"အားလုံးပဲ.. ငါ့ဆီကို စုဝေးကြ"
လုံရှင်းထျန်း လက်ခုပ်တီးလိုက်သည်နှင့် ခြံဝင်းအတွင်းရှိ တိရစ္ဆာန်များနှင့် အပင်များမှာ အမိန့်ကို လက်ခံရရှိပြီးနောက် တစ်ကောင်ပြီးတစ်ကောင် စုဝေးလာကြသည်။
"ဝု ဝုတ် ဝု (ဆရာကြီးက ငါတို့ကို အပြင်ထွက်ကစားဖို့ လွှတ်တော့မလို့လား)"
ခွေးကြီး ဝမ်စိုင်က လုံရှင်းထျန်း၏ ခြေထောက်နားတွင် တွားသွားနေသည်။ သူ ရေရွတ်နေသည်ကို ကြားလိုက်ရသဖြင့် ယခုအချိန်တွင် အလွန်ပင် စိတ်လှုပ်ရှားနေသည်။
"ချီး ချီး ချီး (တကယ်လား)"
"မူး မူး မူး (ဖြစ်နိုင်ခြေ အများကြီးပဲ ဒါမန်းနဲ့ ဂျင်ဝူကိုတောင် ဆရာကြီးက အပြင်လွှတ်လိုက်တာလေ)"
"ကလပ် ကလပ် ကလပ် (ဆရာကြီး.. ကျွန်တော် အပြင်ထွက်ချင်တယ်.. ကျွန်တော် အပြင်ထွက်ချင်တယ်)"
မကြာမီပင် တိရစ္ဆာန် တစ်ရာကျော်မှာ ခြံဝင်းအတွင်း လူးလာခေါက်တုံ့ ပြေးလွှားနေကြသည်။ ကျားသစ်များ.. ဝံပုလွေများ.. ဝက်ဝံများစသည့် ဧရာမ သားရဲများလည်း ပါဝင်နေသည်။
"ဝမ်ချိုင်.. အပြင်ထွက်ဖို့ မစဉ်းစားနဲ့.. အိမ်မှာပဲ နေပြီး အစောင့်လုပ်နေ"
လုံရှင်းထျန်း လက်လှမ်း၍ ခွေးကြီးကို ပွတ်သပ်ပေးလိုက်သည်။
ဝမ်ချိုင်: “....”
ဘာလို့လဲ…
ဝမ်ချိုင် တစ်ကောင်ဝမ်းနည်းကြေကွဲစွာဖြင့် အော်ဟစ်လိုက်သည်။
"ကောင်းပြီ"
လုံရှင်းထျန်းသည် ထိုတိရိစ္ဆာန်လေးများ နားလည်သည်ဖြစ်စေ.. မနားလည်သည်ဖြစ်စေ စနစ်ကို ကင်မရာများ တပ်ဆင်ခိုင်းပြီးနောက် ပြောလိုက်သည်။
"ဒီနေ့ ငါ အရေးကြီးတဲ့ အကြောင်းအရာတစ်ခု ကြေညာချင်တယ်.. မင်းတို့ရဲ့ ဆရာကြီး ဖြစ်တဲ့ ငါဟာ မင်းတို့အားလုံး အသက်ရှင်သန်နိုင်ဖို့ အစီစဉ်တစ်ခုဆွဲထားတယ် အနာဂတ်မှာ ကမ္ဘာကြီး ကစဉ့်ကလျား ဖြစ်လာလိမ့်မယ်.. ငါတို့လည်း ထွက်ပေါက် ရှာရမယ်.. ဒါကြောင့် ငါ နည်းလမ်းကောင်းတစ်ခု တွေးထားတယ်"
သူသည် အစီအစဉ်ကို စတင် ဖတ်ပြသည်။
"နောက်တစ်ဆင့်အနေနဲ့ မင်းတို့ လူ့သားလောကထဲကို ထိုးဖောက်ဝင်ရောက်ပြီး အရည်အချင်းရှိတဲ့ လူသား ဝိညာဉ်သခင်တွေကို လိုက်လံ စောင့်ကြည့်ဖို့ လိုတယ်။ ဟုတ်ပါတယ်.. အဆင်မပြေရင်လည်း ကိစ္စမရှိပါဘူး မင်းတို့ မှတ်ထားရမှာက..."
