အခန်း (၁၃) နင်ရုန်ရုန်၏ နာမည်ကြီး ဇာတ်ကွက်
သူမနှင့် ဆုံချိန်တွင် လင်းဖန်သည် တစ်ခွန်းသာ ပြောခဲ့သည်။ တစ်ခွန်းတည်းသာ။
ကျူကျူချင်း ဘာမှ ပြန်မပြောနိုင်ခင်မှာပင် လင်းဖန်သည် နိုင်သည့်ပိုက်ဆံ သွားထုတ်ရန် တိုက်ရိုက် ထွက်ခွာသွားတော့သည်။
ဝိညာဉ်ကွင်းပြင်ကြီးတွင် နိုင်သူရှိသလို ရှုံးသူလည်း ရှိစမြဲ ဖြစ်သည်။ နောက်ထပ် တစ်နာရီခန့် ကစားပြီးနောက် လူစုသည် ဝိညာဉ်ကွင်းပြင်ကြီးထဲမှ လျှောက်ထွက်လာခဲ့ကြသည်။
"ဟင်... ကျောင်းအုပ်ကြီးကော" ရှောင်ဝူသည် နှစ်ပွဲလုံး နိုင်ထားသဖြင့် စိတ်ခံစားချက် အလွန်ကောင်းနေပုံရပြီး ထန်ဆန်း၏ ဘေးတွင် ရွှင်ရွှင်မြူးမြူးဖြင့် ခုန်ဆွခုန်ဆွ လုပ်နေသည်။
ဘယ်ပြန်ညာပြန် ကြည့်သော်လည်း ဖလန်းဒါးကို မမြင်ရသဖြင့် ရှောင်ဝူက ဒိုင်မုပိုင်ကို စူးစမ်းစွာ မေးလိုက်သည်။
"ကျောင်းအုပ်က ဆိုင်မှာ ရှင်းစရာလေး ရှိသေးလို့ဆိုပြီး စောစော ထွက်သွားတယ်။ ငါတို့ကို ကျောင်းကို ကိုယ့်ဘာသာကိုယ် ပြန်နှင့်ဖို့ ပြောသွားတယ်" ဟု ဒိုင်မုပိုင်က ဆိုသည်။
"သူ ဆိုင်ထဲမှာ ပုန်းပြီး တိတ်တိတ်ကလေး မျက်ရည်သုတ်နေတာ နေမှာပါ" လင်းဖန်က ရယ်မောလိုက်သည်။
"ဖြစ်နိုင်တယ်" မာဟုန်ကျွင်းက ခေါင်းငြိမ့် ထောက်ခံသည်။ သူ ပြောပြီးရုံတင် ရှိသေး အမျိုးသမီး နှစ်ဦးသည် ဝိညာဉ်ကွင်းပြင်ကြီး၏ အဝင်ဝကို ဖြတ်လျှောက်သွားကြသည်။
ချက်ချင်းပင် မာဟုန်ကျွင်း၏ မျက်လုံးများက အရောင်တောက်သွားပြီး "အဟမ်း... ကျွန်တော့်မှာ လုပ်စရာလေး ရှိသေးလို့ အခုလောလောဆယ် အတူတူ မပြန်တော့ဘူးနော်"
"အစ်ကိုကြီးမုပိုင်... သွားကြစို့လေ"
သူသည် ချက်ချင်းပင် ဒိုင်မုပိုင်၏ ဘေးသို့ ရောက်လာပြီး လက်မောင်းကို ဆွဲလျက် 'နားလည်တယ်မလား' ဆိုသည့် အကြည့်မျိုး ပေးလိုက်သည်။
ဒိုင်မုပိုင်သည် ကျူကျူချင်းကို လှမ်းကြည့်မိပြီး ချက်ချင်းပင် စိတ်ရွှေ ဆွံ့အသွားရသည်။ မာဟုန်ကျွင်းက ယခုလို ကိစ္စမျိုး လာလုပ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
အကယ်၍ လွန်ခဲ့သော နှစ်ရက်ကသာ ဆိုပါက ဒိုင်မုပိုင်သည် မာဟုန်ကျွင်း၏ ပခုံးကို ဖက်ကာ ပြည့်တန်ဆာအိမ်သို့ ဦးတည်သွားနှင့်လောက်ပြီ ဖြစ်သည်။
