အခန်း(၁၀) လင်းဖန်က ကောင်းကင်လျှို့ဝှက်ချက်လား
"အစ်ကိုကြီးဖန်... ခင်ဗျားက ကျွန်တော့်ရဲ့ အစ်ကိုကြီးပါ။ ကျွန်တော် မှားသွားပါတယ်ဗျာ" အခြေအနေကို ကြည့်ပြီး အလျှော့အတင်းလုပ်တတ်သော မာဟုန်ကျွင်းသည် လင်းဖန်၏ ရှေ့သို့ ချက်ချင်း ရောက်လာခဲ့သည်။
"ဒီနေ့ကစပြီး ကျွန်တော်က အစ်ကိုကြီးဖန်ရဲ့ သစ္စာရှိ နောက်လိုက်ပါပဲ။ အစ်ကိုကြီး ညွှန်ကြားတဲ့အတိုင်း လုပ်ပါ့မယ်။ ကျွန်တော့်ကို စောင့်ရှောက်ပါဦး အစ်ကိုကြီးဖန်" မာဟုန်ကျွင်းသည် မြေပြင်ပေါ်တွင် ဝပ်စင်းကာ လင်းဖန်၏ ပေါင်ကို ဖက်၍ ပြောလိုက်သည်။
ဒိုင်မုပိုင်နှင့် အော်စကာတို့သည် ထိုမြင်ကွင်းကို ကြည့်ပြီး ဆွံ့အသွားကြကာ မာဟုန်ကျွင်းကို ပထမဆုံးအကြိမ် မြင်ဖူးသကဲ့သို့ ဖြစ်နေကြသည်။
လင်းဖန်၏ ပေါင်ကို ဖက်ထားသော မာဟုန်ကျွင်းသည် သူတို့၏ အကြည့်များကို ခံစားမိသဖြင့် လှည့်ကြည့်ကာ ဂုဏ်ယူဝင့်ကြွားသော အမူအရာ ပြလိုက်သေးသည်။
ဘွဲ့ခံဒိုလော့တစ်ယောက်၏ ပေါင်ကို ဖက်ခွင့်ရခြင်းက ရှက်စရာ မဟုတ်ပေ။
လင်းဖန်သည် မာဟုန်ကျွင်း၏ ကလေးကလား စကားများကို အစကတည်းက စိတ်ထဲထားရန် မရည်ရွယ်ခဲ့ပေ။
ယခုလို ပေါင်ကို အတင်းလာဖက်နေသည့် အခြေအနေတွင် အသက် တစ်ဆယ့်နှစ်နှစ်အရွယ် ကလေးတစ်ယောက်နှင့် ရန်ဖြစ်နေရန် ပို၍ပင် အကြောင်းမရှိချေ။
သူသည် ရှီလိုင်ခဲကျောင်းတော်သို့ အပျော်သဘော လာခဲ့ခြင်းဖြစ်ရာ သူတို့နှင့် တစ်ခါတစ်ရံ နောက်ပြောင်ကျီစယ်မိသည်မှာ မလွှဲမရှောင်သာပေ။
သို့သော်လည်း မာဟုန်ကျွင်းက ယခုလို အရှက်မရှိ အတင်းဖက်ထားသဖြင့် သူ အနည်းငယ်တော့ နေရခက်သွားသည်။
ထို့ကြောင့် လင်းဖန်က သတိပေးလိုက်ရသည် "မင်း လက်မလွှတ်ရင် ငါ ကန်ထုတ်လိုက်တော့မှာနော်"
"ဟုတ်ကဲ့ပါ အစ်ကိုကြီးဖန်" မာဟုန်ကျွင်းသည် အလိုက်သိစွာဖြင့် သူ၏ နေရာသို့ ပြန်သွားပြီး စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
အနည်းဆုံးတော့ သူ ပထမဆုံးအကြိမ် တွေ့ဖူးသော ဘွဲ့ခံဒိုလော့ကို စိတ်အေးသွားအောင် လုပ်နိုင်ခဲ့သဖြင့် သူ၏ အသက်ဘေး ကင်းဝေးသွားပြီဟု ခံစားလိုက်ရသည်။
ဖလန်းဒါးသည်လည်း မာဟုန်ကျွင်းအတွက် အရှက်ရမိသည်မှာ အမှန်ပင်။ မည်သို့ပင်ဆိုစေ ထိုကလေးက သူ၏ တပည့် ဖြစ်နေသည်မဟုတ်လော။
