အခန်း (၃၄) ဖိတ်ကြားချက်ကို လက်ခံခြင်း
တန်ဟောင်စားသောက်ဆိုင်သည် သုံးထပ်မျှသာ မြင့်သော်လည်း ၎င်း၏ စုစုပေါင်း ကြမ်းပြင်ဧရိယာမှာ အလွန်ကျယ်ဝန်းလှသည်။
ဤနေရာတွင် တစ်နိုင်ငံလုံးမှ နာမည်ကြီး အရသာရှိသော စားသောက်ဖွယ်ရာမျိုးစုံကို မြည်းစမ်းနိုင်ပေသည်။
ထို့ကြောင့် အဆင့်မြင့်အရာရှိကြီးများနှင့် မှူးမတ်မျိုးနွယ်များသည် ဤနေရာတွင် မကြာခဏဆိုသလို တည်ခင်းဧည့်ခံပွဲများ ကျင်းပလေ့ရှိကြသည်။
လင်းဖန်သည် မြွေစွယ်ဒိုလော့၏ နောက်ကနေ ဒုတိယထပ်သို့ လိုက်ပါလာခဲ့ပြီး စတုရန်းမီတာ သုံးဆယ်ခန့်ရှိသော သီးသန့်အခန်းတစ်ခန်းထဲသို့ ဝင်ရောက်လာခဲ့သည်။
ထိုသီးသန့်အခန်းထဲတွင် ထမင်းစားစားပွဲသာမက လက်ဖက်ရည်သောက်သည့် စားပွဲတစ်လုံးပါ ပြင်ဆင်ထားရှိသည်။
သူ အခန်းထဲ ဝင်လိုက်သည်နှင့် ရွှေချင်းဟော်အဖြစ် ဟန်ဆောင်ထားသော ချန်ရန်ရွှယ်က လက်နှစ်ဖက်ကို နောက်ပစ်ကာ သူ့ကို ကျောပေးလျက် မတ်တပ်ရပ်နေသည်ကို မြင်လိုက်ရသည်။
တံခါးအနီးတွင်မူ မြွေစွယ်ဒိုလော့ကဲ့သို့ပင် ငွေရောင်သံချပ်ကာ ဝတ်ဆင်ထားသော အခြားအစောင့်တစ်ဦး မတ်တပ်ရပ်နေသည်။
ခြေသံကြားသဖြင့် ချန်ရန်ရွှယ် လှည့်ကြည့်လိုက်ပြီး ခပ်ဖွဖွ ပြုံးပြလိုက်သည် "ကြိုဆိုပါတယ် မစ္စတာလင်း။ မစ္စတာလင်းကို ထမင်းတစ်နပ်ဖိတ်ကျွေးဖို့ တကယ်ကို မလွယ်ကူလှပါလား"
"အစောင့်မြွေ... ဝန်ထမ်းတွေကို ဟင်းပွဲတွေ လာချခိုင်းလိုက်တော့"
"မစ္စတာလင်း... ကျေးဇူးပြုပြီး ထိုင်ပါဦး"
ချန်ရန်ရွှယ်သည် လင်းဖန်ကို ဧည့်ခံရာတွင် အလွန်တက်ကြွထက်သန်ပုံရသည်။
"ငါက အိမ်ရှေ့မင်းသားအရှင်နဲ့ တစ်ခါပဲ ဆုံဖူးတာပါ၊ စကားတစ်ခွန်းတောင် မပြောဖြစ်ခဲ့ကြဘူး။ အိမ်ရှေ့မင်းသားက ဘာဖြစ်လို့ ငါ့ကို တစ်ကြိမ်ပြီးတစ်ကြိမ် အတင်းအကျပ် ဖိတ်ကြားနေရတာလဲဆိုတာ ငါ တကယ်ပဲ မသိပါဘူး" လင်းဖန် သီးသန့်အခန်းထဲသို့ လှောက်လှမ်းဝင်လာရင်း ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"မစ္စတာလင်း... အဲဒီနေ့တုန်းက ငါ မျက်စိမှုန်လို့ မစ္စတာလင်းကို