ဝါးတော၏ အပြင်ဘက်။
အသက် (၈) နှစ်အရွယ် တူကူယန် သည် သူမ၏ အဘိုးဖြစ်သူ တူကူပို ၏ လက်ကို ကိုင်ကာ ကြောက်ရွံ့စွာ မေးလိုက်သည်။
"အဘိုး.. ကျွန်မတို့ ဘာလို့ ဒီနေရာကို ရောက်လာတာလဲ ဒီနေရာက အရမ်းအေးပြီး တစ်ယောက်ယောက်က ကျွန်မတို့ကို စောင့်ကြည့်နေသလို ခံစားရတယ်.. ဟုတ်တယ်မလား"
"..."
တူကူပို၏ မျက်နှာမှာ လေးလံနေသည်။
မင်းရဲ့ အဘိုးတောင် ကြောက်နေတာလေ။
ဤနေရာ၏ အရှိန်အဝါမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။
ဤနေရာတွင် ရပ်နေရုံဖြင့် တစ်စုံတစ်ယောက်၏ စောင့်ကြည့်မှုကို ခံနေရသကဲ့သို့ ခံစားရပြီး.. လှုပ်ရှားမှုတိုင်းသည် ပြန်လည်လမ်းမရှိသော ချောက်နက်ထဲသို့ ကျသွားနိုင်သည့် အန္တရာယ်ရှိနေသည်။
"တူကူပိုလား"
ကံကောင်းထောက်မစွာဖြင့် လုံရှင်းထျန်း၏ အသံမှာ သူ၏ စိတ်ထဲရှိ မသက်မသာဖြစ်မှုများကို ဆေးကြောပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။
"တူကူပိုက စီနီယာကို နှုတ်ဆက်ပါတယ်"
"ဝင်လာခဲ့"
ခွင့်ပြုချက် ရရှိပြီးနောက် သူသည် တူကူယန်ကို အမြန်ပင် ဝါးတောထဲသို့ ခေါ်ဆောင်သွားခဲ့သည်။
ခြံဝင်းကို ချဉ်းကပ်လိုက်သည်နှင့် မိုးရေပေါက်များကဲ့သို့ စူးရှသော ဖိအားများ ကျရောက်လာသည်။
"စီနီယာ.. ကျွန်တော် အရင်က ပြောခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး..."
တူကူပိုသည် ခြံဝင်းထဲရှိ တိရစ္ဆာန်များကို ကြည့်ရန်ပင် မဝံ့ရဲပေ။ နင်ရုံရုံနှင့် ဟူလီနာတို့မှလွဲ၍ ကျန်သူအားလုံး၏ အရှိန်အဝါများမှာ 'ဘွဲ့နှင်းခံသုန့်လော်' အဆင့်နှင့် မညံ့လှပေ။
ကိစ္စကို အမြန်ဆုံး အဆုံးသတ်လိုက်ခြင်းက အကောင်းဆုံးဖြစ်သည်။
လုံရှင်းထျန်း အနည်းငယ် အံ့ဩသွားသည်။ ရက်အနည်းငယ်အတွင်း တူကူပို အမြန်ဆုံး ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
"ဒီလောက် စိတ်မပူပါနဲ့"
သူသည် တူကူပို၏ စိတ်ထဲသို့ အကြံပြုချက်များကို သွတ်သွင်းရန် စိတ်စွမ်းအားကို အသုံးပြုပြီးနောက် ပန်းသီး နှစ်လုံး ထုတ်ပေးလိုက်သည်။
"ဒါကို စားလိုက်ရင် မင်းရဲ့ အဆိပ်တွေ ပျောက်ကင်းသွားလိမ့်မယ်..ဒါပေမဲ့..."
သူ စကားကို အဆုံးမသတ်ဘဲ ထားခဲ့သည်။ တူကူပိုသည် မိုက်မဲသူ မဟုတ်သဖြင့် ဒီလောကတွင် အလကားဆိုသည်မှာ မရှိကြောင်း သိရှိပြီး ချက်ချင်းပင် ဦးညွှတ်လိုက်သည်။
"စီနီယာ.. ကျွန်တော့်မှာ တန်ဖိုးရှိတာ ဘာမှ မရှိပါဘူး..စီနီယာ လိုအပ်တာ တစ်ခုခုရှိရင်သာ ပြောပါ.. ဒီကျွန်တော်မျိုး မီးထဲ.. ရေထဲဆိုလည်း ဆင်းပေးပါ့မယ်"
"အဘိုးရေ.. အဲဒီအမှိုက် အန်ကယ်က ကလေးမကြိုက်သူ တစ်ယောက်ပါ အဘိုးရဲ့ မြေးမလေးကို ကျွန်မတို့နဲ့ အဖော်လုပ်ဖို့ ဒီမှာပဲ ထားခိုင်းတော့မှာ"
နင်ရုံရုံက ပါးဖောင်းဖောင်းလေးဖြင့် ပြောလိုက်သည်။
"..."