"ဂုဏ်သရေရှိလူကြီးမင်း... ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော့်တပည့် မာဟုန်ကျွင်းက ငယ်သေးလို့ အဆော့မက်နေတာပါ" မာဟုန်ကျွင်း ပြန်လာသည်ကို မြင်သောအခါ ဖလန်းဒါးက လင်းဖန်ကို ရှင်းပြလိုက်သည်။
"ကျောင်းအုပ် ဖလန်းဒါး... ထပ်ပြီး အားနာစရာ မလိုပါဘူး။ ကျွန်တော်လည်း ကျောင်းတော်ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာပြီဆိုတော့ တစ်ယောက်နဲ့တစ်ယောက် စနောက်ကြတာ သဘာဝပါပဲ" လင်းဖန်က အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။
"လူကြီးမင်းက တကယ့်ကို သဘောထားကြီးတာပဲ" ဖလန်းဒါးသည် စိတ်လှုပ်ရှားစွာ ရေရွတ်ပြီးနောက် ထန်ဆန်းနှင့် အခြားသူများဘက်သို့ လှည့်ကာ "မင်းတို့ မြင်ကြလား။ အတန်းဖော်အချင်းချင်းကြားမှာ သည်းခံခွင့်လွှတ်မှု ရှိရမယ်"
"ဝိညာဉ်ဆရာတစ်ယောက်ရဲ့ ကျင့်ကြံခြင်းက မလွယ်ကူဘူး။ ဓားရိပ်တန်ခိုးရှင်ရဲ့ သာမန်အရပ်သားတစ်ယောက်လို ထားတဲ့ စိတ်နေစိတ်ထားက ငါတို့အားလုံး အတုယူဖို့ အင်မတန် ထိုက်တန်တယ်"
ဖလန်းဒါးသည် ထိုအခွင့်အရေးကို အသုံးချကာ လင်းဖန်ကို နမူနာပြ၍ အားလုံးကို ဆုံးမဩဝါဒ ပေးလိုက်သည်။
"ကျောင်းအုပ်ကလည်း ချီးမွမ်းလွန်းနေပါပြီ" လင်းဖန်က ခပ်ဖွဖွ ပြုံးလိုက်သည်။
"မဟုတ်တာပဲ လူကြီးမင်း... လူကြီးမင်းရဲ့ စိတ်ရင်းက တကယ့်ကို အတုယူစရာပါ။ အထူးသဖြင့် အားနည်းသူတွေကို အင်အားသုံးပြီး မနှိပ်စက်တာမျိုးပေါ့" ဖလန်းဒါးက ပြန်ပြောသည်။
"ဒီဘွဲ့ခံဒိုလော့ရဲ့ အကျင့်က နည်းနည်းဆန်းပေမဲ့ စိတ်နေစိတ်ထားက တကယ့်ကို ကောင်းတာပဲ။ ရှောင်ဝူ... မင်းကော မထင်ဘူးလား" ထန်ဆန်းက ရှောင်ဝူ၏ နားနားသို့ ကပ်ကာ တိုးတိုးလေး မေးလိုက်သည်။
"အစ်ကိုကြီးထန်... မမေ့နဲ့ဦးလေ မနေ့က သူက အကြောင်းပြချက်မရှိဘဲ အစ်ကို့ကို သွေးအန်တဲ့အထိ ရိုက်ခဲ့တာနော်" ရှောင်ဝူက အံ့သြတကြီး ပြန်ပြောသည်။
"အဲဒီကိစ္စက ငါ့ကို တကယ် ထူးဆန်းစေတာ။ ငါ သူ့ကို ပထမဆုံးအကြိမ် မြင်ဖူးတာ သေချာပါတယ်။ ဒါပေမဲ့ မနေ့ညက သေသေချာချာ ပြန်စဉ်းစားကြည့်တော့ သူက ငါ့ကို အတင်းတိုက်ခိုက်လာအောင် တမင်ဆွပေးနေသလိုပဲ" ထန်ဆန်းသည် မနေ့က လင်းဖန်၏ အပြုအမူများကို ပြန်လည် စဉ်းစားမိသည်။
လင်းဖန်သည် တမင်တကာ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ထန်ဆန်း အကဲခတ်မိသည်။
