ညအချိန်…
အိမ်ထဲတွင် လုံရှင်းထျန်း သည် အာရို ကို ကြိုးစားပမ်းစား ကုသပေးနေသည်။
အိမ်အပြင်ဘက်တွင်မူ တိရစ္ဆာန်အုပ်စုနှင့် ရွှီချင်းဟယ် တို့သည် ပြင်းထန်သော ဆွေးနွေးမှုတစ်ခု လုပ်နေကြသည်။
"ခွေးနက်ကြီး.. မင်း လူသားမြို့တော်တွေကို ရောက်ခဲ့လား" ဟု ကြက်ဖကြီးက စပ်စုစွာ မေးလိုက်သည်။
"မရောက်ဖူးဘူး.. အစီအစဉ်က အဲဒီကောင်လေးကြောင့် ပျက်စီးသွားတာလေ။ ငါက မူလက လူသားတစ်ယောက်ကို ရှာပြီး ငါ့ရဲ့ အမွေအနှစ်ကို လက်ဆင့်ကမ်းပေးဖို့ စီစဉ်ထားတာ" ခွေးနက်ကြီးသည် ရွှီချင်းဟယ် ကို စူးရဲစွာ ကြည့်လိုက်ပြီးနောက် မကျေမနပ် ဟန်ဆောင်လိုက်သည်။
ရွှီချင်းဟယ်: "...."
"ဒါဆို မင်း ဘာလို့ မိန်းမတစ်ယောက်... ယုန်မတစ်ကောင်ကို ခေါ်လာတာလဲ... ဆရာက အခု အဲဒီကိစ္စ လုပ်နေတာလား"
အဝတ်လှန်းတန်းပေါ်ရှိ ကြက်တူရွေးက မေးလိုက်သည်။
"ငါမသိဘူး" ခွေးနက်ကြီးခေါင်းခါလိုက်သည်။
"ဘာပဲဖြစ်ဖြစ်.. ဒီအတွဲကို ငါ သဘောမတူဘူး.. အဲဒီယုန်မက အရမ်း နုနယ်လွန်းတယ်.. သခင်မ လုပ်ဖို့ မထိုက်တန်ဘူး... အစေခံ လုပ်ဖို့တောင် မနည်း အရည်အချင်းမှီရုံပဲ"
"မင်း မသဘောတူရင် ငါလည်း မသဘောတူဘူး" ဆိတ်အိုကြီးက အော်လိုက်သည်။
"ဂေါ့ ဂေါ့ " ဝက်ခြံထဲမှ ဝက်နက်ကြီးကလည်း ထောက်ခံကြောင်း ညည်းတွားလိုက်သည်။
"ငါလည်း မသဘောတူဘူး..ငါ့ကို ဇနီးသည် ရှာမပေးသရွေ့ပေါ့.. ဒီခြံထဲမှာ ကြက်မတစ်ကောင်ပဲ မိသားစုရှိတာ..ငါ့လို နွားအိုကြီးကတော့ နှစ်ပေါင်းများစွာ တောင့်တနေရပြီ" နွားအိုကြီးကလည်း အော်မြည်လိုက်သည်။
"ချွီ ချွီ" "စူး စူး" "မြောင် မြောင်"
ခြံဝင်းထဲက တိရစ္ဆာန် ရာကျော်တို့သည် ခြံထဲရှိ အမျိုးသမီးတစ်ယောက် သခင်မ ဖြစ်လာမည့် အရေးကို တညီတညွတ်တည်း ကန့်ကွက်လိုက်ကြသည်။
"...."
