အခန်း (၃) ထန်စန်းကို အနိုင်ယူရန် ခက်ခဲပင်ပန်းစွာ
တိုက်ခိုက်ရခြင်း
လင်းဖန်၏ ခြိမ်းခြောက်စကားများကို ကြားလိုက်ရသောအခါ လီယုဆုန်းတစ်ယောက် ဆွံ့အသွားရသည်။
ငါကပဲ ရန်လိုလွန်းလို့လား ဒါမှမဟုတ် တစ်ကမ္ဘာလုံးပဲ ရူးသွပ်ကုန်ကြပြီလား။
သတင်းဆန်းကြီးပါပဲ... ဘွဲ့ခံဒိုလော့တစ်ဦးက ကျောင်းသားဖြစ်ခွင့်ရရန်အတွက် ဝိညာဉ်ဧကရာဇ်တစ်ဦးကို ခြိမ်းခြောက်နေလေသည်။
"ဆရာက ကျွန်တော့်ကို ကျောင်းမသွင်းပေးရင် ကျွန်တော် စိတ်မကောင်းဖြစ်ရလိမ့်မယ်။ ကျွန်တော် စိတ်မကောင်းဖြစ်ရင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။ ဒီနေရာလေးက တကယ့်ကို သာယာလှပတာမလို့ ပျက်စီးသွားရင် နှမြောစရာကြီး ဖြစ်နေလိမ့်မယ်။"
"ဆရာလည်း သဘောတူတယ် မဟုတ်လား။"
လင်းဖန်သည် လီယုဆုန်း၏ ပုခုံးကို ဖက်ထားရင်း တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည်။
"အာ... ဟုတ်ကဲ့ပါ စွမ်းအားရှင်ကြီး ပြောတာ မှန်ပါတယ်။ ခင်ဗျားကို ကျောင်းသားအဖြစ် လက်ခံရမှာပေါ့။" လီယုဆုန်းက ဖြောင့်မတ်မှန်ကန်လှသည့် လေသံဖြင့် ကမန်းကတန်း ပြန်ပြောလိုက်ရသည်။
သို့သော် စိတ်ထဲတွင်မူ `တကယ့်ကို ထူးဆန်းတဲ့ကိစ္စပဲ။ ဒီလောက် စိတ်ပိုင်းဆိုင်ရာ မမှန်တဲ့သူက ဘယ်လိုလုပ် ဘွဲ့ခံဒိုလော့ ဖြစ်လာရတာလဲ။ အဓိပ္ပာယ်ကို မရှိဘူး´ ဟု တိတ်တဆိတ် တွေးတော ညည်းညူနေမိသည်။
နောက်ဆုံးတွင် လင်းဖန် ကျောင်းဝင်ခွင့် ရရှိသွားခဲ့ပြီ ဖြစ်သည်။
ကျောင်းဝင်ခွင့် စာရင်းသွင်းသည့် စားပွဲခုံဆီသို့ ပြန်ရောက်လာချိန်တွင် ဒိုင်မုပိုင်သည် ထန်ဆန်းတို့အဖွဲ့ကို ကျောင်းဝင်းအတွင်းသို့ လိုက်ပို့ပြီးနောက် ၎င်းတို့ကို ကြိုဆိုရန် အပြင်သို့ ပြန်ထွက်လာခဲ့သည်။
"မုပိုင်... သူ့ကို ကျောင်းထဲ ခေါ်သွားလိုက်ဦး။"
"အော်... ဒါနဲ့ သူက နောက်ပိုင်း စမ်းသပ်မှုတွေ ဖြေဆိုဖို့မလိုဘူးနော်။" လီယုဆုန်းက ထပ်လောင်းပြောကြားလိုက်သည်။
ဒိုင်မုပိုင်သည် လင်းဖန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် လီယုဆုန်းကို အံ့ဩတကြီး ကြည့်ကာ မေးလိုက်သည်။ "ဆရာလီ... သူက ဆရာအဖြစ် လာတာလား။"
"ဟေ့... အတန်းဖော်လေး မင်းက ဘာမျက်လုံးနဲ့ ကြည့်နေတာလဲ။ ငါက မင်းနဲ့ အတန်းတူတူ တက်မယ့် အတန်းဖော်အဖြစ် လာတာ။" လင်းဖန်က အေးအေးလူလူပင် ပြန်ပြောလိုက်သော်လည်း စိတ်ထဲတွင်မူ စနစ်ကို အကျည်းတန်စွာ ကျိန်ဆဲနေမိသည်။
