"ဟီးဟီး..."
ထိုနတ်ဆိုးဆန်သော ရယ်သံမှာ လူတိုင်း၏ နှလုံးသားထဲအထိ စိမ့်ဝင်သွားပြီး ကြာရှည်စွာ ပဲ့တင်ထပ်နေခဲ့သည်။
"ပုပ်ရဟန်းမင်းကြီး"
"ပြေး"
ကျူဟွားသုန့်လော် နှင့် တစ္ဆေသုန့်လော် တို့က အရင်ဆုံး သတိပြန်ဝင်လာကြသည်။ မျက်စိတစ်မှိတ်အတွင်း ပီပီတုန်း ဘေးသို့ ရောက်လာကြပြီး သူမကို ဤနေရာမှ လွတ်မြောက်အောင် အစွမ်းကုန် ခေါ်ထုတ်သွားကြသည်။
ကျန်ရစ်ခဲ့သော ဝိညာဉ်သခင်များမှာမူ ထိုနေရာ၌ပင် သွေးအိုင်အဖြစ် ပေါက်ကွဲပျက်စီးသွားကြသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသော နောက်ဆုတ်သွားသည့် သုံးဦးမှာ လုံးဝ ကြက်သေသေသွားကြသည်။
ထိုဝိညာဉ်သခင် များသည် ရယ်သံတစ်ချက်တည်းဖြင့် ချက်ချင်း ပျက်စီးသွားရသည်တဲ့လား...
"ပြေးကြ..."
တစ္ဆေသုန့်လော် သည် သရဲကို မြင်လိုက်ရသကဲ့သို့ အော်ဟစ်လိုက်သည်။
သူသည် ပီပီတုန်း ကို ဝိညာဉ်စွမ်းအားဖြင့် အုပ်ကာ ထိုနေရာမှ အဝေးဆုံးသို့ ထွက်ပြေးကြသည်။ မိုင်ပေါင်းတစ်ရာကျော် အကွာအဝေးသို့ ရောက်မှသာ ရပ်တန့်နိုင်ပြီး ကြောက်ရွံ့မှုများမှာ အခုထိ မပျောက်သေးပေ။
"ဒါ.. ဒါ ဘယ်လို တည်ရှိမှုမျိုးလဲ"
ကျူဟွားသုန့်လော် သည် ချွေးပြန်နေသည်။ ရယ်သံတစ်ချက်တည်းဖြင့် သူတို့၏ ပေါင်းစပ်နယ်ပယ် ကိုပင် ဖျက်ဆီးပစ်နိုင်သည်ဆိုတော့ ဘယ်လောက် ကြီးမားသော စွမ်းအားမျိုးလဲ။
"ဟူး.. ဟူး..."
ပီပီတုန်း သည် တည်ငြိမ်အောင် ကြိုးစားလိုက်သည်။
သူမ၏ တုန်လှုပ်မှုမှာ ထိုသူနှစ်ဦးထက်ပင် အဆပေါင်းများစွာ ပိုနေသည်။ သူမ၏ ဂုဏ်ယူရသော သတ်ဖြတ်သူ နတ်ဘုရား နယ်ပယ်မှာ ထိုအေးစက်သော ရယ်သံရှေ့တွင် လုံးဝ အရာမထင်ဘဲ အလွန်တရာ အားနည်းလွန်းနေသောကြောင့်ဖြစ်သည်။
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ......
ပီပီတုန်း ခေါင်းကို ကိုင်ထားလိုက်သည်။ ဒါဟာ နတ်ဘုရားတစ်ပါး ပေးအပ်ထားတဲ့ နယ်ပယ်တစ်ခုလေ..
ရယ်သံတစ်ချက်တည်းနဲ့တောင် မယှဉ်နိုင်ဘူးလား။ ဒီဝါးတောထဲမှာ အတိအကျ ဘာတွေ ရှိနေတာလဲ... ဘယ်လို ကြောက်မက်ဖွယ်ကောင်းတဲ့ အရာမျိုး ပုန်းကွယ်နေတာလဲ...
"ပုပ်ရဟန်းမင်းကြီး.. ကိုးခုမြောက် ဝိညာဉ်ကွင်းကို နောက်မှပဲ စဉ်းစားကြပါစို့ ကျွန်တော်တို့ ကြယ်တာရာ တောအုပ်ကြီးကနေ ချက်ချင်း ထွက်သွားကြရအောင်" ကျူဟွားသုန့်လော် က အကြံပြုသည်။
ပီပီတုန်း သည် အခြေအနေ၏ အရေးကြီးပုံကို နားလည်သော်လည်း ဝါးတောကို ဝေးကွာသော နေရာမှ လှမ်းကြည့်နေရင်း သူမ၏ မျက်ဝန်းထဲတွင် မကျေနပ်မှုနှင့် လေးနက်မှုတို့ ပေါ်လာသည်။
ဒီဝါးတောထဲမှာ တကယ်ပဲ ဘာတွေ ရှိနေတာလဲ...
