အခန်း ၁၁ - ကျူကျူချင်း တပည့်ခံချင်ခြင်း
လင်းဖန် တံခါးခေါက်သံကြောင့် နိုးလာခဲ့သည်။
သစ်သားတံခါးကို ဖွင့်လိုက်သောအခါ အပြင်တွင် ရပ်နေသောလူကို မြင်ပြီး လင်းဖန် အံ့သြသွားရသည်။
သူမ၏ ပါးပြင်လေးများက အေးစက်တည်ငြိမ်နေပြီး ခန္ဓာကိုယ်အချိုးအစား အဖုအထစ်များကို ပေါ်လွင်စေသော ခရမ်းပုပ်ရောင် သားရေဝတ်စုံကို အမြဲလိုလို ဝတ်ဆင်ထားတတ်သည်။
ယခုအချိန်တွင် လင်းဖန် တံခါးဖွင့်ပေးသည်ကို မြင်သောအခါ သူမသည် ဘာလုပ်ရမှန်းမသိ ဖြစ်နေပုံရပြီး နေ့လယ်စာလင်ဗန်းကို ကိုင်ထားရင်း လက်ညှိုးလေးဖြင့် လင်ဗန်းအနားသတ်ကို စိုးရိမ်တကြီး တောက်တောက် ခေါက်နေမိသည်။
ရောက်လာသူမှာ ကျူကျူချင်း ဖြစ်သည်။
လင်းဖန် ထင်ထားသည်ကတော့ ကျောက်ဝူကျိက သူ့ကို နေ့လယ်စာစားရန် လာခေါ်လိမ့်မည် ဟု ဖြစ်သည်။
"ကျောင်းသူ ကျူကျူချင်း... ဘာလို့ မင်းဖြစ်နေတာလဲ။ ပြီးတော့ ငါ ဒီအခန်းထဲမှာ ရှိနေတာကို မင်း ဘယ်လိုသိလဲ"
လင်းဖန်၏ မေးခွန်းကြောင့် သူမ၏ မျက်ဝန်းထဲတွင် ပျာယာခတ်မှုတစ်ခု ဖြတ်သန်းသွားပြီး အနည်းငယ် တုန်လှုပ်သော လေသံဖြင့် ပြောလိုက်သည် "ဂုဏ်သရေရှိ ဓားရိပ်လူကြီးမင်း... အားလုံး ထမင်းစားလို့ ပြီးသွားတာတောင် လူကြီးမင်း ထမင်းစားဆောင်ကို ရောက်မလာတာ မြင်လို့ပါ။ အဲဒါကြောင့် ဆရာကျောက်ဆီမှာ လူကြီးမင်းရဲ့ အခန်းကို မေးပြီး နေ့လယ်စာ လာပို့ပေးတာပါ"
"ဪ... ဟုတ်ပြီ ကျေးဇူးပါပဲ ဒုက္ခရှာလိုက်ရပြီ" လင်းဖန် လင်ဗန်းကို လှမ်းယူရင်း ခပ်ဖွဖွ ပြုံးလိုက်သည်။
လင်းဖန်က လင်ဗန်းကို ယူလိုက်သော်လည်း ကျူကျူချင်းကတော့ ဖြူဖွေးသော လက်ချောင်းလေးများကို အချင်းချင်း ဆုပ်ချေရင်း ခေါင်းလေး အနည်းငယ်ငုံ့ကာ ကြောင်စီစီဖြင့် ရပ်နေဆဲ ဖြစ်သည်။
"မင်းမှာ ကူညီပေးစေချင်တဲ့ အရာတစ်ခုခု ရှိလို့လား" လင်းဖန်က တည်ငြိမ်စွာ မေးလိုက်သည်။
"လူကြီးမင်း... ကျွန်မမှာ တောင်းဆိုချင်တာတစ်ခု ရှိပါတယ် ဒါပေမဲ့ ဘယ်လို စပြောရမလဲ မသိလို့ပါ" ကျူကျူချင်းသည် လင်းဖန်ကို မော့မကြည့်ရဲဘဲ တိုးတိုးလေး ဆိုသည်။