သို့သော် ယခုအခါ ကျူကျူချင်း ရောက်နေပြီ ဖြစ်ရာ ဒိုင်မုပိုင် ဘယ်သို့ သွားရဲပါ့မည်နည်း။ သွားချင်စိတ် ရှိလျှင်ပင် သူမ၏ ရှေ့မှောက်တွင်တော့ လုံးဝ လုပ်မည်မဟုတ်ပေ။
"ဖယ်စမ်း... ငါ့မှာ မင်းလိုမျိုး ညံ့ဖျင်းတဲ့ အကြိုက် မရှိဘူး" ဒိုင်မုပိုင်က လက်မောင်းကို ပုတ်ထုတ်ကာ အနည်းငယ်မျှ မစဉ်းစားဘဲ ငြင်းပယ်လိုက်သည်။
"ဟွန့်... မသွားရင်လည်း နေပေါ့။ မင်းအကြိုက်ကပဲ သိပ်ကောင်းနေသလိုလိုနဲ့" မာဟုန်ကျွင်းက စိတ်ပျက်လက်ပျက်ဖြင့် လှည့်ထွက်သွားသည်။
"ဝက်ပုကြီး... နင် အဲဒီလို နေရာမျိုးကို ထပ်သွားဦးမလို့လား" ရှောင်ဝူသည် တစ်ခုခုကို သတိရသွားပြီး ရွံရှာသော အရိပ်အယောင်ဖြင့် ပြောလိုက်သည်။
"ဒါက ငါ့ရဲ့ ကံကြမ္မာပဲဟ။ ရွာထဲက ဆွီဟွာက ငါ့ကို ဖြတ်သွားပြီလေ ငါ ဘာတတ်နိုင်မှာလဲ" မာဟုန်ကျွင်းက ပြောပြီးသည်နှင့် မှောင်မိုက်သော ညအမှောင်ထဲသို့ ပျောက်ကွယ်သွားတော့သည်။
ဒိုင်မုပိုင်က နေရခက်စွာဖြင့် ရှင်းပြသည် "ဝက်ပုကြီးက သူ့ရဲ့ ဝိညာဉ်ကြောင့် ဒီလို ဖြစ်နေရတာ။ အချိန်အတိုင်းအတာတစ်ခု ရောက်တိုင်း သူ သွားရတာပဲ။ ငါကတော့ ပုံမှန်ဆို အဲဒီလို နေရာမျိုးတွေကို မသွားပါဘူး"
သို့သော် သူ၏ စကားများသည် ကျူကျူချင်း ကြားစေရန် တမင် ရည်ရွယ်ပြောကြားနေသကဲ့သို့ ဖြစ်နေသည်။
မာဟုန်ကျွင်းကတော့ လွတ်လွတ်လပ်လပ် ထွက်သွားနိုင်သော်လည်း ဒိုင်မုပိုင်တွင်မူ စဉ်းစားစရာ စိုးရိမ်စရာများစွာ ရှိနေသည်။
"ညစ်ပတ်တယ်" ကျူကျူချင်းက အေးစက်စွာ ရေရွတ်ရင်း ဒိုင်မုပိုင်၏ ဘေးမှ ရွံရှာသော မျက်နှာပေးဖြင့် ဖြတ်လျှောက်သွားသည်။
"နင်!" ဒိုင်မုပိုင် ချက်ချင်းပင် ဒေါသထွက်သွားပြီး ကျူကျူချင်း၏ ကျောပြင်ကို လက်ညှိုးထိုးကာ ပေါက်ကွဲတော့မည့်ဆဲဆဲတွင် ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းလိုက်ပြီး ဆန့်ကျင်ဘက် လမ်းအတိုင်း လျှောက်သွားတော့သည် "ဟွန်း"
"လူဆန်းတွေပဲ ရှိတယ်ဆိုတဲ့ ကျောင်းတော်ပီပီ တကယ့်ကို ထူးထူးဆန်းဆန်းတွေပဲ" ထန်ဆန်းက အံ့သြစွာ ရေရွတ်လိုက်သည်။
"ရှောင်ဝူ... ပြန်ကြစို့"
"အင်း" ရှောင်ဝူက ခေါင်းငြိမ့်ရင်း လင်းဖန်ကို တိတ်တိတ်ကလေး ခိုးကြည့်လိုက်သည်။
ရှောင်ဝူကို ပျာယာခတ်သွားစေသည့် အရာမှာ လင်းဖန်က သူမကို ကြည့်ပြီး ခပ်ဖွဖွ ပြုံးပြနေသည်ကို အမှတ်မထင် မြင်လိုက်ရခြင်း ဖြစ်သည်။