သူတို့ သုံးဦး ကြယ်တာရာ တောအုပ်ကြီး မှ ဆက်လက် ထွက်ခွာသွားကြသည်။
တစ်ဖက်တွင်…
သွေးအိုင်အဖြစ် ပေါက်ကွဲသွားသော ဝိညာဉ်သခင်များကို ကြည့်ရင်း အာရို ၏ အမူအရာမှာ လေးနက်နေသည်။
ထိုရယ်သံကို သူမလည်း ကြားလိုက်ရသည်။ သူမလည်း အတွင်းပိုင်း ထိခိုက်မှုများ ဖြစ်ပေါ်ကာ အပေါက်ခုနစ်ပေါက်မှ သွေးများ ယိုစီးလာသည်။
သူမသည် ထိုနေရာ၌ပင် လဲကျသွားပြီး အနီးအနားကို စိုးရိမ်တကြီး ကြည့်ရှုနေသည်။ တစ်ဖက်လူက သူမကို မသတ်ခဲ့သည့်အတွက် အသက်ရှင်ရန် အခွင့်အရေး ရှိသေးသည်ဟု ယူဆသည်။
"မျှော်လင့်ထားတဲ့အတိုင်းပဲ.. ယုန်ပေါက်လေးတစ်ကောင်ပဲ.. ဆရာက ယုန်သားကို အကြိုက်ဆုံးပဲ"
ရုတ်တရက် အပေါ်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။
အာရို မော့ကြည့်လိုက်ရာ သွားစွယ်များဖြင့် အနက်ရောင် ခွေးကြီးတစ်ကောင်ကို မြင်လိုက်ရသည်။ ထိုခွေးဘေးတွင် ကောင်လေးတစ်ယောက်က စူးစမ်းသော အကြည့်ဖြင့် ကြည့်နေသည်။
"အကြီးအကဲ.. ဒါက ဝိညာဉ်သားရဲလား" ရွှီချင်းဟယ် က မေးသည်။
အနက်ရောင် ခွေးကြီးက ပြုံးလိုက်သည်။ "ဟုတ်တာပေါ့.. လူသားပုံစံ ပြောင်းလဲကျင့်ကြံထားတဲ့ နှစ် ၁၀၀,၀၀၀ ဝိညာဉ်သားရဲလေ"
"ဟူး"
"ကြားဖူးနေတာ ကြာပြီ.. ဒါပေမဲ့ ဒီနေ့မှ တကယ် မြင်ဖူးတော့တယ်.. အံ့သြလိုက်တာ"
ရွှီချင်းဟယ် က အံ့သြစွာ ပြောရင်း မေးလိုက်သည်။
"ဒါဆို အခု ဘာလုပ်ကြမလဲ... သူက လူသားပုံစံ ဖြစ်နေပြီဆိုတော့ ကျွန်တော် မစားရဲဘူး..ဆရာသိရင်လည်း စားမှာ မဟုတ်ဘူးလို့ ထင်တယ်"
အာရို "...."
"ဒါလည်း ဟုတ်တာပဲ"
အနက်ရောင် ခွေးကြီးက ခဏတွေးပြီးနောက် လူတစ်ယောက်လိုပင် ပညာရှိဆန်ဆန် ပြုံးလိုက်သည်။
"သူ့ကို ဆရာ့ဆီ ခေါ်သွားပြီး ဆရာ့ရဲ့ တောင်ပေါ်ဇနီးမယား အဖြစ် ပေးလိုက်ရင်ကော... ဒီယုန်ပေါက်လေးက ကြည့်ကောင်းသားပဲ... ဒီမျက်နှာ.. ဒီညှိုးငယ်နေတဲ့ ပုံစံလေးကို ကြည့်.. ဆရာ သေချာပေါက် သဘောကျမှာ"
အာရို "...."
"ဆရာက ဝိညာဉ်သားရဲကို သဘောကျမယ်လို့ ကျွန်တော် မထင်ဘူး" ရွှီချင်းဟယ် က မေးစေ့ကို ပွတ်သပ်ရင်း ပြောသည်။
အာရို "...."
