အခန်း (၃၀) ထန်ယွဲ့ဟွာကို အဆင့်မြင့်ခရမ်းရောင်မှိုနက် ပေးအပ်ခြင်း
လင်းဖန်က လှည့်ကြည့်လိုက်ပြီး တည်ကြည်လေးနက်သော မျက်နှာအမူအရာဖြင့် ပြောလိုက်သည် "ကောင်းပါပြီ... မင်း ငါ့အပေါ် စည်းကမ်းကြီးကြီးမားမား ချမှတ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တကယ်လို့ ငါက မင်းရဲ့ စည်းကမ်းချက်တွေကို မမှီဘူးဆိုရင် ညကျရင် မင်းရဲ့ကုတင်ပေါ် ပေးမတက်ဘဲ အပြစ်ပေးလို့ရတယ်လေ"
"သွားစမ်းပါ... လူပွေကြီး" လင်းဖန်၏ နောက်ဆုံးထွက်လာသော မဖော်မရွေစကားကြောင့် ထန်ယွဲ့ဟွာက ညို့ဓာတ်ပြင်းပြစွာဖြင့် မျက်စောင်းထိုးလိုက်ပြီး ရယ်မောကာ ရန်တွေ့လိုက်သည်။
ထို့နောက်တွင်မူ ထန်ယွဲ့ဟွာက လင်းဖန်ကို ပြန်မပြောတော့ဘဲ ညစာကိုသာ ဆက်လက်သုံးဆောင်တော့သည်။
ကိုယ်လက်လှုပ်ရှားမှုအချို့ ပြုလုပ်ပြီးနောက် နိုးလာခဲ့ခြင်းဖြစ်၍ သူမ၏ ဝမ်းဗိုက်ထဲမှ ဆာလောင်လှသဖြင့် အသံပင် မြည်နေခဲ့ပြီ ဖြစ်သည်။
ထန်ယွဲ့ဟွာ အစားစားနေသည်ကို မြင်သောအခါ လင်းဖန်က အနားသို့ လျှောက်သွားပြီး သူမ၏ရှေ့တွင် ဝင်ထိုင်ကာ ငေးကြည့်နေခဲ့သည်။
"ဟင်းတွေ အေးကုန်ပြီလား" လင်းဖန်က မေးလိုက်သည်။
"အဆင်ပြေပါတယ်" ထန်ယွဲ့ဟွာက နှုတ်ခမ်းလေးစူကာ ပြန်ဖြေသည်။
"မြန်မြန်စား... မင်းဆီမလာခင်က မင်းအတွက် လက်ဆောင်တစ်ခု ပြင်ဆင်လာခဲ့တယ်။ မင်း စားသောက်ပြီးရင် အဲဒါကို ပေးမယ်" လင်းဖန်က ပြုံးလျက် ပြောလိုက်သည်။
"တကယ်လား" ထန်ယွဲ့ဟွာ၏ မျက်ဝန်းထဲတွင် ဝမ်းသာရိပ်တစ်ခု ဖြတ်ပြေးသွားသည်။ မူလက မိန်းမပျိုလေးတစ်ဦးကဲ့သို့ ယဉ်ကျေးကျော့ရှင်းစွာ စားသောက်နေသော်လည်း လင်းဖန်၏ စကားကို ကြားပြီးနောက် မျှော်လင့်တကြီးဖြင့် အစားစားနှုန်းကို အလျင်အမြန် မြှင့်တင်လိုက်တော့သည်။
မကြာမီမှာပင် ထန်ယွဲ့ဟွာ ညစာစားပြီးသွားကာ လင်းဖန်ထံသို့ သူမ၏ ဘယ်ဘက်လက်ကို ဆန့်ထုတ်ပြီး မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်သည် "လက်ဆောင်က ဘယ်မှာလဲ"
"ရော့... ဒီမှာ" ထန်ယွဲ့ဟွာ၏ မိန်းကလေးငယ်တစ်ဦးကဲ့သို့ ပြုမူပုံကို ကြည့်ပြီး လင်းဖန် အကူအညီမဲ့စွာ ပြုံးလိုက်မိသည်။
