အခန်း (၁၇) ပင့်ကူခြေထောက်ရှစ်ချောင်း ဝိညာဉ်အရိုးကို ရရှိခြင်း
ထန်ဆန်းက စိတ်တည်ငြိမ်လှသည်။ သူသည် ဝိညာဉ်ကွင်းကို ချက်ချင်း မစုပ်ယူသေးဘဲ မျက်နှာလူသား မကောင်းဆိုးဝါးပင့်ကူ၏ အလောင်းဘေးတွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ ထို့နောက် သူ၏ ဝိညာဉ်စွမ်းအားများကို ပြန်လည်ဖြည့်တင်းရန်နှင့် ခန္ဓာကိုယ်ထဲမှ အဆိပ်များကို ဖယ်ရှားရန်အတွက် လျှို့ဝှက်ဆန်းကြယ် ကောင်းကင်ကျင့်စဉ်ကို စတင် လည်ပတ်စေလိုက်သည်။
"လျှို့ဝှက်ဆန်းကြယ် ကောင်းကင်ကျင့်စဉ်က တကယ့်ကို ကောင်းမွန်တဲ့ အရာပဲ။ ဝိညာဉ်ကုန်းမြေရဲ့ ရှေးဦးကျလွန်းတဲ့ ကျင့်စဉ်တွေနဲ့ ယှဉ်ရင်တော့ ဒါက အထက်တန်းကျတဲ့ တိုက်ခိုက်မှု နည်းလမ်းတစ်ခုလို ရှိနေတာပဲ"
"တကယ်လို့ စနစ်ရဲ့ တာဝန်ဆုလာဘ်တွေထဲမှာ ဒီလိုမျိုး ကျင့်စဉ်မျိုး မပါလာရင် နောက်ကျမှ ထန်ဆန်းဆီကနေ လျှို့ဝှက်ဆန်းကြယ် ကောင်းကင်ကျင့်စဉ်ကို လှည့်စားပြီး ယူရမယ်"
လင်းဖန်သည် ထန်ဆန်း၏ ခန္ဓာကိုယ်ဘေးတွင် လှည့်ပတ်စီးဆင်းနေသော နို့နှစ်ရောင် အငွေ့အသက်များကို ကြည့်ကာ မနာလိုစိတ်များ တားမရဆီးမရ ဖြစ်ပေါ်လာခဲ့သည်။
သူသည် ဤကမ္ဘာသို့ ကူးပြောင်းလာပြီးနောက် ဘာမှမရှိခဲ့ချေ။ ယခုအချိန်တွင် ကြိုးစားအားထုတ်မှု၏ ရလဒ်များကို ခံစားနေရပြီ ဖြစ်သော်လည်း ဤအရာမှာ နှစ်ပေါင်းလေးဆယ်တိုင်တိုင် ပင်ပန်းကြီးစွာ ကြိုးစားခဲ့ရပြီးမှ ရရှိလာခဲ့ခြင်း ဖြစ်သည်။
အကယ်၍ ထန်ဆန်းသာ နှစ်ပေါင်းလေးဆယ်ကြာအောင် ကျင့်ကြံမည်ဆိုပါက နတ်ဘုရားဘုရင်တစ်ပါး ဖြစ်နေလောက်ပြီ ဖြစ်သည်။
မကြာမီမှာပင် လင်းဖန်သည် သူတို့၏ ရှေ့တည့်တည့်မှ လူသုံးယောက် လျှောက်လာသည်ကို သတိပြုမိလိုက်သည်။
ထိုလူများမှာ မမျှော်လင့်ဘဲ မွန်းလွဲပိုင်းက တွေ့ခဲ့ရသော မြွေအဘွားအိုနှင့် မုန့်ယီရန်တို့ ဖြစ်နေကြသည်။
"ဘာ ဖြစ်တာလဲ။ သမီးရဲ့ မျက်နှာလူသား မကောင်းဆိုးဝါးပင့်ကူကို နောက်တစ်ကြိမ် လုယူခံလိုက်ရပြန်ပြီ" မြေပြင်တွင် လဲလျောင်းနေသော မျက်နှာလူသား မကောင်းဆိုးဝါးပင့်ကူကို မြင်သောအခါ မုန့်ယီရန်က ဒေါသတကြီး ပြောလိုက်သည်။