သို့သော်လည်း ဘွဲ့ခံဒိုလော့တစ်ယောက်က ဝိညာဉ်မဟာဆရာအဆင့်မျှသာ ရှိသေးသော မိမိကို အဘယ်ကြောင့် ယခုလို တိုက်ခိုက်ရသနည်းဆိုသည်ကိုမူ ထန်ဆန်း စဉ်းစား၍ မရချေ။ ယင်းသို့ တိုက်ခိုက်ခြင်းဖြင့် အဘယ်အကျိုးကျေးဇူး ရနိုင်မည်နည်း။
"ငါ့ကြောင့် ဖြစ်ရမယ်။ သူက ငါတို့ကို စမ်းသပ်နေတာနေမှာ။ ဒါပေမဲ့ သူက ဒီလောက် သန်မာနေတာကို ငါ့အသက်ကို တိုက်ရိုက် နှုတ်ယူလိုက်ရုံပဲလေ ဘာလို့ စမ်းသပ်နေဦးမှာလဲ" ရှောင်ဝူကတော့ မိမိကြောင့်သာ ဖြစ်လိမ့်မည်ဟု တွေးနေမိသည်။
ထို့ကြောင့်သာ လင်းဖန်က ထန်ဆန်းကို တိုက်ခိုက်ပြီး ဒဏ်ရာရစေခဲ့ခြင်း ဖြစ်နိုင်ပေသည်။
"ဟူး... ဒီညပဲ ငါ ထွက်ပြေးရမလား။ ဒါပေမဲ့ အစ်ကိုကြီးထန်က ရှီလိုင်ခဲကျောင်းတော်ကို တက်နိုင်ဖို့ အများကြီး ကြိုးစားခဲ့ရတာ။ ပြီးတော့ သူ့ဆရာကလည်း ဒီကျောင်းကို တက်ဖို့ တိုက်တွန်းခဲ့တာလေ။ အကြောင်းပြချက် မရှိဘဲနဲ့တော့ သူ လွယ်လွယ်နဲ့ ထွက်သွားမှာ မဟုတ်ဘူး"
"ဒါပေမဲ့ ငါတစ်ယောက်တည်း ထွက်ပြေးသွားရင် ဒီလင်းဖန်ဆိုတဲ့လူက အစ်ကိုကြီးထန်အပေါ် ဒေါသပုံချပြီး သတ်ပစ်လိုက်မလား" ရှောင်ဝူသည် စိတ်ထဲတွင် အလွန်အမင်း ဝေခွဲမရ ဖြစ်နေတော့သည်။
ဖလန်းဒါးက ရှေ့သို့ နှစ်လှမ်း တက်လိုက်ပြီး "ကျောင်းတော်က ဒီနှစ်မှာ ထူးချွန်တဲ့ လူဆန်းလေး လေးယောက် ထပ်ရခဲ့တယ်။ ကျောင်းတော်ကိုယ်စား မင်းတို့ကို ကြိုဆိုပါတယ်"
"ပံ့ပိုးမှုအမျိုးအစား ဝိညာဉ်ဆရာတွေအတွက်တော့ စစ်မြေပြင်မှာ ကာကွယ်ပေးမယ့်သူ မရှိရင် အန္တရာယ်က အင်မတန် ကြီးမားတယ်။ ဒါကြောင့် ထွက်ပြေးတိမ်းရှောင်နိုင်စွမ်းက မင်းတို့အတွက် မရှိမဖြစ် လိုအပ်တဲ့ အရည်အချင်းပဲ"
"အော်စကာ နင်ရုန်ရုန်... အပတ် နှစ်ဆယ် ပြေးကြရမယ်။ အော်စကာ... မင်း ရှေ့က ဦးဆောင်"
အော်စကာနှင့် နင်ရုန်ရုန်တို့က ရှေ့သို့ တက်လာပြီး "ဟုတ်ကဲ့ပါ" ဟု ပြန်ဖြေကြသည်။
ချက်ချင်းပင် အော်စကာသည် နင်ရုန်ရုန်ကို ခေါ်ဆောင်ကာ ကျောင်းတော်၏ ဟောင်းနွမ်းနေသော သစ်သားတံခါးဝမှ ပြေးထွက်သွားကြတော့သည်။
"ကျန်တဲ့လူတွေအတွက်တော့ ပထမဆုံး သင်ခန်းစာကို ဒီညမှာ စတင်မယ်။ ဒိုင်မုပိုင်... အသစ်ရောက်လာတဲ့ လူဆန်းလေးတွေကို ကျောင်းတော်ရဲ့ စည်းကမ်းတွေအကြောင်း ရှင်းပြလိုက်ဦး"
"ထန်ဆန်း... မင်း ငါ့နောက် လိုက်ခဲ့" ဖလန်းဒါးက ထန်ဆန်းတစ်ယောက်တည်းကိုသာ ချန်ထားခဲ့သည်။
