အခန်း (၂ ) ချွတ်ယွင်းချက်ရှိနေသော စနစ်ဆိုး
"လေညင်းကို စီးလို့ အမြင့်ဆုံး ကောင်းကင်ယံဆီ ပျံသန်းမယ် လွတ်လွတ်လပ်လပ်နဲ့ စိတ်တိုင်းကျ လှည့်လည်သွားလာမယ်"
"တကယ်ကို မိုက်လှချည်လား"
လင်းဖန်သည် ဒိုလော့တိုက်ကြီးသို့ ရောက်ရှိလာပြီး အနှစ်လေးဆယ်အကြာတွင်မှ နောက်ဆုံး၌ ဓားပျံစီးရသည့် အရသာကို ပထမဆုံးအကြိမ် ခံစားဖူးတော့သည်။
မြေကမ္ဘာနှင့် မိုးကောင်းကင်ကြားဝယ် လွတ်လပ်ပေါ့ပါးစွာ ပျံသန်းနေရသည့် ဤခံစားချက်ကြောင့် လွန်ခဲ့သော အနှစ်လေးဆယ်လုံးလုံး ပင်ပန်းဆင်းရဲခဲ့ရသမျှ အရာအားလုံးသည် ထိုက်တန်သွားခဲ့ပြီဟု လင်းဖန် ခံစားလိုက်ရသည်။
ဘွဲ့ခံဒိုလော့အဆင့်ရှိသူ အချို့ပင်လျှင် ပျံသန်းနိုင်စွမ်း မရှိကြသော်လည်း လင်းဖန်၏ စိမ်းပြာရိပ်ဓားမှာမူ လေဓာတ်သဘာဝရှိသော စွမ်းအားတစ်ခုဖြစ်သဖြင့် ဘွဲ့ခံဒိုလော့အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည့် ယခုအချိန်တွင်မူ သူ၏ အားကောင်းလှသော စွမ်းအားများနှင့် လေဓာတ်စီးဆင်းမှု စွမ်းရည်များကို အသုံးချကာ သိုင်းလောကအိပ်မက်ထဲကအတိုင်း ဓားပျံစီးနိုင်သည့် စွမ်းဆောင်ရည်ကို လက်တွေ့အကောင်အထည် ဖော်နိုင်ခဲ့ပြီ ဖြစ်သည်။
ထင်ရှားပြတ်သားသော မျက်ခုံးအစုံ တောက်ပသော မျက်ဝန်းများနှင့်အတူ နက်မှောင်သော ဆံနွယ်ရှည်များက လေထဲတွင် ဝဲခါနေပြီး ဝတ်စုံပြာကို ဆင်မြန်းထားသော လင်းဖန်သည် ကောင်းကင်ယံထက်တွင် ပျံသန်းနေရင်း လူသားလောကမှ မဟုတ်သည့်အလား နတ်ဘုရားတစ်ပါးကဲ့သို့ တင့်တယ်လျက် ရှိနေတော့သည်။
ညနေခင်း အချိန်သို့ ရောက်သောအခါ...