ဥပေက္ခာပြုမိသလို ဖြစ်သွားတာပါ။ ပြန်ရောက်သွားတော့မှ မစ္စတာလင်းရဲ့ အကြောင်းတွေကို သေသေချာချာ စုံစမ်းကြည့်မိရာကနေ တကယ့်ကို အံ့ဩမှင်သက်သွားရပါတယ်။ ငါ့ရဲ့ မရိုမသေ ဖြစ်မိမှုတွေအတွက် တောင်းပန်ပါတယ်" ချန်ရန်ရွှယ်က စကားအစမှာတင် မြှောက်ပင့်ချီးကျူးစကားများ တရစပ် ပြောဆိုလိုက်သည်။
"မင်း ငါ့ကို စုံစမ်းစစ်ဆေးခဲ့တယ် ဟုတ်လား" လင်းဖန်က မျက်မှောင်ကုတ်လိုက်ပြီး အနည်းငယ် မကျေနပ်သော အမူအရာ ပြုလုပ်လိုက်သည်။
ချန်ရန်ရွှယ်က လင်းဖန်၏ မကျေနပ်မှုကို သိသာစွာ သတိပြုမိသွားပြီး ပြုံးလျက် ရှင်းပြလိုက်သည် "မစ္စတာလင်းက သခင်မကြီးယွဲ့ရဲ့ ချစ်သူ ဖြစ်နေတာကိုး။ မစ္စတာလင်းလည်း သိတဲ့အတိုင်း ကောင်းကင်ဒေါဝ်အင်ပါယာမှာ သခင်မကြီးယွဲ့ရဲ့ အဆင့်အတန်းက... လမင်းဆောင်ရဲ့ နောက်ထပ်အမည်တစ်ခုက တော်ဝင်မျိုးနွယ် ယဉ်ကျေးမှုအမူအကျင့် သင်တန်းကျောင်း ဖြစ်ပြီး သခင်မကြီးယွဲ့က အုပ်ချုပ်သူကျောင်းအုပ်ကြီး ဖြစ်နေတယ်လေ"
"သခင်မကြီးယွဲ့က သာမန်မိန်းမတစ်ယောက်မဟုတ်မှန်း ငါ သိထားတယ်၊ ဒါကြောင့် ငါတို့ရဲ့ ယဉ်ကျေးမှုကျောင်းအုပ်ကြီးရဲ့ မျက်နှာသာပေးမှုကို ဒီလောက်အထိ ရရှိထားတဲ့သူက ဘယ်လိုလူမျိုးလဲဆိုတာ ငါ အရမ်းစူးစမ်းချင်သွားတာ။ စုံစမ်းကြည့်လိုက်တော့မှ မစ္စတာလင်းက တကယ့်ကို ထူးခြားဆန်းပြားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
"မစ္စတာလင်းက ဒီလောက်အထိ ထူးခြားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေလို့သာ ငါတို့ရဲ့ ယဉ်ကျေးမှုကျောင်းအုပ်ကြီးက မစ္စတာလင်းအပေါ်မှာ ဒီလောက်အထိ စိတ်ရောကိုယ်ပါ ပုံအောထားတာ ဖြစ်ရမယ်"
ချန်ရန်ရွှယ်သည် လမင်းဆောင်ကို စိုးရိမ်ပူပန်သော အိမ်ရှေ့မင်းသားတစ်ပါး၏ စကားပြောဟန်ကို အသုံးပြု၍ သူမ၏ အပြုအမူများကို အပြည့်အဝ ဆင်ခြေပေးလိုက်သည်။
"ငါက ဒီလောက်အထိ လူမသိအောင် ခပ်အေးအေး နေထိုင်ခဲ့တာတောင် အိမ်ရှေ့မင်းသားက စုံစမ်းသိရှိသွားလိမ့်မယ်လို့ မထင်ထားဘူး" လင်းဖန်၏ အမူအရာက တည်ကြည်လေးနက်သွားသည်။
