အခန်း (၅) ဒီဘက်ခေတ်မှာ အမှန်တရားကို ဘယ်သူမှ မယုံကြတော့ဘူး
လူချီပင်းသည် ရန်သူကို ရင်ဆိုင်နေရုံတင်မကဘဲ ခြောက်လှန့်ခံထားရသည့် ငှက်ငယ်တစ်ကောင်လိုပါ တုန်လှုပ်နေခဲ့ပြီ ဖြစ်သည်။
လူတစ်ယောက်၏ အစွမ်းက အခြားသူများထက် အဆမတန် သာလွန်နေချိန်တွင် တိုက်ခိုက်လိုစိတ် သတ္တိဟူသည် အလိုအလျောက် ပျောက်ကွယ်သွားရစမြဲပင်။
"မင်း ငါ့ကို ဆက်တားဦးမလို့လား" လင်းဖန်က အေးစက်စက် လေသံဖြင့် မေးလိုက်သည်။
"အရှင်... ကျွန်တော်မျိုး မဝံ့ရဲပါဘူးခင်ဗျာ" လီယုဆုန်းက ထိုလူကို ဘာကြောင့် အတွင်းထဲ ပေးဝင်လိုက်သလဲဆိုသည်ကို လူချီပင်း အခုမှပဲ ကောင်းကောင်း သဘောပေါက်သွားတော့သည်။
ဘယ်သူကများ သူ့ကို မပေးဝင်ဘဲ နေဝံ့မည်နည်း။ လာတားလျှင်ပင် အပိုသာ ဖြစ်ပေလိမ့်မည်။
"အဲဒါဆိုရင် ဖယ်စမ်း။ ငါ ကျောက်ဝူကျိကို သွားထုမလို့ မင်းက လမ်းပိတ်ပြီး အချိန်ဆွဲနေတယ်"
"စိတ်တိုင်းကျ ဆောင်ရွက်ပါ အရှင်" လူချီပင်းသည် မည်သည့်ဒေါသမျှ မပြဝံ့တော့ဘဲ သူ၏ ဝိညာဉ်ကို သိမ်းဆည်းကာ ဘေးသို့ အမြန်ဖယ်ပေးလိုက်ရသည်။
လင်းဖန်သည် ပျဉ်းကတ်လမ်းလေးအတိုင်း ကျောင်းတော်အဆောက်အအုံများဆီသို့ တောက်လျှောက် လျှောက်လာခဲ့သည်။ ခုံးကျော်တံခါးဝတစ်ခုကို ဖြတ်ကျော်လိုက်ပြီးနောက် ကွင်းပြင်ကျယ်တစ်ခုသို့ ရောက်ရှိလာရာ ထန်ဆန်း ရှောင်ဝူ ဇူကျူးချင်းနှင့် နင်ရုန်ရုန်တို့ လေးယောက်ပေါင်းကာ ကျောက်ဝူကျိကို တိုက်ခိုက်နေကြသည်ကို မြင်လိုက်ရသည်။
မြေပြင်ပေါ်တွင်တော့ စစ်ဆေးမှုအချိန်အတွက် အမွှေးတိုင်တစ်တိုင် မီးညှိထားဆဲ ဖြစ်သည်။
ဘေးကနေ စောင့်ကြည့်နေကြသည့် ဒိုင်မုပိုင်နှင့် အော်စကာတို့သည် လင်းဖန် ရောက်လာသည်ကို သတိပြုမိသွားကြသည်။
"ဟေ့... မင်း ဘာလို့ ဒီကို ပြန်လာတာလဲ။ ထွက်ပြေးသွားတာ မဟုတ်ဘူးလား" ဒိုင်မုပိုင်က ရှေ့သို့ လှမ်းလာပြီး စိတ်တိုတိုဖြင့် မေးလိုက်သည်။
"လက်တွေ့တိုက်ခိုက်မှု စစ်ဆေးပွဲမှာ ပါဝင်မလို့ပေါ့ကွ" လင်းဖန်က မကျေမနပ်ဖြင့် ခပ်ရွရွ ပြန်ပြောလိုက်သည်။
အကယ်၍ စနစ်သာ ဒြပ်မဲ့အရာ မဟုတ်ဘဲ လူတစ်ယောက် ဖြစ်နေပါက လင်းဖန် အပြင်သို့ ဆွဲထုတ်ပြီး အသေထုပစ်မိလိမ့်မည်။ ဂုဏ်သိက္ခာကြီးမားလှသည့် ဘွဲ့ခံဒိုလော့တစ်ယောက်က ဝိညာဉ်သူတော်စင်တစ်ယောက်၏ စစ်ဆေးမှုကို ခံယူနေရသည်တဲ့။
ပြီးတော့ ကျောက်ဝူကျိ၏ လက်အောက်တွင် အမွှေးတိုင်တစ်တိုင်စာ အချိန်ပြည့်အောင် ကြံ့ကြံ့ခံရဦးမည်။