လင်းဖန်သည် ဆိုတိုမြို့တော်အတွင်းသို့ ပျံသန်းဝင်ရောက်လာပြီး မှောင်ရိပ်ကျကာ လူသူကင်းမဲ့သော လမ်းထောင့်တစ်ခုသို့ သက်ဆင်းလိုက်သည်။
ကိုးကွင်းမြောက် စွမ်းအားကွင်းအတွက် သင့်တော်မည့် စွမ်းအားပြည့်သားရဲတစ်ကောင်ကို ရှာဖွေရန် လင်းဖန်သည် ကြယ်တာရာတောအုပ်ကြီးထဲတွင် တစ်လကျော်မျှ အချိန်ကုန်ဆုံးခဲ့ရပြီးမှ နောက်ဆုံး၌ ဓားသွားကျားသစ်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ထိုဓားသွားကျားသစ်ကို သတ်ဖြတ်ရန် ကိုးကွင်းမြောက် စွမ်းအားကွင်းကို အမိအရ စုပ်ယူရန်နှင့် ဘွဲ့ခံဒိုလော့အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ရန်အတွက် ရက်ပေါင်းများစွာ အချိန်ယူခဲ့ရပြန်သည်။
ထို့ကြောင့် လင်းဖန်သည် ရှီလိုင်ခဲကျောင်းတော်သို့ မသွားရောက်မီ မိမိကိုယ်မိမိ အရင်ဆုံး သန့်ရှင်းသပ်ရပ်အောင် ပြုလုပ်ရန် ရေချိုးရန်နှင့် အဝတ်အစားလဲရန် လိုအပ်သည်ဟု ခံစားမိသည်။
ထို့ပြင် လက်ရှိအချိန်သည် ကျောင်းတော်၏ ကျောင်းသားလက်ခံသည့် ရာသီ ဟုတ်မဟုတ်ကိုလည်း လင်းဖန် သေချာမသိသေးပေ။
လင်းဖန်သည် လမ်းထောင့်မှ ထွက်လာပြီး တည်းခိုရန် ဟိုတယ်တစ်ခုကို ရှာဖွေရင်း လမ်းမထက်တွင် လျှောက်လှမ်းလာခဲ့သည်။
မကြာမီမှာပင် ပြင်ပဒီဇိုင်းကို ပန်းရောင်စုံလေးများဖြင့် ချစ်စဖွယ် ပြင်ဆင်ထားသော ဟိုတယ်တစ်ခုကို လှမ်းမြင်လိုက်ရသည်။
ကြည့်ရသည်မှာ သိပ်ပြီး အတည်အပေါက်ရှိလှသော ဟိုတယ်မျိုးတော့ မဟုတ်ပေ။
"ဟေး အစ်ကိုလေး အခန်းယူဖို့ လာခဲ့လေ" လှပကျော့ရှင်းသော မိန်းမပျိုလေးတစ်ဦးက တံခါးဝတွင် ရပ်နေရင်း လင်းဖန်ကို လက်လှမ်းပြ၍ ခေါ်လိုက်သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းဖန်သည် တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ချက်ချင်းပင် လျှောက်လှမ်းသွားခဲ့သည်။
အထင်မလွဲကြပါနှင့် လင်းဖန် သွားရခြင်းမှာ ထိုမိန်းမပျိုလေးကြောင့် မဟုတ်ဘဲ ထိုဟိုတယ်၏ အမည်မှာ "နှင်းဆီဟိုတယ်" ဖြစ်နေသောကြောင့်ပင်။
"ဟေး အလှလေး... အခန်း အားသေးလား" လင်းဖန်က မေးလိုက်သည်။
"ချောချောလေးရယ်... အားတာပေါ့။ ကျွန်မတို့ ဟိုတယ်က ကုတင်အကြီးကြီးတွေကလေ တကယ့်ကို အကြီးကြီးနဲ့ ဝိုင်းဝိုင်း စိမ့်စိမ့်လေးဗျာ" အလှလေးက သူ့ကို ညုတုတုမျက်လုံးများဖြင့် ကြည့်ကာ ပြောရှာသည်။