ထန်ဆန်းက အံ့သြစွာဖြင့် မျက်လုံးများကို ဖွင့်ကြည့်လိုက်ပြီး "မဖြစ်နိုင်တာ... ဘာလို့ ဒီလောက်တောင် တိုက်ဆိုင်နေရတာလဲ။ မျက်နှာလူသား မကောင်းဆိုးဝါးပင့်ကူရဲ့ ပင့်ကူအိမ်တွေ ဘာလို့ ကုန်ခမ်းနေရတာလဲဆိုတာ မဆန်းတော့ဘူးပဲ" ဟု စဉ်းစားလိုက်သည်။
အထူးသဖြင့် မုန့်ယီရန်၏ ကိုယ်ပေါ်ရှိ ဝိညာဉ်ကွင်း ရှစ်ကွင်းကို ကြည့်ကာ ထန်ဆန်းတစ်ယောက် စိတ်ထဲတွင် မတတ်သာသလို ခံစားလိုက်ရသည်။
"နင်ပဲ ထန်ဆန်း... ငါ ရဲ့ ကိစ္စတွေကို နှစ်ခါရှိပြီ နှောင့်ယှက်နေတာ" ရပ်နေသူမှာ ထန်ဆန်း ဖြစ်ကြောင်း မြင်သောအခါ မုန့်ယီရန်က ချက်ချင်း အော်ပြောလိုက်သည်။
မြွေအဘွားအို ချောင်ထျန်းရှန်းက မုန့်ယီယန်၏ နားနားသို့ ကပ်၍ တိုးတိုးလေး တစ်စုံတစ်ခုကို ပြောလိုက်သည်။
"ထန်ဆန်း... မင်းကို ရွေးချယ်စရာ နှစ်ခု ပေးမယ်။ ပထမတစ်ခုက ငါတို့ မိသားစုထဲကို ဝင်မလား ဒုတိယတစ်ခုကတော့ ငါ့မြေးမလေးကို တောင်းပန်တဲ့အနေနဲ့ လက်တစ်ဖက် ချန်ထားခဲ့မလား" မုန်းရှူးက ထန်ဆန်းကို ဖိအားပေးကာ ရွေးချယ်စရာ နှစ်ခုကို ပေးလိုက်သည်။
ထန်ဆန်း၏ မျက်နှာ အရောင်အဆင်း ပြောင်းလဲသွားသည်။ မိသားစုတစ်ခုခုထဲသို့ ဝင်ရောက်ခြင်းက လွတ်လပ်မှု ဆုံးရှုံးရလိမ့်မည်ကို သူ ကောင်းစွာ သိသည်။
လင်းဖန်သည် သူတို့ကို ဆက်ပြီး ရုန်းရင်းဆန်ခတ် အဖြစ်မခံနိုင်တော့ကြောင်း သိလိုက်သည်။ ဝိညာဉ်ကွင်းကို စုပ်ယူရန် အကောင်းဆုံးအချိန် ကျော်လွန်သွားပါက မည်သည့် နောက်ဆက်တွဲ ပြဿနာများ ဖြစ်လာမည်ကို မသိနိုင်ချေ။
ဟုတ်ပါသည်... အဓိက အကြောင်းရင်းမှာ ထန်ဟောက် အလျင်အစလို ပြန်ရောက်လာမည်ကို လင်းဖန် ကြောက်ရွံ့နေခြင်း ဖြစ်သည်။
ချက်ချင်းပင် လင်းဖန်သည် သူတို့၏ ရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့သည် "မြွေအဘွားအို... ခင်ဗျားတို့ တကယ်ပဲ အိုမင်းရင့်ရော်နေကြပြီပဲ။ အနှစ်တစ်ထောင် သက်တမ်းရှိတဲ့ မျက်နှာလူသား မကောင်းဆိုးဝါးပင့်ကူတစ်ကောင်ကိုတောင် မကိုင်တွယ်နိုင်ဘဲ ခင်ဗျားတို့ရဲ့ ကျရှုံးမှုကို ထန်ဆန်းအပေါ် ပုံချဖို့ မျက်နှာပြောင်တိုက်ရဲကြသေးတယ်ပေါ့"