"ကဲပါ... အိမ်ရှေ့မင်းသား သိသွားပြီဆိုမှတော့ ငါလည်း ဖုံးကွယ်မနေတော့ပါဘူး။ အရှိကိုအရှိအတိုင်းပဲ ပြောပြလိုက်ပါ့မယ်"
"တကယ်တော့... ငါက အနာဂတ်ဟောကိန်းထုတ်သူတစ်ယောက်ပါ။ လူတစ်ယောက်ရဲ့ အနာဂတ်မှာ ဖြစ်လာမယ့် အရေးကြီးတဲ့ ကိစ္စအချို့ကို ငါ မြင်နိုင်တယ်"
လင်းဖန်က ပခုံးတွန့်ပြရင်း မိမိကိုယ်ကို အေးအေးလူလူ မိတ်ဆက်လိုက်သည်။
"ဟဟ... ငါက မစ္စတာလင်းလို ထူးခြားတဲ့ ပုဂ္ဂိုလ်တွေနဲ့ မိတ်ဖွဲ့ရတာကို သဘောကျပါတယ်။ ထိုင်ပါဦး၊ အရင်ဆုံး လက်ဖက်ရည် သောက်ကြတာပေါ့။ ဟင်းပွဲတွေလည်း မကြာခင် ရောက်လာတော့မှာပါ" ချန်ရန်ရွှယ်က ချက်ချင်းပင် လက်ဖက်ရည်စားပွဲတွင် ထိုင်လိုက်ပြီး လင်းဖန်အတွက် လက်ဖက်ရည် ငှဲ့ပေးလိုက်သည်။
လင်းဖန် ရှေ့သို့ လှောက်လှမ်းလာပြီး ချန်ရန်ရွှယ်၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။
'ဒီ ဝိညာဉ်အရိုးရဲ့ ဝိညာဉ်စွမ်းရည်က တကယ့်ကို အံ့ဩစရာကောင်းတာပဲ။ လူတစ်ယောက်ကို အပြစ်အနာအဆာ တစ်ချက်မျှမရှိဘဲ တခြားလူတစ်ယောက်အဖြစ် လုံးဝ ပြောင်းလဲသွားစေနိုင်တာပဲ' လင်းဖန်သည် ရွှေချင်းဟော်၏ ပုံသဏ္ဌာန်ကို အကဲခတ်ကြည့်ရာ မိန်းကလေးတစ်ဦး၏ ရုပ်သွင်ကို လုံးဝ မတွေ့ရချေ။
၎င်းက ဒဏ္ဍာရီလာ မန္တန်တစ်ခုကို အသုံးပြုပြီး တခြားလူတစ်ယောက်အဖြစ် လုံးဝ အသွင်ပြောင်းလဲလိုက်သကဲ့သို့ပင် ဖြစ်သည်။
"မစ္စတာလင်းအနေနဲ့ ဒီတိုက်ကြီးရဲ့ အခြေအနေအပေါ်မှာ ဘယ်လိုမြင်လဲဆိုတာ ငါ သိပါရစေဦး" ချန်ရန်ရွှယ်က လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြီး ဖြည်းည်းချင်း မေးလိုက်သည်။
"အင်အားစု သုံးခု အခြေအနေ မျှခြေဖြစ်နေတာပေါ့" လင်းဖန်ကလည်း လက်ဖက်ရည်တစ်ငုံ သောက်ပြီး ခွက်ကို ချလိုက်သည်။
"မစ္စတာလင်းရဲ့ အသေးစိတ် အမြင်ကို နားထောင်ပါရစေဦး" ချန်ရန်ရွှယ်၏ မျက်ဝန်းများ တောက်ပသွားသည်။