ရွှီချင်းဟယ် မှာ ဝင်ပြောစရာ စကားမရှိပေ။ သူ့အတွက်တော့ ဆရာ့ဇနီးသည် ဘယ်သူဖြစ်ဖြစ် ကိစ္စမရှိပါ။
သူ အလေးအနက်ထားသည်မှာ ဝိညာဉ်နန်းတော် မှ လူများက ပီပီတုန်း ကို ပုပ်ရဟန်းမင်းကြီး ဟု ခေါ်နေသည်ကို ကြားလိုက်ရခြင်းပင်။
ပီပီတုန်း သည် ဝိညာဉ်နန်းတော် ၏ သန့်စင် မိန်းမပျိုသာ ဖြစ်ခဲ့ဖူးပြီး ဘွဲ့နှင်းခံသုန့်လော် တောင် မဟုတ်သေးပါ။
ဆယ်နှစ်အတွင်း ပီပီတုန်း တစ်ယောက် ဘွဲ့နှင်းခံသုန့်လော် ဖြစ်သွားသည်တဲ့လား... သုန့်လော်တိုက်ကြီးရှိ အခြား အင်အားကြီးများပင် ထိုအချက်ကို သိမည်မဟုတ်ပေ။ ထျန်းဒိုအင်ပါယာ အပါအဝင်ပေါ့။
"ငါ့ရဲ့ စွမ်းအားကို တတ်နိုင်သမျှ မြန်မြန် မြှင့်တင်ရမယ်..အဆင့် ၆ ရောက်ရင် ဆရာက ထျန်းဒိုအင်ပါယာကို ပြန်ခွင့်ပြုလိမ့်မယ်"
ရွှီချင်းဟယ် လည်း အချိန်မဖြုန်းဘဲ တရားထိုင် ကျင့်ကြံလိုက်သည်။
ကလစ်...
တံခါးပွင့်လာသည်။ လုံရှင်းထျန်း အိမ်ထဲမှ ထွက်လာသည်။ တိရစ္ဆာန်အုပ်စုကို မြင်လိုက်ရချိန်တွင် သူ၏ မျက်နှာမှာ မှောင်မိုက်သွားသည်။ သူ အပင်ပန်းခံ ပြင်ဆင်ထားသော ညစာကို ဤကောင်တွေ အကုန်စားပစ်လိုက်ကြပြီ...
"ဝုတ် ဝုတ် ဝုတ်" ခွေးနက်ကြီးက အရင်ဆုံး ခုန်ထွက်လာပြီး အပြစ်ကို အခြားသူများဆီ လွှဲချရန် ကြိုးစားသည်။
"မင်းတို့က ငါ့ညစာကို မစားဘူးလို့ ပြောချင်တာလား"
"ဝုတ် ဝုတ် (ဟုတ်ပါတယ် ဆရာ...)"
"ဒါဆို ခြံထဲက အသီးအရွက်စားတဲ့ ကောင်တွေကပဲ ငါ့ရဲ့ အရိုးပြုတ်ရည်တွေကို အကုန်သောက်သွားတာပေါ့"
"ဝုတ် ဝုတ် (ဟုတ်ပါတယ် ဆရာ.. သူတို့ပါ...)"
"ဝမ်ချိုင် က တကယ် ကောင်းတာပဲ..လာ…လာ… မင်းပါးစပ်နားက အဆီတွေကို သုတ်ပေးမယ်"
"ဝုတ် ဝုတ်" ခွေးနက်ကြီးအမြီးလှုပ်ကာ အခြားတိရစ္ဆာန်များကို လှောင်ပြုံးပြုံးလိုက်သည်။
တိရစ္ဆာန်များ: "...."