"အင်း... တကယ်ပဲ အတော်လေး ကြီးပြီး ဝိုင်းတာပဲ ဒါပေမဲ့ စိမ့်ရဲ့လားဆိုတာတော့ ငါမသိသေးဘူး" လင်းဖန်က သူမကို ဘေးစောင်းကြည့်ကာ သဘောကျသလိုဖြင့် "ငါ့ကို အဲဒီလို ကြီးကြီး ဝိုင်းဝိုင်း စိမ့်စိမ့် ခုတင်ကြီးပါတဲ့ အခန်းတစ်ခန်း ပေးပါ" ဟု ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ အစ်ကိုလေး... ကျွန်မနောက်ကို လိုက်ခဲ့ပါနော်"
ထိုမိန်းမပျိုလေးသည် ဝမ်းသာအားရ ပြုံးရွှင်သွားပြီး လင်းဖန်ကို ဟိုတယ်အတွင်းသို့ ခေါ်ဆောင်သွားတော့သည်။
လင်းဖန် မှတ်မိသလောက်ဆိုလျှင် ထန်ဆန်းနှင့် ရှောင်ဝူတို့လည်း ဤနှင်းဆီဟိုတယ်တွင် တစ်ညတာ တည်းခိုခဲ့ဖူးသည်။
ဧည့်ကြိုကောင်တာတွင် ငွေပေးချေပြီးနောက် သူသည် ဒုတိယထပ်သို့ တက်လာခဲ့ပြီး အခန်းနံပါတ် ၂၀၂ သို့ ရောက်ရှိလာခဲ့သည်။
အခန်းထဲရှိ ခုတင်ကြီးမှာ တကယ့်ကို ကြီးမား ဝိုင်းစက်ပြီး အိစိမ့်နေကာ ခုတင်ပတ်ပတ်လည်တွင် နှင်းဆီပန်းများစွာကို ချထားလျက် ခုတင်ဝိုင်းကြီးပေါ်တွင်ပင် နှင်းဆီပွင့်ဖတ်လေးများကို အသည်းပုံဖော်၍ ခင်းကျင်းထားလေသည်။
"တံခါးပိတ်လိုက်" လင်းဖန်က အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ပါ အစ်ကိုလေး" မိန်းမပျိုလေးသည် တံခါးကို ပိတ်လိုက်ပြီးနောက် လင်းဖန်၏ အနားသို့ တိုးကပ်လာခဲ့သည်။
"မင်း ဘာလုပ်မလို့လဲ" လင်းဖန် အံ့ဩသွားရသည်။
"ကျွန်မ အစ်ကိုလေးနဲ့ အတူတူ အိပ်ပေးမလို့လေ ပိုက်ဆံလည်း မယူပါဘူး" မိန်းမပျိုလေးက သူမကိုယ်သူမ ဆွဲဆောင်မှုရှိသည်ဟု ထင်ရမည့် အပြုံးမျိုးဖြင့် ပြုံးပြလိုက်သည်။
မည်သို့ပင်ဆိုစေရကာမူ လင်းဖန်၏ ခန့်ညားသော ရုပ်ရည်နှင့် ထူးခြားလှသော အရှိန်အဝါတို့ကြောင့် သူသည် သာမန်လူတစ်ယောက် မဟုတ်ကြောင်း ထင်ရှားနေသည် မဟုတ်ပါလား။
"ပိုက်ဆံမယူဘူး ဟုတ်လား... မင်းက ပိုပြီး လိုချင်နေတာနေမှာပေါ့"
လင်းဖန်၏ မျက်နှာထားက အေးစက်သွားပြီး သူ၏လက်ချောင်းထိပ်မှ ရွှေဒင်္ဂါးပြားတစ်ပြားကို မြှောက်တင်ကာ ထိုမိန်းမပျိုလေးထံသို့ ပစ်ပေးလိုက်သည်။
"ထွက်သွားတော့"
မိန်းမပျိုလေးသည် လင်းဖန်၏ အရှိန်အဝါကြောင့် လန့်ဖျန့်သွားရသည်။ သူမ၏ ခန္ဓာကိုယ်လေး တုန်ရင်သွားပြီး မျက်နှာလေး ဖြူလျော်သွားကာ ရွှေဒင်္ဂါးပြားကို ကောက်ယူပြီး လင်းဖန်၏ အခန်းထဲမှ ပျာပျာသလဲ ထွက်ပြေးသွားတော့သည်။