"လွန်ခဲ့တဲ့ ဆယ်နှစ်ကနဲ့ ယှဉ်ရင် ဒီနောက်ဆုံး နှစ်နှစ်အတွင်းမှာ အတော်လေး ငြိမ်သက်နေတယ်လို့ ပြောလို့ရတယ်။ ကြယ်တာရာအင်ပါယာက သူတို့ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ စစ်တပ်တွေကို အားကိုးပြီး ရပ်တည်နေတာ။ အဲဒါနဲ့ ယှဉ်ရင် ကောင်းကင်ဒေါဝ်အင်ပါယာရဲ့ စစ်သည်တွေက ကြယ်တာရာစစ်သည်တွေထက် သုံးပုံတစ်ပုံလောက် အင်အားနည်းပေမဲ့ အထက်ပိုင်း ဂိုဏ်းကြီးသုံးဂိုဏ်းနဲ့ အောက်ပိုင်း ဂိုဏ်းလေးဂိုဏ်းစလုံးက ကောင်းကင်ဒေါဝ်နယ်မြေထဲမှာပဲ တည်ရှိနေကြတာ"
"ဒါကြောင့် ကောင်းကင်ဒေါဝ်အင်ပါယာက ဝိညာဉ်ဆရာတွေ အပိုင်းမှာ ကြယ်တာရာအင်ပါယာထက် အများကြီး ပိုပြီး သာလွန်နေတယ်"
"ဒါပေမဲ့ ဝိညာဉ်ဆရာတွေအကြောင်း ပြောမယ်ဆိုရင်တော့ ဝိညာဉ်နန်းတော်ကို ချန်လှပ်ထားလို့ မရဘူး။ တိုက်ကြီးတစ်ခုလုံးမှာရှိတဲ့ ဝိညာဉ်ဆရာတွေရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းနီးပါးကို ထိန်းချုပ်ထားတဲ့ ဝိညာဉ်နန်းတော်က ဝိညာဉ်ဆရာတွေရဲ့ အင်အားကို အားကိုးပြီး အင်ပါယာကြီး နှစ်ခုစလုံးနဲ့ နုနယ်တဲ့ မျှခြေတစ်ခုကို ထိန်းသိမ်းထားတာ"
"ဒီလို သုံးပွင့်ဆိုင်မျှခြေကြောင့်ပဲ တိုက်ကြီးပေါ်က ပြည်သူတွေဟာ ခဏတာ အေးချမ်းတည်ငြိမ်မှုကို ရရှိနေကြတာပေါ့"
"ဒါပေမဲ့ စိတ်မကောင်းစရာက အဲဒီမျှခြေက တစ်နေ့ကျရင် ကျိုးပျက်သွားမှာပဲ။ ဒီငြိမ်သက်မှုရဲ့ နောက်ကွယ်မှာ စောင့်ကြိုနေတာကတော့ ပြင်းထန်တဲ့ မုန်တိုင်းကြီးပါပဲ" လင်းဖန်က တိုက်ကြီး၏ အခြေအနေကို ချန်ရန်ရွှယ်အား တစ်ဖက်သတ် အမြင်ဖြင့်သာ ဖော်ပြပြောဆိုလိုက်သည်။
အမှန်စင်စစ် လင်းဖန်သည် ချန်ရန်ရွှယ်အနေဖြင့် ဤအခြေအနေကို သိရှိထားပြီးဖြစ်ကြောင်း ယုံကြည်သော်လည်း၊ သူက ဤတစ်ဖက်သတ်အမြင်ကို အသုံးပြု၍ ချန်ရန်ရွှယ်ကို အယုံသွင်းလိုခြင်း ဖြစ်သည်။
"မစ္စတာလင်းရဲ့ အမြင်က တကယ့်ကို ထက်မြက်လှပါတယ်။ တိုက်ကြီးရဲ့ တည်ဆောက်ပုံကို စာကြောင်းတစ်ကြောင်းတည်းနဲ့ အကျဉ်းချုပ်လိုက်နိုင်တာပဲ။ ဟုတ်ပါတယ်... လောကမှာ ထာဝရ မျှခြေဆိုတာ မရှိပါဘူး။ ဒါပေမဲ့ ဒီမျှခြေကို ဘယ်သူက အရင်ဆုံး ဖျက်ဆီးမလဲဆိုတာပဲ ငါ မသိတာ" ချန်ရန်ရွှယ်က လင်းဖန်၏ စကားကို ထောက်ခံပြီး ဆက်ပြောသည်။