"ခင်ဗျားတို့ ဒီလောက်နှစ်တွေအကြာကြီး အလကား အသက်ရှင်ခဲ့တာပဲ"
မြွေအဘွားအိုတို့သည် အနီးအနားတွင် အခြားလူတစ်ယောက် ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် ထိတ်လန့်သွားကြပြီး "မင်းက ဘယ်သူလဲ" ဟု မေးလိုက်ကြသည်။
"သေးငယ်လှတဲ့ ထူးဆန်းတဲ့ သားရဲမိသားစုက ထန်ဆန်းကို အဖွဲ့ထဲ သွင်းဖို့ အရည်အချင်း မရှိပါဘူး"
"ထန်ဆန်း... မင်း အခုပဲ မျက်နှာလူသား မကောင်းဆိုးဝါးပင့်ကူရဲ့ ဝိညာဉ်ကွင်းကို စုပ်ယူလိုက်တော့။ ဘယ်သူကများ နောက်ထပ် စကားတစ်ခွန်း ပြောရဲသေးလဲ ကြည့်ရတာပေါ့" လင်းဖန်သည် ထန်ဆန်း၏ ရှေ့တွင် ဆင်းသက်လိုက်ပြီး လှည့်မကြည့်ဘဲ ပြောလိုက်သည်။
"အရှင် ဓားရိပ်... အများကြီး ကျေးဇူးတင်ပါတယ်ခင်ဗျာ" ထန်ဆန်းသည် ဝမ်းသာအားရ ဖြစ်သွားသည်။ လင်းဖန်၏ ကျင့်ကြံခြင်းအဆင့်ကို သိထားသဖြင့် သူ၏ ဝိညာဉ်ကွင်းမှာ စိတ်ချရပြီဖြစ်ကြောင်း သူ သိလိုက်သည်။
လင်းဖန်သည် ချက်ချင်းပင် စိမ်းပြာရောင်ဓားကို ကိုင်မြှောက်ကာ သူ၏ ဝိညာဉ်ကွင်း ကိုးကွင်းလုံးကို ထုတ်ဖော်လိုက်ပြီး "ငါ့ရဲ့ ဘွဲ့အမည်က ဓားရိပ်ပဲ" ဟု ပြောလိုက်သည်။
"ဘွဲ့ခံဒိုလော့" မြွေအဘွားအိုတို့သည် လင်းဖန်၏ ခန္ဓာကိုယ်ပေါ်ရှိ ဝိညာဉ်ကွင်းများကို ကြည့်ကာ ထိုအရာက အမှန်တရား ဖြစ်ကြောင်း သိလိုက်ရသော်လည်း အလျှော့မပေးချင်ကြသေးပေ။
မျက်နှာလူသား မကောင်းဆိုးဝါးပင့်ကူမှာ တကယ့်ကို ရှားပါးလွန်းလှသည်။
"အရှင် ဓားရိပ်ကို ဂါရဝပြုပါတယ်" မုန့်ယီရန်နှင့် မြွေအဘွားအိုတို့သည် ရိုသေစွာဖြင့် နှုတ်ဆက်လိုက်ရတော့သည်။
ဝိညာဉ်ဆရာလောက၏ အမြင့်ဆုံး အထွတ်အထိပ်တွင် ဝိညာဉ်ဧကရာဇ်အဆင့်ရှိသူ တစ်ဦးပင်လျှင် ဘွဲ့ခံဒိုလော့တစ်ဦးကို 'အရှင်' ဟု ရိုသေစွာ ခေါ်ဝေါ်ရပေမည်။