"ငါလိုဂုဏ်သရေရှိတဲ့ဘွဲ့ခံဒိုလော့တစ်ယောက်က တကယ်ပဲ ဒီလောက်အထိ အဆင့်အတန်းနိမ့်တဲ့ အလှအပမျိုးနဲ့ အောက်တန်းကျရမှာလား"
ထို့နောက် လင်းဖန်သည် ရေမိုးချိုး သန့်စင်ခြင်းကို အဆုံးသတ်ကာ ခုတင်ဘေးသို့ လျှောက်လာခဲ့သည်။ သူသည် လေညင်းစွမ်းအား အနည်းငယ်ကို ထုတ်လွှတ်ကာ ခုတင်ပေါ်က အသည်းပုံ နှင်းဆီပွင့်ဖတ်များကို လွင့်စင်သွားစေလိုက်သည်။
ကြယ်တာရာတောအုပ်ကြီးထဲတွင် ရှိနေစဉ်ကတည်းက ကောင်းကောင်းမအိပ်ရသည်မှာ အတော်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
နောက်ရက် မွန်းတည့်ချိန်တွင်မူ လင်းဖန်သည် မိမိကိုယ်မိမိ ပြန်လည်လန်းဆန်းလာကာ နိုးထလာခဲ့သည်။
သူသည် စားသောက်ရန် အဝတ်အစားအသစ်များ ဝယ်ယူရန်နှင့် ကျောင်းတော်၏ ကျောင်းသားလက်ခံမှု အချက်အလက်များကို စုံစမ်းရန် လမ်းမများထက်တွင် လျှောက်လည်ခဲ့သည်။
"စနစ်ရဲ့ အချိန်ကာလအပိုင်းအခြားကတော့ အတော်လေး မှန်ကန်သားပဲ"
စုံစမ်းကြည့်ပြီးနောက် လင်းဖန်သည် အနီးနားရှိ ကျောင်းတော်များ ကျောင်းသားခေါ်ယူနေပြီဖြစ်ကြောင်းနှင့် ရှီလိုင်ခဲကျောင်းတော်သည်လည်း ချွင်းချက်မဟုတ်ကြောင်း သိရှိလိုက်ရသည်။
နေ့ခင်းဘက်တွင် နှင်းဆီဟိုတယ်သည် ညဘက်ကဲ့သို့ ဆွဲဆောင်ညုတုခြင်းမျိုးမရှိဘဲ သာမန်ဟိုတယ်တစ်ခုကဲ့သို့ ပို၍ ပုံမှန်ဖြစ်နေသည်။
လင်းဖန် မိမိအခန်းထဲသို့ ပြန်ဝင်ပြီး မကြာမီမှာပင် ဟိုတယ်ဧည့်ခန်းမကြီးအတွင်းမှ ဆူညံသံများကို ကြားလိုက်ရသည်။
ဧည့်ခန်းမကြီး၏ အပေါ်ဘက်ရှိ ဝရန်တာတွင် ရပ်နေရင်း လင်းဖန်သည် ဤမြင်ကွင်းကို စိတ်ဝင်တစားဖြင့် ငုံ့ကြည့်နေခဲ့သည်။
ရွှေရောင်ဆံပင်များနှင့် ခြင်္သေ့မင်းပမာ ထွားကျိုင်းသော လူငယ်တစ်ဦးက အမြွှာညီအစ်မနှစ်ဦး၏ ခါးကို ဖက်ထားရင်း အဝတ်အစားအပြာများကို ဝတ်ဆင်ထားသော သာမန်ကောင်လေးတစ်ဦးနှင့် ပန်းရောင်ဝတ်စုံဝတ် မိန်းကလေးတစ်ဦးတို့ကို ရင်ဆိုင်နေလေသည်။
"ဒီနေ့ခေတ် လူငယ်တွေကတော့ တကယ့်ကို အပျော်အပါး မက်ကြတာပဲ" လင်းဖန် ရေရွတ်မိသည်။
"နေပါဦး... ဒါက နှင်းဆီဟိုတယ်မှာ ရှောင်ဝူ ထန်ဆန်းနဲ့ ဒိုင်မုပိုင်တို့ မထင်မှတ်ဘဲ ဆုံတွေ့ကြတဲ့ အခန်းပဲ မဟုတ်လား" လင်းဖန်၏ ဦးနှောက်က လျင်မြန်စွာ အလုပ်လုပ်သွားပြီး အပြာရောင်ဝတ်စုံဝတ် ကောင်လေး၏အနားက မိန်းကလေးကို အသေအချာ စိုက်ကြည့်လိုက်သည်။