"ဘယ်သူက အရင်ဆုံး စိတ်မထိန်းနိုင်ဘူးလဲ၊ အဲဒီလူကပဲ မျှခြေကို ဖျက်ဆီးမယ့်သူ ဖြစ်လိမ့်မယ်။ အကွက်တစ်ခု ရွှေ့လိုက်တာနဲ့ အခြေအနေတစ်ခုလုံးကို သက်ရောက်မှုရှိသွားလိမ့်မယ်" လင်းဖန်က အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။
ချန်ရန်ရွှယ် ဆက်လက်၍ မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် စားသောက်ဆိုင် ဝတ်စုံဝတ်ဆင်ထားသော ဝန်ထမ်းအချို့က ဟင်းပွဲများ လာချရန် တံခါးဝသို့ ရောက်ရှိလာခဲ့ကြသည်။
"မစ္စတာလင်း... ငါတို့ စားရင်းသောက်ရင်း စကားဆက်ပြောကြတာပေါ့ ဟုတ်လား" ချန်ရန်ရွှယ်က မတ်တပ်ရပ်ရင်း ဖိတ်ခေါ်လိုက်သည်။
"ကောင်းပါပြီ။ ကောင်းကင်ဒေါဝ် တော်ဝင်မျိုးနွယ်စုတွေက ငါ့ရဲ့ ချစ်သူ ထန်ယွဲ့ဟွာကို ဒီလောက်နှစ်တွေအများကြီး ပံ့ပိုးပေးခဲ့တာကို ထောက်ထားပြီး ငါ အနည်းငယ် ပိုပြီး ပြောပြပေးပါ့မယ်" လင်းဖန်က ခေါင်းငြိမ့်လိုက်သည်။
ဟင်းပွဲများကို လျင်မြန်စွာ ချပေးခဲ့ကြသည်။ ဝန်ထမ်းများ သီးသန့်အခန်းထဲမှ ထွက်ခွာသွားပြီးနောက် မြွေစွယ်ဒိုလော့နှင့် အခြားအစောင့်တို့က တံခါးကိုပိတ်ကာ တံခါးဝ၏ ဘေးတစ်ဖက်တစ်ချက်တွင် မတ်တပ်ရပ်နေခဲ့ကြသည်။
ဝိုင်ငှဲ့ပြီးနောက် ချန်ရန်ရွှယ် မတ်တပ်ရပ်လိုက်ပြီး လင်းဖန်ကို ခွက်မြှောက်ပြလိုက်သည် "မစ္စတာလင်း... ဒီဧည့်ခံပွဲကို ကြွရောက်ပေးလို့ ကျေးဇူးတင်ပါတယ်။ ငါ မစ္စတာလင်းကို ဂါရဝပြုပါတယ်"
ပြောပြီးသည်နှင့် ချန်ရန်ရွှယ်က ဝိုင်ကို တစ်ကျိုက်တည်း ကုန်အောင် သောက်ပစ်လိုက်သည်။
"အိမ်ရှေ့မင်းသားအရှင်... မေးစရာရှိတာရှိရင် ပွင့်ပွင့်လင်းလင်းပဲ မေးပါ။ ဒီမှာ တခြားလူမရှိတော့တာမို့လို့ ဒီလောက်အထိ အားနာစရာ မလိုပါဘူး" လင်းဖန်က ဝိုင်ကို သောက်လိုက်ပြီး တိုက်ရိုက်ပင် ပြောလိုက်သည်။
"မစ္စတာလင်းက ပွင့်လင်းတာပဲ။ ဒါဆိုရင် ငါ ရိုးရှင်းတဲ့ မေးခွန်းနှစ်ခုပဲ မေးပါ့မယ်၊ ဘာဖြစ်လို့လဲဆိုတော့ ငါ တကယ်ကို စူးစမ်းချင်လွန်းလို့ပါ။ ဘာပဲဖြစ်ဖြစ် မစ္စတာလင်းက အနာဂတ်ဟောကိန်းထုတ်သူတစ်ယောက်ပဲဥစ္စာ"
