အခန်း(၁၂) ဖလန်းဒါး ငွေရှုံးခြင်း
အပျော်သဘော လောင်းကစားခြင်းက စိတ်အပန်းပြေစေသော်လည်း အလွန်အကျွံ လောင်းကစားခြင်းက ဘဝကို ပျက်စီးစေနိုင်သည်။
ထို့ကြောင့် လင်းဖန်သည် ရှောင်ဝူ၏ပွဲ ထန်ဆန်းနှင့် ကျူကျူချင်းတို့၏ တိုက်ပွဲ ထို့ပြင် သုံးငါးတွဲဖက်အဖွဲ့၏ ပွဲစဉ်သုံးပွဲလုံးတွင် ထန်ဆန်းနိုင်မည်ဟူ၍ တစ်ပွဲလျှင် ရွှေဒင်္ဂါး တစ်ရာစီသာ ခပ်ပေါ့ပေါ့ လောင်းခဲ့သည်။
"ဂုဏ်သရေရှိ ဓားရိပ်လူကြီးမင်း... ဒီလောက်နည်းနည်းလေးပဲ လောင်းတာလား" ဖလန်းဒါးက လင်းဖန် လောင်းသည်ကို မြင်သောအခါ ခပ်ပေါ့ပေါ့ပင် မေးလိုက်သည်။
"အပျော်သဘော ကစားတာပဲလေ အကြီးအကျယ် လုပ်နေဖို့ မလိုပါဘူး။ ကျောင်းအုပ်... ခင်ဗျား လောင်းထားတဲ့ ပမာဏက အတော်များသားပဲ ကလေးတွေဆီက ကောက်ထားတဲ့ ကျောင်းလခတွေကို ယူသုံးထားတာတော့ မဟုတ်ပါဘူးနော်" လင်းဖန်က ဖလန်းဒါး လောင်းထားသည့် ငွေပမာဏကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။
သူသည် ရွှေဒင်္ဂါး တစ်ထောင်ကျော် ဖိုးအထိ လောင်းထားခြင်း ဖြစ်သည်။
"ဘယ်ကသာ မဟုတ်ရပါဘူးဗျာ။ ဒါက သောတိုမြို့မှာ ဖွင့်ထားတဲ့ ကျွန်တော့်ဆိုင်ကနေ ရှာထားတဲ့ ပိုက်ဆံတွေပါ" ဖလန်းဒါးက မျက်နှာပိုးသတ်ကာ အလောတကြီး ရှင်းပြလိုက်သည်။
"ဪ... ဒါဆိုလည်း အတွင်းခံဘောင်းဘီပါ မကျန်အောင် ရှုံးမသွားဖို့ သတိထားဦးနော်" လင်းဖန်က သူ့ကို တစ်ချက် စောင်းငဲ့ကြည့်ရင်း ပြောလိုက်သည်။
ဖလန်းဒါးသည် ထန်ဆန်းနှင့် ကျူကျူချင်းတို့၏ တိုက်ပွဲတွင် ကျူကျူချင်း နိုင်မည်ဟု လောင်းထားပြီး ရွှေဒင်္ဂါး ငါးရာပင် မတည်ထားသေးသည်။
"ဒါဆိုရင်တော့ ကျွန်တော့်ရဲ့ အမြင်မရှိမှုကိုပဲ အပြစ်တင်ရတော့မှာပေါ့။ ဟင်... လူကြီးမင်းက ထန်ဆန်းတို့ပွဲမှာ ထန်ဆန်းနိုင်မယ်လို့ လောင်းထားတာလား" ဖလန်းဒါးကလည်း လင်းဖန်၏ လောင်းကြေးလက်မှတ်ကို လှမ်းကြည့်ကာ မေးလိုက်သည်။
"လူကြီးမင်း... ထန်ဆန်းရဲ့ ဝိညာဉ်စွမ်းအားက ကျူကျူချင်းထက် နှစ်ဆင့် ပိုမြင့်နေတာ မှန်ပေမဲ့ ပြီးတော့ ထိန်းချုပ်ရေးစနစ်က လျင်မြန်တိုက်ခိုက်ရေးစနစ်ကို အသာစီးရတာ မှန်ပေမဲ့ ဝိညာဉ်ဆရာတွေကြားက တိုက်ပွဲက ဝိညာဉ်စွမ်းအား တစ်ခုတည်းအပေါ်မှာတင် မူတည်နေတာ မဟုတ်ပါဘူး ကိုယ်ပိုင်ဝိညာဉ်ချင်း ကွာခြားချက်လည်း ရှိပါသေးတယ်"
