"စကားပြောနိုင်တဲ့ ဝိညာဉ်သားရဲ တစ်ကောင်လား..."
တူကူပို၏ ခန္ဓာကိုယ် တုန်ရီသွားပြီး လူအုပ်စုရှိရာဘက်သို့ အမြန်ဆုတ်ခွာသွားသည်။
"နှစ်တစ်သိန်းသက်တမ်းရှိ ဝိညာဉ်သားရဲ"
နေဝင်ချိန် တောအုပ်ထဲမှာ နှစ်ပေါင်းတစ်သိန်းသက်တမ်းရှိ ဝိညာဉ်သားရဲက ဘယ်တုန်းက ရောက်နေတာလဲ သူ၏ စိတ်ထဲတွင် ထိတ်လန့်သွားသည်။
နေဝင်ချိန် တောအုပ်၌ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရာတွင် သူမြင်ဖူးသမျှ ဝိညာဉ်သားရဲများထဲ၌ အသက်အကြီးဆုံးမှာ နှစ်ပေါင်းရှစ်သောင်းသာ ရှိသည်။
သို့သော် သူ ခေါင်းလှည့်ကြည့်လိုက်သောအခါ နင်ဖုန်းဇီ.. ပီပီတုန်းနှင့် အခြားသူများ၏ အမူအရာမှာ ပုံမှန်အတိုင်းပင် ရှိနေသည်ကို မြင်လိုက်ရ၍ အံ့ဩမိသည်။
နှစ်ပေါင်းတစ်သိန်းသက်တမ်းရှိ ဝိညာဉ်သားရဲကိုတောင် သူတို့ မတုန်လှုပ်ကြဘူးလား
နောက်တစ်စက္ကန့်တွင် သူ ပို၍ တုန်လှုပ်စရာကောင်းသည့် မြင်ကွင်းကို တွေ့လိုက်ရသည်။
လူခြောက်ဦးလုံး ရှေ့သို့တိုးလာပြီး ဂျင်ဝူ ရှေ့တွင် လက်အုပ်ချီကာ ရိုသေစွာဖြင့် ပြောလိုက်ကြသည်။
"လေးစားအပ်ပါသော စီနီယာကို နှုတ်ဆက်ပါတယ်"
"စီနီ.. စီနီယာလား..."
တူကူပို၏ ဦးနှောက်မှာ ဘုန်းခနဲ မြည်သွားသည်။ "ဒါ ဘာတွေ ဖြစ်နေတာလဲ"
"ဒါက..." ဂျင်ဝူကို ကြောက်ရွံ့စွာ ကြည့်ရင်း လူခြောက်ဦးက ထိုဝိညာဉ်သားရဲရှေ့တွင် အရိုအသေပေးနေကြသည်တဲ့လား
"သူက ဆရာကြီး ပြောတဲ့ တူကူပိုဆိုတာလား" ဂျင်ဝူက တူကူပိုကို အသေးစိတ် စစ်ဆေးကြည့်သည်။ ((သခင်အစား ဆရာပြောင်းသွားပါတယ်))
တူကူပို လည်ပင်းမှာ တင်းကျပ်သွားသည်။ "ဆ.. ဆရာကြီး ဒီဝိညာဉ်သားရဲမှာ ဆရာတစ်ယောက် ရှိနေတာလား"
သူသည် အခြားသူများ ခေါ်ဝေါ်သော 'ဆရာကြီး' ဖြစ်မည်လော မည်သို့သော ပုဂ္ဂိုလ်မျိုးမို့လို့ ဘွဲ့နှင်းခံသုန့်လော် အများအပြားကို အရိုအသေပေးစေပြီး.. နှစ်ပေါင်းတစ်သိန်းသက်တမ်းရှိ ဝိညာဉ်သားရဲကိုပင် အစေခံစေရသနည်း
တံတွေးကို မျိုချလိုက်ပြီး တူကူပိုက သတ္တိမွေးကာ လက်အုပ်ချီ၍ ပြောသည်။ "စီနီယာ.. ကျွန်တော်က တူကူပိုပါ စီနီယာရဲ့ ညွှန်ကြားချက်က ဘာများလဲ"
"မဆိုးပါဘူး.. ငါ့ရဲ့ ဆရာကြီး မင်းကို ပြောစရာ ရှိပုံရတယ်" ဂျင်ဝူ ခေါင်းညိတ်လိုက်ပြီး လည်ပင်းရှိ ကင်မရာကို နှုတ်သီးဖြင့် ပုတ်လိုက်ရာ အလင်းရောင် တောက်ပလာကာ လူတိုင်း မျက်လုံးကို အုပ်ထားလိုက်ရသည်။
တစ်ချိန်တည်းမှာပင် ဝါးတောခြံဝင်းအတွင်း၌ လုံရှင်းထျန်း ရေချိုးပြီးနောက် အစာစားရန် ပြင်ဆင်နေစဉ် စနစ်မှ အကြောင်းကြားချက် ပေါ်လာသည်။
【စနစ်အကြောင်းကြားချက်- သင်၏ အိမ်မွေးတိရစ္ဆာန် ဂျင်ဝူက ခေါ်ဆိုမှု တောင်းဆိုနေပါသည်】
"ဟမ်" လုံရှင်းထျန်း အံ့ဩသွားသည်။
"ဘာတွေ ဖြစ်နေတာလဲ ဂျင်ဝူရဲ့ ဦးနှောက်က ဒီလောက်ထိ ဖွံ့ဖြိုးသွားပြီလား ခေါ်ဆိုမှုတောင် လုပ်တတ်နေပါလား စနစ်.. ချိတ်ဆက်ပေးလိုက်"