မင်းက နောက်ကျရုံတင်မကဘူး အခုတော့ ငါ့ကိုပါ အရှက်ခွဲနေပြီ။´ လင်းဖန်က စိတ်ထဲကနေ စနစ်ကို တိုင်တည်ကာ ဟွန်း... နေဦးပေါ့ ငါ ဒီတာဝန်ကို အောင်မြင်လို့ နတ်ဘုရားအဆင့် စွမ်းအားကို ရတာနဲ့ ဒီကျောင်းကနေ ချက်ချင်း ထွက်ပြေးမှာ။ ဘယ်သူကများ ဒီကျောင်းမှာ ဆက်နေချင်မှာလဲ´ ဟု မကျေမနပ် တွေးနေသည်။
ဒိုင်မုပိုင်ကမူ လုံးဝ ဝေခွဲမရ ဖြစ်နေသည်။ `သူက ငါ့ထက် ပိုခန့်ညားတာကလွဲရင် တခြား ဘာအားသာချက်မှ ရှိပုံမရဘူး။ ပြီးတော့ ကြည့်ရတာလည်း ထင်ထင်ရှားရှား အသက်ကြီးနေတဲ့သူပဲ။ ဆရာလီက ဘာလို့ သူ့ကို စာမေးပွဲတောင် စစ်မနေတော့ဘဲ ကျောင်းထဲ ပေးဝင်ရတာလဲ။ သူက ဆရာလီနဲ့ အမျိုးတော်တာများလား´
"ဆရာ... ကျွန်မ ကျောင်းဝင်ခွင့် စာရင်းသွင်းချင်လို့ပါ။" ထိုစဉ် ၎င်းတို့နှစ်ဦး၏ နောက်ကွယ်မှ သာယာနာပျော်ဖွယ်ရှိပြီး အေးစက်စက်နိုင်သော မိန်းကလေးတစ်ဦး၏ အသံ ထွက်ပေါ်လာခဲ့သည်။
ဒိုင်မုပိုင်၏ အကြည့်က သူမထံသို့ ကျရောက်သွားပြီး ချက်ချင်းပင် မျက်ဝန်းများ တောက်ပသွားတော့သည်။
ထိုအခြင်းအရာကို မြင်လိုက်ရသဖြင့် လင်းဖန်လည်း လှည့်ကြည့်လိုက်မိရာ ရင်ထဲမှ အာမေဍိတ်သံ ထွက်ပေါ်လာသည်။ `ဝေါ... ဒီအရွယ်မှာ ရှောင်ဝူနဲ့ နင်ရုန်ရုန်တို့က ပုံမှန်ပဲ ရှိသေးပေမဲ့ ဒီမိန်းကလေးကတော့ ကိုယ်လုံးကိုယ်ပေါက် တကယ့်ကို အမိုက်စားပဲ။´
သို့သော်လည်း အသက် ၄၆ နှစ်ရှိပြီဖြစ်သော စစ်မှန်သည့်တန်ခိုးရှင် လင်းဖန်သည် ကျူကျူချင်းကို တစ်ချက်မျှသာ ကြည့်လိုက်သည်။
"သူတို့ရဲ့ အသက်နဲ့ စွမ်းအားအဆင့်က ကိုက်ညီမှုရှိတာမလို့ မုပိုင်... မင်းပဲ သူတို့ကို ခေါ်သွားပေးလိုက်ပါ။"
"အားလုံးပဲ... ကျွန်တော့်နောက်ကို လိုက်ခဲ့ကြပါ။"
ဒိုင်မုပိုင်သည် သူ၏အကြည့်ကို မချင့်မရဲဖြင့် လွှဲဖယ်လိုက်ပြီးနောက် ရှေ့မှနေ၍ လမ်းပြခေါ်ဆောင်သွားသည်။
လင်းဖန်သည် ရှီလိုင်ခဲကျောင်းတော်အတွင်းသို့ ဝင်ရောက်လာပြီးနောက် ချက်ချင်းပင် စနစ်ကို မေးမြန်းလိုက်သည်။ "ငါ ကျောင်းထဲမှာတင် ထန်ဆန်းကို အနိုင်ယူလိုက်ရင် တာဝန်ပြီးမြောက်မှာလား။"
[ကျေးဇူးပြု၍ ညွှန်ကြားချက်များအတိုင်း တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ပါ။]
