တစ်နှစ် ကြာမြင့်သွားခဲ့ပြီ…
ဝါးတောခြံဝင်းအတွင်း…
"ဆရာ.. ဒီအရာကို စားလိုက်ရင် တကယ်ပဲ တပည့် တိုးတက်လာမှာလား"
လုရှင်းထျန်း: "ဒါပေါ့"
"ဒါပေမဲ့ဆရာ ဒါက ညှီနံ့တွေ ထွက်ပြီး စားရတာ ခက်ခဲလွန်းပါတယ်.. စားပြီးတဲ့အခါမှာလည်း ဘာလို့ ပူလောင်နေရတာလဲ"
လုရှင်းထျန်း: "မင်း အသားကျသွားလိမ့်မယ်"
လုံရှင်းထျန်း သည် သစ်သားစည်ထဲတွင် ကိုယ်တစ်ပိုင်းမြုတ်ကာ အပူငွေ့များ ထွက်ပေါ်နေသော ရွှီချင်းဟယ် ကို ကြည့်ကာ သူ၏ မေးကို ပွတ်သပ်လိုက်သည်။
"စနစ် ရဲ့ ဆိုင်းအင် ကနေ ဝေလငါးအဆီ ရလာမယ်လို့ မထင်ထားမိဘူး.. ဒီအရာက အဖိုးတန်ပစ္စည်း တစ်ခုဖြစ်ပေမဲ့ နှစ်ပေါင်း တစ်သောင်းလောက်မှ ပေါ်ပေါက်လာတာ မဟုတ်လား..ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို မြှင့်တင်ပေးပြီး ဝိညာဉ်ကွင်း စုပ်ယူနိုင်တဲ့ အတိုင်းအတာကို တိုးမြှင့်ပေးတဲ့ နေရာမှာ အသုံးပြုကြတာလေ"
လွန်ခဲ့သော တစ်နှစ်တာအတွင်း ဒေသခံ တပည့်တစ်ယောက်ကို လက်ခံထားမိ၍လားမသိ.. စနစ် မှ ရရှိသော ဆုလာဘ်များသည် တိရစ္ဆာန်များနှင့် အပင်များမှသည် သုန့်လော်တိုက်ကြီး၏ နတ်ဘုရားအဆင့် အဖိုးတန်ပစ္စည်းများ ဖြစ်သည့် ဝေလငါးအဆီ.. ဝိညာဉ်အရိုး.. နက်ရှိုင်းသော ပင်လယ်ကြမ်းပြင်မှ လေးလံသောငွေ စသည်တို့သို့ ပြောင်းလဲလာခဲ့သည်။
သုန့်လော်တိုက်ကြီးတွင် ရောက်နေမှန်း သိလိုက်ရပြီးနောက် သူသည် လွန်ခဲ့သော ၁၀ နှစ်အတွင်း ရရှိခဲ့သော ပစ္စည်းများကို ပြန်လည် ဆန်းစစ်ကြည့်သည်။
ပစ္စည်းအများစုမှာ ဤကမ္ဘာ့အမြင်နှင့် ပေါင်းစပ်ကြည့်လျှင် တွက်ဆနိုင်သော်လည်း.. ခြံဝင်းနောက်ဖေးတွင် ရှိနေသည့် ရောင်စုံပန်းများမှာ အလွန်တရာ အဖိုးတန်သော နတ်ဘုံဆေးမြက်များ ဖြစ်နိုင်ပြီး 'ဝိညာဉ်ဆေးလုံးများ' နှင့် 'နတ်ဘုရားဖြစ်ခြင်း ဆေးလုံး' များမှာလည်း အလားတူပင် ဖြစ်လိမ့်မည်။
သို့သော်လည်း လုံရှင်းထျန်း က ထိုဆေးလုံးများ၏ အစွမ်းမှာ အညွန်းနှင့်အနည်းငယ် လွန်ကဲနေသည်ဟု ယူဆသည်။ သူကိုယ်တိုင်ပင် ထိုဆေးလုံးပေါင်းများစွာကို စားသုံးခဲ့သော်လည်း မည်သည့် အစွမ်းထက်မှုမျှ မတွေ့ခဲ့ရပေ။