အာရို သည် စကားပြောနေကြသော ထိုသူနှစ်ဦးကို ကြည့်ရင်း အသက်ရှူရ ကြပ်လာသည်။ အခု အခြေအနေမှာ လွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါ။
အခုနက ရယ်သံသည် အနက်ရောင် ခွေးကြီးဆီမှ လာသည်ကို သူမ ခံစားမိသည်။ ထိုသူ၏ ကျင့်စဉ်မှာ နှစ် ၁၀၀,၀၀၀ ကျော်လွန်နေပြီး သူမ လုံးဝ ခန့်မှန်းမရပေ။
လွတ်မြောက်အောင် မပြေးနိုင်.. သေလည်း မသေချင်...
သူမ အခု အချိန်မှာ တစ်ခုပဲ ဖြစ်နိုင်တော့သည်။
အကောင်းဆုံးက သူတို့ နှစ်ယောက်က သူမကို လွှတ်ပေးလိုက်ခြင်း.. အဆိုးဆုံးက သူတို့ ခေါ်သွားမည့် 'ဆရာ' ဆိုသူထံတွင် အမှုထမ်းမှ အသက်ရှင်နိုင်ခြင်းသာ ဖြစ်သည်။
ဒီဝါးတောထဲမှာ ဘယ်လိုမျိုး အစွမ်းရှိသူတွေ ရှိနေတာလဲ...
အာရို ၏ အသိစိတ်များ ဝေဝါးလာပြီးနောက် စိတ်ပျက်အားငယ်စွာဖြင့် သတိမေ့မြောသွားသည်။
"အကြီးအကဲ.. သူ သတိမေ့သွားပြီ"
ရွှီချင်းဟယ် က ပြောရင်း ကောင်းကင်ကို ကြည့်လိုက်သည်။ "ညနေစောင်းနေပြီ.. မြန်မြန် ဆုံးဖြတ်ပြီး ပြန်ကြရအောင်"
"အင်း"
အနက်ရောင် ခွေးကြီးက မေးစေ့ကို ပွတ်လိုက်သည်။
"ဒီလိုလုပ်မယ်.. ဘာပဲဖြစ်ဖြစ် သူကို ကယ်လိုက်တာပဲ…ဆရာ့ဆီ ခေါ်သွားပြီး ဆုံးဖြတ်ခိုင်းလိုက်ကြတာပေါ့"
"ကောင်းပြီ"
...
ထျန်းဒိုအင်ပါယာ.. ထျန်းဒိုမြို့တော်။
နန်းတော်အတွင်း ရွှီချင်းဟယ် အဖြစ် အသွင်ယူထားသော ချီရန်ရွှယ် သည် အလုပ်ကိစ္စများ ပြီးစီးသွားချိန်တွင် ဆူးငါးသုန့်လော် ရောက်လာသည်။
"သခင်ငယ်.. ပီပီတုန်း အဆင့် ၉၀ ကို ရောက်သွားပြီး ဝိညာဉ်သားရဲ ရှာဖို့ ကြယ်တာရာ တောအုပ်ကြီးကို သွားခဲ့တယ်။ လူ ၃၀ ကျော် သွားပေမဲ့ သူတို့ သုံးယောက်ပဲ ပြန်လာခဲ့တယ်"
"ဘာမှ မရဘဲ ပြန်လာတာလား" ချီရန်ရွှယ် မျက်ခုံးပင့်လိုက်သည်။
"ဟုတ်ပါတယ်" ဆူးငါးသုန့်လော် က ခေါင်းငုံ့ကာ ပြောသည်။ "သူတို့ ဝါးတောတစ်ခုနားမှာ နှစ် ၁၀၀,၀၀၀ ကျော်လွန်တဲ့ သားရဲတစ်ကောင်နဲ့ တွေ့ခဲ့တယ်လို့ ကြားရတယ်"
ဒါကို ကြားလိုက်ရတော့ ချီရန်ရွှယ် ၏ လက်ထဲက စာအုပ်ကို တင်းတင်းဆုပ်လိုက်သည်။
"အဲဒီ ဝါးတောလား"
သူမ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ တကယ့် ရွှီချင်းဟယ် ပျောက်ဆုံးသွားတဲ့ နေရာလေ။
"အဲဒီ ဝါးတောထဲမှာ ဘာရှိလဲဆိုတာကို လျှို့ဝှက်စွာ စုံစမ်းခိုင်းပါ.. ဘွဲ့နှင်းခံသုန့်လော် သုံးဦးတောင် ဒဏ်ရာပြင်းပြင်းထန်ထန်နဲ့ ပြန်လာရအောင် ဘာတွေ ဖြစ်ပျက်နေတာလဲ သိချင်တယ်.." ဟု အမိန့်ပေးလိုက်သည်။
"သခင်လေး အမိန့်အတိုင်းပါ" ဆူးငါးသုန့်လော် လည်း ထွက်သွားသည်။
"အချိန်နီးကပ်လာပြီ..နောက်ထပ် မင်းသားတွေကို သတ်ပြီးရင် ထျန်းဒိုအင်ပါယာက ငါ့လက်ထဲ ရောက်လာတော့မှာပဲ"
...