"ကောင်းပြီလေ... ရတယ်လို့ပဲ သတ်မှတ်လိုက်မယ်။" လင်းဖန်သည် ချွတ်ယွင်းနေသော စနစ်ကို ဂရုမစိုက်တော့ဘဲ မျက်စောင်းထိုးလိုက်သည်။
ချက်ချင်းပင် လင်းဖန်သည် ခေါင်းကို အနည်းငယ် ငုံ့လိုက်ရင်း ထန်ဆန်းက သူ့ကို အရင်ဆုံး စတင်တိုက်ခိုက်လာအောင် မည်သို့ ဖန်တီးရမည်ကို စဉ်းစားခန်း ဖွင့်လေတော့သည်။ ထိုသို့ပြုလုပ်မှသာ သူ ပြန်လည်တိုက်ခိုက်ရန် အကြောင်းပြချက် ရှိမည်ဖြစ်ပြီး တန်ဟောက်ကလည်း သူ့ကို လာရောက်အပြစ်ရှာနိုင်မည် မဟုတ်ပေ။
"အစ်ကိုသုံး... ကျွန်မရဲ့ ဝက်အူချောင်း ရပြီလား။" မြူးကြွသော အသံလေးကို ကြားလိုက်ရသဖြင့် လင်းဖန် လှည့်ကြည့်လိုက်ရာ ရှောင်ဝူသည် စူးစမ်းလိုသော မျက်နှာထားလေးဖြင့် ရှိနေသည်ကို တွေ့လိုက်ရသည်။
ချက်ချင်းပင် အကြံတစ်ခု ရသွားခဲ့သည်။
ယခုအချိန်တွင် ထန်ဆန်းနှင့် ရှောင်ဝူတို့သည် အော်စကာ၏ ဝက်အူချောင်းကင်လှည်း ရှေ့တွင် ရပ်နေကြခြင်း ဖြစ်သည်။
"ထန်ဆန်း... မင်း အဲဒီဝက်အူချောင်းကို စားလို့မရဘူး။" ဒိုင်မုပိုင်က ချက်ချင်း ရှေ့သို့တက်ကာ သတိပေးလိုက်သည်။ "အော်စကာ... မင်းကို ငါ ဘယ်နှစ်ခါ ပြောရမလဲ ကျောင်းဝင်းထဲမှာ ဝက်အူချောင်း လာမရောင်းပါနဲ့ဆို။ မင်းက ကျောင်းသားအားလုံးကို မင်းနဲ့တူတူ အန်ချင်အောင် လုပ်နေတာလား။"
"မုပိုင်... ဒီဝက်အူချောင်းက ဘာဖြစ်လို့လဲ။" ထန်ဆန်းက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
"အော်စကာ... လုပ်စမ်း။" ဒိုင်မုပိုင်က အော်စကာကို ဝက်အူချောင်းအသစ် ပြန်လုပ်ပြရန် ညွှန်ကြားလိုက်သည်။
အော်စကာ၏ ညစ်ညမ်းလှသော အမူအရာနှင့်အတူ သူ၏ ထူးဆန်းလှသော စွမ်းအားမန္တန် ရွတ်ဆိုသံကြောင့် ထန်ဆန်းနှင့် သူ၏အဖော်များမှာ အော့အန်ချင်စိတ်များ ပေါက်ပွားသွားရတော့သည်။
ထိုစဉ် လင်းဖန်သည် အံ့ဩဟန်ဆောင်ကာ ရှေ့သို့ တက်လာခဲ့သည်။ "လတ်လတ်ဆတ်ဆတ် ကင်ထားတဲ့ ဝက်အူချောင်းအကြီးကြီးတွေကို မစားရင် နှမြောစရာကြီးဗျာ။"
လင်းဖန်သည် အော်စကာထံမှ ဝက်အူချောင်းကို လှမ်းယူကာ စားလိုက်သည်။ "တကယ် အရသာရှိတာပဲ။"
ထို့နောက် သူသည် ကင်လှည်းပေါ်မှ ဝက်အူချောင်းတစ်ချောင်းကို ထပ်မံယူဆောင်ကာ ရှောင်ဝူ၏ ထံသို့ လျှောက်လှမ်းသွားပြီး ပြောလိုက်သည်။ "ညီမလေးက တကယ့်ကို ချစ်စရာကောင်းတာပဲ။ တွေ့ရတာ ဝမ်းသာပါတယ်။ ဒီဝက်အူချောင်းလေး စားကြည့်ပါဦး။"