အတိုချုပ်ဆိုရသော် စနစ် မှ ရရှိသော အမှန်ကန်ဆုံး ပစ္စည်းများမှာ ခြံဝင်းတစ်ဝိုက်ရှိ တိရစ္ဆာန်များနှင့် စိုက်ခင်းများသာ ဖြစ်သည်။ ဒီအရာများက သူ ဆာလောင်၍ မသေစေရန် စနစ် က ပေးထားခြင်း ဖြစ်ပေမည်။
"သိုင်းဝိညာဉ် တစ်ခုလောက် ဆိုင်းအင် ဝင်လို့ ရရင် ဘယ်လောက်ကောင်းမလဲ"
လုံရှင်းထျန်း စိတ်ပျက်စွာ ခေါင်းခါလိုက်သည်။ "ကျင့်ကြံခြင်းရဲ့ ပျော်ရွှင်မှုကို တကယ် ခံစားကြည့်ချင်တယ်.. အထူးသဖြင့် ဝိညာဉ်နိုးထခြင်းရဲ့ မှော်ဆန်တဲ့ ခံစားချက်မျိုးပေါ့"
【ဒင်…ယနေ့အတွက် ဆိုင်းအင် ကို အသစ်ပြင်ဆင်လိုက်ပါပြီ.. ဆိုင်းအင် ဝင်မလား...】
"ဆိုင်းအင် ဝင်မယ်"
လုံရှင်းထျန်း သည် လက်နှစ်ဖက်ကို ခေါင်းအောက်တွင် ထားကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။
【ဒင်... ရေခဲနှင့် မီး၏ ယင်ယန် ရေကန် ကို ရရှိသွားပါပြီ..ခြံဝင်းနောက်ဖေးသို့ အလိုအလျောက် ပို့ဆောင်ပေးထားပြီး ဖြစ်၍ စစ်ဆေးကြည့်ရှုနိုင်ပါသည်】
"ဟင်"
လုံရှင်းထျန်း ရုတ်တရက် ထိုင်လိုက်သည်။
"ရေခဲနှင့် မီး၏ ယင်ယန် ရေကန်တော် ဟုတ်လား"
ဒါက ကျင့်ကြံသူတို့၏ အိမ်မက်နေရာ မဟုတ်ပါလား... မသေဆေးမြက်များဖြင့် ပြည့်နှက်နေပြီး ဝိညာဉ်ကို ဆင့်ကဲပြောင်းလဲစေနိုင်ကာ ချိုးဖျက်နိုင်သည့် နတ်ဘုံဆေးမြက်များ ရှိရာနေရာဖြစ်သည်။ စနစ် က ဒီအရာကို ပေးလိုက်တာလား...
သူတော့ ချမ်းသာပြီ...
လုံရှင်းထျန်း ထရပ်ကာ နောက်ဖေးသို့ လမ်းလျှောက်သွားသည်။ သူသွားလေရာ လေထုမှာ ပို၍ နွေးထွေးလာသည်။
အပေါ်ကို မော့ကြည့်လိုက်လျှင် ပွက်ပွက်ဆူနေသော အနီရောင်နှင့် အပြာရောင် ရေကန်နှစ်ခုကို တွေ့ရသည်။
ပတ်ဝန်းကျင်တွင် အမျိုးမျိုးသော ပန်းများနှင့် အပင်များဖြင့် ဖုံးလွှမ်းနေပြီး ထိုအပင်များ လှုပ်ခတ်ရာမှ ထွက်ပေါ်လာသော ဝိညာဉ်မြူခိုးများမှာ နတ်ပြည်တစ်ခုသို့ ရောက်နေသကဲ့သို့ ခံစားရစေသည်။
ဒါက ရေခဲနှင့် မီး၏ ယင်ယန် ရေကန်ပင် ဖြစ်သည်...