သူသည် မိမိ၏ ဝိညာဉ်လက်နက်သိုလှောင်ကွင်းထဲမှ မသေဆေးပင်တစ်ပင်ကို ချက်ချင်း ထုတ်ယူလိုက်သည်။ ဆီးနှင်းကဲ့သို့ ဖြူစင်ကြည်လင်သော ပင်စည်ပေါ်တွင် ခရမ်းရောင်မှိုနက်တစ်ပွင့် ပေါက်ရောက်နေသည်။
ဤအရာမှာ လင်းဖန်က ထန်ယွဲ့ဟွာအတွက် ပြင်ဆင်လာခဲ့သော ကိုးဆင့်ခရမ်းရောင်မှိုနက် ဖြစ်သည်။
ကိုးဆင့်ခရမ်းရောင်မှိုနက်သည် အထူးဆန်းဆုံး မသေဆေးပင်အဆင့်တွင် မပါဝင်သော်လည်း ထန်ယွဲ့ဟွာအပေါ် သက်ရောက်မှုမှာ အခြားမသေဆေးပင်များထက်ပင် ပိုမိုကောင်းမွန်လှသည်။
မသေဆေးပင်ကဲ့သို့သော အရာများသည် လူတစ်ဦးချင်းစီ၏ အခြေအနေပေါ်မူတည်၍ အကျိုးသက်ရောက်မှု ကွဲပြားသည်ဟုသာ ပြောရမည် ဖြစ်သည်။
ယွီရှောင်ကန်းနှင့် ပတ်သက်၍မူ သူ၏ ဝိညာဉ်ချို့ယွင်းချက်ကို မည်သို့ဖြေရှင်းရမည်ဆိုသည်မှာ လင်းဖန်နှင့် လုံးဝမသက်ဆိုင်ချေ။
"ဒါက ဘာလဲ... ငါ အရင်က မြင်ဖူးတဲ့ မှိုနက်တွေထက် ပိုပြီး လှပနေပါလား" ထန်ယွဲ့ဟွာက ဆီးနှင်းကဲ့သို့ ဖြူစင်ကြည်လင်သော ပင်စည်ကို ကိုင်လိုက်ရာ အေးမြသော အာရုံတစ်ခုက သူမ၏ လက်ဖဝါးထဲသို့ စီးဝင်သွားသည်။
"ဒါက ငါ ခုနက ပြောခဲ့တဲ့ အဖိုးတန်အခွင့်အရေးတစ်ခုပဲ။ ဒီမှိုနက်ကို ကိုးဆင့်ခရမ်းရောင်မှိုနက်လို့ ခေါ်တယ်။ သူ့ရဲ့ ဆေးဖက်ဝင်အာနိသင်က ဖောက်ပြန်ပြောင်းလဲသွားတဲ့ ဝိညာဉ်ချို့ယွင်းချက် ပြဿနာတွေကို ကုစားပေးနိုင်တာ" လင်းဖန်က ကိုးဆင့်ခရမ်းရောင်မှိုနက်၏ အာနိသင်ကို ရှင်းပြလိုက်သည်။
ကိုးဆင့်ခရမ်းရောင်မှိုနက်သည် ယွီရှောင်ကန်း၏ ဝိညာဉ်ချို့ယွင်းချက်ကို ပြုပြင်ပေးနိုင်ခဲ့သော်လည်း ထန်ယွဲ့ဟွာ၏ ဝိညာဉ်မှာမူ ကျရှုံးခဲ့သော ဖောက်ပြန်ပြောင်းလဲမှု ဟုတ်မဟုတ် လင်းဖန် သေချာမသိချေ။ အဘယ်ကြောင့်ဆိုသော် သူမတွင် မွေးရာပါ ဝိညာဉ်စွမ်းအား အဆင့်ကိုး ရှိနေပြီး မွေးရာပါ ပါရမီနယ်ပယ်တစ်ခုပါ ရှိနေသောကြောင့် ဖြစ်သည်။