လင်းဖန်၏ အကြည့်အောက်တွင်မူ သာမန်မိန်းကလေးတစ်ဦးသည် ပန်းရောင်ယုန်ကလေးတစ်ကောင်အသွင်သို့ ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။
"တကယ်ကို ချစ်စရာကောင်းတာပဲ"
"ချစ်စရာကောင်းလိုက်တာ" လင်းဖန်သည် ထိုယုန်ကလေးကို ဖမ်းဆီးချင်စိတ်ကို အောင့်အီးသည်းခံရင်း ဆက်မကြည့်တော့ဘဲ မျက်စိလွှဲလိုက်သည်။
"ဒါပေမဲ့ ယုန်ခြေထောက်ကို ဇီရာစေ့လေးတွေ ဖြန်းပြီး ကင်စားရင်ဖြစ်ဖြစ် ယုန်ခေါင်းကို စပ်စပ်လေး ချက်စားရင်ဖြစ်ဖြစ် ယုန်သားကို ဆီပြန်ချက်စားရင်ဖြစ်ဖြစ် တကယ့်ကို အရသာရှိမှာပဲ"
"အား... ဗိုက်ပြန်ဆာလာပြီ ငါ သွားပြီး တစ်ခုခု စားဦးမှပဲ"
လင်းဖန် တွေးနေစဉ်မှာပင် သူ၏ဗိုက်က တဂွိဂွိမြည်လာသဖြင့် ဟိုတယ်ထဲမှ ထွက်ခွာခဲ့တော့သည်။
"ဟင်... ဘာလို့ ဒီဟိုတယ်ထဲမှာ ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ အရှိန်အဝါတစ်ခုကို ခံစားနေရတာလဲ" ရှောင်ဝူသည် သတိကြီးစွာဖြင့် သူမ၏မျက်ဝန်းများဖြင့် ဟိုတယ်တစ်ခုလုံးကို လှည့်လည်ကြည့်ရှုလိုက်သည်။
ထန်ဆန်းနှင့် ဒိုင်မုပိုင်တို့၏ အခန်းလုသည့် ပြဿနာကိုမူ လင်းဖန် စိတ်မဝင်စားပေ။
နောက်ထပ် နေ့သစ်တစ်ခုသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ လင်းဖန်သည် ညိုမှိုင်းသော ဝတ်စုံကို ဆင်မြန်းကာ သူ၏ ဆံနွယ်ရှည်များကို သပ်ရပ်စွာ စည်းနှောင်လျက် နှင်းဆီဟိုတယ်မှ ထွက်ခွာခဲ့သည်။
လင်းဖန် ရှီလိုင်ခဲကျောင်းတော်၏ တံခါးဝသို့ ရောက်ရှိချိန်တွင် ကျောင်းသားမိဘများနှင့် ကလေးငယ်များမှာ တန်းစီနေကြသဖြင့် လူတန်းကြီးက အတော်ပင် ရှည်လျားနေပြီ ဖြစ်သည်။
ထန်စန်းနှင့် ရှောင်ဝူတို့သည်လည်း ထိုလူတန်းကြီးထဲတွင် ရောနှော၍ တန်းစီနေကြသည်။
ဖြူစင်ရိုးသားလှသော ကလေးငယ်တစ်စုကို ကြည့်ရင်း လင်းဖန်သည် မိမိအနေဖြင့် ၎င်းတို့နှင့်အတူ ကျောင်းတစ်ကျောင်းတည်းတွင် တက်ရောက်ရမည်ကို တွေးမိကာ မျက်နှာပျက်သွားရသည်။
သူ စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်မိသည်။ "စနစ်... သေချင်ယောင်ဆောင်မနေနဲ့။ ငါ ကျောင်းသားအဖြစ် မဟုတ်ဘဲ ရှီလိုင်ခဲကျောင်းတော်မှာ ဆရာအဖြစ် လျှောက်ထားလို့ မရဘူးလား"
"ငါ့အသက်က ဘယ်လောက်ရှိပြီမလို့ ကျောင်းသား သွားလုပ်ရမှာလဲ။ ငါ့မျက်နှာကိုရော မငဲ့ကွက်ဘူးလား"