လုံရှင်းထျန်း သည် နတ်ဘုံဆေးမြက်များ ရှေ့တွင် ထိုင်ချကာ စစ်ဆေးကြည့်သည်။ အချို့မှာ သူ မှတ်မိသည့် ထူးခြားသော အပင်များ ဖြစ်သော်လည်း အများစုကိုမူ နာမည်မသိသဖြင့် စားသုံးရန် မဝံ့ရဲပေ။
ရေကန်နားသို့ ရောက်သောအခါ သူ ရပ်တန့်လိုက်သည်။ သေချာ မလေ့လာရသေးမီမှာပင် ရေကန်အတွင်း လှုပ်ရှားနေသော ပုံရိပ်နှစ်ခုကို တွေ့လိုက်ရကာ အနီရောင်နှင့် အပြာရောင် ငါးကြင်းနှစ်ကောင် ဖြစ်နေသည်။
"ဟင်"
လုံရှင်းထျန်း မျက်ခုံးအနည်းငယ် ပင့်လိုက်သည်။ "ဒီရေကန်ထဲမှာ ငါးတွေ ရှိနေတာလား"
ငါးနှစ်ကောင်က သူ့ကို မြင်သောအခါ အမြီးများကို ပန်ကာကဲ့သို့ လှည့်ကာ သူ့ထံသို့ ပါးစပ်ဟ၍ အစာတောင်းနေကြသည်။
"တော်တော်လေး အသိရှိတာပဲ"
သူသည် စနစ် သိုလှောင်ရုံထဲမှ ဘီစကွတ် နှစ်ခုကို ယူကာ ထိုငါးနှစ်ကောင်အား ပစ်ကျွေးလိုက်ပြီး "ဒီနေ့ကစပြီး မင်းတို့ကို မီးပြာလေး နဲ့ မီးနီလေး လို့ ခေါ်မယ်... အိုကေ.. အပြာရောင်ကို မီးပြာလေး လို့ ခေါ်မယ်.. အနီရောင်ကို မီးနီလေး လို့ ခေါ်မယ်" ဟု ပြောကာ အခြားနေရာများကို ဆက်သွားကြည့်သည်။
နဂါးနှစ်ကောင် “.....”
လုံရှင်းထျန်း ကျောပေးသွားသည်ကို ကြည့်ပြီး အပြာရောင်ငါးက ပူဖောင်းများ ထွက်လာသည်။ "မီးနဂါးဘုရင်... ငါတို့ မသေဘူးပေါ့"
"မသေဘူး.. ငါတို့ကို ဒီလူကြီးက ကယ်တင်လိုက်တာ" အနီရောင်ငါး၏ အသံမှာ လေးနက်နေသည်။
"သူက ဘယ်သူလဲ"
"ငါတို့ရဲ့ လက်ရှိ သခင်ပဲ"
"ဘာလို့လဲ"
အပြာရောင်ငါးက မကျေနပ်စွာ ပြောသည်။ "သူက သာမန်လူသားတစ်ယောက်ပဲ.. ငါတို့ရဲ့ သခင်ဖြစ်ဖို့ ဘာအရည်အချင်း ရှိလို့လဲ"
"ဟ..ဟ..."