နယ်ပယ်တစ်ခုဟူသည် သာမန်အဆင့်မြင့် ဝိညာဉ်များတွင်ပင် ရှိချင်မှ ရှိတတ်သောအရာ ဖြစ်သည်။ လင်းဖန်၏ နက်ပြာရိပ်ဓားပင်လျှင် မှင်ကျောက်စိမ်းမြင့်မြတ်ဝါးပင်ကြောင့် အဆင့်မြင့်ဝိညာဉ်အဖြစ် ဆင့်ကဲပြောင်းလဲသွားပြီးမှသာ ကြည်လင်သောဓားနယ်ပယ် ဟူသည့်အရာကို ရရှိခဲ့ခြင်း ဖြစ်သည်။
သို့သော် ထိုဓားနယ်ပယ်၏ အားနည်းချက်တစ်ခုမှာ လင်းဖန်အနေဖြင့် မိမိ၏ ဝိညာဉ်စစ်မှန်သောခန္ဓာကိုယ်ကို ထုတ်ဖော်မှသာ နယ်ပယ်ကို အသုံးပြုနိုင်ခြင်း ဖြစ်သည်။
သို့သော်လည်း ကိုးဆင့်ခရမ်းရောင်မှိုနက်သည် ထန်ယွဲ့ဟွာအတွက် အပြောင်းအလဲ မလုပ်ပေးနိုင်ခဲ့လျှင်ပင် လင်းဖန်ထံတွင် အခြားသော မသေဆေးပင်များ ရှိနေသေးရာ၊ သူမ၏ ကျင့်ကြံ၍မရသော ပြဿနာကို မဖြေရှင်းနိုင်စရာ အကြောင်းမရှိဟု ယုံကြည်နေသည်။
"မင်း ဘာပြောလိုက်တယ်... ဒါက ငါ့ရဲ့ ဝိညာဉ်ဖောက်ပြန်ပြောင်းလဲမှု ပြဿနာကို ဖြေရှင်းပေးနိုင်တယ်ဟုတ်လား" ထန်ယွဲ့ဟွာ၏ မျက်ဝန်းများ ဝိုင်းစက်သွားပြီး အံ့ဩတကြီး ရေရွတ်လိုက်သည်။
"ရာခိုင်နှုန်းအပြည့်လို့တော့ ငါ မပြောရဲဘူး၊ ဒါပေမဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက်တော့ သေချာတယ်" လင်းဖန်က အပိုင်တွက်ပြီး မပြောချေ။
"ရှစ်ဆယ်ရာခိုင်နှုန်းဆိုတာ တကယ်ကို ကောင်းလှပါပြီ" ကနဦး စိတ်လှုပ်ရှားမှုများ ပြီးနောက် ထန်ယွဲ့ဟွာ ချက်ချင်း ပြန်လည်တည်ငြိမ်သွားသည် "ဒါဆို... မင်း ငါ့ကို လာရှာတာက ဒီလို အဖိုးတန်တဲ့ ရတနာကို ရလာခဲ့လို့ပေါ့လေ"
ထန်ယွဲ့ဟွာ၏ နှလုံးသားထဲတွင် ချိုမြိန်သော ခံစားချက်တစ်ခု လှိုင်းထသွားခဲ့သည်။ ၎င်းမှာ ကိုးဆင့်ခရမ်းရောင်မှိုနက်ကြောင့် မဟုတ်ဘဲ နှစ်ပေါင်းများစွာ ကြာသည့်တိုင် လင်းဖန်၏ နှလုံးသားထဲတွင် သူမ ရှိနေသေးသောကြောင့် ဖြစ်သည်။
ထိုအကြောင်းကြောင့်ပင် လွန်ခဲ့သော အချိန်အနည်းငယ်က လင်းဖန်နှင့် ဆုံတွေ့ချိန်၌ သူမသည် မိမိ၏ စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်ဘဲ မိန်းကလေးတစ်ဦး၏ မူယာမာယာများကိုပါ ဘေးဖယ်ထားလျက် အချစ်ကို ဖွင့်ဟခဲ့ခြင်း ဖြစ်သည်။
"ဒါက အကြောင်းရင်းတစ်ခုပေါ့။ ကဲ... ဒါကို မြန်မြန် သုံးဆောင်လိုက်တော့၊ ငါ မင်းကို ကူညီပေးမယ်"
"အင်း..."