ကျူကျူချင်း တံခါးဝတွင် ရပ်နေကတည်းက လင်းဖန်မက သူမ၏ ရည်ရွယ်ချက်ကို ရိပ်မိပြီးသား ဖြစ်သည်။
"ကိစ္စမရှိပါဘူး ပြောပါ" လင်းဖန်က အေးအေးဆေးဆေး ပြောလိုက်သည်။
ကျူကျူချင်း သတ္တိမွေးကာ လင်းဖန်ကို မော့ကြည့်ပြီး လေးလေးနက်နက် ပြောလိုက်သည် "လူကြီးမင်း... ကျွန်မကို ဝိညာဉ်စွမ်းအား ဘယ်လိုကျင့်ကြံရမလဲဆိုတာ သင်ပေးဖို့ တောင်းဆိုချင်ပါတယ်"
လင်းဖန်က "မင်းက ငါ့ကို ဆရာတင်ချင်တာလား" ဟု မေးသည်။
"အဲဒါ ဖြစ်နိုင်ပါ့မလား" ကျူကျူချင်း၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက်အရောင်အဝါလေးများ လင်းလက်လာသည်။
"မဖြစ်နိုင်ဘူး" လင်းဖန်က ငြင်းပယ်လိုက်သည်။
"ကောင်းပါပြီ... နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်" ကျူကျူချင်း၏ မျက်နှာတွင် စိတ်ပျက်သွားသည့် အရိပ်အယောင်များ ထင်ဟပ်သွားသည်။
ချက်ချင်းပင် သူမသည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငုံ့ကာ လှည့်ထွက်သွားရန် ပြင်လိုက်သည်။
"ငရဲကြောင်ရိုင်း ဝိညာဉ်အကြောင်း ငါသိတယ်။ အကယ်၍ မင်းရဲ့ ကိုယ်ပိုင်ဝိညာဉ်ရဲ့ ဝိသေသလက္ခဏာတွေက ဘာလဲ တကယ့် လျင်မြန်တိုက်ခိုက်ရေးစနစ် ဝိညာဉ်ဆရာတစ်ယောက်က ဘယ်လိုလူမျိုးလဲဆိုတာ မင်း ငါ့ကို ပြောပြနိုင်ရင်တော့ ငါ စဉ်းစားပေးနိုင်ကောင်း ပေးနိုင်လိမ့်မယ်" လင်းဖန်က တည်ငြိမ်စွာ ပြောပြီးနောက် နေ့လယ်စာလင်ဗန်းကို ကိုင်ကာ အခန်းထဲ ဝင်သွားခဲ့သည်။
ကျူကျူချင်း ခြေလှမ်းများ တုံ့ခနဲ ရပ်သွားပြီး လင်းဖန်၏ အခန်းဘက်သို့ ပြန်လှည့်ကြည့်လိုက်သည်။
"ငရဲကြောင်ရိုင်းမှာ ဘာဝိသေသလက္ခဏာတွေ ရှိလို့လဲ။ ငါက လျင်မြန်တိုက်ခိုက်ရေးစနစ် ဝိညာဉ်ဆရာတစ်ယောက် မဟုတ်လို့လား" ကျူကျူချင်းသည် လင်းဖန်၏ စကားကို နားမလည်နိုင်ဘဲ ဝေခွဲမရဖြစ်လျက် လင်းဖန်၏ သစ်သားအိမ်လေးရှိရာ အရပ်မှ ထွက်ခွာလာခဲ့သည်။
စင်္ကြံလမ်းတွင် ဒိုင်မုပိုင်သည် တိုင်တစ်တိုင်ကို မှီရပ်ရင်း သူ၏ ထံသို့ လျှောက်လာသော ကျူကျူချင်းကို စောင့်ကြည့်နေခဲ့သည်။
"မင်း သူ့ဆီ သွားတာ ဝိညာဉ်စွမ်းအား ကျင့်ကြံပုံကို သင်ပေးဖို့ တောင်းဆိုချင်လို့ မဟုတ်လား" ကျူကျူချင်းက သူ့ကို သတိမပြုမိသည်ကို မြင်သောအခါ ဒိုင်မုပိုင်က စကားစလိုက်သည်။