"ငါ မေးချင်တာက... ငါ ထီးနန်းတက်နိုင်ပါ့မလား" ချန်ရန်ရွှယ် ထိုင်လိုက်ပြီးနောက် ဖြည်းည်းချင်း မေးလိုက်သည်။
"မင်းက အိမ်ရှေ့မင်းသား ဖြစ်နေပြီပဲ။ ဘာမတော်တဆမှုမှ မရှိရင် ထီးနန်းတက်ဖို့ဆိုတာ အချိန်ပိုင်းကိစ္စပဲလေ။ ဘာဖြစ်လို့ ဒီအကြောင်းကို ငါ့ကို လာမေးနေရတာလဲ" လင်းဖန်က ဆိုသည်။
"ဘာမတော်တဆမှုမှ မရှိရင် ဟုတ်လား။ မစ္စတာလင်းရဲ့ ဆိုလိုချက်က မတော်တဆမှုတွေ ရှိလာနိုင်တယ်လို့ ပြောတာလား" ချန်ရန်ရွှယ်က လင်းဖန်ကို စူးစိုက်ကြည့်လိုက်သည်။
"ဟူး... လူတွေက အမြဲတမ်း မိမိတို့ရဲ့ အနာဂတ်ကို သိချင်ကြတယ်၊ ဒါပေမဲ့ အနာဂတ်ဆိုတာ မရေရာမှုတွေနဲ့ ပြည့်နှက်နေတာ။ တကယ်လို့ ငါက အိမ်ရှေ့မင်းသား ထီးနန်းမတက်နိုင်ဘူးလို့ ပြောရင်တောင် မင်း ငါ့စကားကို ယုံမှာမဟုတ်ဘူးမလား"
"အဲဒီတော့ ပစ္စုပ္ပန်မှာ ကောင်းကောင်းမွန်မွန် နေထိုင်ပြီး မိမိရဲ့ လက်ရှိစွမ်းရည်တွေနဲ့ ပြည်သူတွေအတွက် လုပ်ပေးနိုင်တာကို လုပ်ပေးတာကမှ ပိုကောင်းပါလိမ့်မယ်" လင်းဖန်က အကူအညီမဲ့သော အမူအရာဖြင့် ပြောလိုက်သည်။
"ကဲပါ... အိမ်ရှေ့မင်းသားအရှင်၊ လက်ဖက်ရည်လည်း သောက်ပြီးပြီ၊ ဝိုင်လည်း သောက်ပြီးပြီ၊ ဟင်းလည်း စားပြီးပြီဆိုတော့ ငါ ပြန်သင့်ပြီ။ ဒီတစ်ခေါက် ငါလာရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ငါ့ကိုရှာဖို့ လမင်းဆောင်ကို ထပ်ပြီး မလာပါနဲ့လို့ ပြောချင်လို့ပါ။ အခု လောလောဆယ် ငါက ဂီတကိုပဲ သေသေချာချာ သင်ယူချင်သေးလို့ပါ" လင်းဖန် မတ်တပ်ရပ်ရင်း ပြောလိုက်သည်။
"မစ္စတာလင်း... ငါ တကယ်ကို နားမလည်နိုင်ဘူး။ မစ္စတာလင်းရဲ့ အသိပညာဗဟုသုတတွေနဲ့ ဘာဖြစ်လို့ လမင်းဆောင်မှာ ယဉ်ကျေးမှုအမူအကျင့်တွေနဲ့ ဂီတကို သင်ယူချင်နေရသေးတာလဲ" ချန်ရန်ရွှယ် မတ်တပ်ရပ်ကာ မေးလိုက်သည်။
"ကျင့်ကြံခြင်းဆိုတာ ခန္ဓာကိုယ်ကို ကျင့်ကြံတာတင်မကဘူး၊ စိတ်ဓာတ်ကိုပါ ကျင့်ကြံရတာ။ ဂီတကို သင်ယူတာက စိတ်ကို တည်ငြိမ်အေးချမ်းစေနိုင်တယ်"