ထို့နောက်တွင် သူတို့ အိပ်ခန်းထဲသို့ ပြန်လာခဲ့ကြပြီး လင်းဖန်က ထန်ယွဲ့ဟွာအား ကိုးဆင့်ခရမ်းရောင်မှိုနက်ကို သုံးဆောင်ရန် လမ်းညွှန်ပေးလိုက်သည်။
ထန်ယွဲ့ဟွာသည် ဆေးစွမ်းများကို စုပ်ယူရန်အတွက် နက်ရှိုင်းသော ကျင့်ကြံခြင်းအခြေအနေထဲသို့ ဝင်ရောက်သွားခဲ့ပြီး လင်းဖန်ကမူ သူမ၏ ဘေးတွင် တစ်ညလုံး စောင့်ရှောက်ပေးခဲ့သည်။
ထန်ယွဲ့ဟွာ၏ ဝိညာဉ်စွမ်းအားမှာ မမြင့်မားလှသဖြင့် ဆေးစွမ်းကို စုပ်ယူရသည်မှာ အနည်းငယ် နှေးကွေးနေသည်။ ညဉ့်နက်ပိုင်းမှသည် နံနက် လေးနာရီကျော်အထိ ခုနစ်နာရီကျော်ကြာမှသာ ပြီးဆုံးသွားခဲ့သည်။
ဝိညာဉ်စွမ်းအားလှိုင်းတစ်ခုမှာ ထန်ယွဲ့ဟွာ၏ ခန္ဓာကိုယ်ထံမှ ဖျတ်ခနဲ လျှံထွက်လာခဲ့သည်။ နောက်ဆုံးတွင် သူမသည် မိမိ၏ လှပသော မျက်ဝန်းများကို ဖြည်းည်းချင်း ဖွင့်လိုက်ပြီး ဘေးတွင် စောင့်ရှောက်နေသော လင်းဖန်ကို မြင်သောအခါ သူ၏ ပါးပြင်ကို ချက်ချင်း လှမ်း၍ နမ်းလိုက်သည်။
"အစ်ကိုဖန်... ငါ ဆေးစွမ်းတွေကို အောင်အောင်မြင်မြင် စုပ်ယူနိုင်ခဲ့ပြီ" ထန်ယွဲ့ဟွာ၏ လှပသော မျက်ဝန်းလေးများက လမင်းကွေးလေးကဲ့သို့ ဖြစ်သွားကာ ပျော်ရွှင်စွာ ပြောလိုက်သည်။
"ဘယ်လိုလဲ... မင်း ကိုယ်ပေါ်က ဝိညာဉ်စွမ်းအားကို ကြည့်ရတာ အောင်မြင်သွားပြီ ထင်တယ်" လင်းဖန်က မျှော်လင့်တကြီး မေးလိုက်သည်။
"အင်း... ငါ နောက်ဆုံးတော့ ဝိညာဉ်စွမ်းအား အဆင့်ကို ရောက်သွားပြီ။ ဒါဆိုရင် ငါလည်း ဝိညာဉ်သားရဲတွေကို ရှာဖွေပြီး ဝိညာဉ်ကွင်းတစ်ခုကို စုပ်ယူလို့ ရပြီပေါ့ ဟုတ်လား" ထန်ယွဲ့ဟွာက ခေါင်းငြိမ့်ပြရင်း ပြန်ဖြေသည်။