"ညကလည်း မှောင် လေကလည်း တိုက်နေတာ။ သူ လမ်းမှာ ငါ့ကို တစ်ခုခု လုပ်ဖို့ ကြံနေတာ မဟုတ်ပါဘူးနော်။ အစ်ကိုကြီးထန်ကို ငါ ဘယ်လို ပြောရမလဲ"
ရှောင်ဝူသည် တစ်လမ်းလုံး စိုးရိမ်ထိတ်လန့်စိတ်ဖြင့် လျှောက်လာခဲ့သည်။
သို့သော်လည်း ရှီလိုင်ခဲကျောင်းတော်၏ အဝင်ဝသို့ ရောက်သည့်တိုင်အောင် ရှောင်ဝူသည် လင်းဖန်၏ မည်သည့် လှုပ်ရှားမှုကိုမျှ မတွေ့ရပေ။
သို့သော် ရှေ့နားတွင်တော့ အရှေ့က လျှောက်သွားသော ဒိုင်မုပိုင်နှင့် နင်ရုန်ရုန်တို့ အပြင်းအထန် စကားများနေသည့် အသံကို ကြားလိုက်ရသည်။
"မိန်းကလေးတစ်ယောက်ကိုတောင် မနိုင်ဘဲနဲ့ တကယ့်ကို သနားစရာပဲ" နင်ရုန်ရုန်သည် သူမ၏ စုန်းမငယ် သဘာဝအမှန်ကို ထုတ်ဖော်လျက် ကျူကျူချင်းနှင့် ဒိုင်မုပိုင်တို့ တစ်ယောက်ပြီးတစ်ယောက် လျှောက်လာသည်ကို မြင်လိုက်ရသည်။
ကျူကျူချင်း ကျောင်းထဲသို့ ဝင်သွားပြီ ဖြစ်သဖြင့် နင်ရုန်ရုန်က ဒိုင်မုပိုင်ကို စတင် လှောင်ပြောင်တော့သည်။
ဒိုင်မုပိုင်သည် ကျူကျူချင်း၏ စကားများကြောင့် စိတ်အခြေအနေ ဆိုးရွားနေရသည့် အထဲ နင်ရုန်ရုန်က ယခုလို လာရောက် ရန်စသည်ကို မြင်သောအခါ မည်သို့ အောင့်အီးနိုင်ပါ့မည်နည်း။
"နင် ဘာပြောလိုက်တယ်!" ဒိုင်မုပိုင် ချက်ချင်းပင် ဒေါသအိုးပေါက်ကွဲသွားသည်။ သူသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် တက်လိုက်ပြီး နင်ရုန်ရုန်ကို လက်ညှိုးထိုးကာ "လူတိုင်းက နင့်ကို ရတနာခုနစ်ပါး ဖန်စီဂိုဏ်းရဲ့ သခင်မလေးမို့လို့ ကြောက်ကြပေမဲ့ ငါကတော့ မကြောက်ဘူးဆိုတာ မှတ်ထားလိုက်။"
"နောက်တစ်ခွန်း ထပ်ပြောရင် နင့်ကို ငါ သတ်ပစ်မယ်"
နင်ရုန်ရုန်သည် မိမိကိုယ်ကိုယ် အားကိုးရှိသည်ဟု ထင်မှတ်ကာ ဆက်၍ ရန်စလိုက်သည် "လုပ်လေ... နင် လုပ်နိုင်ရင် လုပ်ကြည့်စမ်းပါ"
လင်းဖန်က ဘေးမှ စောင့်ကြည့်နေရင်း တိုးတိုးလေး ရေရွတ်လိုက်သည် "လာပြီ... လာပြီ နာမည်ကြီး ဇာတ်ကွဈက် ရောက်လာပြီ"