စကားဆုံးသည်နှင့် နောက်မှ အေးစက်သော ရယ်သံတစ်ခုနှင့်အတူ သတ်ဖြတ်လိုစိတ်များ ပျံ့လွင့်လာသည်။
ငါးနှစ်ကောင် လှည့်ကြည့်လိုက်သောအခါ အနက်ရောင် ခွေးကြီးတစ်ကောင်က သွားဖြဲကာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ခွေးကြီးထံမှ ထွက်ပေါ်လာသော ဖိအားကြောင့် ငါးနှစ်ကောင်၏ အကြေးခွံများပင် တုန်ရီသွားသည်။
"မင်း... မင်းက... ငရဲဘုရင်လား" ငါးနှစ်ကောင် တုန်လှုပ်စွာ အော်လိုက်သည်။
"ဘယ်သူက ငရဲဘုရင် လဲ... ရူးရူးမိုက်မိုက် မပြောနဲ့"
အနက်ရောင် ခွေးကြီးက လှောင်ပြုံးပြုံးသည်။
"အမှိုက်နှစ်ကောင်.. သခင်ရဲ့ အိမ်မွေးတိရစ္ဆာန် ဖြစ်ရတာ မင်းတို့ရဲ့ ဂုဏ်ပဲ.. ခုနက ပြောတဲ့စကားကို ငါ ကြားလိုက်ရတာ ကံကောင်းလို့သာပေါ့.. တခြားကောင်တွေ ကြားသွားရင် မင်းတို့ နဂါးနှစ်ကောင် ဘယ်လိုသေသွားမှန်းတောင် သိမှာ မဟုတ်ဘူး"
"မလုပ်ပါနဲ့."
ငါးနှစ်ကောင်သည် ခေါင်းငုံ့ကာ အညံ့ခံကြောင်း ပြသလိုက်သည်။
"ဟွန်း... မင်းတို့က သဘောပေါက်သားပဲ"
အနက်ရောင် ခွေးကြီးက ဂုဏ်ယူစွာဖြင့် လှည့်ထွက်သွားစဉ်မှာပင် သူ၏ ရှေ့တွင် လက်သီးတစ်လုံး ပေါ်လာသည်။
"ဘုန်း" လုံရှင်းထျန်း ၏ လက်သီးက ခွေးခေါင်းပေါ်သို့ တည့်တည့်ကျသွားပြီး ခွေးကြီးမှာ အော်ဟစ်ကာ လွင့်စင်သွားသည်။
"ဝမ်ချိုင်.. ငါ့ခွင့်ပြုချက် မရှိဘဲ နောက်တစ်ခါ နောက်ဖေးကို မလာရဘူး"
လုံရှင်းထျန်း ရှေ့တိုးကာ အနက်ရောင် ခွေးကြီးကို မလိုက်သည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသော ငါးနှစ်ကောင်မှာ အံ့အားသင့်သွားကြသည်။
"ဒီလောက်တောင် အစွမ်းထက်တာလား"
အပြာရောင်ငါးက တံတွေးမျိုချလိုက်သည်။ "ငရဲဘုရင်က လက်သီးတစ်ချက်တည်းနဲ့ မှောက်သွားတာလား"
အနီရောင်ငါးက အသက်ပြင်းပြင်း ရှူလိုက်သည်။
"ဒါဆိုရင်တော့ ငါတို့ ဒီမှာ အိမ်မွေးတိရစ္ဆာန်အဖြစ်ပဲ အေးအေးဆေးဆေး နေလိုက်တာ ပိုကောင်းမယ်"
"မှန်တယ်"
လုံရှင်းထျန်း သည် အနက်ရောင် ခွေးကြီးကို ချီကာ အပြင်သို့ ထွက်လာသည်။
သူ၏ မျက်နှာမှာ ယခင်ကဲ့သို့ ပျော်ရွှင်မနေတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူရရှိထားသော အဖိုးတန်ပစ္စည်းများကို မည်သို့ ထိန်းသိမ်းရမည်နည်းဟု စဉ်းစားမိသောကြောင့် ဖြစ်သည်။
ဘွဲ့နှင်းခံသုန့်လော်တုကူး ကဲ့သို့ အစွမ်းထက်သူပင် ထန်ဆန်း လက်ထဲတွင် ရှုံးနိမ့်ခဲ့ရသေးသည်မဟုတ်လော။ သူသည် ဝိညာဉ်သခင်ပင် မဟုတ်ဘဲ ဒီလိုရတနာများကို မည်သို့ စောင့်ရှောက်မည်နည်း။