"ထန်ဆန်းရဲ့ ဝိညာဉ်က သာမန်ငွေပြာပဲ ဖြစ်ပြီး ကျူကျူချင်းရဲ့ ငရဲကြောင်ရိုင်း ဝိညာဉ်ကတော့ အဆင့်မြင့် ဝိညာဉ် ဖြစ်ပါတယ်။ ဝိညာဉ်ချင်း အရည်အသွေး ကွာခြားချက်က ဝိညာဉ်စွမ်းအား နှစ်ဆင့်ကွာဟမှုကို လုံးဝ အစားထိုးပစ်နိုင်ပါတယ်"
ဖလန်းဒါးသည် မိမိကိုယ်ကိုယ် ယုံကြည်ချက်အပြည့်ရှိသော လေသံဖြင့် လင်းဖန်ကို အကျိုးအကြောင်း ရှင်းပြလေသည်။
"ကျောင်းအုပ်က ကျောင်းအုပ်ပီသပါတယ် ခွဲခြမ်းစိတ်ဖြာတာ တကယ့်ကို နှံ့စပ်တာပဲ။ အဲဒီလိုဆိုရင်လည်း ကျောင်းအုပ်ကြီးရာ... ဘာလို့ ပိုက်ဆံ ပိုမလောင်းလိုက်တာလဲ" လင်းဖန်က တည်ကြည်သော မျက်နှာပေးဖြင့် ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် လင်းဖန်သည် လှည့်ထွက်သွားတော့သည်။
"ငါတော့ ချမ်းသာပြီဟေ့" ဖလန်းဒါးက တိုးတိုးလေး ရယ်မောလိုက်သည်။
ဒုတိယထပ်ရှိ သီးသန့်ခန်းဆီသို့ တစ်ယောက်ပြီးတစ်ယောက် လျှောက်လာကြစဉ် ဒိုင်မုပိုင်က စိတ်ပျက်လက်ပျက်ဖြင့် "ကျောင်းအုပ်... ခင်ဗျား အာမခံကွင်းထဲမှာ သွားပြီး လောင်းပြန်ပြီမလား" ဟု မေးလိုက်သည်။
"မုပိုင်ရာ... ဒါက မေးနေဖို့ လိုသေးလို့လား။ ကျောင်းအုပ်ကြီး ဝိညာဉ်ကွင်းပြင်ကြီးကို လာတဲ့နေ့တိုင်းမှာ မလောင်းဘဲ နေဖူးလို့လား" မာဟုန်ကျွင်းက နှာခေါင်းပွတ်ရင်း ဝင်ပြောသည်။
"ပါးစပ်ပိတ်ထားစမ်း ကလေးတွေက လူကြီးကိစ္စထဲ ဝင်မစွက်နဲ့။ ထန်ဆန်းတို့ကော ဘယ်ရောက်သွားပြီလဲ" ဖလန်းဒါးက မျက်စောင်းထိုးကာ မေးလိုက်သည်။
"သူတို့ကတော့ ပြိုင်ပွဲကွင်းထဲ ဆင်းပြီး ပြင်ဆင်နေကြပြီ။ ဟူး... ပထမဆုံးနေ့မှာတင် ထန်ဆန်းနဲ့ ကျူကျူချင်းက ဘာလို့ ထိပ်တိုက်တွေ့ရတာလဲ မသိဘူး"
"ကျူကျူချင်းက ထန်ဆန်းကို ဘယ်လိုလုပ် နိုင်မှာလဲ။ သူမ စိတ်ဓာတ်ကျမသွားရင် တော်သေးရဲ့" ဒိုင်မုပိုင်က စိုးရိမ်တကြီး ရေရွတ်လိုက်သည်။
"ကျောင်းအုပ်ကြီး... ကြည့်စမ်းပါဦး အတန်းဖော် မုပိုင်တောင်မှ ထန်ဆန်းနိုင်မယ်ဆိုတာ သိနေတာကို။ ခင်ဗျား သွားပြီး လောင်းကြေး မပြောင်းချင်ဘူးလား" လင်းဖန်က စားပွဲပေါ်ရှိ ဖျော်ရည်ခွက်ကို လှမ်းယူရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ကျောင်းအုပ်က တကယ်ပဲ ကျူကျူချင်း နိုင်မယ်လို့ လောင်းလိုက်တာလား" ဒိုင်မုပိုင်နှင့် မာဟုန်ကျွင်းတို့လည်း အံ့သြတကြီး မေးလိုက်ကြသည်။