ဒိုင်မုပိုင်သည် ချက်ချင်းပင် သူ၏ ဝိညာဉ်အကြီးအကဲ အဆင့်ရှိ ဝိညာဉ်စွမ်းအားကို ထုတ်ဖော်လိုက်ရာ နင်ရုန်ရုန်သည် မီတာအနည်းငယ်အကွာအဝေးသို့ လွင့်စင်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။ ထို့နောက် သူသည် ညာလက်ကို မြှောက်ကာ သတ်ဖြတ်ခြင်း အငွေ့အသက်များ ပြည့်နှက်လျက် နင်ရုန်ရုန်၏ ထံသို့ လျှောက်လှမ်းသွားတော့သည်။
"မုပိုင်... အားလုံးက အတန်းဖော်တွေပဲဥစ္စာ တော်လိုက်ပါတော့" ထန်ဆန်းက ရှေ့သို့ တက်လာပြီး ဒိုင်မုပိုင်၏ ညာဘက်လက်ကောက်ဝတ်ကို ဖမ်းကိုင်ကာ တားဆီးလိုက်သည်။
"ဒိုင်မုပိုင်... မင်းက ကြယ်တာရာအင်ပါယာက လာတာဖြစ်ပြီး အဆင့်အတန်းက မရိုးရှင်းဘူးဆိုပေမဲ့ ရတနာခုနစ်ပါး ဖန်စီဂိုဏ်းမှာ ဘွဲ့ခံဒိုလော့ နှစ်ယောက် ရှိတယ်နော်။ ဒါကို မင်း တကယ်ပဲ လုပ်ချင်လို့လား" ထိုမြင်ကွင်းကို မြင်သောအခါ လင်းဖန်က သတိပေးစကား ပြောလိုက်ရသည်။
"ဓားရိပ်လူကြီးမင်း... ရှင်က ဘွဲ့ခံဒိုလော့ မဟုတ်ဘူးလား။ သူ့ကို သတ်ပစ်လိုက်စမ်းပါ။ ကျွန်မ ဂိုဏ်းကို တာဝန်ယူပြီး ရှင့်ကို ဂိုဏ်းရဲ့ အစောင့်အရှောက် အကြီးအကဲအဖြစ် ခန့်အပ်ပေးမယ်။ အဲဒီအချိန်ကစပြီး ရှင်က မကုန်ခမ်းနိုင်တဲ့ စည်းစိမ်ချမ်းသာနဲ့ ဘုန်းကြီးမှုကို ခံစားရလိမ့်မယ်" နင်ရုန်ရုန် မြေပြင်မှ ထရပ်ကာ လင်းဖန်ကို ပြောလိုက်သည်။
"ရူးနေတာပဲ" လင်းဖန်သည် နောက်လှည့်မကြည့်ဘဲ ကျောင်းတံခါးထဲသို့ လျှောက်ဝင်သွားတော့သည်။
ယခုအချိန်တွင် အလိုလိုက်ခံထားရပြီး မိသားစုအရှိန်အဝါကို အားကိုးကာ သူတစ်ပါးကို နိုင်ထက်စီးနင်း လုပ်တတ်သော နင်ရုန်ရုန်ကို မည်သူမျှ မနှစ်သက်ကြချေ။
"ထန်ဆန်း... နင် လုပ်လိုက်စမ်းပါ။ နင်က သိပ်သန်မာတာ မဟုတ်ဘူးလား။ အကယ်၍ နင် ဒိုင်မုပိုင်ကို သတ်ပေးရင် ငါ နင့်ကို ဘွဲ့ခံဒိုလော့တစ်ယောက်ရဲ့ တပည့် ဖြစ်စေရမယ်" နင်ရုန်ရုန်က ထန်ဆန်းကို ထပ်မံ ကြည့်ကာ ပြောပြန်သည်။
"ဟူး... မင်း ဒီအတိုင်း ဆက်ပြီး ဖြစ်နေဦးမယ်ဆိုရင်တော့ မင်းရဲ့ သခင်မလေးဘဝဆီပဲ ပြန်သွားဖို့ ငါ အကြံပြုချင်ပါတယ်။ ဒီမှာ ရှိတဲ့သူ ဘယ်သူမှ မင်းနဲ့ သူငယ်ချင်း မလုပ်ချင်ကြဘူး" ထန်ဆန်း ပြောပြီးသည်နှင့် ခေါင်းခါယမ်းကာ ရှောင်ဝူကို ခေါ်၍ ကျောင်းတံခါးထဲ ဝင်သွားခဲ့သည်။
"မင်းကော ဘယ်လိုလဲ... အော်စကာ" နင်ရုန်ရုန်သည် တစ်နေ့လုံး သူမနှင့်အတူ ရှိနေခဲ့သော အော်စကာဘက်သို့ လှည့်ကာ မေးလိုက်သည်။