ရှောင်ဝူသည် လင်းဖန်၏ လက်ရှိအမူအရာကို ကြည့်ကာ အလွန်ပင် ညစ်ညမ်းလှသည်ဟု ထင်မြင်မိသွားသည်။
ထန်ဆန်း၏ မျက်နှာတွင်လည်း မကျေမနပ်ဖြစ်မှုများ ထင်ဟပ်လာခဲ့သည်။
"ကျေးဇူးတင်ပါတယ် ဦးလေး ဒါပေမဲ့ ကျွန်မ ဗိုက်မဆာသေးလို့ပါ။" ရှောင်ဝူက မဆိုင်းမတွဘဲ တိုက်ရိုက် ငြင်းပယ်လိုက်သည်။
"ဗိုက်မဆာဘူး ပြောပြီး ခုနတင်ပဲ ဝက်အူချောင်းကို အငမ်းမရ ဝယ်စားမလို့ လုပ်နေတာ ငါမြင်သားပဲ။ ဒါက တကယ် အရသာရှိတာပါ" လင်းဖန်သည် ပြောရင်းနှင့် ဝက်အူချောင်းကို ရှောင်ဝူ၏ မျက်နှာနားအထိ တိုး၍ ပေးလိုက်သည်။
ရှောင်ဝူသည် ချက်ချင်း နောက်သို့ နှစ်လှမ်းခန့် ဆုတ်လိုက်သော်လည်း လင်းဖန်ကမူ နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့သည်။
"သူငယ်ချင်း... တော်လောက်ပြီ။ ငါတို့ စားချင်ရင် ကိုယ့်ဘာသာ ဝယ်စားနိုင်တယ်" ထန်ဆန်းက လင်းဖန်၏ အနားသို့ တိုးကပ်လာပြီး အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။
"မင်းက ဘာကောင်မလို့လဲ။ ငါ့လမ်းက ဖယ်စမ်း ငါ့ကို လာမနှောင့်ယှက်နဲ့။" လင်းဖန်သည် ပြောပြီးသည်နှင့် ထန်ဆန်းကို ကျော်ဖြတ်ကာ ရှောင်ဝူထံသို့ ဆက်လက် လျှောက်လှမ်းသွားသည်။
"ဒီလူရှုပ်လူပွေ... သေပေတော့။" ရှောင်ဝူ ဒေါသထွက်သွားကာ နောက်ဆုတ်မနေတော့ဘဲ လင်းဖန်ထံသို့ လွှဲ၍ ကန်လိုက်လေတော့သည်။
လင်းဖန်ကမူ အနည်းငယ် ပြုံးလိုက်ပြီး သူ၏ လက်ဝဲလက်ဖြင့် ရှောင်ဝူ၏ ခြေကျင်းဝတ်ကို အသာအယာ ကာကွယ်ကာ ဖမ်းဆွဲလိုက်သည်။
ဪဪ
"ရှောင်ဝူ။" ထန်ဆန်း ထိတ်လန့်သွားရသည်။ ရှေ့ကလူသည် ရှောင်ဝူ၏ ကန်ချက်ကို ဤမျှ လွယ်ကူစွာ ကာကွယ်နိုင်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
ချက်ချင်းပင် လင်းဖန်သည် မိမိ၏ နောက်ကွယ်မှ ပြင်းထန်သော စွမ်းအားလှိုင်းတစ်ခုကို ခံစားလိုက်ရသည်။ ထန်ဆန်းသည် သူ၏ စွမ်းအားကို ထုတ်ဖော်လိုက်ပြီ ဖြစ်သည်။
"ချုပ်နှောင်စမ်း။"
"ငွေပြာမြက် ချုပ်နှောင်ခြင်း။" လင်းဖန် လှည့်ကြည့်လိုက်ရာ မြက်ပြာရောင် နွယ်ပင်များက သူ့ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။
မိမိ၏ ရည်ရွယ်ချက် အောင်မြင်သွားပြီဖြစ်သဖြင့် လင်းဖန်သည် ရှောင်ဝူ၏ ခြေကျင်းဝတ်ကို လွှတ်ပေးလိုက်ပြီး ငွေပြာမြက်ပင်များကို ချက်ချင်းပင် ဖမ်းဆွဲလိုက်တော့သည်။