သူတို့နှစ်ဦးစလုံးသည် ထန်ဆန်းနှင့် တိုက်ခိုက်ဖူးသဖြင့် သိကြသော်လည်း ဖလန်းဒါးတစ်ယောက်သာ ထိုအချိန်က ကျောင်းတွင် မရှိသဖြင့် ထန်ဆန်း၏ တိုက်ခိုက်နိုင်စွမ်းကို မမြင်ဖူးသေးချေ။
"ဘာဖြစ်လဲ... ပြဿနာ ရှိလို့လား" ဖလန်းဒါးက မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။
သို့သော် ထိုအချိန်မှာပင် ဝိညာဉ်ကွင်းပြင်ကြီး၏ အသံချဲ့စက် ဝိညာဉ်ကိရိယာမှ အသံ ထွက်ပေါ်လာသည်။
"ပြိုင်ပွဲဝင် ထန်ဆန်းနဲ့ ပြိုင်ပွဲဝင် ကျူကျူချင်းတို့ နံပါတ် ၁၅ ကွင်းကို သွားရောက် ပြင်ဆင်ပေးပါရန်"
မာဟုန်ကျွင်းက ချက်ချင်းပင် စိတ်ပျက်လက်ပျက်ဖြင့် "သွားပြီ ကျောင်းအုပ်ကြီးရေ... အခုမှ သွားပြင်မယ်ဆိုရင်လည်း နောက်ကျသွားပြီ။ ဟူး... ကျွန်တော့်ရဲ့ စားစရိတ်တွေ ထပ်ပြီး လျော့တော့မှာပဲ"
မိနစ်အနည်းငယ်အတွင်း လင်းဖန်နှင့် အခြားသူများ၏ အကြည့်များက နံပါတ် ၁၅ ကွင်းဆီသို့ ရောက်ရှိသွားသည်။
ထန်ဆန်းနှင့် ကျူကျူချင်းတို့သည် ဆယ်မီတာကျော် ကွာဝေးသော နေရာတွင် တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင် ရပ်နေကြသည်။
"ကျေးဇူးပြုပြီး အစွမ်းကုန် တိုက်ခိုက်ပေးပါ ကျွန်မတို့ကြားက ကွာခြားချက်ကို သိချင်လို့ပါ" ကျူကျူချင်းက အေးစက်စွာ ပြောလိုက်သည်။
ပြောပြီးသည်နှင့် သူမသည် ကိုယ်ပိုင်ဝိညာဉ်ကို ထုတ်ဖော်လိုက်ပြီး အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။
"အင်း" ထန်ဆန်းက ခေါင်းငြိမ့်ပြပြီး သူ၏ ငွေပြာ ဝိညာဉ်ကို ထုတ်ဖော်လိုက်သည်။
ဝိညာဉ်ကွင်းပြင်ကြီး၏ အစီအစဉ်တင်ဆက်သူက ချက်ချင်း ကြေညာလိုက်သည် "သူတို့နှစ်ယောက်လုံးက ပထမဆုံးအကြိမ် ယှဉ်ပြိုင်တာ ဖြစ်ပြီး နှစ်ယောက်လုံးက ဝိညာဉ်မဟာဆရာအဆင့်တွေ ဖြစ်ကြပါတယ်။ တစ်ယောက်က ထိန်းချုပ်ရေးစနစ်ဖြစ်ပြီး နောက်တစ်ယောက်က လျင်မြန်တိုက်ခိုက်ရေးစနစ် ဖြစ်ပါတယ်။ ဘယ်သူက ပထမဆုံး အောင်ပွဲကို ရယူသွားမလဲဆိုတာ စောင့်ကြည့်ကြရအောင်ပါ"