လုံရှင်းထျန်း တစ်နာရီဝက်ခန့် တောက်လျှောက် ပြောဆိုသည်။
သူသည် ထိုတိရစ္ဆာန်အုပ်စု သူ့စကားနားလည်ပြီး ကောင်းမွန်သည့် ဝိညာဉ်သခင်များကို တွေ့လိမ့်မည်ဟု မျှော်လင့်သည်။
ဝိညာဉ်သခင်များမှာ အလွန်မာနကြီးကြသော်လည်း စနစ်က သူ၏ တိရစ္ဆာန်များကို သေဆုံးသွားလျှင်ပင် ပြန်လည် အသက်သွင်းပေးနိုင်သဖြင့် သူ အလွန်အမင်း စိုးရိမ်မနေပေ။
"အူဝူး.. ဝူး… (ဆရာကြီး.. ဘာလို့ ဒီလို လုပ်ရတာလဲ)" ဝံပုလွေကြီးက အော်ဟစ်သည်။
လုံရှင်းထျန်း စားပွဲကို ခေါက်ကာ သူ့ဘာသာ ရေရွတ်သည်။
"ဒီလောကမှာ လူသားတွေက အဓိက နေရာက ရှိနေတာ.. ဒါကြောင့် ကစဉ့်ကလျား ဖြစ်နေတဲ့ ခေတ်ကာလမှာ အသက်ရှင်ဖို့ ကိုယ်ပိုင် အင်အားစု တည်ဆောက်ရမယ်"
"ကောင်းပြီ.. မင်းတို့ ငါပြောတာ နားလည်သည်ဖြစ်စေ.. မနားလည်သည်ဖြစ်စေ အသေးစိတ် အချက်အလက်တွေကို ငါ ပြောပြီးပြီ"
လုံရှင်းထျန်း ထရပ်လိုက်ပြီး သက်ပြင်းချသည်။
"မင်းတို့ ငါ့နဲ့အတူ ၁၀ နှစ်ကျော် ဒီနေရာလေးမှာပဲ နေကြရတာ... အပြင်ထွက်ပြီး လောကကြီးကို မြင်ချင်နေမှာပေါ့..ကဲ... ဝံပုလွေကြီး.. မင်း အရင်သွားလိုက်"
ထို့နောက် သူသည် ခြံဝင်းထဲရှိ တိရစ္ဆာန် သုံးပုံနှစ်ပုံကို လွှတ်ပေးလိုက်သည်။
ငှက်များ.. ကြက်ငှက်များ.. မွေးမြူရေးတိရစ္ဆာန်များနှင့် ရိုင်းစိုင်းသော သားရဲများအားလုံး သုန့်လော် တိုက်ကြီးဆီသို့ ထွက်ခွာသွားကြသည်။
သူ မသိလိုက်သည်မှာ... သူ၏တိရစ္ဆာန်များ ခြံဝင်းထဲမှ ထွက်ခွာသွားသည်နှင့် သုန့်လော် တိုက်ကြီး (ခေတ် ၁.. ၂.. ၃) ရှိ 'ကြယ်တာရာ တောအုပ်' မှာ တုန်လှုပ်ချောက်ချားသွားခြင်းပင်။
အဘယ်ကြောင့် ဒီလို ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ရုတ်တရက် ပေါ်ပေါက်လာသနည်းဟု မည်သူမျှ မသိကြပေ။
...
သုန့်လော် တိုက်ကြီး.. ထန်ဝူလင်း ခေတ်။
ကြယ်တာရာ တောအုပ်၏ အနက်ရှိုင်းဆုံးနေရာ။ ငွေရောင် မျက်လုံးတစ်စုံ ရုတ်တရက် ပွင့်လာသည်။
အရှိန်အဝါက အားကောင်းလိုက်တာ.. ငါ့ထက် မညံ့တဲ့ အရှိန်အဝါပဲ…
"သုန့်လော်တိုက်ကြီးမှာ ဒီလောက် ကြောက်စရာကောင်းတဲ့ တည်ရှိမှုက ဘယ်ကလာတာလဲ တခြား နဂါးမင်းတွေများ ဒီနေရာကို ရောက်လာတာလား"
"ဆရာကြီး.. အဲဒီ အရှိန်အဝါတွေက ပေါ်လာပြီး ချက်ချင်း ပျောက်ကွယ်သွားပါတယ်"
"ဘယ်မှာလဲ"
"သိပ်မဝေးတဲ့ ဝါးတော တစ်ခုမှာပါ"
"ငါ ကိုယ်တိုင် သွားကြည့်မယ်"
...