"အာနိသင်ရှိတာ ကောင်းပါတယ်။ အကျိုးသက်ရောက်မှု မရှိဘဲ မင်း စိတ်ပျက်သွားမှာကို ငါ စိုးရိမ်နေတာ" လင်းဖန်က သက်ပြင်းချရင်း စိတ်အေးသွားခဲ့သည်။
"ဟင်း... ငါကတော့ အရင်ကတည်းက ကျင့်သားရနေပါပြီ။ ဒါ့အပြင် အခု ငါ ဝိညာဉ်စွမ်းအားကို ကျင့်ကြံနိုင်ပြီဆိုရင်တောင် မင်းတို့ ဝိညာဉ်ဆရာတွေလို တိုက်ခိုက်တာကို သင်ယူဖို့က ငါ့မှာ အဲဒီလို ခွန်အားမျိုး မရှိပါဘူး" ထန်ယွဲ့ဟွာက စိတ်သဘောထား ပွင့်လင်းစွာ ပြောလိုက်သည်။
အမှန်စင်စစ် သူမသည် နှစ်ပေါင်းများစွာ လောကဓံကို ဖြတ်သန်းလာခဲ့သူဖြစ်ရာ၊ လောကကြီးကို မမြင်ဖူးသော နုနယ်သည့် မိန်းကလေးငယ်တစ်ဦး မဟုတ်တော့ချေ။
"ဒါတွေက အရေးမကြီးပါဘူး။ ငါ မင်းကို ဘယ်လိုကျင့်ကြံရမလဲဆိုတာ သင်ပေးမယ်၊ မင်းက ငါ့ကို ယဉ်ကျေးမှုအမူအကျင့်တွေ သင်ပေး၊ ဒါက အကောင်းဆုံးပဲ မဟုတ်လား။ မနက်ဖြန်မနက်ကျရင် မင်းအတွက် ဝိညာဉ်ကွင်းတစ်ခု အရင် သွားရှာဖို့ နေဝင်ရိုးစွန်းတောအုပ်ကို ငါ ခေါ်သွားမယ်" လင်းဖန်က ပြုံးလျက် ပြောလိုက်သည်။
"အင်း..." ထန်ယွဲ့ဟွာ ခေါင်းငြိမ့်လိုက်ပြီးနောက် သူ၏ ပုခုံးပေါ်သို့ ခေါင်းမှီလိုက်ကာ ပြောလိုက်သည် "အစ်ကိုဖန်... ကျေးဇူးတင်ပါတယ်။ ငါ့ရဲ့ ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်"
"ယွဲ့ဟွာ... မင်းက ကိုယ့်ကိုယ်ကိုယ် ငါ့ဆီ အပ်နှံထားပြီးသားပဲ၊ ငါ မင်းအပေါ် မကောင်းရင် ဘယ်သူ့အပေါ် သွားကောင်းရမှာလဲ" လင်းဖန်က လက်ကို ဆန့်ထုတ်ပြီး ထန်ယွဲ့ဟွာကို သိုင်းဖက်လိုက်သည်။
"မင်း တစ်ညလုံး မအိပ်ရသေးဘူး၊ အရင် အိပ်လိုက်ဦး" ထန်ယွဲ့ဟွာက ဂရုတစိုက် ပြောလိုက်သည်။
"အင်း..."