ကျောက်ဝူကျိက ကြံ့ကြံ့ခံရမှာလား သူကိုယ်တိုင်ကပဲ တောင့်ခံရမှာလား။
အော်စကာက လင်းဖန်အနားသို့ တိုးလာပြီး ရှင်းပြသည်။ "မင်းက ဝိညာဉ်ဆရာကြီး အဆင့် ဖြစ်နိုင်ပေမဲ့ ဆရာကျောက်က အဆင့် ၇၆ ရှိတဲ့ ဝိညာဉ်သူတော်စင်ဗျ။ သူ့ရဲ့ တိုက်စစ်နဲ့ ခံစစ်က တစ်သားတည်း ရှိနေပြီး ဘာအားနည်းချက်မှ မရှိဘူး။ ဒါတွေ ခဏထားဦး... မင်း စောစောက ဝက်အူချောင်း နှစ်ချောင်းအတွက် ပိုက်ဆံ မပေးရသေးဘူးနော်"
နောက်ဆုံးစာကြောင်းကို ပြောပြီးသည်နှင့် အော်စကာက လင်းဖန်ထံသို့ လက်ဝါးဖြန့်ကာ တောင်းတော့သည်။ "တစ်ချောင်းကို ကြေးပြား ငါးပြား နှစ်ချောင်းဆိုတော့ တစ်ဆယ်ဗျာ။ ကျေးဇူးပြုပြီး ပေးပါဦး"
လင်းဖန်က အော်စကာကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး "မင်း အမြင်က တော်တော်ကျဉ်းတာပဲ။ မင်းရဲ့ ဝက်အူချောင်းတွေကို ငါကြိုက်တာ မင်းရဲ့ ကံကောင်းမှုပဲ။ နောက်ဆိုရင် ငါ လမ်းညွှန်ပေးတယ်လို့သာ ပြောလိုက် ရောင်းမလောက် ဖြစ်သွားစေရမယ်"
"ဘာပဲဖြစ်ဖြစ် ဘွဲ့ခံဒိုလော့တစ်ယောက်က မင်းရဲ့ ဝက်အူချောင်းကို အရည်အသွေး အာမခံပေးတယ်ဆိုတဲ့ ကြော်ငြာမျိုးက မင်းအတွက် အမြတ်ကြီးစား ရလိုက်တာနဲ့ တူတူပဲ"
ဒိုင်မုပိုင်က အော်စကာ၏ ဘေးသို့ ရောက်လာပြီး နှာခေါင်းရှုံ့ကာ လှောင်ပြောင်သည်။ "ဟားဟား... မင်းကိုယ်မင်း အဲဒီ ဘွဲ့ခံဒိုလော့လို့ ပြောမလို့တော့ မလုပ်နဲ့လေ"
"ဘွဲ့ခံဒိုလော့တွေကို မုန်လာဥတွေလို အလွယ်တကူ မြင်ရမယ် ထင်နေလား။ မြင်ချင်တိုင်း မြင်လို့ရမလား။ ဒီမြေတိုက်ကြီးတစ်ခုလုံးမှာ ဘွဲ့ခံဒိုလော့ ဘယ်လောက်နည်းလဲ မင်းသိလား။ ပိုက်ဆံမရှိလို့ မပေးနိုင်ရင်လည်း မပေးနိုင်ဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောပါ"
လင်းဖန်က တည်ငြိမ်စွာဖြင့်ပင် "ဟူး... ဒီဘက်ခေတ်မှာ အမှန်တရားကို ဘယ်သူမှ မယုံကြတော့ပါလား။ ငါက စိတ်သဘောထားကောင်းလို့။ မင်းသာ ဒူကူပိုင်လို လူမျိုးနဲ့ တွေ့ပြီး အဲဒီလို သွားပြောရင် ဘယ်လိုသေသွားမှန်းတောင် သိလိုက်မှာ မဟုတ်ဘူး"
ဒိုင်မုပိုင်က အထင်သေးသော လေသံဖြင့် "ဟွန့်... ဒူကူပိုင်က ဘယ်သူလဲ။ နာမည်တောင် မကြားဖူးဘူး"
"ဟုတ်ပါဟ ဒူကူပိုင်က ဘယ်သူလဲ" ဟု အော်စကာကလည်း ဝင်မေးသည်။