"ဘာဖြစ်တာလဲ။" ထန်ဆန်းသည် လင်းဖန်က မိမိ၏ ချုပ်နှောင်ခြင်းကို အလွယ်တကူ ဖမ်းဆွဲလိုက်နိုင်သည်ကို မြင်ကာ အံ့အားသင့်သွားရသည်။
"ဒါဆို မင်းက တိုက်ခိုက်ချင်တာပေါ့လေ။" လင်းဖန်သည် ငွေပြာမြက်ပင်ကို ဆွဲကိုင်ကာ အားအနည်းငယ် စိုက်ထုတ်၍ တစ်ဖက်ရှိ ထန်ဆန်းကို မိမိအရှေ့သို့ ဆွဲခေါ်လိုက်ပြီးနောက် လက်ဖဝါးတစ်ချက်ဖြင့် ရိုက်ထုတ်လိုက်သည်။
ထိုရိုက်ချက်က ထန်ဆန်း၏ ရင်ဘတ်ကို တည့်တည့်မှန်သွားကာ သူ့ကို လွင့်စင်သွားစေခဲ့သည်။
ထို့နောက်တွင်မူ လင်းဖန်သည် အနားသို့ တိုးသွားကာ လက်သီးဖြင့် အချက်အချို့ ထပ်မံ ထိုးနှက်လိုက်သေးသည်။
"အစ်ကိုသုံး။" ရှောင်ဝူသည် မြေပြင်ပေါ်သို့ လဲကျသွားသော ထန်ဆန်းထံသို့ ချက်ချင်း ပြေးသွားပြီး သူ့ကို တွဲထူပေးလိုက်သည်။
ထန်ဆန်းသည် ရှောင်ဝူ၏ တွဲထူမှုဖြင့် ထရပ်ရင်း သူ၏ နှုတ်ခမ်းထောင့်က သွေးစများကို သုတ်လိုက်သည်။ `တကယ့်ကို အစွမ်းထက်တာပဲ။ ငါ သူ့ရဲ့ လှုပ်ရှားမှုတွေကို လုံးဝ မမြင်လိုက်ရသလို ဘာစွမ်းအားလှိုင်းကိုမှလည်း မခံစားလိုက်ရဘူး။ သူက ကျောင်းက ဆရာတစ်ယောက်များလား။´
"အစ်ကိုကြီးဒိုင်... သူက ဘယ်သူလဲ။ ဆရာအသစ်လား။" အော်စကာက နားမလည်နိုင်သော မျက်နှာထားဖြင့် ဒိုင်မုပိုင်ကို မေးလိုက်သည်။
"ဘာဆရာလဲ... သူကလည်း ကျောင်းသားသစ်ပဲ။" ဒိုင်မုပိုင်တစ်ယောက် စကားပင် မဆိုနိုင်တော့ပေ။
"မင်းတို့ ဘာလုပ်နေကြတာလဲ။ ကျောင်းဝင်းထဲမှာ ရန်ဖြစ်ခွင့် မရှိဘူး။" စွမ်းအားစမ်းသပ်မှုကို တာဝန်ယူထားသော လူချီပင်းသည် အဝေးမှနေ၍ လျှောက်လှမ်းလာခဲ့သည်။ "မင်းက ဘယ်သူလဲ။ ဘယ်ကျောင်းက ဆရာမလို့ ရှီလိုင်ခဲကျောင်းတော်ရဲ့ ကျောင်းသားလက်ခံပွဲကို လာပြီး နှောင့်ယှက်နေရတာလဲ။"
မှန်ပေသည်... လင်းဖန်၏ ရင့်ကျက်လှသော ရုပ်သွင်ကို ကြည့်ကာ သူသည် ကျောင်းသားသစ်ဖြစ်သည်ဟု မည်သူက ယုံကြည်နိုင်ပါမည်နည်း။
သို့သော်လည်း လင်းဖန်၏ အာရုံမှာ လူချီပင်းထံတွင် မရှိဘဲ စနစ်ထံ၌သာ ရှိနေသည်။
[ဂုဏ်ယူပါသည် ပိုင်ရှင်... သင်၏ ကြိုးစားအားထုတ်မှုနှင့် ထန်ဆန်းကို အနိုင်ယူရန် ခက်ခဲပင်ပန်းစွာ တိုက်ခိုက်ခဲ့ရသော တိုက်ပွဲကြောင့် အတိတ်က ရှုံးနိမ့်မှုကို ကလဲ့စားချေနိုင်ခဲ့ပါပြီ။ ဆုလာဘ်ကို လက်ခံရယူလိုပါသလား။]
လင်းဖန်၏ နှုတ်ခမ်းများ တုန်ရီသွားရသည်။ ထန်ဆန်းလို ကောင်လေးကို အနိုင်ယူရတာ ခက်ခဲပင်ပန်းလှသော တိုက်ပွဲ ဟုတ်လား။