ဒီကောင် အပြင်တစ်ခါ ထွက်ရုံနဲ့ ဦးနှောက်ပါ ပျောက်သွားပြီ။
နောက်တစ်စက္ကန့်တွင် - "အူဝူး…" ခွေးနက်ကြီး၏ ဝမ်းနည်းဖွယ် အော်သံမှာ ကောင်းကင်ယံသို့ ပျံ့လွင့်သွားသည်။
ခွေးနက်ကြီးကို သင်ခန်းစာပေးပြီးနောက် လုံရှင်းထျန်း လည်း လှုပ်ခုံပေါ် ပြန်လှဲလိုက်သည်။
"ချင်းဟယ်.. မင်းတွေ့လိုက်တဲ့သူက ဝိညာဉ်နန်းတော် ပုပ်ရဟန်းမင်းကြီး ပီပီတုန်း ဟုတ်လား" သူက တပည့်ဖြစ်သူ ရွှီချင်းဟယ် ကို မေးလိုက်သည်။
"အရာအားလုံးက ဆရာ့အမြင်ကနေပြေးမလွတ်ဘူးပဲ"
ရွှီချင်းဟယ် သည် မြှောက်ပြောခြင်း မဟုတ်ဘဲ လုံရှင်းထျန်း ကို အမှန်တကယ် လေးစားခြင်း ဖြစ်သည်။
တောအုပ်နက်ထဲတွင် လောကကြီးနှင့် အဆက်အသွယ်ဖြတ်နေသော်လည်း ကောင်းကင်အောက်ရှိ အရာအားလုံးကို သူ သိနေသည်။
ဒီအချက်ကို တွေးမိရင်း သူ စဉ်းစားမိသည် - ဆရာက ထျန်းဒိုအင်ပါယာရဲ့ လက်ရှိ အခြေအနေကိုရော သိနေမလား... သူ ရှေ့တိုးကာ အရိုအသေပေးလိုက်သည်။
"ဆရာ.. တပည့်မှာ မေးစရာ ရှိပါတယ်"
"ပြောပါ"
လုံရှင်းထျန်း လည်း ပီပီတုန်း က အာရို ကို လိုက်ဖမ်းသည့် ဇာတ်လမ်းကို တွေးနေသည်။
အခုထိတော့ မူရင်းဇာတ်လမ်းက မပြောင်းလဲသေးပေ။
"ဆရာ.. ထျန်းဒိုအင်ပါယာရဲ့ လက်ရှိ အခြေအနေကို မေးချင်ပါတယ်.. ကျွန်တော် နန်းတော်ကိုပြန်သွားမယ်ဆိုရင် ရာဇပလ္လင်ကို သိမ်းပိုက်နိုင်ဖို့ အခွင့်အရေး ဘယ်လောက်ရှိမလဲ"
"...."
လုံရှင်းထျန်း သူ့ကို ကြည့်လိုက်သည်။ အပြင်လောကမှာလည်း ရွှီချင်းဟယ် တစ်ယောက် ရှိနေပြီးသားလေ။ ‘တပည့်ရေ.. မင်းရဲ့ အထောက်အထားကို သူများ ခိုးယူသွားပြီ…’
ကောင်လေးကတော့ ဘာမှ မသိရှာဘူး။ လုံရှင်းထျန်း ကြယ်လင်သော ကောင်းကင်ကို မော့ကြည့်လိုက်သည်။ "ချင်းဟယ်.. မနက်ဖြန်ကစပြီး ဆရာ မင်းကို အသစ်အဆန်းတွေ သင်ပေးမယ် ကမ္ဘာလောကကို ကျော်လွန်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပေါ့"
...
နောက်တစ်နေ့။
အာရို သတိပြန်ရလာသည်။ သူမ မျက်လုံးဖွင့်လိုက်ချိန်တွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။
"ဆရာ.. သူ သတိရလာပြီ" ရွှီချင်းဟယ် က ပျော်ရွှင်စွာ အော်လိုက်သည်။
"ငါ့ရဲ့ ဆေးကုသမှုက ပိုတိုးတက်လာပုံပဲ" လုံရှင်းထျန်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
အာရို မျက်လုံးထဲတွင် စိုးရိမ်မှုများ ရှိနေသော်လည်း လုံရှင်းထျန်း ကို မြင်လိုက်ချိန်တွင် ချက်ချင်း ငြိမ်ကျသွားသည်။ သူ ရပ်နေရုံနှင့်ပင် ထွက်ပေါ်နေသော ကြီးမားသည့် ဖိအားကြောင့် သူမ အသက်ရှူပင် မဝနိုင်တော့ပေ။ အစွမ်းထက်လိုက်တာ...
"ကျေးဇူးတင်ပါတယ် အကြီးအကဲ" အာရို ကြောက်ရွံ့စွာ ပြောသည်။
"...."
"မင်းနာမည်က အာရို.. မင်းမှာ ရှောင်ဝူ ဆိုတဲ့ သမီးလေးတစ်ယောက် ရှိတယ်.. ဒါမင် နဲ့ အာမင် ဆိုတဲ့ တူနှစ်ယောက် ရှိတယ်.. သူတို့က ကောင်းကင်စပါးအုံး နဲ့ ဧရာမမျောက်ဝံကြီး တွေ" လုံရှင်းထျန်း ၏ အသံမှာ အေးစက်နေသည်။
အာရို ၏ နားထဲတွင်တော့ မိုးကြိုးသံကဲ့သို့ပင်။ သူ သူမရဲ့ နောက်ကြောင်းကို သိနေတာလား......