လင်းဖန်က ခေါင်းကို ခါယမ်းလိုက်ရင်း "တကယ်ပဲ အတွေ့အကြုံမရှိတဲ့ လူငယ်လေးတွေပါပဲ။ ကုန်းမြေတိုက်ကြီးတစ်ခုလုံးမှာ အဆိပ်အတောက် ဖြစ်စေတဲ့နေရာမှာ ပြိုင်ဘက်မရှိလို့ နာမည်ကြီးလှတဲ့ အဆိပ်ဘွဲ့ခံဒိုလော့ကိုတောင် မသိကြဘူး"
ဒိုင်မုပိုင်က ဘာပြန်ပြောရမှန်းမသိဘဲ "နာမည်သက်သက်ပဲ ပြောနေတော့ ဘယ်သူက သိမှာလဲ။ အဆိပ်တန်ခိုးရှင်လို့ ဘွဲ့အမည်ကို ပြောရင်တော့ ငါ သိတာပေါ့။ မင်းကိုယ်မင်း ဘွဲ့ခံဒိုလော့လို့ ကြွေးကြော်နေမှတော့ ဟိုးရှေ့ကို သွားပြီး ဆရာေကျာက်ရဲ့ လက်အောက်မှာ အမွှေးတိုင်တစ်တိုင်စာ အချိန်ပြည့်အောင် တောင့်ခံပြလိုက်လေ။ အဲဒါဆိုရင် လက်တွေ့စစ်ဆေးမှုကို အောင်မြင်မှာပဲ"
"လေလုံးထွားတာတော့ ဘယ်သူမဆို လုပ်တတ်တာပဲ မဟုတ်လား"
ဒိုင်မုပိုင်က ရဲ့ရဲ့ကြီး လှောင်ပြောင်လိုက်သည်။ လင်းဖန်၏ စကားများကို လုံးဝမယုံကြည်ဘဲ လင်းဖန်၏ ဦးနှောက်တွင် ပြဿနာတစ်ခုခု ရှိနေသည်ဟုသာ ပို၍ ထင်မှတ်နေပုံရသည်။
"ဟုတ်ပဗျာ... အဲဒီလောက် ဟုတ်နေရင် ထန်ဆန်းတို့နဲ့အတူ ပေါင်းပြီး ဆရာကျောက်ရဲ့ စမ်းသပ်မှုကို သွားခံယူလိုက်ပါလား" ဟု အော်စကာကလည်း ထောက်ခံသည်။
"ရယ်စရာပဲ။ ငါက ဂုဏ်သိက္ခာကြီးမားတဲ့ ဘွဲ့ခံဒိုလော့တစ်ယောက်ဖြစ်ပြီး ဝိညာဉ်သူတော်စင်အဆင့်လောက်လေးကို တိုက်ဖို့ သူတို့နဲ့ အဖွဲ့ဖွဲ့ရမယ် ဟုတ်လား။ ဒီအကြောင်းသာ အပြင်ပေါက်သွားရင် ငါ့မျက်နှာ ဘယ်နား သွားထားရမလဲ" လင်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ခေါင်းကို အပေါ်မော့ရင်း မောက်မာဝင့်ကြွားစွာ ပြောလိုက်သည်။
"စနစ်ကတော့ တကယ်ကို ထူးဆန်းတာပဲ။ ငါ့ကို ဘာစိန်ခေါ်မှုမှမရှိတဲ့ အရာမျိုးတွေ လာခိုင်းနေတယ်" လင်းဖန်၏ စိတ်ထဲတွင် စနစ်အပေါ် ချစ်ခြင်းနှင့် မုန်းခြင်းတို့ ဒွန်တွဲနေမိသည်။
"ဆရာကျောက်... ဒီမှာ ကျောင်းဝင်ခွင့် စစ်ဆေးချင်တဲ့ ကျောင်းသားအသစ်တစ်ယောက် ထပ်ရောက်နေတယ်ဗျ" ဒိုင်မုပိုင်သည် လင်းဖန်၏ လေပေါနေမှုများကို ဆက်မနားထောင်နိုင်တော့သဖြင့် ကျောက်ဝူကျိထံသို့ တိုက်ရိုက် လှမ်းအော်ပြောလိုက်သည်။
ကျောက်ဝူကျိ၏ တစ်ကိုယ်လုံးရှိ ကြီးမားလှသော ကြွက်သားကြီးများက ဖုဖုထထ ဖြစ်နေသည်။ သူက ထန်ဆန်း ရှောင်ဝူနှင့် ကျူကျူချင်းတို့၏ တိုက်ကွက်များကို တွန်းလှန်ပစ်လိုက်ရင်း လင်းဖန်ရှိရာဘက်သို့ လှည့်ကြည့်လာသည်။