"ဓားရိပ်လူကြီးမင်း... လူကြီးမင်းလည်း စိတ်ကြိုက် အနားယူနိုင်ပါတယ်" ထို့နောက် ဖလန်းဒါးသည် လင်းဖန်ကို နှုတ်ဆက်ပြီး ထန်ဆန်းကို ခေါ်၍ ထွက်ခွာသွားသည်။
"ကျောင်းအုပ်... သွားစရာရှိတာ သွားပါ" လင်းဖန်က ခေါင်းငြိမ့်ပြလိုက်သည်။
ရှောင်ဝူနှင့် ကျူကျူချင်းတို့ လူစုခွဲသွားသည်ကို မြင်သောအခါ လင်းဖန်သည် နေရာတွင် ရပ်ရင်း တွေးတောနေမိသည်။
"အရမ်းကောင်းတယ်။ အရာအားလုံးက မူရင်းဇာတ်လမ်းအတိုင်း ဖြစ်ပျက်နေတာပဲ။ ငါ မှတ်မိသလောက်ဆိုရင် အော်စကာက နင်ရုန်ရုန်ကြောင့် စိတ်ပျက်အားငယ်မှုနဲ့ ကြုံရလိမ့်မယ်။ အဲဒါကြောင့်ပဲ တစ်ညလုံး အပြင်းအထန် ကျင့်ကြံပြီးနောက် အဆင့် သုံးဆယ်ကို တက်လှမ်းနိုင်လိမ့်မယ်"
"အဲဒီနောက် ထန်ဆန်းနဲ့ တခြားလူတွေက အော်စကာနဲ့အတူ ဝိညာဉ်သားရဲတွေကို ရှာဖွေဖို့ စတားဒို တောအုပ်ကြီးထဲကို လိုက်သွားကြလိမ့်မယ်။ ထန်ဆန်းကလည်း အဲဒီအချိန်မှာ အဆင့်တက်မှာဖြစ်ပြီး ကံကောင်းထောက်မစွာနဲ့ လူမျက်နှာမိစ္ဆာပင့်ကူနဲ့ ဆုံတွေ့လိမ့်မယ်"
"ငါ့ရဲ့ တာဝန် ပြီးမြောက်ဖို့ မဝေးတော့ဘူး"
ထန်ဆန်းအနေဖြင့် ပြင်ပဝိညာဉ်အရိုးကို ပေးစွမ်းနိုင်မည့် လူမျက်နှာမိစ္ဆာပင့်ကူကို အောင်မြင်စွာ ရှာဖွေတွေ့ရှိစေချင်သဖြင့် လင်းဖန်သည် အလွန်အကျွံ ဝင်ရောက်မစွက်ဖက်လိုပေ။
အစီအစဉ်က အလွန် ပြီးပြည့်စုံနေသဖြင့် လင်းဖန်သည် အိပ်ရေးဝအောင် ပြန်အိပ်ရန် အိပ်ဆောင်သို့ ပြန်လာခဲ့သည်။
ဘွဲ့ခံဒိုလော့အဆင့်သို့ ရောက်ရှိပြီးနောက် သာမန်တရားထိုင်ခြင်း ကျင့်စဉ်များက အကျိုးသက်ရောက်မှု အများကြီး မရှိတော့ချေ။ ကောင်းကင် မြေကြီး သဘာဝတရားနှင့် မိမိ၏ ကိုယ်ပိုင်ဝိညာဉ်တို့အပေါ် နားလည်သဘောပေါက်မှု ရရှိရန်သာ ပို၍ အရေးကြီးသည်။
"ဂိုဏ်းချုပ်ကို သတင်းပို့ပါတယ်။ သခင်မလေးက ရှီလိုင်ခဲကျောင်းတော်ကို တက်ရောက်ခွင့် ရရှိသွားပါပြီ"
"ရှီလိုင်ခဲကျောင်းတော်ရဲ့ အခြေအနေက ဘယ်လိုရှိလဲ"
"ရှီလိုင်ခဲကျောင်းတော်မှာ အနည်းဆုံး ဝိညာဉ်သူတော်စင်တစ်ယောက်နဲ့ ဝိညာဉ်ဧကရာဇ် အနည်းငယ် ရှိနေပါတယ်။ အောက်ခြေလူက အများကြီး စုံစမ်းလို့မရခဲ့ပါဘူး။ ဂိုဏ်းချုပ် ပေးလိုက်တဲ့ စာကိုတော့ သူတို့ဆရာကတစ်ဆင့် ကျောင်းအုပ်ဆီကို ပေးအပ်ပြီးပါပြီ။ ဒါပေမဲ့..."