တူကူပို မျက်လုံးကို ငုံ့လိုက်သည်။ သူမသည် သူ့ဘဝတွင် နောက်ဆုံးကျန်ရှိနေသော သွေးသားရင်း ဖြစ်သည်။
"အာရို.. သူ့ကို ခေါ်သွားလိုက်" လုံရှင်းထျန်း အမိန့်ပေးသည်။
နင်ရုံရုံ ရုန်းကန်ရင်း အော်ပြောသည်။
"အမြန်ပြေးတော့ ကျွန်မက ရတနာခုနှစ်ပါးဂိုဏ်း'ရဲ့ ဂိုဏ်းချုပ်ငယ်ပဲ ဒါတောင်.. မလွတ်မြောက်နိုင်ဘူး..အဘိုးရဲ့ မြေးမလေးက ကျွန်မထက် ပိုလှတော့ ဒီအမှိုက် လူဆိုးရဲ့ ပစ်မှတ် ဖြစ်မှာ သေချာတယ်"
"..."
"ကလေးတွေ စကားကတော့ အထိန်းအကွပ် မရှိဘူးပဲ" လုံရှင်းထျန်း ရယ်မောလိုက်သည်။
စကားမဆုံးခင်မှာပင် တူကူပိုသည် ဒူးထောက်ကျသွားပြီး မျက်ရည်များ ကျလာသည်။
"စီနီယာ.. ကျွန်တော်နဲ့ ကျွန်တော့်မြေးမလေးရဲ့ အဆိပ်ကို ကုသပေးနိုင်ရင် ကျွန်တော့်မြေးကို စီနီယာဘေးမှာ နေစေဖို့ သဘောတူပါတယ်"
သူသည် အခွင့်အရေးကို လက်လွှတ်မခံနိုင်ပေ။ တကယ်လို့ ငြင်းပယ်လျှင် သူသည် ခြံဝင်းထဲရှိ တိရစ္ဆာန်များအတွက် အစာ သို့မဟုတ် အပင်များအတွက် မြေသြဇာ ဖြစ်သွားလိမ့်မည်ကို ကြောက်ရွံ့သည်။
အရေးကြီးဆုံး အချက်မှာ နင်ရုံရုံနှင့် ဟူလီနာတို့၏ ဝိညာဉ်အဆင့်များမှာ အလွန်မြင့်မားနေခြင်း ဖြစ်သည်။
သူ၏ မြေးမလေးမှာ အဆင့် ၁၂ သာ ရှိသေးသော်လည်း ဒီနေရာတွင် နေပါက အောင်မြင်မှုများစွာ ရရှိနိုင်မည်ဖြစ်သည်။
"ဒီမှာ ယူလိုက်"
လုံရှင်းထျန်း ပန်းသီးကို ပစ်ပေးသည်။ "မင်းရဲ့ မြေးမလေးကို ထားခဲ့ရုံတင်မကဘူး.. မင်းကို တစ်ခု လုပ်ခိုင်းချင်သေးတယ်။ ငါ့တပည့်က 'လုံကျန်း အကယ်ဒမီ' ကို တည်ထောင်ထားတယ်.. အခု လူအင်အား လိုအပ်နေတယ်"
တူကူပို ဒူးတစ်ဖက် ထောက်ကာ သစ္စာဆိုသည်။
"စီနီယာ.. ကျွန်တော် အသက်ရှင်နေသမျှ ကာလပတ်လုံး စီနီယာ့တပည့်ဖြစ်သူဘေးမှာ နေပြီး အကယ်ဒမီကို ကာကွယ်ပေးပါ့မယ်"
လုံရှင်းထျန်း ကျေနပ်စွာ ခေါင်းညိတ်သည်။ "ပန်းသီးစားပြီးရင် အဆိပ်တွေ ပျောက်သွားလိမ့်မယ်.. မြေးမလေးကို ထားခဲ့ပြီး မင်း ပြန်သွားလို့ရပြီ..မြေးကို လွမ်းရင် ပြန်လာကြည့်လို့ရတယ်"
"အများကြီး ကျေးဇူးတင်ပါတယ် စီနီယာ"
ရက်အနည်းငယ် အကြာတွင်။
ဆိုတိုမြို့..