"ဒါ နင်နဲ့ မဆိုင်ဘူး" ကျူကျူချင်း မော့ကြည့်လိုက်ရာ ဒိုင်မုပိုင် ဖြစ်နေသည်ကို မြင်ရသဖြင့် သူမ၏ မျက်နှာက ချက်ချင်း အေးစက်သွားသည်။
"ဘွဲ့ခံဒိုလော့တစ်ယောက်ကို ဆရာတင်နိုင်တာက ကောင်းတာမှန်ပေမဲ့ ငါတို့ရဲ့ အခြေအနေအရဆိုရင် သူလည်း အများကြီး မကူညီနိုင်ပါဘူး" ကျူကျူချင်း သူ့အနားမှ ဖြတ်လျှောက်သွားသည်ကို မြင်သဖြင့် ဒိုင်မုပိုင်က အလောတကြီး ထပ်ပြောလိုက်သည်။
"အဲဒါကတော့ ဒီမှာ အပျော်အပါးမက်ပြီး သေမယ့်ရက် ထိုင်စောင့်နေတဲ့ နင့်ထက်စာရင် အများကြီး တော်ပါသေးတယ်" ကျူကျူချင်းက လျှောက်လှမ်းရင်း ပြန်ပြောလိုက်သည်။
"ကျူကျူချင်း... မင်းလည်း သိတာပဲ။ မင်းရဲ့ အစ်မကော ငါ့ရဲ့ အစ်ကိုကောက ငါတို့ထက် အသက်တွေ အများကြီး ပိုကြီးကြတာ။ တူညီတဲ့ မွေးရာပါ ပါရမီချင်းအတူတူ ငါတို့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား သူတို့ကို ကျော်ဖြတ်ဖို့က မဖြစ်နိုင်ဘူး"
"ဒါ့အပြင် သူတို့မှာ အခု မိသားစုနှစ်ခုလုံးရဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေရဲ့ ပံ့ပိုးမှုကို ရထားကြတာ ငါတို့မှာ ဘာမျှော်လင့်ချက် ရှိနိုင်ဦးမှာလဲ" ဒိုင်မုပိုင်က အမှန်တရားကို လက်ခံလျက် ရှင်းပြလိုက်သည်။
"ဟီးဟီး... အဲဒါကြောင့်ပဲ နင်က လူပျံတော်လုပ်ပြီး ကံကြမ္မာကို လက်ခံဖို့နဲ့ အသတ်ခံရမယ့်အချိန်ကို ထိုင်စောင့်ဖို့ ရွေးချယ်လိုက်တာပေါ့။ ဒါပေမဲ့ ငါကတော့ မသေချင်ဘူး"
"အမှန်တော့ ငါ ဒီကို မိုင်ပေါင်းထောင်ချီ ဝေးတဲ့နေရာကနေ မျှော်လင့်ချက် အရောင်အဝါလေးတစ်ခုနဲ့ လာခဲ့တာ။ ဒါပေမဲ့ နင်က ငါ့ကို ပိုပြီးတော့တောင် စိတ်ပျက်စေတယ်။ ငါကတော့ နင့်လိုမျိုး ကိုယ့်ကိုယ်ကိုယ် နိမ့်ကျအောင်လုပ်ပြီး ပျက်စီးမခံနိုင်ဘူး။ ငါ့ရဲ့ ကိုယ်ပိုင်ထွက်ပေါက်ကို ငါ ရှာဖွေမှာပဲ" ကျူကျူချင်းသည် ဒိုင်မုပိုင်ကို ကျောခိုင်းလျက် ခါးသီးစွာ ပြုံးကာ ပြောပြီးနောက် ထွက်ခွာသွားတော့သည်။