"အိမ်ရှေ့မင်းသားအရှင်... မင်းလည်း မင်းရဲ့ စိတ်ဓာတ်ကို ပိုပြီး ကျင့်ကြံသင့်တယ်လို့ ငါ ထင်တယ်" ပြောပြီးသည်နှင့် လင်းဖန် တံခါးဝဆီသို့ လှောက်လှမ်းသွားခဲ့သည်။
မြွေစွယ်ဒိုလော့နှင့် စူးရှငါးဒိုလော့တို့ အလွန်မကျေမနပ် ဖြစ်သွားကြသည်။ လင်းဖန်၏ ဒွိဟဖြစ်စရာ စကားလုံးများကို ကြားရသဖြင့် သူတို့က မကျေမနပ်ဖြစ်လျက် တံခါးဝကို ပိတ်ဆို့လိုက်ကြသည်။
"အိမ်ရှေ့မင်းသားအရှင်... မင်းရဲ့ ဒီအစောင့်နှစ်ယောက်က အတော်လေး အင်အားကြီးကြတာပဲ၊ ဒါပေမဲ့ 'ခွေးကောင်းဆိုတာ လမ်းမပိတ်ဘူး' တဲ့။ အခု ဒါက ဘာသဘောလဲ" လင်းဖန် လှည့်ကြည့်လိုက်ပြီး ချန်ရန်ရွှယ်ကို ပြောလိုက်သည်။
"ဟွန်း... ငါတို့ အိမ်ရှေ့မင်းသားက မင်းကို ဒီလောက်အထိ ခမ်းနားစွာ ဧည့်ခံတာကို မင်းက လျှို့ဝှက်ဆန်းပြားတဲ့ စကားနှစ်ခွန်းလောက် ပြောပြီး ထွက်သွားချင်တာလား" စူးရှငါးဒိုလော့က အေးစက်စွာ ပြောလိုက်သည်။
"ဟုတ်တယ်... ပြောစရာရှိတာကို ပြတ်ပြတ်သားသား ပြောခဲ့စမ်း" မြွေစွယ်ဒိုလော့ကလည်း ဝင်ပြောသည်။
"ဖယ်စမ်း။ မင်းတို့က ဝင်ပြောရမယ့် နေရာလား။ မစ္စတာလင်းကို အခုချက်ချင်း ဘာဖြစ်လို့ တောင်းပန်မလိုက်ကြတာလဲ" ချန်ရန်ရွှယ်က မကျေနပ်သော မျက်နှာထားဖြင့် အော်လိုက်သည်။
ထိုသူနှစ်ဦးမှာ ဘေးသို့ ဖယ်ပေးလိုက်ရတော့သည်။
ချန်ရန်ရွှယ် ချက်ချင်း ရှေ့သို့ လှမ်းလာပြီး ပြောလိုက်သည် "မစ္စတာလင်း... ငါတို့ နောက်ထပ် ခဏလောက် ထပ်ပြီး စကားမပြောနိုင်ကြတော့ဘူးလား"
"မင်းမှာ ရိုးသားမှု ကင်းမဲ့နေတယ်။ ဆက်ပြောနေစရာ မလိုတော့ပါဘူး" ပြောပြီးသည်နှင့် လင်းဖန် ထွက်ခွာသွားခဲ့တော့သည်။
"သခင်မလေး... ခုနက ကျွန်တော့်ကို သူ့ကို မြေပြင်ပေါ် ဖိချပြီး မျက်နှာကို ရွှံ့နဲ့ပွတ်ခွင့် ပေးလိုက်ရမှာ။ သူ အိန္ဒြေမပျက်ဘဲ နေနိုင်ဦးမလားလို့" စူးရှငါးဒိုလော့က မကျေမနပ် ဖြစ်လျက် ပြောလိုက်သည်။
"သခင်မလေး... ဘာတွေ စမ်းသပ်သိရှိခဲ့ရလဲ" မြွေစွယ်ဒိုလော့ကမူ ဝင်မေးလိုက်သည်။
"ငါ့ကို စဉ်းစားပါဦးရစေ" ချန်ရန်ရွှယ် ထမင်းစားစားပွဲတွင် ပြန်လည်ထိုင်လိုက်တော့သည်။