【စနစ် အသိပေးချက် - အိမ်ရှင် ကူးပြောင်းလာသည့်အချိန်က 'ဝါးတောခြံ၀င်း' ကို ရရှိခဲ့သည်.. ဆိုလိုသည်မှာ ခြံဝင်းအတွင်းရှိ မည်သည့်အရာကိုမဆို သာမန်အရာအဖြစ် ပြောင်းလဲပိုင်ခွင့် အိမ်ရှင်တွင် ရှိသည်】
"အော်.. ဟုတ်သားပဲ"
လုံရှင်းထျန်း သူ့ခေါင်းကို ရိုက်လိုက်သည်။ "၁၀ နှစ်ကျော်သွားတော့ မေ့တောင် မေ့နေပြီ။ ဟိုတုန်းက အပြင်မထွက်ဘဲ နေခဲ့တာလည်း ဒီအခွင့်အရေး ရှိလို့ပါလေ"
"ဟူး... ပြန်တွေးစရာတွေ အများကြီးပဲ"
ဆယ်နှစ်ဆိုတာ အရာရာကို ပြောင်းလဲပစ်ဖို့ လုံလောက်သည်။ သာမန်လူတစ်ယောက်အတွက် လွန်ခဲ့တဲ့ဆယ်နှစ်က ဒီနေ့မှာ ဘာလုပ်ခဲ့သလဲဆိုတာ မှတ်မိဖို့ ခက်သလို.. တစ်ယောက်တည်း နေတဲ့ လုံရှင်းထျန်း အတွက်ဆိုရင်တော့ ပိုတောင် ဆိုးပါသေးသည်။
"အင်း... ငါက တကယ်တော့ အမှိုက်စစ်စစ် မဟုတ်သေးပါလား"
ကုလားထိုင်ပေါ် ပြန်လှဲရင်း လုံရှင်းထျန်း စိတ်သက်သာရာ ရသွားသည်။ ဝိညာဉ် မရှိလည်း ကိစ္စမရှိ.. ခြံဝင်းထဲမှာပဲ နေရင် သူများတွေကိုလည်း ကိုယ့်လိုပဲ သာမန်ဖြစ်သွားအောင် လုပ်လို့ရတာပဲ။
"တန်းတူညီမျှခြင်း”ကိုပဲ အားကိုးလိုက်တော့မည်။
ဘုန်း...
လှဲပြီးပြီးချင်း ဘေးဘက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။
လုံရှင်းထျန်း ဘေးကို ကြည့်လိုက်ရာ ရွှီချင်းဟယ် က စိတ်လှုပ်ရှားစွာ ရယ်မောနေသည်။
"ဆရာ.. တပည့် အဆင့် ၄၀ ကို ရောက်သွားပါပြီ"
လွန်ခဲ့သော တစ်နှစ်အတွင်း ရွှီချင်းဟယ် သည် ဝိညာဉ်စွမ်းအားကိုသာ မဟုတ်ဘဲ လုံရှင်းထျန်း ချမှတ်ပေးသည့် အစီအစဉ်အတိုင်း ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကိုပါ အဓိကထား လေ့ကျင့်ခဲ့သည်။
အခုတော့ သူ အဆင့် ၄၀ သို့ ရောက်ရှိသွားပြီ... အသက် ၁၁ နှစ်အရွယ် ဝိညာဉ်ဘိုးဘေး တစ်ယောက် ဖြစ်လာခဲ့ပြီ...
"မဆိုးဘူး"
လုံရှင်းထျန်း နားကို ပွတ်လိုက်သည်။ ကမ္ဘာ့အမြင်ကို နားလည်ပြီးနောက် ရွှီချင်းဟယ် ကို အဖိုးတန်ပစ္စည်းများစွာ ပေးခဲ့သဖြင့် ဒီလို မြန်ဆန်စွာ တိုးတက်လာခြင်းမှာ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။
"ဝိညာဉ်ကွင်း လိုချင်ရင် ကြက်ခြံထဲသွားပြီး ကြက်ဥတစ်လုံးလောက် စားလိုက်"
သူ လက်ဝှေ့ယမ်းလိုက်သည်။
ရွှီချင်းဟယ် က ကြက်ဥစားပြီး ဘယ်လို ဝိညာဉ်ကွင်း ရသွားလဲဆိုတာ သူ မသိပေမဲ့ ကြက်ဥစားတာကတော့ အမြဲ မှန်နေသည်ပဲ။
"ဆရာ.. တပည့် အပြင်ထွက်ပြီး ဝိညာဉ်ကွင်း ရှာရင်း လေ့ကျင့်ချင်ပါတယ်"
ရွှီချင်းဟယ် ၏ အမူအရာမှာ ယခင်ကထက် ပို၍ တက်ကြွနေသည်။
"...."