ဒိုင်မုပိုင်သည် နေရာတွင် ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့ပြီး ကျူကျူချင်းကို မည်သို့ ပြန်ပြောရမှန်း မသိတော့ချေ။
လင်းဖန်သည် ပြတင်းပေါက်နားတွင် ရပ်ရင်း သူတို့၏ စကားဝိုင်းကို စောင့်ကြည့်နေခဲ့သည်။ ကျူကျူချင်း၏ စကားများကြောင့် လင်းဖန် သူမအပေါ် အမြင်သစ်ဖြင့် ကြည့်မိသွားသည်။
"ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ မျှော်လင့်ချက် မရှိမှန်း သိရက်နဲ့ ကျူကျူချင်းက ဇွဲမလျှော့ဘဲ ဆက်ပြီး ကြိုးစားနေတုန်းပဲ" လင်းဖန်သည် ဒိုင်မုပိုင်နှင့် ကျူကျူချင်းတို့ မိသားစု၏ မျိုးရိုးစဉ်ဆက် စည်းကမ်းချက်များကို သဘာဝကျကျ သိရှိထားသည်။
အကယ်၍ သူတို့ ထန်ဆန်းနှင့် မတွေ့ဆုံခဲ့ပါက ထိုနှစ်ဦးစလုံး အခြေအနေကို ပြောင်းလဲနိုင်မည့် အခွင့်အရေး လုံးဝရှိလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း လင်းဖန်သည် သူတစ်ပါးကိစ္စတွင် အလွန်အကျွံ ဝင်မစွက်ဖက်လိုဘဲ မိမိ၏ ကိုယ်ပိုင်အင်အား တိုးတက်အောင်သာ လုပ်ဆောင်လိုသည်။
အဘယ်ကြောင့်ဆိုသော် ဘွဲ့ခံဒိုလော့များထဲတွင် သူ၏ လက်ရှိအင်အားမှာ ဒူကုပိုင်ကဲ့သို့ အောက်ခြေအဆင့်တွင်သာ ရှိနေသေးကြောင်း သူ သိထားသောကြောင့် ဖြစ်သည်။
အကယ်၍ တကယ့် စစ်ပွဲကြီးတစ်ခုနှင့် ကြုံတွေ့ရပါက သူ၏ အင်အားမှာ အနည်းငယ် သန်မာသော အမြောက်စာအဆင့်ထက် မပိုချေ။
နေ့လယ်စာ စားပြီးနောက် အပြင်တွင် တစ်နာရီခန့် လမ်းလျှောက်ကာ အပန်းဖြေပြီး အိပ်ဆောင်သို့ ပြန်လာခဲ့သည်။
ထို့နောက် တရားထိုင်ရင်း လောကဓာတ်ကို ဆင်ခြင်နေမိသည်။
တရားထိုင်ခြင်း ကျင့်စဉ်က ဝိညာဉ်စွမ်းအား တိုးတက်စေရန်အတွက် အများကြီး အကျိုးသက်ရောက်မှု မရှိသော်လည်း။
ယင်းက လင်းဖန်၏ ခန္ဓာကိုယ်နှင့် စိတ်အခြေအနေကို အမြဲတမ်း အကောင်းဆုံး ပုံစံတွင် ရှိနေစေရန် ကူညီပေးနိုင်သည်။
ထမင်းစားဆောင်တွင် ဆရာရှောက်ရှင်း ချက်ပြုတ်ထားသော ညစာကို စားသောက်ပြီးနောက်။
ဖလန်းဒါး၏ ဆူပူကြိမ်းမောင်းခြင်းကို ခံလိုက်ရသော နင်ရုန်ရုန်မှာ ဘယ်အရပ်သို့ ရောက်သွားသည်မသိချေ။