"နောက်တစ်ယောက် ထပ်လာပြန်ပြီလား။ ကောင်းတာပေါ့။ ငါကတောင် အားမရ ဖြစ်နေတာ။ ကဲ... အကုန်လုံး အတူတူ လာခဲ့ကြစမ်း" ကျောက်ဝူကျိက မဲ့ပြုံးပြုံးလိုက်ရင်း လင်းဖန်ကို လှမ်းအော်သည်။ "ကလေးလေး... မင်းက ငါ့ကို ယားကျိကျိဖြစ်အောင် လုပ်ပေးနိုင်မယ့် တိုက်စစ်ဝိညာဉ်ဆရာတစ်ယောက် ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်ကွာ"
ရှောင်ဝူ၏ မျက်နှာ ညိုမည်းသွားကာ "အစ်ကိုသုံး... ဟို အရှက်မရှိတဲ့ ကာမဂုဏ်လိုက်စားတဲ့ ဦးလေးကြီး ပြန်လာပြန်ပြီ။ သူ ဒီကို ထပ်ရောက်လာတာပဲ။ ငါတော့ ဒီကျောင်းမှာ ဆက်မနေချင်တော့ဘူး။ ဆရာကြီးစကားကို နားထောင်ပြီး ဒီလို ထူးထူးဆန်းဆန်း ကျောင်းကို မလာခဲ့သင့်ဘူး"
ထန်ဆန်းက ရှောင်ဝူကို လေသံတိုးတိုးဖြင့် ပြန်ပြောသည်။ "သူ့ရဲ့ အပြုအမူက အရှက်မရှိသလို ဖြစ်နေပေမဲ့ သူ့ရဲ့ အစွမ်းက တကယ့်ကို အားကိုးရတယ်။ ပြီးတော့ အဲဒီတုန်းက သူ ငါတို့ကို သေကြောင်းကြံစည်ဖို့ စိတ်မရှိခဲ့ဘူးဆိုတာ ငါ ခံစားမိတယ်"
နင်ရုန်ရုန်က နောက်သို့ လှည့်ကြည့်ရင်း စိတ်ထဲမှ "စိတ်ဝင်စားစရာကောင်းတဲ့ ဦးလေးကြီးပဲ" ဟု တွေးလိုက်မိသည်။
လင်းဖန်သည် ကျောက်ဝူကျိ၏ စကားများကို ကြားရသောအခါ စိတ်အနှောင့်အယှက် ဖြစ်သွားသည်။
"အစကတော့ မင်းကို အညှာအတာပေးဖို့ ရည်ရွယ်ထားတာ။ ဒါပေမဲ့ မင်းက အဲဒီလို ပြောလာမှတော့ ငါက မင်းရဲ့ ဆန္ဒကို မဖြည့်ဆည်းပေးရင် လူမဆန်ရာ ကျလိမ့်မယ်။ အမွှေးတိုင်တစ်တိုင်စာ... မင်းကို ငါ အလဲထိုးနေတဲ့ အချိန်အတွင်းမှာ သတိမလစ်ဘဲ တောင့်ခံနိုင်ရင် ငါ့ဘက်က အရှုံးပေးမယ်" လင်းဖန်က ရှေ့သို့ လျှောက်လှမ်းသွားပြီး ကျောက်ဝူကျိကို အေးစက်စွာ ပြောလိုက်သည်။
"ဆရာ ကျောက်... သတိထားဦးနော်။ သူက သူ့ကိုယ်သူ ဘွဲ့ခံဒိုလော့လို့ ပြောနေတာ" ဒိုင်မုပိုင်က မီးလောင်ရာလေပင့် လုပ်လိုက်သည်။
"ဟင်... ဘွဲ့ခံဒိုလော့က ဘယ်နားမှာလဲ" ရှောင်ဝူ လန့်ဖျတ်သွားပြီး ဒိုင်မုပိုင်ကို ကြည့်လိုက်သည်။
"ဟားဟား... မင်းက ဘွဲ့ခံဒိုလော့ ဟုတ်လား" ကျောက်ဝူကျိက လင်းဖန်ကို အကဲခတ်ရင်း "မင်းအသက်က အသက် ၁၂ နှစ်ထက် ကျော်နေတာ သိသာပါတယ်။ အသက် နှစ်ဆယ်ကျော်လောက် ရှိဦးမယ်။ လီလေးတစ်ယောက် အလုပ်လုပ်တာ ဘယ်လိုဖြစ်နေတာလဲ မသိဘူး။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ မင်း ရောက်လာမှတော့ ငါနဲ့ အရင်ကစားဦး ပြီးမှ လီလေးနဲ့ စာရင်းရှင်းရမယ်"