"ဘွဲ့ခံဒိုလော့ဆိုတာ တကယ့်ကို ဝိညာဉ်ဆရာလောကရဲ့ အင်အားအကောင်းဆုံး ဝိညာဉ်ဆရာပဲ။ ဝိညာဉ်ဧကရာဇ်တစ်ယောက်တောင် ရိုသေပြနေရတယ်။ နောင်ကျရင် ငါလည်း သေချာပေါက် ဘွဲ့ခံဒိုလော့တစ်ယောက် ဖြစ်လာစေရမယ်" ဟု ထန်ဆန်းက စိတ်လှုပ်ရှားစွာဖြင့် တွေးလိုက်သည်။
ဤအချိန်တွင် ထန်ဆန်းသည် ဤကုန်းမြေပေါ်၌ ဘွဲ့ခံဒိုလော့တစ်ဦး၏ ဂုဏ်သရေက မည်မျှအထိ မြင့်မားကြောင်းကို အမှန်တကယ် နားလည်သွားခဲ့သည်။
ထိုအရာက အဆင့်တစ်ခုမျှသာ မဟုတ်ဘဲ စစ်မှန်သော အင်အားကြီး ပုဂ္ဂိုလ်တစ်ဦးကို ကိုယ်စားပြုခြင်း ဖြစ်သည်။
"အရှင် ဓားရိပ် ခင်ဗျာ... ဒါပေမဲ့ ဒီမျက်နှာလူသား မကောင်းဆိုးဝါးပင့်ကူကို ကျွန်တော်တို့က အရင်ဆုံး ရှာဖွေတွေ့ရှိပြီး ဒဏ်ရာရအောင် လုပ်ခဲ့တာမို့ ဒါက ကျွန်တော်တို့နဲ့ပဲ ဆိုင်သင့်တာပါ" ဟု မုန့်ရှူးက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
"ခင်ဗျားရဲ့ အဆင့်က ဘာလဲ ပြီးတော့ မျက်နှာလူသား မကောင်းဆိုးဝါးပင့်ကူရဲ့ အဆင့်က ဘာလဲ။ ဒီလောက် အင်အားချင်း ကွာခြားနေတာတောင် အဲဒီကောင်က ခင်ဗျားတို့ဆီကနေ ဘယ်လိုလုပ်ပြီး ထွက်ပြေးသွားနိုင်ရတာလဲ။ ထွက်ပြေးသွားပြီဆိုရင်တော့ ပြီးသွားပြီပေါ့။ အခု အဲဒီကောင်ကို ထန်ဆန်းတစ်ယောက်တည်းနဲ့ သတ်ပစ်လိုက်တာမို့ ဒါက သူနဲ့ပဲ ဆိုင်ရမယ်။ ထပ်ပြီးပြောရရင် ကြယ်တာရာ တောအုပ်ကြီးထဲက ဝိညာဉ်သားရဲတွေက ဘယ်သူ့ပိုင်ဆိုင်မှုမှ မဟုတ်ဘူး"
"ခင်ဗျားတို့ရဲ့ အယူအဆအတိုင်းဆိုရင် ဝိညာဉ်သားရဲတစ်ကောင်ကို ဝိညာဉ်ဆရာတစ်ယောက်က တွေ့လိုက်တာနဲ့ သူတို့ပိုင်တယ်ပေါ့။ ဒါဆိုရင် ငါက ကြယ်တာရာ တောအုပ်ကြီးထဲက ဝိညာဉ်သားရဲအားလုံးကို မြင်ဖူးထားတာမို့ အခြားဝိညာဉ်ဆရာတွေ အမဲမလိုက်ရဘူးလို့ သတ်မှတ်ရမလား"
လင်းဖန်က အေးစက်စွာ ပြောလိုက်သည်။
"ထန်ဆန်း... သွားပြီး ဝိညာဉ်ကွင်းကို စုပ်ယူတော့"
"ဟုတ်ကဲ့... အရှင်"
ဤသည်ကို မြင်သောအခါ မုန့်ယီရန် မုန်းရှူးသည် သူတို့၏ ဝိညာဉ်ကွင်းများကို ထုတ်ဖော်လိုက်ပြီး လင်းဖန်ကို စိုက်ကြည့်နေခဲ့သည်။