"ကျွန်တော်လား... မြင့်မြတ်တဲ့ ရတနာခုနစ်ပါး ဖန်စီဂိုဏ်းကို အမှီလိုက်ဖို့ ကျွန်တော့်မှာ အရည်အချင်း မရှိပါဘူး။ ထန်ဆန်း ပြောတာ မှန်တယ် မင်းက ရှီလိုင်ခဲကျောင်းတော်နဲ့ တကယ်ကို မကိုက်ညီဘူးပဲ။ မင်း ပြန်သွားတာ ပိုကောင်းပါလိမ့်မယ်" အော်စကာသည်လည်း စိတ်ပျက်စရာ မျက်နှာပေးဖြင့် ကျောင်းတံခါးထဲသို့ လျှောက်ဝင်သွားတော့သည်။
နင်ရုန်ရုန်တစ်ယောက်တည်းသာ နေရာတွင် ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့ပြီး အော်ဟစ်ငိုကြွေးနေတော့သည်။
ရှောင်ဝူ မိမိ၏ အိပ်ဆောင်ထဲသို့ လျှောက်ဝင်လာသောအခါ ကျူကျူချင်းသည် စောင်ကို အထပ်ထပ် ခြုံထားပြီးသား ဖြစ်နေသည်ကို မြင်လိုက်ရသည်။
ထိုအခြင်းအရာကို မြင်သဖြင့် ရှောင်ဝူသည် မိမိ၏ ခုတင်ပေါ်တွင် ထိုင်ကာ ခေါင်းငုံ့လျက် သူမ၏ ကိုယ်ပိုင်ပြဿနာများကို တွေးတောနေမိသည်။
"ကျိန်စာသင့်တာပဲ... ဒီလင်းဖန်ဆိုတဲ့လူက တကယ်ပဲ ဘာကို ဆိုလိုတာလဲ။ ဖမ်းတော့မလိုလိုနဲ့ ဘာမှလည်း မလုပ်ဘူး။ ငါ သူ့ကို သွားရှာပြီး သေသေချာချာ မေးမှ ဖြစ်မယ်"
"မဟုတ်ရင် ငါ ဘယ်လိုလုပ် စိတ်အေးလက်အေးနဲ့ တရားထိုင် ကျင့်ကြံနိုင်ပါ့မလဲ" ရှောင်ဝူ စိတ်သောက ရောက်နေသည်။
ရှောင်ဝူသည် အချိန်အတော်ကြာ ဝေခွဲမရဘဲ ဝေဒနာခံစားနေရပြီးနောက် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ကာ သူမ၏ မျက်ဝန်းများက ပြတ်သားသွားသည်။
"သေရင်လည်း သေပစေတော့။ ဒီကိစ္စကို သေသေချာချာ မရှင်းလင်းရရင် ငါ ရူးသွားလိမ့်မယ်"
ချက်ချင်းပင် ရှောင်ဝူ မတ်တတ်ထရပ်လိုက်ပြီး လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေသော ကျူကျူချင်းကို တစ်ချက်ကြည့်ကာ အိပ်ဆောင်ထဲမှ လျှောက်ထွက်လာခဲ့သည်။
သူမသည် လင်းဖန်၏ သစ်သားအိမ်လေးရှိရာ အရပ်သို့ တန်းတန်းမတ်မတ် လျှောက်လာခဲ့သည်။
လင်းဖန်၏ အခန်းတံခါးဝသို့ ရောက်သောအခါ ရှောင်ဝူ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး လင်းဖန်၏ သစ်သားတံခါးကို ပြင်းထန်စွာ ခေါက်လိုက်သည်။
"ယုန်ကလေး... မင်း ငါ့ဆီ ဘာကိစ္စ ရှိလို့လဲ" တံခါးဖွင့်ပေးလိုက်သော လင်းဖန်က ပွင့်ပွင့်လင်းလင်းပင် မေးလိုက်သည်။