"ပြိုင်ပွဲ စတင်ပါပြီ"
အစီအစဉ်တင်ဆက်သူ၏ အသံ ဆုံးသည်နှင့် ကျူကျူချင်းက ဦးအောင် တိုက်ခိုက်လိုက်ပြီး ကွင်းပြင်ထဲတွင် ရိပ်ခနဲ အရိပ်များစွာ ကျန်ရစ်စေလျက် အရှိန်အဟုန်ဖြင့် ပြေးထွက်သွားသည်။
ငရဲကြောင်ရိုင်း ဝိညာဉ်၏ အရှိန်က တကယ့်ကို ကောင်းမွန်လှသည်။ အကယ်၍ သူမ ရင်ဆိုင်ရသူက ရှောင်ဝူသာ ဖြစ်ပါက ကျူကျူချင်းသည် အရှိန်ဖြင့် အမှန်တကယ် အနိုင်ရနိုင်ပေသည်။
သို့သော် သူမ ရင်ဆိုင်နေရသူက ခရမ်းရောင်နတ်ဆိုးမျက်လုံးနှင့် ကျူကျူချင်း၏ အရှိန်ထက် မနိမ့်ပါးသော သရဲရိပ်ခြေလှမ်း အတတ်တို့ကို ပိုင်ဆိုင်ထားပြီး ငွေပြာဖြင့် ထိန်းချုပ်နိုင်သော ထန်ဆန်း ဖြစ်နေသည်။
ကျူကျူချင်းနှင့် ယှဉ်လျှင် ထန်ဆန်းက မွေးရာပါ အသာစီး ရနေပြီးသား ဖြစ်သည်။
ထို့ကြောင့် ထန်ဆန်း ခရမ်းရောင်နတ်ဆိုးမျက်လုံးကို အသုံးပြုလိုက်သောအခါ ကျူကျူချင်း သူ့ကို မျက်စိလည်အောင် လုပ်နေသော အရှိန်အဟုန်များက လုံးဝ အရာမထင်တော့ဘဲ သူမ၏ လှုပ်ရှားမှုလမ်းကြောင်းကို အတိုင်းသား မြင်နေရသည်။
"ပထမ ဝိညာဉ်စွမ်းရည်... ရစ်ပတ်ခြင်း" ထန်ဆန်းက ကျူကျူချင်း လာမည့်လမ်းကြောင်းကို ကြိုတင်တွက်ဆကာ ငွေပြာ ရစ်ပတ်ခြင်း စွမ်းရည်ကို တိုက်ရိုက် အသုံးပြုလိုက်သည်။
ကျူကျူချင်း၏ မျက်ဝန်းထဲတွင် သံသယအရိပ်အယောင်တစ်ခု ဖြတ်သန်းသွားပြီး ရှောင်တိမ်းကာ ထန်ဆန်း၏ အနားသို့ လျင်မြန်စွာ ကပ်သွားသည်။
တစ်ချိန်တည်းမှာပင် ကျူကျူချင်း၏ လက်သည်းများက ထက်မြက်လာပြီး ခရမ်းပုပ်ရောင် ကြောင်အမြီးတစ်ခု ပေါ်ထွက်လာကာ ငရဲကြောင်ရိုင်း၏ စွမ်းရည်အချို့ကို ရရှိစေသည်။
ဒါက သားရဲဝိညာဉ်ဆရာများ၏ ထူးခြားချက် ဖြစ်သည်။
သားရဲဝိညာဉ်ဆရာများ ဝိညာဉ်ကို အသုံးပြုသည့်အခါ ၎င်းက မိမိ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားပြီး ကိုယ်ခန္ဓာကို ပြောင်းလဲစေကာ သန်မာစေလျက် တိုက်ခိုက်ကြခြင်း ဖြစ်သည်။
လက်နက်ဝိညာဉ်ဆရာများကမူ ခန္ဓာကိုယ်ပြင်ပသို့ ဝိညာဉ်ကို ထုတ်ဖော်ကာ လက်နက်များကို အသုံးပြု၍ ဝိညာဉ်စွမ်းရည်များကို ထုတ်လွှတ်ကြသည်။