"ဘာလဲ... ဆက်ပြီး တိုက်ချင်သေးတာလား။ ခင်ဗျားတို့ ငါ့ကို နိုင်မှာမို့လို့လား။ တကယ်လို့ ခင်ဗျားတို့ရဲ့ မြေးမလေးကိုပါ ဒုက္ခတွင်းထဲ ဆွဲသွင်းချင်တယ်ဆိုရင်တော့ စမ်းကြည့်လိုက်လေ" လင်းဖန်သည် ထိုနှစ်ယောက်၏ ဝိညာဉ်ကွင်းများ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။
သူ၏ ဖိအားအငွေ့အသက်များသည် မုန့်ယီရန် မြွေအဘွားအိုနှင့် ထိုသုံးယောက်အပေါ်သို့ ရုတ်တရက် ကျရောက်သွားတော့သည်။ မုန့်ယီရန်မှာ မြေပြင်ပေါ်သို့ ပြားပြားဝပ် မကျသွားစေရန်အတွက် မုန်းရှူး၏ ကျောပြင်ပေါ်သို့ တိုက်ရိုက် လဲကျသွားခဲ့ရသည်။
"ဘွဲ့ခံဒိုလော့ရဲ့ ဂုဏ်သတင်းက တကယ့်ကို အလကား မဟုတ်ပါဘူး။ ကျွန်တော်တို့ တောင်းပန်ပြီး ထွက်ခွာသွားပါ့မယ်" မုန့်ရှူး၏ မျက်နှာပေးက ပျော့ပြောင်းသွားပြီး ဝိညာဉ်ကွင်းများကို ပြန်လည်ရုပ်သိမ်းကာ လင်းဖန်ကို ပြောလိုက်သည်။
"ငါ လိုက်မပို့တော့ဘူး" လင်းဖန်က တည်ငြိမ်စွာ ပြောလိုက်သည်။
မုန့်ယီရန်နှင့် မြွေအဘွားအိုတို့သည် အခြားရွေးချယ်စရာ မရှိသဖြင့် သူတို့၏ မြေးမလေးကို ခေါ်ကာ ထွက်ခွာသွားကြရတော့သည်။
"ကျွန်တော့်အတွက် မားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ် အရှင်" ထန်ဆန်းက လင်းဖန်ကို ထပ်မံ၍ ကျေးဇူးတင်စကား ပြောလိုက်သည်။
"စကားမရှည်နဲ့တော့။ ရှောင်ဝူက အခုထိ တိုက်တန်မျောက်ဝံကြီးရဲ့ လက်ထဲမှာ ရှိနေသေးတယ်" လင်းဖန်က ထိုသို့ပြောလိုက်သည်နှင့် ထန်ဆန်းသည် အချိန်မဆွဲဝံ့တော့ဘဲ ချက်ချင်းပင် တင်ပျဉ်ခွေထိုင်ကာ မျက်နှာလူသား မကောင်းဆိုးဝါးပင့်ကူ၏ ဝိညာဉ်ကွင်းကို စုပ်ယူတော့သည်။
ဤသည်ကို ကြည့်ကာ လင်းဖန်က စိတ်ထဲတွင် တွေးလိုက်သည် "ပင့်ကူခြေထောက်ရှစ်ချောင်း ဝိညာဉ်အရိုး ထွက်ကျလာတာက မင်း ငါ့ကို ပေးနိုင်တဲ့ အကောင်းဆုံး ကျေးဇူးဆပ်ခြင်းပဲ"
"မကောင်းတော့ဘူး... မျက်နှာလူသား မကောင်းဆိုးဝါးပင့်ကူရဲ့ ဝိညာဉ်ကွင်းက နှစ်ပေါင်း နှစ်ထောင်အထိ ရောက်နေပြီ။ ဆရာ ပြောခဲ့တဲ့ တတိယမြောက် ဝိညာဉ်ကွင်းရဲ့ အကန့်အသတ်ကို အများကြီး ကျော်လွန်နေတယ်" သူ ဝိညာဉ်ကွင်းကို စုပ်ယူနေစဉ်မှာပင် ထန်ဆန်း၏ ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာခဲ့သည်။