သုန့်လော် တိုက်ကြီး.. ထန်ဆန်း ခေတ်။
'ကျူးကျူးချင်း' သည် ဒဏ်ရာများဖြင့် လဲကျနေသည်။ သူမက အဝေးက ရေကန်ဆီသို့ သွားရန် ကြိုးစားနေစဉ် ဘေးမှ လှောင်ပြောင်သံတစ်ခု ထွက်ပေါ်လာသည်။
"ကောင်မလေး.. ကိုယ့်ကံကြမ္မာကို ကိုယ်မထိန်းချုပ်နိုင်တဲ့ ခံစားချက်က ဘယ်လိုလဲ"
ကျူးကျူးချင်း ထိတ်လန့်သွားပြီး နောက်သို့ ဆုတ်လိုက်သည်။ သို့သော် သူမ မြင်လိုက်ရသည်မှာ သစ်ကိုင်းပေါ်တွင် လဲလျောင်းနေသော ကြောင်တစ်ကောင်သာ။
"ကြောင်လား"
ကြောင်က မျက်လုံးဖွင့်လိုက်သည်။
"ဒီနေရာမှာ ငါ့ကို ကြောင်လို့ ခေါ်တာ အမုန်းဆုံးပဲ"
"ဝေါင်း"
သူသည် သစ်ကိုင်းပေါ်မှ ခုန်ချကာ ချက်ချင်းပင် ဧရာမ ကျားဖြူးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
"ဝိညာဉ်.. ဝိညာဉ်သားရဲလား..."
"ကောင်မလေး.. မင်းမှာ ထူးချွန်တဲ့ အရည်အချင်း ရှိတာပဲ.. မင်းက အလားအလာ ရှိတဲ့သူပဲ"
...
တစ်နေရာရာရှိ တောအုပ်တစ်ခုတွင်.. ဖုန်းရှောင်ထျန်း သည် ဝိညာဉ်သားရဲကို တိုက်ခိုက်နေသည်။
"အူ… ဝူး…"
အဝေးမှ ဟိန်းသံတစ်ခု ထွက်ပေါ်လာပြီး လူအားလုံး၏ အမူအရာ ပြောင်းလဲသွားသည်။
"နှစ်ပေါင်း တစ်သောင်းသက်တမ်းအထက် ဝိညာဉ်သားရဲလား..."
စကားမဆုံးခင်မှာပင် ဖုန်းရှောင်ထျန်းမှလွဲ၍ ကျန်သူအားလုံး မေ့မြောသွားကြသည်။
"ကောင်လေး.. မင်းမှာ အရည်အချင်း နည်းနည်းရှိတယ်.. ငါ့နောက်ကို လိုက်မလား"
ဖုန်းရှောင်ထျန်းသည် ခေါင်းလှည့်ကြည့်လိုက်ရာ ဧရာမ ဝံပုလွေကြီး တစ်ကောင် လျှောက်လာသည်ကို တွေ့လိုက်ရသည်။
"ဝိညာဉ်သားရဲ..."
"စကားပြောနိုင်တဲ့ ဝိညာဉ်သားရဲ"
...
ထိုကဲ့သို့သော ဖြစ်ရပ်များမှာ သုန့်လော် တိုက်ကြီး၏ နေရာအနှံ့အပြားတွင် ဖြစ်ပျက်နေသည်။
'ရှီလိုင်ခဲ့ အကယ်ဒမီ' သို့ ဝက်စီးပြီး သွားသည့် မိန်းကလေး.. 'စွမ်းအားကြီး ငှက်' တစ်ကောင်နှင့် တွေ့လိုက်ရသည့် မိန်းကလေး.. 'ခြင်္သေ့' ကို မွေးမြူလိုက်ရသည့် မိန်းကလေး စသည်ဖြင့်...
...
သုန့်လော် တိုက်ကြီး.. ဟော့ယွီဟောက် ခေတ်။
မိန်းကလေးတစ်ဦးသည် အဝတ်အစားများဖြင့်.. မီးလျှံများဖြင့် လွှမ်းခြုံထားကာ သူမ၏ ခန္ဓာကိုယ်အတွင်းမှ 'မီးအဆိပ်' ကို ထိန်းချုပ်နေသည်။
"အဟွတ်"
ထိန်းချုပ်မှု လွတ်တော့မည့်အချိန်တွင် ရောင်စုံ ဧရာမ ငှက်တစ်ကောင် သစ်ကိုင်းပေါ်သို့ ဆင်းသက်လာသည်။
"မကောင်းဆိုးဝါး မီးတောက်... စိတ်ဝင်စားဖို့ကောင်းတယ်"
"ငါ့နာမည်က 'ဗာမီလီယံငှက်'.. ကောင်မလေး.. မင်းက အရမ်းကံကောင်းတယ်"
...
သုန့်လော် တိုက်ကြီး.. ထန်ဝူလင်း ခေတ်။
'ရှုရှောင်ယန်'သည် သူမ၏ ဒုတိယမြောက် ဝိညာဉ်ကို ရရှိပြီးနောက် မြွေတစ်ကောင်နှင့် တွေ့ဆုံခြင်း...