ထို့ကြောင့် ဝိညာဉ်ဆရာလောကတွင် သားရဲဝိညာဉ်ဆရာများ၏ ကိုယ်ခန္ဓာ ကြံ့ခိုင်မှုက လက်နက်ဝိညာဉ်ဆရာများထက် ပိုမိုသန်မာသည်ဟု အသိအမှတ်ပြုထားကြသည်။
"ပထမ ဝိညာဉ်စွမ်းရည်... ငရဲထိုးဖောက်တိုက်ခိုက်ခြင်း" ထန်ဆန်းနှင့် နှစ်မီတာအကွာအဝေးသို့ ရောက်သောအခါ ကျူကျူချင်းက ချက်ချင်းပင် သူမ၏ ဝိညာဉ်စွမ်းရည်ကို အသုံးပြု၍ တိုက်ခိုက်လိုက်သည်။
ထန်ဆန်း အတိုက်ခံရတော့မည့် ဆဲဆဲတွင် သူ၏ ခန္ဓာကိုယ်က ရိပ်ခနဲ လှုပ်ရှားသွားပြီး နေရာတွင် အရိပ်များစွာ ကျန်ရစ်စေလျက် ဘေးသို့ ရှောင်တိမ်းလိုက်သည်။
ထိုအခြင်းအရာက တိုက်ချက်လွဲချော်သွားသော ကျူကျူချင်းကို အနည်းငယ် အံ့အားသင့်သွားစေသည် "ဒါ ဘာဝိညာဉ်စွမ်းရည်လဲ။ သူက ချက်ချင်း ရှောင်လိုက်နိုင်တဲ့အပြင် သူ့ရဲ့ အရှိန်ကလည်း ငါ့ထက် လုံးဝ မနိမ့်ဘူး"
"ငွေပြာ ရစ်ပတ်ခြင်း" ကွင်းပြင်၏ အစွန်းဘက်သို့ ရှောင်ထွက်သွားသော ထန်ဆန်းက ချက်ချင်းပင် ငွေပြာများကို စေခိုင်းကာ ကျူကျူချင်းကို လျင်မြန်စွာ ဝိုင်းရံပိတ်ဆို့လိုက်သည်။
ကျဉ်းမြောင်းသော နေရာလွတ်ဖြင့် ကျူကျူချင်း၏ အရှိန်ကို ကန့်သတ်လိုက်ခြင်း ဖြစ်သည်။
"ခရမ်းရောင်နတ်ဆိုးမျက်လုံးနဲ့ သရဲရိပ်ခြေလှမ်း အတတ်တွေက ထန်ဆန်းကို နတ်မင်းကူသလို ဖြစ်စေတာပဲ။ ဒီအတတ်နှစ်ခုက ငွေပြာ ဝိညာဉ်အတွက် တကယ့်ကို ပြည့်စုံလွန်းတယ်" ထိုမြင်ကွင်းကို ကြည့်ရင်း လင်းဖန်သည် ထန်ဆန်း၏ ထန်ဂိုဏ်းကျင့်စဉ်များကို စိတ်ထဲမှ ချီးကျူးမိလေသည်။
"စနစ်... မင်း ငါ့ကို ကိုးပါးနေမင်းနတ်မင်းအတတ်တို့ ကိုးပါးလမင်းကျမ်းစာတို့လို ကျင့်စဉ်မျိုးတွေ ဘယ်တော့ ဆုချမှာလဲ"
သို့သော်လည်း စနစ်က ဘာမှ ပြန်မပြောဘဲ ပျက်စီးနေသကဲ့သို့ ငြိမ်သက်နေဆဲ ဖြစ်သည်။
စနစ်သည် လင်းဖန် တာဝန်တစ်ခု ပြီးမြောက်၍ တာဝန်အသစ် ထုတ်ပြန်သည့် အချိန်မှသာ ပေါ်လာတတ်သည်။
သာမန်အချိန်များတွင် ဘာလှုပ်ရှားမှုမှ မရှိချေ။ အကယ်၍ သူ၏ ရှေ့တွင် ပွင့်လင်းမြင်သာသော ကိုယ်ပိုင်အချက်အလက် စာမျက်နှာသာ ရှိမနေပါက စနစ်ဆိုသည်မှာ သူ၏ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်လိမ့်မည်ဟု လင်းဖန် ထင်မိမည် ဖြစ်သည်။
"ကျိန်စာတိုက်မိတာပဲ... ငါ သူဆင်ထားတဲ့ ထောင်ချောက်ထဲ မိသွားပြီ" ကျူကျူချင်း စိတ်ထဲမှ တွေးနေစဉ်မှာပင် သူမသည် အရှိန်အဟုန်ဖြင့် လှုပ်ရှားလိုက်သည်။