သို့သော် ထန်ဆန်းသည် ရပ်တန့်၍ မရတော့ဘဲ အံကြိတ်ကာ ဆက်လက် တောင့်ခံနေခဲ့ပြီး နက်ရှိုင်းသော ကျင့်ကြံခြင်း အခြေအနေသို့ ဝင်ရောက်သွားခဲ့သည်။
ဤသည်ကို မြင်သောအခါ လင်းဖန်သည် ထန်ဆန်း၏ ကျောပြင်ဘက်သို့ ရောက်လာပြီး အခြေအနေကို စောင့်ကြည့်နေခဲ့သည်။
ထန်ဆန်း ဝိညာဉ်ကွင်းကို စုပ်ယူနေစဉ် သူ၏ ကျောရိုးပေါ်တွင် စွမ်းအင်လုံးလေးတစ်ခု ပေါ်လာသည်ကို သူ တွေ့ရှိလိုက်သည်။
"ပေါ်လာပြီပဲ။ သူ့ကျောပေါ်က ဒီဝိညာဉ်စွမ်းအားက ဘာမှ သံသယဖြစ်စရာမလိုဘဲ ပင့်ကူခြေထောက်ရှစ်ချောင်း ဝိညာဉ်အရိုးပဲ" လင်းဖန်သည် ပင့်ကူခြေထောက်ရှစ်ချောင်း ဝိညာဉ်အရိုး အပြည့်အဝ ပုံသဏ္ဌာန် ပေါ်လာသည်အထိ တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။
တစ်ဖက်တွင်မူ ထန်ဟောက်သည် ရှောင်ဝူ၏ နောက်သို့ လိုက်လံ ရှာဖွေနေရင်း ရှောင်ဝူက "အာမင်... နင့်ကို ဘယ်သူက ထွက်လာခိုင်းလို့လဲ။ နင် ငါ့ရဲ့ မည်သူမည်ဝါဖြစ်ကြောင်းကို ပေါ်သွားအောင် လုပ်တော့မလို့ ပြီးတော့ ငါ့သူငယ်ချင်းတွေကိုလည်း နာကျင်အောင် လုပ်လုနီးပါး ဖြစ်သွားတယ်" ဟု ပြောနေသည်ကို ကြားလိုက်ရသည်။
"နောက်တစ်ခါကျရင် ငါ့သူငယ်ချင်းတွေကို ဒဏ်ရာမရစေဖို့အတွက် အရင်ဆုံး သေချာ ကြည့်ရှုရမယ်ဆိုတာ မှတ်ထားပါ"
"နားလည်လား"
တိုက်တန်မျောက်ဝံကြီးသည် အားနာစရာ ဖြစ်သွားပုံရပြီး ၎င်း၏ ကြီးမားလှသော ခေါင်းကြီးကို ငြိမ့်ပြလိုက်သည်။
"ကဲ... အနီးအနားမှာ ဘယ်သူမှ မရှိဘူးဆိုတော့ ငါ ဒီနေရာမှာပဲ ငါ့ရဲ့ တတိယမြောက် ဝိညာဉ်ကွင်းကို အပြီးသတ်လိုက်မယ်"
"အာမင်... နင် ငါ့ကို စောင့်ရှောက်ပေးပါဦး"
ဤသည်ကို မြင်မှပင် ထန်ဟောက်သည် တိုက်တန်မျောက်ဝံကြီး ဘာကြောင့် ပေါ်လာရကြောင်းကို နောက်ဆုံးတွင် နားလည်သွားတော့သည် "မဆန်းတော့ဘူးပဲ ဒါက ရှောင်ဝူကို သိနေလို့ကိုး။ ဒါကြောင့်လည်း တိုက်တန်မျောက်ဝံကြီးက အပြင်ဘက် နယ်မြေမှာ ပေါ်လာရတာပဲ"