ဒါက ငွေပြာမြက် ချုပ်နှောင်ခြင်းက အလွန်အမင်း အစွမ်းထက်နေလို့လား။
စိတ်ထဲတွင် ညည်းညူနေမိသော်လည်း လင်းဖန်က မေးလိုက်သည်။ "ဆုလာဘ်ကို ထုတ်ယူတဲ့အခါ ဘာဘေးထွက်ဆိုးကျိုးတွေ ရှိဦးမှာလဲ။"
[စနစ်မှ ထုတ်ကုန်များသည် အရည်အသွေးမြင့်မားပြီး မည်သည့် ချွတ်ယွင်းချက်မျှ မရှိစေရကြောင်း အာမခံပါသည်။]
"တကယ့်ကို အဖိုးတန်ရတနာပဲ။" လင်းဖန်သည် အသစ်ဝင်ရောက်သူ လက်ဆောင်ထုပ်တုန်းက ဆုလာဘ်များကို ပြန်တွေးမိရင်း ရေရွတ်လိုက်သည်။ "ဆုလာဘ်တွေကို ထုတ်ယူမယ်။"
ချက်ချင်းပင် ဟင်းလင်းပြင်ကြီးထဲမှ သန့်စင်လှသော စွမ်းအားလှိုင်းတစ်ခု ဆင်းသက်လာခဲ့ပြီး လင်းဖန်၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားတော့သည်။
"ဒီစွမ်းအားက..."
လင်းဖန် အံ့ဩသွားရသည်။ "စနစ်က တကယ့်ကို အစွမ်းထက်တာပဲ။ အဆင့် ၂၈ ရှိတဲ့သူကို အဆင့် ၃၀ အဆင့်သို့ ချက်ချင်း တက်လှမ်းစေနိုင်တာပဲ။"
"ဒါပေမဲ့ ဒါက ဘာထူးမှာလဲ။ ဝိညာဉ်ဆရာကြီးရဲ့ စွမ်းအားနှစ်ဆင့်ဆိုတာ ငါ မျက်စိမှိတ် အာရုံပြုပြီး အသက်တစ်ချက် ရှူလိုက်တာလောက်တောင် မရှိပါဘူး။"
လင်းဖန်တစ်ယောက် စကားမဲ့သွားရပြန်သည်။ ထို့နောက် ဟင်းလင်းပြင်ကြီးထဲမှ သက်တမ်းအပြည့်ရှိသော အသက်နှစ်ထောင် သက်တမ်းရှိ စွမ်းအားကွင်းတစ်ခု ထပ်မံ ဆင်းသက်လာခဲ့ပြီးလင်းဖန်ကိုဝိညာဉ်ဆရာကြီးအဆင့်မှ ဝိညာဉ်အကြီးအကဲအဆင့်သို့ တက်လှမ်းနိုင်ရန် ကူညီပေးခဲ့သည်။
လင်းဖန်သည် အသက်တစ်ချက် ရှူလိုက်ရုံမျှဖြင့် ထိုအသက်နှစ်ထောင် စွမ်းအားကွင်းကို မှုတ်ထုတ်၍ ဖြိုခွဲပစ်လိုက်သည်။
အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက် လင်းဖန် မချင့်မရဲဖြင့် မေးလိုက်သည်။ "စနစ်... မြန်မြန်လုပ်စမ်းပါ ငါ့ကို အမှိုက်တွေ ထပ်မပေးနဲ့တော့။ ငါ့ရဲ့ နတ်ဘုရားအဆင့် စွမ်းအားကိုပဲ မြန်မြန် ပေးတော့။"
[ကျပန်း နတ်ဘုရားအဆင့် စွမ်းအား ထုတ်ယူခြင်း ပြီးမြောက်ပါပြီ။]
အတားအဆီးမဲ့သော သတ်ဖြတ်ခြင်းအရှိန်အဝါများ ထွက်ပေါ်နေပြီး တစ်ကိုယ်လုံး သွေးကဲ့သို့ နီရဲနေသော ဓားတစ်လက်သည် ဟင်းလင်းပြင်ကြီးထဲမှ ဆင်းသက်လာခဲ့ကာ လင်းဖန်၏ မျက်ခုံးနှစ်ခုကြားမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင် ပျောက်ကွယ်သွားခဲ့လေတော့သည်။