ဖလန်းဒါးက သူ၏ မျက်မှန်ကို ပင့်တင်ရင်း တည်ကြည်စွာ ပြောလိုက်သည် "ဒီမနက်က ငါ ပြောခဲ့သလိုပဲ မင်းတို့ရဲ့ ပထမဆုံး သင်ခန်းစာက ဒီညမှာ စတင်မယ်။ ကဲ... ငါနဲ့အတူ သောတိုမြို့ကို လိုက်ခဲ့ကြ"
ရှောင်ဝူက ဝေခွဲမရဖြစ်လျက် မေးလိုက်သည် "ကျောင်းအုပ်... ညဘက်သင်ခန်းစာကို ဘာလို့ သောတိုမြို့အထိ သွားရတာလဲ။ ကျောင်းကို ပြန်ရောက်ရင် ဘယ်လောက်တောင် နောက်ကျသွားမလဲ"
ဖလန်းဒါးက "အများကြီး မမေးနဲ့ ရောက်ရင် သိလိမ့်မယ်။ ဆရာကျောက်... မင်းကော လိုက်မလား" ဟု ဆိုသည်။
ကျောက်ဝူကျိက သူ၏ ဖူးယောင်နေဆဲ မျက်နှာကို ကိုင်ရင်း "မလိုက်တော့ဘူး ဒဏ်ရာက မသက်သာသေးဘူး။ အသိဟောင်းတွေနဲ့ တွေ့ရင် ငါ့ကို လာပြီး လှောင်ပြောင်နေကြဦးမယ်"
ဒိုင်မုပိုင်က မအောင့်နိုင်ဘဲ ခပ်တိုးတိုး ရယ်မိသွားသည်။
"မင်းက ဘာရယ်တာလဲ။ မုပိုင်... မနက်ဖြန်ကျရင် ငါ့ဆီ လာပြီး လက်တွေ့တိုက်ခိုက်ရေး သင်ခန်းစာ လာယူဦး" ကျောက်ဝူကျိက မျက်စောင်းထိုးလိုက်သည်။
"ဓားရိပ်လူကြီးမင်း... လိုက်မလား။ ညဘက် သောတိုမြို့က နေ့ဘက်ထက် ပိုပြီး စည်ကားတယ်ဗျ" ထို့နောက် ဖလန်းဒါးက လင်းဖန်ကို ကြည့်ကာ မေးလိုက်သည်။
"သောတိုမြို့က ဝိညာဉ်ကွင်းပြင်ကြီးအကြောင်း ငါ ကြားဖူးပါတယ်။ သွားကြတာပေါ့ မဟုတ်ရင် အခန်းထဲမှာပဲ အောင်းနေရင် အလွယ်တကူ အိုမင်းသွားလိမ့်မယ်။ လူငယ်တွေနဲ့ အတူရှိနေရတာက ပိုပြီး တက်ကြွမှု ရှိစေတယ်" လင်းဖန်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"အစ်ကိုကြီးဖန်... အားနာနာနဲ့ပဲ မေးပါရစေ အစ်ကိုကြီးက အသက်နှစ်ဆယ်ကျော်ပဲ ရှိဦးမှာ မဟုတ်လား" မာဟုန်ကျွင်းက စိုးရိမ်တကြီး မေးလိုက်သည်။
"ညီလေး... ဒီမေးခွန်းက တကယ့်ကို ရိုင်းရာကျပေမဲ့ ငါက အသက် လေးဆယ်ကျော်နေပါပြီ" လင်းဖန်က မာဟုန်ကျွင်း၏ စကားကို ပြန်လည် ဖြေကြားပေးလိုက်သည်။
"လူကြီးမင်း... ကျွန်တော် တကယ် ကြည့်ရတာ မသိသာဘူးပဲ။ လူကြီးမင်းက ကျွန်တော့်လောက် အရွယ်ပဲ ထင်ရပေမဲ့ အသက်ကတော့ ကျွန်တော့်ထက် အများကြီး ကြီးတာပဲ" ဖလန်းဒါးက လင်းဖန်ကို အကဲခတ်ရင်း စိတ်ထဲတွင် အကြီးအကျယ် ထိခိုက်သွားသလို ခံစားလိုက်ရသည်။