"ဒါပေမဲ့ ဒီလိုဆိုရင်တော့ နောင်ကျရင် ထန်းလေးအတွက် တိုက်တန်မျောက်ဝံကြီးဆီကနေ ဝိညာဉ်ကွင်း ရဖို့က ပိုပြီး လွယ်ကူသွားတာပေါ့"
ထန်ဆန်း၏ ဘက်တွင်မူ ဝိညာဉ်ကွင်းကို နာရီဝက်ခန့် စုပ်ယူပြီးနောက် နောက်ဆုံးတွင် အောင်မြင်သွားခဲ့သည်။
အတိအကျပင် ထိုအချိန်တွင် ပင့်ကူခြေထောက်ရှစ်ချောင်း ဝိညာဉ်အရိုးမှာလည်း ပုံသဏ္ဌာန် အပြည့်အဝ ဖြစ်ပေါ်သွားခဲ့သည်။
ဤသည်ကို မြင်သောအခါ ထန်ဆန်း မျက်လုံး မပွင့်လာသေးမီမှာပင် လင်းဖန်သည် သူ၏ လက်ဝါးဖြင့် ထန်ဆန်းကို ရိုက်ချလိုက်ပြီး သတိမေ့သွားအောင် လုပ်လိုက်သည်။
"စနစ်... ပင့်ကူခြေထောက်ရှစ်ချောင်း ဝိညာဉ်အရိုးကို ထုတ်ယူလိုက်စမ်း" လင်းဖန်သည် ထန်ဆန်း၏ ကျောပေါ်ရှိ ပင့်ကူခြေထောက်ရှိတ်ချောင်း ဝိညာဉ်အရိုးကို သူ၏ ညာလက်ဖြင့် လှမ်းကိုင်လိုက်သည်။
သူ ဆွဲနုတ်လိုက်သောအခါ ထန်ဆန်းသည် သတိမေ့နေသော်လည်း ၎င်းက အရိုးထဲအထိ တူးဆွခံရသကဲ့သို့ ဖြစ်နေသဖြင့် နာကျင်လွန်း၍ မျက်နှာကြီး ရှုံ့မဲ့သွားခဲ့ရသည်။
စနစ်၏ ကူညီပံ့ပိုးမှုဖြင့် လင်းဖန်သည် ဝိညာဉ်အရိုးကို ထန်ဆန်း၏ ခန္ဓာကိုယ်မှ မကြာမီ အချိန်အတွင်းမှာပင် အပြီးအပိုင် ခွဲထုတ်လိုက်နိုင်သည်။
ကံကောင်းထောက်မစွာဖြင့် ပင့်ကူခြေထောက်ရှစ်ချောင်း ဝိညာဉ်အရိုးမှာ ထန်ဆန်းနှင့် စတင် ထိတွေ့ရုံသာ ရှိသေးပြီး နက်ရှိုင်းစွာ ပေါင်းစပ်ခြင်း မရှိသေးသဖြင့် လင်းဖန်အနေဖြင့် ထန်ဆန်း၏ အသက်အန္တရာယ်ကို မထိခိုက်စေဘဲ ပြင်ပဝိညာဉ်အရိုးကို ထုတ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။
"ဟားဟား... စနစ် ပင့်ကူခြေထောက်ရှစ်ချောင်း ဝိညာဉ်အရိုးကို ရပြီ။ တာဝန်ကို အဆုံးသတ်လိုက်တော့"
[ပိုင်ရှင် တာဝန်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်]
[ဆုလာဘ် - ပင့်ကူခြေထောက်ရှစ်ချောင်း ဝိညာဉ်အရိုးကို တစ်ကြိမ်တည်း ပေါင်းစပ်ခွင့်။ ပေါင်းစပ်ပြီးနောက် ၎င်း၏ အရည်အသွေးကို အနှစ်တစ်သောင်း အဆင့်သို့ မြှင့်တင်ပေးမည် ဖြစ်သည်]
[အသုံးပြုလိုပါသလား]
"အသုံးပြုမယ်"