"ဒါနဲ့ ကောင်လေး... မင်း ဘွဲ့ခံဒိုလော့ကို တစ်ခါမှ မမြင်ဖူးဘူးမလား။ ဘွဲ့ခံဒိုလော့ ဖြစ်ဖို့ဆိုရင် ငါ့လိုမျိုး တစ်ကိုယ်လုံး ကြွက်သားတွေ ဗလတွေနဲ့ ပြည့်နေမှ ဖြစ်နိုင်တာကွ"
သူ ဆိုလိုချင်သည်မှာ - မင်းလို မင်းသားလေးလို ရုပ်ရည်မျိုးနဲ့ ဘွဲ့ခံဒိုလော့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဟူ၍ပင်။
"လူငယ်တွေ အတွေ့အကြုံမရှိတာကို ငါ နားလည်ပါတယ်။ ဒါပေမဲ့ နာမည်ကျော် 'မလှုပ်မယှက် တောက်ပသော ဘုရင်' ကလည်း သူ့ရဲ့ ကျောင်းသားတွေလိုပဲ အမြင်ကျဉ်းလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး" လင်းဖန်က ခေါင်းကို ခါယမ်းကာ အထင်သေးစွာ ပြောလိုက်သည်။
"မင်းတို့အားလုံး နောက်ဆုတ်လိုက်ကြ။ ကျောင်းဝင်ခွင့် စစ်ဆေးမှုကို ငါပဲ တာဝန်ယူပေးမယ်" ဟု လင်းဖန်က တည်ငြိမ်စွာ ဆိုသည်။
"ဦးလေး... သမီး ကူညီပေးရမလား" နင်ရုန်ရုန်က ပွဲကြည့်ချင်သည့် မျက်နှာပေးဖြင့် ပြောလိုက်သည်။
"မင်းကလည်း... သွား... ဟိုဘက်မှာ သွားဆော့ချေ။ မင်းရဲ့ အဖေ လာရင်တောင် ပိုပြီး သင့်တော်ဦးမယ်" လင်းဖန်က စကားမဲ့စွာဖြင့် "ငါသာ မင်းရဲ့ ဝိညာဉ်စွမ်းအားကို စုပ်ယူလိုက်လို့ မင်းမှာ တန်ပြန်ထိခိုက်မှု ဖြစ်သွားရင် ချန်ရှင်းတစ်ယောက် ငါနဲ့ လာချရလိမ့်မယ်"
နင်ရုန်ရုန် ကြောင်အမ်းသွားပြီး လင်းဖန်က သူမ၏ အဘိုးဓားအကြောင်းကို ဘယ်လိုလုပ် သိနေရတာလဲဟု တွေးတောရင်း စဉ်းစားခန်း ဝင်သွားတော့သည်။
"စကားအပိုတွေ ပြောမနေနဲ့တော့။ လာစမ်းပါ ကောင်လေးရာ။ မင်းရဲ့ ပိန်ညှောင်ညှောင် ခန္ဓာကိုယ်နဲ့ဆိုတော့ ငါ့ကို အရင်တစ်ချက် အလကား ရိုက်ခွင့်ပေးမယ်။ ကဲ... ရိုက်စမ်း" ကျောက်ဝူကျိက မဲ့ပြုံးပြုံးရင်း အထင်သေးစွာ ပြောသည်။
"ဝိညာဉ်သူတော်စင်အဆင့်လောက်လေးက ဘွဲ့ခံဒိုလော့ကို အရင်ရိုက်ပါလို့ တောင်းဆိုတာမျိုး ငါ့တစ်သက်မှာ တစ်ခါမှ မမြင်ဖူးသေးဘူး"
"အဲဒါဆိုရင်လည်း မင်း ယားကျိကျိဖြစ်အောင် ငါ လုပ်ပေးရတာပေါ့" လင်းဖန်၏ မျက်နှာက တည်ငြိမ်နေဆဲပင်။ သူက ညာဘက်လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ကျောက်ဝူကျိ၏ ဗိုက်ကို လျင်မြန်စွာ ထိုးနှက်လိုက်သည်။
"ဒါက မဖြစ်နိုင်" ကျောက်ဝူကျိ သူ၏ စကားကိုပင် ဆုံးအောင် မပြောနိုင်လိုက်ချေ။ သူ၏ မျက်နှာအမူအရာ ချက်ချင်း ပျက်ယွင်းသွားပြီး အမြောက်ကျည်ဆန်တစ်တောင့်လိုပင် နောက်သို့ လွင့်ထွက်သွားတော့သည်။
ဝုန်း...