"ဒါပေမဲ့ ဘာဖြစ်လဲ"
"သခင်မလေး ကျောင်းတော်ကို ဝင်တဲ့နေ့မှာပဲ ဘွဲ့ခံဒိုလော့အဆင့်ရှိမယ်လို့ ယူဆရတဲ့ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ကျောင်းတော်ကို ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အောက်ခြေလူက ကျောင်းထဲကို မဝင်ခဲ့ပေမဲ့ သူတို့ရဲ့ ဆရာက အဲဒီလူကို အင်မတန် ကြောက်ရွံ့နေတာကို ခံစားမိပါတယ်"
"သူ့နာမည်က လင်းဖန် လို့ ခေါ်ပါတယ်"
"လင်းဖန်... ငါ နားလည်ပြီ" နင်ဖုန်းကျိ၏ မျက်နှာတွင် အံ့သြတုန်လှုပ်မှုများ ထွက်ပေါ်လာပြီး သူ၏ လက်အောက်ငယ်သားကို ပြန်လွှတ်လိုက်သည်။
"ကောင်းကင်လျှို့ဝှက်ချက်က ဘာလို့ ဒီလိုအချိန်မျိုးမှာ ရှီလိုင်ခဲကျောင်းတော်ကို သွားရတာလဲ။ ရှီလိုင်ခဲကျောင်းတော်မှာ သူ အထူးဂရုစိုက်ရမယ့် အရာတစ်ခုခု ရှိနေလို့လား။ အဲဒီတုန်းက သူပြောခဲ့တဲ့ စကားတွေက..." နင်ဖုန်းကျိ ထိုင်၍ တွေးတောနေစဉ်မှာပင်။
ပြင်းထန်သော လေလှိုင်းတစ်ခုက ခန်းမတံခါးကြီးကို တွန်းဖွင့်လိုက်သည်။
"ဖုန်းကျိ... မင်းက တကယ်ပဲ ရုန်ရုန်ကို အပြင်မှာ တစ်ယောက်တည်း ထားရတာ စိတ်အေးနေတာလား" လင်းဖန်နှင့် အလွန်တူသော အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးသည် ဓားတစ်စင်းကို စီးနင်းလျက် ခန်းမထဲသို့ ပျံသန်းဝင်ရောက်လာခဲ့သည် "ရှီလိုင်ခဲကျောင်းတော်က ငါတို့ သွန်သင်ပေးတာထက် ပိုကောင်းနိုင်ပါ့မလား"
"ဦးလေးဓား... အဲဒီတုန်းက ရတနာခုနစ်ပါး ဖန်စီဂိုဏ်းကို လာခဲ့တဲ့ ဆန်းကြယ်တဲ့လူကို မှတ်မိသေးလား။ သူက ကောင်းကင်လျှို့ဝှက်ချက်ကို ကြည့်ရှုနိုင်တယ်လို့ ပြောခဲ့ပြီး ရတနာခုနစ်ပါး ဖန်စီဂိုဏ်း တိုးတက်ကြီးပွားဖို့ အခွင့်အလမ်းက ရှီလိုင်ခဲကျောင်းတော်မှာ ရှိတယ် အထူးသဖြင့် ရုန်ရုန်နဲ့ သက်ဆိုင်တယ်လို့ ပြောခဲ့တာလေ"
"အဲဒီအချိန်တုန်းက ရုန်ရုန်က အသက်တစ်နှစ်တောင် မပြည့်သေးဘူး" နင်ဖုန်းကျိက တည်ကြည်သော မျက်နှာပေးဖြင့် ပြောလိုက်သည်။
"ဟွန့်... အဲဒါက ကျင့်ကြံခြင်း အရင်းအမြစ်တွေကို လာပြီး လိမ်လည်လှည့်ဖြားသွားတဲ့ လူလိမ်တစ်ယောက်တင်ပါပဲ" ဓားတန်ခိုးရှင် ချန်ရှင်းက အေးစက်စွာ ပြောဆိုသည်။