တူကူပိုသည် ပန်းသီးကို စားပြီးနောက် အဆိပ်များ ပျောက်ကင်းသွားရုံသာမက သူ၏ ကျင့်စဉ်မှာလည်း အဆင့် ၉၄ အထိ တိုးတက်သွားသည်။ သူသည် လုံကျန်း အကယ်ဒမီသို့ ရောက်ရှိလာသည်။
"အံ့ဩစရာပဲ ဒီဗိသုကာ ပုံစံက ထူးခြားလိုက်တာ"
သူသည် အကယ်ဒမီထဲသို့ ဝင်ရန် ပြင်ဆင်နေစဉ် ဘေးမှ အသံတစ်ခု ထွက်ပေါ်လာသည်။
"ဒီမိဘခင်ဗျာ.. ခဏလောက် ရပ်ပါဦး"
'ဖလန်ဒါ' သည် 'ရှီလိုင်ခဲ့ အကယ်ဒမီ'ဘက်မှ ထွက်လာသည်။
"ဒီမိဘခင်ဗျာ.. ကျောင်းသားကို ကျောင်းပို့ချင်ရင် ကျွန်တော်တို့ ရှီလိုင်ခဲ့ အကယ်ဒမီကို ဘာလို့ မရွေးချယ်တာလဲ"
"ဟားဟားဟား"
ရွှီချင်းဟယ် သည် လုံကျန်း အကယ်ဒမီမှ ခုန်ထွက်လာပြီး တူကူပိုကို ကြည့်လိုက်သည်။
"ဒီမိဘ.. ကျွန်တော်တို့ အရင်က တွေ့ဖူးသလား"
တူကူပိုသည် ထိုလူငယ်၏ ဝိညာဉ်အင်အားကို မြင်ပြီး အံ့ဩသွားသည်။ သူသည် စီနီယာ၏ တပည့် ဖြစ်ရမည်။
"ကျွန်တော်က တူကူပိုပါ စီနီယာရဲ့ အမိန့်နဲ့ ဒီကတပည့်ဖြစ်သူကို ကူညီဖို့ ရောက်လာတာပါ"
သူသည် သူ၏ ဝိညာဉ်ကွင်း ၉ ခုလုံးကို ထုတ်ပြလိုက်သည်။
"တူကူပို..."
ရွှီချင်းဟယ်အပါအဝင် လူအချို့မှာ အံ့ဩသွားကြသည်။ 'ဘွဲ့နှင်းခံသုန့်လော်' တစ်ယောက်ရဲ့ အရှိန်အဝါကို ခံစားလိုက်ရပြီးနောက် ဖလန်ဒါနှင့် အခြားသူများ၏ အမူအရာမှာ ပျက်ယွင်းသွားသည်။
လုံကျန်း အကယ်ဒမီမှာ ဘွဲ့နှင်းခံသုန့်လော် ရှိနေသည်တဲ့လား…
"ဖလန်ဒါက အဆိပ် သုန့်လော်ကို နှုတ်ဆက်ပါတယ်" ဖလန်ဒါသည် ချက်ချင်းပင် ဦးညွှတ်လိုက်သည်။
"ငါ မင်းကို သိတယ်" တူကူပိုက ပြုံးကာ ပြောသည်။ "မင်း အကယ်ဒမီက ဒီလောက် ပျက်စီးနေတာပဲ.. ကျောင်းသားတွေတောင် ရပါ့မလား"
"..."
ဒီလှောင်ပြောင်မှုကို ဖလန်ဒါသည် ဒေါသကို မြိုသိပ်ထားရုံမှလွဲ၍ မလုပ်နိုင်ပေ။
"ဟားဟားဟား" ရွှီချင်းဟယ်က ကျယ်လောင်စွာ ရယ်မောသည်။ "ဖလန်ဒါ.. မင်းဆီကို ဘယ်သူမှ မလာရင် မင်းပဲ ရှုံးမှာပဲ"
ဖလန်ဒါသည် ဒေါသဖြင့် လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး ထိုနေရာမှ အမြန် ထွက်ခွာသွားခဲ့သည်။ ရွှီချင်းဟယ်ကလည်း နောက်မှ လိုက်သွားကာ ဟစ်အော်လိုက်သည်။
"ဖလန်ဒါ.. ဒီနေ့ကစပြီး မင်းတွေ့တဲ့ ကျောင်းသားတိုင်းကို ငါ အကုန် လုယူမှာ"