"အကြီးအကဲ ဘာခိုင်းခိုင်း လုပ်ပါ့မယ်.. ကျွန်မရဲ့ ကလေးတွေကိုတော့ ချမ်းသာပေးပါ" အာရို ကြမ်းပြင်ပေါ် ဒူးထောက်ကာ တောင်းပန်သည်။
သူ့မကို သိနေတာက သတိပေးချက်တစ်ခုပဲ။ အခုချက်ချင်း အညံ့မခံရင် သူမရဲ့ မိသားစု တစ်စုလုံး အန္တရာယ်ရှိသွားလိမ့်မယ်။
လုံရှင်းထျန်း စိတ်ထဲတွင်တော့ ပျော်နေသည်။ "ငါ့ဆီမှာ နှစ်ပေါင်း ၁၀၀ လောက် အမှုထမ်းပါ.. ပြီးရင် မင်းကို လွှတ်ပေးမယ်"
နှစ် ၁၀၀,၀၀၀ ဝိညာဉ်သားရဲ အစောင့်အရှောက်ရဖို့ဆိုတာ စဉ်းစားကြည့်ရုံနဲ့တင် စိတ်လှုပ်ရှားနေပြီ...
"ကျွန်မ သဘောတူပါတယ်" အာရို ချက်ချင်းပဲ ကတိပြုလိုက်သည်။
"ကောင်းပြီ.. မင်း ဒီနေ့ ဆုံးဖြတ်ချက်ကို နောင်ကျရင် ကျေးဇူးတင်လိမ့်မယ်" သူက ဆေးလုံးတစ်လုံး ပေးလိုက်သည်။ "ဒါက ဝိညာဉ်ဆေးလုံးပဲ.. စားလိုက်ပါ"
【အမည်: ယုန်ဆေးလုံး】
ရွှီချင်းဟယ် လည်း စားပြီး အဆင့်တက်သွားတာပဲ.. ဒီ ၁၀၀,၀၀၀ ဝိညာဉ်သားရဲလည်း အသုံးဝင်မှာပါ။
"ကျေးဇူးတင်ပါတယ် သခင်"
အာရို ဆေးလုံးစားလိုက်ချိန်တွင် သူမ၏ သွေးကြောထဲမှ စွမ်းအားများ ပြင်းထန်စွာ လှုပ်ရှားလာသည်။ သူမ၏ သွေးမျိုးဆက်ပင် ပြောင်းလဲသွားသလို ခံစားရသည်။ ဒါဟာ ဘိုးဘေးစဉ်ဆက်က သွေးမျိုးဆက်စွမ်းအားများ ပြန်လည် နိုးထလာခြင်းပင်...
"ငါ့ရဲ့ သွေးမျိုးဆက်ကဘေး ဘိုးဘေးသွေးမျိုး ပြန်လည်နိုးကြားခြင်းဖြစ်သွားတာလား..." အာရို အံ့သြစွာ အော်လိုက်သည်။
အခုဆိုရင် သူမ ဒါမင် နဲ့ အာမင် တို့ကိုတောင် ယှဉ်နိုင်မယ့်အပြင် အမြန်နှုန်းမှာဆိုရင်လည်း သူတို့ကိုတောင် မောပန်းသွားအောင် လုပ်နိုင်လိမ့်မည်။
"ကျေးဇူးတင်ပါတယ်" သူမ ထွက်သွားပြီးခနအကြာ အပေါ်ဘက်မှ အကြည့်တစ်ခုကို ခံစားလိုက်ရသည်။
မော့ကြည့်လိုက်တော့ ခေါင်မိုးပေါ်တွင် ကြောင်ကြီးတစ်ကောင်က သူမကို သတိပေးသည့် အကြည့်များဖြင့် ကြည့်နေသည်။
"ယုန်မလေး.. မင်း မပိုင်ဆိုင်သင့်တဲ့ နေရာတွေကို မစဉ်းစားတာတော့ အကောင်းဆုံးပဲ"