[ပိုင်ရှင်၏ အသက်မှာ ၁၂ နှစ်ဖြစ်သည်။ ကျေးဇူးပြု၍ စနစ်က သတ်မှတ်ပေးထားသော အသက်ကိုသာ အသုံးပြုပါ။]
"ငါအသက်က ၁၂ နှစ် မဟုတ်ဘူး"
[ကျေးဇူးပြု၍ စနစ်က အသိအမှတ်ပြုထားသော အသက်ကိုသာ အသုံးပြုပါ။]
"ငါ... ငါက ဒီနှစ်မှာ အသက် ၄၆ နှစ်ရှိပြီဖြစ်တဲ့... ဘွဲ့ခံဒိုလော့... အခု မင်းက ငါ့ကို ကလေးကျောင်းသားတစ်ယောက်လို ဟန်ဆောင်ခိုင်းနေတာလား"
[ကျေးဇူးပြု၍ စနစ်က အသိအမှတ်ပြုထားသော အသက်ကိုသာ အသုံးပြုပါ။]
ဒေါသထွက်လွန်းသဖြင့် ရင်ထဲတွင် တုန်ရီလာရသည်။
မင်းက ၁၂ နှစ်ပါလို့ ပြောရင်တောင် ဘယ်သူက ယုံမှာလဲ။ ရင့်ကျက်ပြီး လောကဓံကို
ဖြတ်သန်းလာခဲ့ရတဲ့ ရုပ်သွင်ကို လိမ်ညာလို့ မရနိုင်ပါဘူး မျက်နှာတစ်ခုလုံးကို ခွဲစိတ်ပြုပြင်မပစ်ဘူးဆိုရင်ပေါ့။
လင်းဖန်သည် ဘွဲ့ခံဒိုလော့အဆင့် ဖြစ်သဖြင့် ရုပ်ရည်မှာ အသက် ၂၅ နှစ်ခန့်သာ ထင်ရသော်လည်း အနှစ် ၄၀ ကျော်တိုင်တိုင် လောကဓံကို ကြံ့ကြံ့ခံ ဖြတ်သန်းလာခဲ့ရသည့် သူ၏ ရင့်ကျက်သော အရှိန်အဝါကိုမူ မည်သို့မျှ ပြောင်းလဲ၍ မရနိုင်ပေ။
"စနစ် မင်းတစ်ခုခု ချွတ်ယွင်းနေတာပဲ ဖြစ်ရမယ်။ စနစ်... မင်း ထွက်လာခဲ့စမ်း ငါ မင်းကို ပြင်ပေးမယ်" လင်းဖန်က ဒေါသတကြီး ပြောလိုက်သည်။
ထို့ပြင် လင်းဖန်၏ အရပ်အမောင်းမှာ ထို ၁၂ နှစ်အရွယ် ကလေးငယ်များကြားတွင် အလွန်ပင် ထင်ရှားပေါ်လွင်နေပေသည်။
"ကောင်းပြီလေ စနစ်... ငါ ကျောင်းသားအဖြစ်ပဲ စာရင်းသွင်းပြီး ရှီလိုင်ခဲကျောင်းတော်ရဲ့ တံခါးဝမှာတင် ထန်ဆန်းကို ရိုက်နှက်ပြမယ် ဒါဆိုရင်ရော ရပြီလား"
[ကျေးဇူးပြု၍ ညွှန်ကြားချက်များအတိုင်း တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ပါ။]
"ကောင်းတယ်... အတော်လေး ကောင်းတယ်။ ငါ နတ်ဘုရားဖြစ်လာတဲ့နေ့ကျရင် အရင်ဆုံး လုပ်မယ့်အလုပ်က မင်းကို ဖျက်ဆီးပစ်ဖို့ပဲ"
လင်းဖန်နှင့် စနစ်တို့ စိတ်ချင်း အားပြိုင်နေကြစဉ်မှာပင် မကြာမီ သူ၏အလှည့်သို့ ရောက်ရှိလာခဲ့သည်။
လင်းဖန်သည် ရွှေဒင်္ဂါးပြား ဆယ်ပြားကို ချပြလိုက်ပြီး သူ၏ညာဘက်လက်ကို ဆန့်ထုတ်လိုက်သည်။
စာပွဲခုံတွင် စောင်း၍ ထိုင်နေသော လီယုဆုန်းသည် သူ၏လက်ကို လင်းဖန်၏ လက်ဖဝါးထက်သို့ တင်ကာ စမ်းသပ်လိုက်သည်။
"အရိုးတည်ဆောက်ပုံက ၄... ဟင်" လီယုဆုန်းသည် မော့ကြည့်ကာ လင်းဖန်ကို စိုက်ကြည့်လိုက်သည်။