ဝါးတောခြံဝင်း။
လုံရှင်းထျန်း သည် ဟင်းသီးဟင်းရွက်ခင်းကို ရေလောင်းပြီးနောက် ရွှီချင်းဟယ် တို့ ပြန်လာမည့်အချိန်ကို စောင့်မျှော်နေသည်။
"ဒီကောင်နှစ်ကောင် ဝိညာဉ်သားရဲ အစာဖြစ်သွားပြီလား"
စားပွဲကို ခေါက်နေရင်း တံခါးပေါက်ကို စောင့်ကြည့်နေသည်။
ဝါးတောထဲမှ အသံတစ်ခု ထွက်ပေါ်လာသည်။ သူ မော့ကြည့်လိုက်ရာ ရွှီချင်းဟယ် နှင့် အနက်ရောင် ခွေးကြီးကို မြင်ရသည်။ ဒါပေမဲ့ သူ အံ့သြသွားသည်မှာ အနက်ရောင် ခွေးကြီးက လူတစ်ယောက်ကို ကျောပိုးထားသောကြောင့်ဖြစ်သည်။
"ဆရာ"
"ဝုတ် ဝုတ် ဝုတ်"
သူတို့ နှစ်ဦး အရိုအသေပေးကြသည်။
လုံရှင်းထျန်း ခေါင်းညိတ်ကာ ခွေးကြီးကျောပေါ်က လူကို ကြည့်ပြီး မေးလိုက်သည်။
"ဒါ ဘယ်သူလဲ... ဘာလို့ ခေါ်လာတာလဲ"
"ဆရာ.. အခြေအနေကတော့ ဒီလိုပါ"ဟုအစချီကာ
ရွှီချင်းဟယ်က ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်သည်။
"နှစ် ၁၀၀,၀၀၀ အရိုးပျော့ယုန်... လူသားပုံစံ ပြောင်းထားတဲ့ ဝိညာဉ်သားရဲလား"
လုံရှင်းထျန်း မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
‘ရှောင်ဝူများလား…’
သူမကို သေချာ စစ်ဆေးကြည့်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်မှာ ပြည့်စုံပြီး အသားအရေမှာ နှင်းကဲ့သို့ ဖြူစင်သည်။
‘ရှောင်ဝူ... မဟုတ်ဘူး’
’ရှောင်ဝူ က ဒီလောက် မကြီးသေးဘူး’
‘ဒါဆိုရင်... အာရို (ရှောင်ဝူ ၏ မိခင်) ပေါ့…’
"ဟူး"
သူ့အကြည့်က ရွှီချင်းဟယ် ဆီ ရောက်သွားသည်။ ဒီကောင်လေးကတော့ တကယ်ကို လက်စွမ်းပြတာပဲ။ အပြင်ခဏ ထွက်ရုံနဲ့ ဝိညာဉ်သားရဲတစ်ကောင်ကို ကောက်ခေါ်လာခဲ့တာပဲ။
"ဆရာ.. သူ့ကို ဘယ်လို စီမံရမလဲ...တုတ်ထိုး လုပ်စားမလား" ရွှီချင်းဟယ် က ဓားကို ဆွဲထုတ်သည်။
"...."
အရူးမထနဲ့ ..ဝိညာဉ်သားရဲ ပုံစံအတိုင်းဆိုရင်တော့ ထားတော့.. အခုက လူသားပုံစံလေ။
လူကို စားမှာလား... လုံရှင်းထျန်း လက်မခံနိုင်ပေ။
"သူ့ကို အိမ်ထဲ ခေါ်လာခဲ့.. ငါ ဆေးကုပေးမယ်.. အသက်ရှင်နိုင်မလား ကြည့်ရအောင်"
"ဝုတ် ဝုတ်"
အနက်ရောင် ခွေးကြီးက အာရို ကို ကိုက်ချီကာ အိမ်ထဲ ခေါ်သွားသည်။
"ငါ့ခြံက ဘယ်လောက်ပဲ လုံခြုံပါစေ.. နောက်ထပ် ၁၀၀,၀၀၀ ဝိညာဉ်သားရဲတစ်ကောင် ထပ်ရှိလာရင်တော့ ပိုပြီး လုံခြုံတာပေါ့" လုံရှင်းထျန်း စိတ်ထဲတွင် တွက်ချက်လိုက်သည်။