သူ့နောက်ကွယ်ရှိ အဆောက်အအုံကြီးသည် ကျောက်ဝူကျိနှင့် တိုက်မိကာ အပေါက်ကြီးတစ်ခု ဖြစ်သွားခဲ့ရသည်။
"ဆရာကျောက် လွင့်ထွက်သွားတာလား" ဩစကာ မျက်လုံးအစုံ ပြူးကျထွက်မတတ် အံ့ဩသွားသည်။
"ငါလည်း မသိဘူး။ ဆရာကျောက် လွင့်ထွက်သွားဖို့ဆိုရင် ခွန်အား ဘယ်လောက်တောင် လိုမလဲ" ဒိုင်မုပိုင်လည်း ဝေခွဲမရ ဖြစ်နေရှာသည်။
"သူ စောစောက တကယ်ပဲ လက်ရပ်ထားခဲ့တာပဲ။ ဝိညာဉ်သူတော်စင်တစ်ယောက်ကို သာမန် လက်သီးတစ်ချက်တည်းနဲ့ လွင့်ထွက်သွားစေနိုင်တာပဲ" ထန်ဆန်းလည်း လင်းဖန်၏ ခွန်အားကို စိတ်ထဲကနေ တုန်လှုပ်မိသွားသည်။
ဟိန်း...
အဆောက်အအုံ၏ အပေါက်ကြီးထဲမှ ဝက်ဝံတစ်ကောင်၏ ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။ ကျောက်ဝူကျိသည် အပေါက်ဝတွင် ပြန်လည်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်မှာ စောစောကထက် တစ်ဆခွဲမျှ ပိုမို ကြီးမားလာခဲ့သည်။
သူ့ခန္ဓာကိုယ်ပတ်လည်တွင် ဝိညာဉ်ကွင်း ခုနစ်ကွင်း ရစ်ပတ်နေပြီး အထူးသဖြင့် သူ၏ နှုတ်ခမ်းထောင့်မှ သွေးအချို့ စီးကျနေသည်။
"တကယ့်ကို ပြင်းထန်တဲ့ စွမ်းအားပဲ။ ငါ မင်းကို အထင်သေးမိသွားပုံရတယ်။ မင်းရဲ့ ဝိညာဉ်ကို ထုတ်ပြီး နောက်တစ်ခေါက် ပြန်လာခဲ့စမ်း" ကျောက်ဝူကျိ၏ မျက်နှာပေါ်တွင် အထင်သေးသည့် အရိပ်အယောင်များ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
လင်းဖန်က ခပ်ဖွဖွ ပြုံးလိုက်သည်။ ကျောက်ဝူကျိသည် တကယ့်ကို သဘာဝက ပေးထားသည့် လူထုခံရုပ်အဖြစ် ပါရမီပါလှပေသည်။
ချက်ချင်းပင် လင်းဖန်သည် သူ၏ ဝိညာဉ်ကွင်းများကို ထုတ်ဖော်လိုက်သည်။ တစ်ကွင်း... နှစ်ကွင်း...
ကျောက်ဝူကျိသည် ပထမဆုံး အနှစ်ရာချီ ဝိညာဉ်ကွင်း နှစ်ကွင်းနှင့် အနှစ်ထောင်ချီ ဝိညာဉ်ကွင်း နှစ်ကွင်းကို မြင်လိုက်ရချိန်တွင် သူ၏ မျက်နှာ၌ အပြုံးအချို့ ရှိနေသေးသည်။
သို့သော်လည်း။
"အာ... ကိုးကွင်းပါလား" ကျောက်ဝူကျိ စကားပင် ထစ်အ သွားတော့သည်။