"ဦးလေးဓား... မယုံကြည်တာထက် ယုံကြည်ထားတာက ပိုကောင်းပါတယ်။ အဲဒါကြောင့် လွန်ခဲ့တဲ့ နှစ်တွေတစ်လျှောက်လုံး အဲဒီကောင်းကင်လျှို့ဝှက်ချက်အကြောင်းကို ငါ စုံစမ်းခဲ့တာ။ အချက်အလက်ကတော့ အင်မတန် နည်းပါးတယ် သူ့နာမည်က လင်းဖန် ဆိုတာပဲ သိရတယ်"
"ငါတို့ရဲ့ သူလျှိုတွေ သတင်းပို့ချက်အရတော့ ရုန်ရုန် ကျောင်းတော်ကို ဝင်တဲ့နေ့မှာပဲ လင်းဖန်ကလည်း ရှီလိုင်ခဲကျောင်းတော်ကို ဝင်သွားခဲ့တယ်"
"နှစ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့ပြီးမှ ဒီကောင်းကင်လျှို့ဝှက်ချက်က ပြန်ပေါ်လာတာပဲ" နင်ဖုန်းကျိက ရှင်းပြသည်။
"ဒါဆိုရင် ရုန်ရုန်ကို သူ လိမ်တာ မခံရအောင် ငါက ပိုပြီးတော့တောင် ပြန်ခေါ်လာရဦးမယ်" ဓားတန်ခိုးရှင် ချန်ရှင်းက နှာခေါင်းရှုံ့ရင်း အေးစက်စွာ ပြောလိုက်သည်။
"ဦးလေးဓား... အဲဒီတုန်းက ကောင်းကင်လျှို့ဝှက်ချက် ထွက်သွားခါနီးမှာ သူက အကျိုးသက်ရောက်မှု ပြောင်းပြန်မဖြစ်အောင် ရုန်ရုန်ရဲ့ ကြီးပြင်းလာမှုကို ဝင်ရောက်မစွက်ဖက်ဖို့ အထူးသတိပေးခဲ့တာ"
"ဒါကြောင့် ဦးလေးဓား... ငါ့စကားကို နားထောင်ပါ။ ရုန်ရုန်က ရှီလိုင်ခဲကျောင်းတော်မှာ ဘာအန္တရာယ်မှ ရှိမှာမဟုတ်ပါဘူး။ ပြီးတော့ ငါက ရွှေတြိဂံရဲ့ အကြီးအကဲ ဖလန်းဒါးဆီကိုလည်း စာတစ်စောင် အထူးရေးသား ပေးပို့ထားပြီးသားပါ" နင်ဖုန်းကျိက ချန်ရှင်းကို ဖျောင်းဖျလိုက်သည်။
"ဟွန့်... အကယ်၍ ရုန်ရုန်တစ်ခုခုဖြစ်ရင် မင်းပဲ တာဝန်ယူရမယ်"
"ကွေ့မေ... ငါ မင်းကို ကောင်းကင်လျှို့ဝှက်ချက်ရဲ့ သတင်းကို စုံစမ်းခိုင်းထားတာ နှစ်တွေအများကြီး ရှိပြီ။ ဘာသတင်း ထူးသေးလဲ"
"အရှင်မ... ကောင်းကင်လျှို့ဝှက်ချက်က ဝိညာဉ်မြို့တော်ကနေ ထွက်သွားပြီးကတည်းက ရတနာခုနစ်ပါး ဖန်စီဂိုဏ်းကို တစ်ခေါက် သွားခဲ့တယ်လို့ပဲ သိရပါတယ်။ အဲဒီကနေ ထွက်သွားပြီးကတည်းက ဘာသတင်းမှ ထပ်မကြားရတော့ပါဘူး"
"မင်း သွားနိုင်ပြီ" ဘီဘီတုန်းသည် စိတ်ပျက်အားလျော့သွားသည့် အမူအရာ ပေါ်ထွက်လာတော့သည်။