ထိုသူနှစ်ဦးသည် တစ်ဦးကိုတစ်ဦး ပွေ့ဖက်လျက် အိပ်ပျော်သွားခဲ့ကြသည်။
ထန်ယွဲ့ဟွာက မိမိကိုယ်မိမိ လင်းဖန်ထံ အပ်နှံထားပြီးဖြစ်ရာ လင်းဖန်အနေဖြင့်လည်း လျစ်လျူရှုထား၍ မရနိုင်ချေ။
ထို့ပြင် ရှေးစကားအတိုင်း အိမ်ထောင်ပြုပြီးသော သမီးသည် သွန်ပစ်လိုက်သော ရေကဲ့သို့ပင် ဖြစ်ပြီး၊ ဝိညာဉ်အရှင်သခင်ကမ္ဘာ၏ ဓလေ့ထုံးတမ်းများသည် အတော်လေး ရိုးရာဆန်သည်ဟု သတ်မှတ်နိုင်သည်။
နောင်တစ်ချိန်တွင် သူ ဟောက်ထျန်းဂိုဏ်းနှင့် ရင်ဆိုင်ရပါက ထန်ယွဲ့ဟွာသည် သူ့ကို ကူညီပေးလိမ့်မည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် သူ၏ အမျိုးသမီး ဖြစ်သွားခဲ့ပြီ မဟုတ်ပါလား။
နောက်တစ်နေ့တွင် လမင်းဆောင်၏ အစောင့်များနှင့် အစေခံမိန်းကလေးများ၏ အံ့ဩတကြီး ကြည့်နေကြသော အကြည့်များအောက်၌ ထန်ယွဲ့ဟွာသည် လင်းဖန်ကို ပထမထပ် ခန်းမကျယ်ကြီးဆီသို့ ခေါ်ဆောင်လာခဲ့သည်။
ထန်ယွဲ့ဟွာက လူတိုင်းကို တိုက်ရိုက် ကြေညာလိုက်သည် "ဒါက ငါ့ရဲ့ ချစ်သူ လင်းဖန်ပဲ၊ သူ့ရဲ့ ဘွဲ့အမည်က 'ဓားရိပ်' ဖြစ်တယ်။ နောက်ဆိုရင် မင်းတို့အားလုံး သူ့ကို ဒိုလော့ကြီးလို့ ခေါ်ရမယ်"
လူတိုင်း ဆွံ့အသွားကြသော်လည်း မန်နေဂျာအော်ဒယ်က ချက်ချင်းပင် ဦးဆောင်လျက် ပျာပျာသလဲ အလေးပြုလိုက်သည် "ဟုတ်ကဲ့ပါ သခင်မကြီးယွဲ့"
"နှုတ်ခွန်းဆက်သပါတယ် ဓားရိပ်ဒိုလော့ကြီး" လူတိုင်းက လင်းဖန်ကို အလေးအမြတ်ပြုကာ ပြောလိုက်ကြသည်။
လင်းဖန်က ခပ်ဖွဖွ ပြုံးလျက် ခေါင်းငြိမ့်ပြလိုက်သည် "အားလုံးပဲ လူစိမ်းတွေလို အားနာမနေကြပါနဲ့"
မန်နေဂျာအော်ဒယ်သည် မနေ့က လင်းဖန်၏ ကြောက်မက်ဖွယ်ကောင်းသော အင်အားကို ကိုယ်တိုင် ခံစားခဲ့ရသူဖြစ်ရာ၊ ထိုစဉ်က မိမိကိုယ်မိမိ တုန်လှုပ်၍မရသော ဆင်ပြောင်ကြီးတစ်ကောင်ရှေ့က ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ခံစားခဲ့ရခြင်း ဖြစ်သည်။