"ဒါက ငါ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ထိန်းသိမ်းထားလို့ နေမှာပါ။ အရေးကြီးဆုံးက စိတ်နေစိတ်ထား ကောင်းဖို့ပဲ။ ဒါ့အပြင် ဘွဲ့ခံဒိုလော့အဆင့်ကို တက်လှမ်းပြီးတဲ့နောက်ပိုင်း ပိုပြီး ငယ်ရွယ်သွားတဲ့ ပုံစံမျိုး ဖြစ်သွားတာပါ"
"ကဲ... အချိန်မစောတော့ဘူး သွားကြစို့ စောစော ပြန်လာရအောင်" လင်းဖန် မတ်တတ်ထရပ်ကာ ထမင်းစားဆောင်ပြင်သို့ လျှောက်ထွက်သွားသည်။
"အသက် လေးဆယ်ကျော်နဲ့ ဘွဲ့ခံဒိုလော့အဆင့်ကို တက်လှမ်းနိုင်တယ်ဆိုတော့ လူကြီးမင်းက မွေးရာပါ ဝိညာဉ်စွမ်းအား ပြည့်ဝတဲ့ ပါရမီရှင်တစ်ယောက် ဖြစ်ရမယ်" ဖလန်းဒါးက ရေရွတ်ရင်း အံ့သြချီးကျူးမိသွားသည်။
ချက်ချင်းပင် ဖလန်းဒါးက ကျောက်ဝူကျိကို နင်ရုန်ရုန်နှင့် ပတ်သက်၍ အချို့အချက်များကို မှာကြားခဲ့ပြီးနောက် လူစုကို ခေါ်ဆောင်ကာ သောတိုမြို့သို့ ထွက်ခွာလာခဲ့ကြသည်။
"မုပိုင်... မင်း သူတို့ကို ခေါ်ပြီး စာရင်းသွားသွင်းလိုက်။ အသစ်ရောက်လာတဲ့ လူဆန်းလေးတွေက ပြိုင်ပွဲတစ်ပွဲတော့ ဆင်နွှဲရမယ်" မြင့်မားလှသော ရဲတိုက်ကြီး၏ ရှေ့သို့ ရောက်သောအခါ ဖလန်းဒါးက ဒိုင်မုပိုင်ကို ညွှန်ကြားလိုက်သည်။
"ကျောင်းအုပ်... တကယ်ပဲ ပြောနေတာလား။ သူတို့ကို ပထမဆုံးနေ့မှာတင် ကွင်းထဲ ပို့တော့မလို့လား" ဒိုင်မုပိုင်က အံ့သြတကြီး ပြောလိုက်သည်။
အစကတော့ သူ ထင်ထားသည်က ဒီည ဤနေရာသို့ လာရခြင်းမှာ ထန်ဆန်းနှင့် အခြားသူများကို လာရောက် လေ့လာစေရန်သာ ဖြစ်လိမ့်မည် ဟု ဖြစ်သည်။
"သွားစမ်းပါ" ဖလန်းဒါးက တိုက်တွန်းလိုက်သည်။
"မုပိုင်... ကျောင်းအုပ်က ဘာကို ဆိုလိုတာလဲ" ထန်ဆန်းက ဝေခွဲမရဖြစ်လျက် မေးလိုက်သည်။
"ဟူး... ဒီနေရာကို ဝိညာဉ်ကွင်းပြင်ကြီးလို့ ခေါ်တယ်။ ဝိညာဉ်ဆရာတွေ စင်ပေါ်တက်ပြီး ယှဉ်ပြိုင်ကြတဲ့ နေရာပေါ့။ ကြည့်ရှုသူ ပရိသတ်တွေ အများကြီး ရှိလိမ့်မယ်"
ထို့နောက် ဒိုင်မုပိုင်က ထန်ဆန်း ရှောင်ဝူနှင့် အ
ခြားသူများကို အသေးစိတ် ရှင်းပြပေးလိုက်သည်။
လင်းဖန်ကတော့ လောင်းကြေးထပ်ရန်အတွက် ဝိညာဉ်ကွင်းပြင်ကြီးထဲသို့ အလောတကြီး ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။