပြန်လာကာ မင်းသားရွှဲရှင်းကို လင်းဖန်၏ အချက်အလက်များ ရှာဖွေပေးရန် အကူအညီတောင်းခဲ့သော်လည်း၊ နောက်ဆုံးတွင် တုကုပေါ်သည် "ဓားရိပ်" ဟူသော နာမည်နှင့် ပတ်သက်၍ မည်သည့်အချက်အလက်မျှ ရှာမတွေ့ခဲ့ချေ။
လင်းဖန်သည် တုကုပေါ်၏ အိမ်မှ ထွက်လာပြီးနောက် မိမိအိမ်သို့ ပြန်မသွားဘဲ၊ စိတ်တိုင်းကျ ရတနာအိတ်ကို ကိုင်ဆောင်ကာ နေဝင်ဆည်းဆာတောအုပ်ဆီသို့ တိုက်ရိုက် ဦးတည်ထွက်ခွာခဲ့သည်။
ညဉ့်နက်သန်းခေါင်ယံ အချိန်ဖြစ်သော်လည်း နေဝင်ဆည်းဆာတောအုပ်ထဲတွင် လင်းဖန် ကြောက်ရွံ့ရမည့် ဝိညာဉ်သားရဲ ဟူ၍ မရှိချေ၊ နှစ်ပေါင်း တစ်သိန်း သက်တမ်းရှိ ဝိညာဉ်သားရဲများနှင့် မတော်တဆ ဆုံတွေ့ခြင်းမျိုး မဟုတ်လျှင်ပေါ့။
နံနက် သုံးနာရီကျော်တွင် လင်းဖန်သည် တိတ်ဆိတ်ငြိမ်သက်နေသော ရေခဲနှင့် မီးတောက် ယင်ယန်စမ်းရေတွင်းသို့ ရောက်ရှိလာခဲ့သည်။
မြေပြင်ပေါ်တွင် ဖုံးလွှမ်းနေသော ပန်းများနှင့် အပင်များကို ကြည့်ကာ လင်းဖန်က ဝမ်းသာအားရ ရေရွတ်လိုက်သည် "နောက်ဆုံးတော့ ငါ ခူးဆွတ်လို့ရပြီ။"
ချက်ချင်းပင် လင်းဖန်သည် ချောက်ကမ္ဘာဦးအောက်ခြေသို့ ခုန်ဆင်းလိုက်ပြီး၊ နတ်ဆေးပင်များကို တစ်ပင်ပြီးတစ်ပင် စိတ်တိုင်းကျ ရတနာအိတ်ထဲသို့ သိမ်းဆည်းထည့်သွင်းလိုက်တော့သည်။
ကတ္တီပါရောင်စုံ နှင်းပန်း၊ ကြက်ခြံနီ ဖီးနစ်နေကြာ၊ မွှေးပျံ့သော ကတ္တီပါပန်း စသည်ဖြင့်။
အထူးသဖြင့် ပန်းများ၏ ဘုရင်ဟု လူသိများသော လွမ်းဆွတ်ကြေကွဲဖွယ် အနီရောင် နတ်ဆေးပင်ကိုလည်း လင်းဖန် သဘာဝကျကျပင် ဆွတ်ခူးသိမ်းဆည်းလိုက်သည်။
တစ်နာရီနီးပါး အချိန်အတွင်း လင်းဖန်သည် စမ်းရေတွင်းဘေးပတ်ပတ်လည်ကို ရှာဖွေခူးဆွတ်ခဲ့သည်။ မူရင်းဇာတ်လမ်းထဲတွင် ပါဝင်ခဲ့ဖူးသော နတ်ဆေးပင်အဆင့်ရှိ အပင်တိုင်းကို ခူးဆွတ်ခဲ့ပြီး တစ်ပင်မျှပင် ကျန်ရစ်အောင် မလုပ်ခဲ့ချေ။