"ရှင် တကယ်ပဲ ကျွန်မရဲ့ အထောက်အထားမှန်ကို စောစောကတည်းက ရိပ်မိထားတာပဲ။ ကဲ... လုပ်စရာရှိတာ လုပ်တော့" ရှောင်ဝူ မိမိ၏ ကံကြမ္မာကို လက်ခံလိုက်သည့်အလား မျက်လုံးများကို မှိတ်ထားလိုက်သည်။
"ဘာကို လုပ်ရမှာလဲ" လင်းဖန် ကြောင်အမ်းအမ်း ဖြစ်သွားသည်။
"ကျွန်မကို သတ်ပြီး ကျွန်မရဲ့ ဝိညာဉ်ကွင်းနဲ့ ဝိညာဉ်အရိုးကို ယူချင်နေတာ မဟုတ်ဘူးလား" ဝေခွဲမရသော လေသံကို ကြားရသဖြင့် ရှောင်ဝူ မျက်လုံးဖွင့်ကာ ပြောလိုက်သည်။
"ဪ... မင်း အဲဒါကို ပြောတာလား။ ငါ မဆုံးဖြတ်ရသေးဘူး အဲဒါကြောင့် မင်း လောလောဆယ် အဲဒါကို သိမ်းထားလိုက်ဦး" လင်းဖန်က ခပ်ဖွဖွ ပြုံးလိုက်သည်။
ရှောင်ဝူသည် မိမိ၏ ယုန်နားရွက်ကို အကိုင်ခံလိုက်ရသကဲ့သို့ အမွေးအမှင်များ ထောင်ထလာပြီး "ဘာ အဲဒါ ဘာစကားလဲ။ 'လောလောဆယ် သိမ်းထားလိုက်ဦး' ဆိုတာ ဘာကို ဆိုလိုတာလဲ။ ရှင်က ကျွန်မရဲ့ ဝိညာဉ်ကွင်းနဲ့ ဝိညာဉ်အရိုးကို အထင်သေးနေတာလား"
"ကျွန်မကို သတ်ချင်သတ် ခုတ်ချင်ခုတ်လိုက်စမ်းပါ။ ရှင့်ကို ငါ့အနားမှာ မြင်ရတိုင်း ငါ စိတ်မအေးဖြစ်ပြီး မကျင့်ကြံနိုင်ဘူး။ ဒီလို ဝေဒနာခံစားနေရတာက အသတ်ခံရတာထက် ပိုပြီး ဆိုးတယ်"
လင်းဖန်က တည်ငြိမ်စွာ ပြောလိုက်သည် "ဒါဆိုရင်လည်း ကိုယ့်ဘာသာကိုယ် သတ်သေလိုက်လေ။ အဲဒီအချိန်ကျရင် ငါ မင်းရဲ့ ဝိညာဉ်အရိုးကို ကောက်ယူပြီး မင်းရဲ့ ခန္ဓာကိုယ်ကို ဆီပူပူနဲ့ ကြော်စားလိုက်မယ်"
ရှောင်ဝူက ဒေါသတကြီး ထပ်ပြောပြန်သည် "သွားစမ်းပါ... ကိုယ့်ဘာသာကိုယ် သတ်သေမယ့်သူက ရှင့်ဟာရှင်ပဲ။ ရှင် ကျွန်မကို မသတ်ဘူးဆိုတော့ အခု ကျွန်မ ထွက်ပြေးသွားမှာကို မကြောက်ဘူးလား"
လင်းဖန်က ဆိုသည် "မင်း ကိုယ့်ဘာသာကိုယ် သတ်မသေဘူးဆိုရင်လည်း ငါ့ရဲ့ အိပ်စက်ခြင်းကို လာမနှောင့်ယှက်နဲ့တော့။ မင်း ထွက်ပြေးချင်တယ်ဆိုရင်လည်း အဲဒါက ငါနဲ့ ဘာဆိုင်လို့လဲ"
ပြောပြီးသည်နှင့် လင်းဖန်သည် တံခါးကို ပိတ်လိုက်ရာ ရှောင်ဝူတစ်ယောက် အပြင်တွင် ယောက်ယောက်ရက်ရက်ဖြင့် ကျန်ရစ်ခဲ့တော့သည်။
"နင်"
ရှောင်ဝူ စိတ်ပျက် အားလျော့မှုကို ခံစားလိုက်ရသည်။ သူသည် မိမိ၏ ရှေ့မှောက်သို့ အလိုအလျောက် ရောက်ရှိလာသော အနှစ် တစ်သိန်းသက်တမ်းရှိ ဝိညာဉ်သားရဲကိုပင် အလိုမရှိချေ။ သူမသည် မိမိ၏ ကိုယ်ပိုင် တန်ဖိုးအပေါ် သံသယ ဝင်လာမိတော့သည်။