"ကျောင်းသားမိဘ... ကျေးဇူးပြုပြီး ခင်ဗျားရဲ့ ကလေးကိုပဲ ဒီကို လာခိုင်းပါ" လီယုဆုန်း၏ မျက်နှာထားက ပျက်သွားရသည်။
လီယုဆုန်း စိတ်ထဲတွင် တွေးမိသည်မှာ `ခင်ဗျား ကိုယ့်အသက်ကိုယ် မသိဘူးလား´ ဟူ၍ပင်။
"ဆရာ... ကျွန်တော် အသက် ၁၂ နှစ်ပါ စွမ်းအားအဆင့်က ၂၈ အဆင့်ရှိပါတယ်" လင်းဖန်တစ်ယောက် မြေကြီးထဲသို့သာ လှည်းဝင်သွားချင်စိတ် ပေါက်သွားရပြီး တကယ့်ကို အရှက်ရလှပေသည်။
လင်းဖန်သည် စိတ်ထဲမှနေ၍ `ဒါ စနစ်က ပြောတာလေ´ ဟု တိုးတိုးလေး ထည့်ပြောမိသည်။
"ထွက်သွားစမ်းပါ... မင်းက အသက် ၁၂ နှစ် ဟုတ်လား။ ဟန်ဆောင်ချင်ရင်တောင် နည်းနည်းပါးပါး တူအောင် ဟန်ဆောင်ပါဦး" လီယုဆုန်းသည် သူ့ထက်ပင် လောကဓံဒဏ်ကို ပိုမိုခံစားထားရသည့် ရုပ်သွင်ရှိသော လင်းဖန်ကို ကြည့်ကာ စကားမဲ့စွာဖြင့် "ငါ့အလုပ်တွေကို လာပြီး မနှောင့်ယှက်ပါနဲ့" ဟု ပြောလိုက်သည်။
"ဆရာက တကယ့်ကို ပြတ်သားတာပဲ" လင်းဖန်သည် စားပွဲခုံကို ကျော်ကာ လီယုဆုန်း၏ ပုခုံးကို လှမ်း၍ ဖက်လိုက်သည်။
"လာပါ... ကျွန်တော်တို့ ဟိုဘက်ကို သွားပြီး စကားပြောရအောင်"
"ဒီလောက် အားကောင်းတဲ့ စွမ်းအားကြီးလား... ငါ့ခန္ဓာကိုယ်ကို လှုပ်လို့တောင် မရတော့ဘူး" လီယုဆုန်း၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားရသည်။
ထို့နောက်တွင်မူ လီယုဆုန်းသည် လင်းဖန်၏ ဆွဲခေါ်ရာနောက်သို့ ပါသွားပြီး အခြားသူများနှင့် ဝေးရာ သစ်ပင်တစ်ပင်၏ နောက်ကွယ်သို့ရောက်ရှိသွားတော့သည်။
"မင်း ဘာလုပ်မလို့လဲ" လီယုဆုန်းက သတိကြီးစွာဖြင့် မေးလိုက်သည်။
"ဆရာ... အထင်မလွဲပါနဲ့ ကျွန်တော် ဆရာ့ကို တစ်ခုခု ပြမလို့ပါ" လင်းဖန်က ပြုံးလိုက်ပြီး သူ၏လက်ဖဝါးကို ဖြန့်ကာ စိမ်းပြာရိပ်ဓား စွမ်းအားနှင့်အတူ စွမ်းအားကွင်းများကို ထုတ်ဖော်ပြသလိုက်သည်။
"တစ် နှစ်... ကိုးကွင်းတောင်လား။ စွမ်းအားရှင်ကြီးကို ဂါရဝပြုပါတယ်ခင်ဗျာ" လီယုဆုန်းသည် စွမ်းအားကွင်း အရေအတွက်ကို ရေတွက်ကြည့်ရင်း မျက်လုံးများ အပြူးသားဖြင့် အံ့ဩမှင်သက်ကာ ချက်ချင်းပင် ဦးညွှတ်လိုက်တော့သည်။
"ကဲ... အခုဆိုရင် ကျွန်တော် ကျောင်းဝင်ခွင့် လျှောက်လို့ရပြီလား" လင်းဖန်သည် သူ၏ စွမ်းအားကို ပြန်လည်ရုပ်သိမ်းကာ တည်ငြိမ်သော လေသံဖြင့် မေးလိုက်သည်။