လုံရှင်းထျန်း မျက်လုံးဖွင့်လိုက်သည်။ အရင်ကဆိုလျှင် သူ အပြင်ထွက်ခြင်းကို ခွင့်ပြုမည် မဟုတ်ပေ။
အခုတော့...
စနစ် အဆိုအရ သူသည် ခြံဝင်းအတွင်း၌ အရာရာကို သာမန်အဖြစ် ပြောင်းလဲပိုင်ခွင့် ရှိသည်။ ဒီကောင်လေး အပြင်မှာ သေမသွားဘဲ အန္တရာယ်တွေ့လျှင် အိမ်ကို ပြေးပြန်လာတတ်သရွေ့တော့ ပြဿနာ မရှိနိုင်ပေ။
ဤသို့ တွေးမိကာ သူ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ.. မင်းဘာသာ သွားလေ့ကျင့်ချင် လေ့ကျင့်လိုက်ပါ အန္တရာယ် တွေ့ရင် ဝါးတောထဲကို ပြေးဝင်လာခဲ့.. နောက်တစ်ခုက ကိုယ့်ထက် အစွမ်းထက်တဲ့သူနဲ့ တွေ့ရင် မိုက်ရူးရဲ မလုပ်နဲ့.. အကြောင်းမဲ့ ရန်မစနဲ့"
ပြောရင်း သူသည် နံရံတွင် ချိတ်ထားသော လေးတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။
"မင်းမှာ ပြင်ပ ဝိညာဉ်အရိုး ရှိတယ်.. အဲဒီ လေးနဲ့ မြားကို ယူသွား.. ပိုပြီး အကာအကွယ် ဖြစ်တာပေါ့"
"ကျေးဇူးတင်ပါတယ် ဆရာ.. တပည့် အမိန့်ကို မှတ်သားထားပါ့မယ်"
ရွှီချင်းဟယ် က လေးနှင့်မြားကို ယူသည်။
"ဝုတ် ဝုတ် ဝုတ်"
မြေပြင်ပေါ်ရှိ အနက်ရောင် ခွေးကြီးက ထရပ်ကာ အော်ဟစ်သည်။
"ဟင်" လုံရှင်းထျန်း မျက်ခုံးကျုံ့လိုက်သည်။
"မင်းလည်း ထွက်သွားချင်တာလား"
"ဝုတ် ဝုတ် ဝုတ်"
အနက်ရောင် ခွေးကြီးက လုံရှင်းထျန်း ၏ ခြေဖဝါးကို လျှာဖြင့် လျက်သည်။ သူ ဘာလိုချင်သလဲဆိုတာ ရှင်းလင်းနေသည်။
"ထွက်သွား.. ထွက်သွား.. ထွက်သွား" လုံရှင်းထျန်း ခွေးကြီးကို ကန်ထုတ်လိုက်ပြီး ရွှီချင်းဟယ် ကို မှာကြားသည်။
"ချင်းဟယ်.. မင်း ဝမ်ချိုင် ကို ခေါ်သွား…တစ်ခုပဲ မှတ်ထား.. ဝိညာဉ်ကွင်း ရသည်ဖြစ်စေ.. မရသည်ဖြစ်စေ နေမဝင်ခင် အိမ်ကို ပြန်ရောက်ရမယ်"
"ဝုတ် ဝုတ် ဝုတ်"
အနက်ရောင် ခွေးကြီး၏ အမြီးမှာ ပန်ကာကဲ့သို့ လှုပ်ခတ်နေတော့သည်။