"မင်း အကွက်ထဲ ဝင်လာပြီ။ ငါက မင်းရဲ့ အရှိန်ကိုပဲ ကန့်သတ်နေတယ်လို့ မင်း ထင်နေတာ ဒါပေမဲ့ အမှန်တော့ မင်း လေထဲကို ခုန်တက်လိုက်တဲ့အချိန်မှာ မင်း ဘယ်လိုမှ ရှောင်လို့ မရတော့ဘူး" ကျူကျူချင်း လေထဲသို့ ခုန်တက်သွားသည်ကို မြင်သောအခါ ထန်ဆန်းက ချက်ချင်းပင် ငွေပြာများကို စေခိုင်း၍ ကျူကျူချင်းကို ရစ်ပတ်ကာ လှုပ်ရှားမရအောင် ဖမ်းချုပ်လိုက်တော့သည်။
"မင်းရဲ့ အင်အားက ငါ့ရဲ့ ငွေပြာ ထိန်းချုပ်မှုကို ရုန်းထွက်ဖို့ မလုံလောက်ဘူး ပြီးတော့ ငွေပြာမှာ ပါတဲ့ ထုံကျဉ်စေတဲ့ အာနိသင်က မင်းရဲ့ ဝိညာဉ်စွမ်းအား ထိန်းချုပ်မှုကို အားနည်းစေလိမ့်မယ် ဒါကြောင့် ဆက်ပြီး တိုက်ချင်သေးလား" ထန်ဆန်းက ကျူကျူချင်းကို တည်ငြိမ်စွာ ဖြောင်းဖျလိုက်သည်။
"ကောင်းပြီ... ငါ အရှုံးပေးပါတယ်" ကျူကျူချင်း ခဏမျှ ရုန်းကန်ကြည့်သော်လည်း မတတ်နိုင်သဖြင့် အရှုံးပေးလိုက်ရတော့သည်။
ထန်ဆန်းက ခေါင်းငြိမ့်ပြပြီး ငွေပြာများကို ပြန်ရုပ်သိမ်းလိုက်သည်။
"ပြိုင်ပွဲဝင် ကျူကျူချင်း အရှုံးပေးသွားတဲ့အတွက် ပထမဆုံး အောင်ပွဲကို ရယူသွားတဲ့ ပြိုင်ပွဲဝင် ထန်ဆန်းကို ဂုဏ်ပြုပေးကြပါဦးခင်ဗျာ"
လင်းဖန် မတ်တတ်ထရပ်လိုက်ပြီး ကြောင်အမ်းအမ်း ဖြစ်နေသော ဖလန်းဒါးကို ပြောလိုက်သည် "ကျောင်းအုပ်... ကျွန်တော် ပိုက်ဆံ သွားထုတ်လိုက်ဦးမယ်"
"မဖြစ်နိုင်တာ... ကျူကျူချင်းက ဒီလောက် မြန်မြန်ကြီး ရှုံးသွားရတာလား"
"ငါ့ပိုက်ဆံတွေ"
နာကျင်မှုမျက်နှာဖုံး စွပ်ထားရသကဲ့သို့ ဖြစ်နေသော ဖလန်းဒါးကို ကြည့်ပြီး မာဟုန်ကျွင်းနှင့် ဒိုင်မုပိုင်တို့မှာ ဘာပြောရမှန်း မသိတော့ချေ။
ပြင်ပသို့ ရောက်လာသောအခါ လင်းဖန်သည် ပြိုင်ပွဲဝင်လမ်းကြောင်းမှ စိတ်ဓာတ်ကျသော မျက်နှာပေးဖြင့် လျှောက်ထွက်လာသော ကျူကျူချင်းကို တွေ့လိုက်ရသည်။
"မင်းက လျင်မြန်တိုက်ခိုက်ရေးစနစ် ဝိညာဉ်ဆရာမတစ်ယောက်ပဲ မင်းရဲ့ စစ်မြေပြင်က ပိုပြီး ရှုပ်ထွေးတဲ့ မြေမျက်နှာသွင်ပြင်တွေမှာ ရှိတာ။ ပုန်းကွယ်တာ ထောက်လှမ်းတာနဲ့ လုပ်ကြံသတ်ဖြတ်တာတွေကမှ မင်းရဲ့ တကယ့် အားသာချက်တွေ ဖြစ်တယ်"