ချက်ချင်းပင် ထန်ယွဲ့ဟွာက ထပ်မံ ပြောကြားလိုက်သည် "မန်နေဂျာအော်ဒယ်... ငါ အပြင်ကို ခရီးတစ်ခု သွားဖို့ ရှိတယ်။ ကျောင်းကို သုံးရက်ပိတ်ကြောင်း ကြေညာလိုက်၊ ဒီသုံးရက်အတွင်း ဘာသင်ခန်းစာမှ ရှိမှာမဟုတ်ဘူး။ ကျောင်းသားတွေ အိမ်မှာတင် ကြိုးကြိုးစားစား လေ့ကျင့်နိုင်ဖို့ တံခါးဝမှာ အကြောင်းကြားစာ ကပ်ထားလိုက်ပါ၊ သုံးရက်ပြည့်ရင် ငါကိုယ်တိုင် ရှောင်တခင် စစ်ဆေးမှုတွေ လုပ်မယ်"
ထန်ယွဲ့ဟွာ အပြင်သွားမည်ကို ကြားသောအခါ မန်နေဂျာအော်ဒယ်က ပျာပျာသလဲ မေးလိုက်သည် "သခင်မကြီးယွဲ့... ကျွန်တော်တို့ထဲက လူအချို့ အတူတူ လိုက်ပါ အလုပ်အကျွေးပြုဖို့ လိုမလား"
"မလိုပါဘူး။ သူ ငါ့ဘေးမှာ ရှိနေတာပဲ၊ ငါ့အတွက် ဘာအန္တရာယ်မှ ရှိလာနိုင်စရာ အကြောင်းမရှိဘူး" ထန်ယွဲ့ဟွာက လင်းဖန်ကို တစ်ချက် ဝေ့ကြည့်ရင်း ပြောလိုက်သည်။
"ဒါလည်း ဟုတ်တာပါပဲ" မန်နေဂျာအော်ဒယ်က ခေါင်းငြိမ့်လိုက်ပြီး ထပ်မံ၍ မမေးတော့ချေ။
အရာအားလုံးကို အကြောင်းကြားပြီးနောက် ထန်ယွဲ့ဟွာသည် လင်းဖန်နှင့်အတူ လမင်းဆောင်ထဲမှ ထွက်ခွာလာခဲ့သည်။
အပြင်သို့ ထွက်လာချိန်တွင် ထန်ယွဲ့ဟွာသည် တော်ဝင်ဝတ်စုံရှည်ကို မဝတ်ဆင်ထားတော့ဘဲ ရိုးရှင်းသော ခရမ်းနုရောင် ဝတ်စုံလေးတစ်ခုကိုသာ ဆင်မြန်းထားသည်။
လမ်းမပေါ်တွင် လျှောက်လှမ်းနေရင်း ထန်ယွဲ့ဟွာသည် လင်းဖန်၏ လက်မောင်းကို ချိတ်တွဲထားကာ မချိတင်ကဲ သက်ပြင်းချလိုက်မိသည် "ကောင်းကင်ဒေါဝ်မြို့တော်ကို ရောက်ကတည်းက ငါ အပြင်ကို ထွက်ရတာ အရမ်းရှားပါတယ်။ ရံဖန်ရံခါ နန်းတော်ထဲကို သွားတာကလွဲရင် ကျန်တဲ့အချိန်တွေမှာ လမင်းဆောင်ထဲမှာပဲ နေဖြစ်တာ များတယ်"
လင်းဖန်က ပြုံးလျက် ပြောလိုက်သည် "မင်းရဲ့ စိတ်နေသဘောထားက အေးအေးချမ်းချမ်း နေရတာကို သဘောကျတာကိုး။ တကယ်လို့ မင်းသာ စောင်းတီးရတာကို မမြတ်နိုးဘူးဆိုရင် လမင်းဆောင်ကိုလည်း တည်ထောင်ဖြစ်မှာ မဟုတ်ဘူး"
"ဒါဆို... အခု ငါတို့ နေဝင်ရိုးစွန်းတောအုပ်ကို တိုက်ရိုက် သွားကြမှာလား"
"နေဝင်ရိုးစွန်းတောအုပ်ကို အရင် သွားကြတာပေါ့။ မင်းနဲ့ သင့်တော်မယ့် ဝိညာဉ်ကွင်းတစ်ခုကို ရှာဖို့က အဲဒီလောက်အထိ မလွယ်ကူလှဘူးလေ"