ဖုန်းသံမြည်ပြီး ဗီဒီယို ချိတ်ဆက်သွားသည်။ လုံရှင်းထျန်း၏ ရှေ့တွင် ဖန်သားပြင် ပေါ်လာပြီး တောအုပ်တစ်ခု၏ မြင်ကွင်းကို တွေ့လိုက်ရသည်။
"ချီ… ချီ…. (ဆရာကြီး.. ဆရာကြီး)" ဂျင်ဝူ နှစ်ချက် အော်ဟစ်လိုက်ရာ နေဝင်ချိန် တောအုပ် တစ်ခုလုံးရှိ ဝိညာဉ်သားရဲများအားလုံး မြေပြင်ပေါ်တွင် ဝပ်တွားသွားကြသည်။
"ဂျင်ဝူ.. ငါ မင်းကို လူသားမြို့တစ်မြို့ဆီ ပျံသွားခိုင်းတာ မဟုတ်ဘူးလား" လုံရှင်းထျန်း စိတ်ပျက်စွာ ပြောသည်။
"ချီ… ချီ (ဆရာကြီး.. ကျွန်တော် မြို့ကြီးတစ်မြို့ဆီ သွားချင်တယ်)" ဂျင်ဝူ ထပ်အော်ပြီးနောက် ပီပီတုန်းနှင့် အခြားသူများကို ကင်မရာဘက်သို့ လှည့်ပေးလိုက်သည်။
"ဟမ်" လုံရှင်းထျန်း ထိုင်ခုံတွင် ထိုင်ချလိုက်သည်။
"လူတွေ အများကြီးပါလား ရပ်ဦး.. သူတို့က နင်ဖုန်းဇီနဲ့ ပီပီတုန်း မဟုတ်လား သူတို့ဘေးက အဘိုးအိုက... အဲဒီ ဝတ်စုံနဲ့ဆိုရင် တူကူပို ဖြစ်နေမလား"
"ချီ …ချီ (ဟုတ်ကဲ့ပါ ဆရာကြီး)"
"..." လုံရှင်းထျန်း စခရင်ကို ကြည့်လိုက်သည်။ သူ မတွေးခင်မှာပင် စခရင်ထဲမှ အသံများ ထွက်ပေါ်လာသည်။
"ကျွန်တော်တို့ ဆရာကြီး ကို အရိုအသေပြုပါတယ်"
ထိုအချိန်တွင် နေဝင်ချိန် တောအုပ်၌ လူတိုင်းသည် လုံရှင်းထျန်း၏ ရုပ်ပုံလွှာကိုသာ မြင်လိုက်ရသည်။ အမြင့် ပေရာပေါင်းများစွာ ရှိပြီး ဝိညာဉ်ကိုယ်ပွားကဲ့သို့ ဖိအားများ ပြင်းထန်နေသည်။
ဒါက ဘာလဲ ဝိညာဉ်ကိုယ်ပွားလား ဒါပေမဲ့ ဝိညာဉ်ကိုယ်ပွားဆိုတာ လူကိုယ်တိုင် ရှိနေမှ မဟုတ်ဘူးလား လုံရှင်းထျန်းက သူကိုယ်တိုင် မရှိဘဲ ဘယ်လိုလုပ် ကိုယ်ပွားကို စေလွှတ်နိုင်တာလဲ…
"စီနီယာ.. ကျွန်တော်တို့က အနှောင့်အယှက် ပေးဖို့ မဟုတ်ပါဘူး..တူကူပိုနဲ့ ရေခဲနှင့် မီး စွမ်းအားစု ရေတွင်းကို တွေ့ရှိလို့ ဆရာကြီး လိုအပ်တာများ ရှိမလားလို့ မေးချင်ရုံပါ" နင်ဖုန်းဇီ ရှေ့သို့တိုးကာ ရိုသေစွာ ပြောသည်။
"ရေခဲနှင့် မီး စွမ်းအားစု ရေတွင်းကို ဒီလောက် မြန်မြန် တွေ့သွားတာလား" လုံရှင်းထျန်း မျက်မှောင်ကြုတ်ကာ စဉ်းစားသည်။
'ရေခဲနှင့် မီး နဂါးမင်း'၏ အကြွင်းအကျန်များနှင့် နတ်ဘုရားစွမ်းအားတို့မှာ အဖိုးတန်ဆုံး ဖြစ်သည်။ ထိုနေရာကို ရသူသည် ကမ္ဘာကို ရမည်ဟု ဆိုနိုင်သည်။
"ဟူး" လုံရှင်းထျန်း စဉ်းစားပြီး ပြောသည်။ "ငါ့မှာ နတ်ဆေးမြက်တွေတော့ မလိုပါဘူး.. ဒါပေမဲ့ ရေခဲနှင့် မီး ရေတွင်းကိုတော့ လိုအပ်တယ်။
ငါ့တပည့်လေးက 'လုံထျန်းအကယ်ဒမီ' ကို တည်ထောင်ထားလို့ လေ့ကျင့်ဖို့ နေရာ လိုအပ်နေတယ်"
ထိုစကားကြောင့် ပီပီတုန်းတို့၏ မျက်နှာများမှာ နောင်တရဟန် ပေါ်လာသည်။
"စီနီယာ.. ဒီနေရာက..." တူကူပို တစ်ခုခု ပြောချင်သော်လည်း လုံရှင်းထျန်း၏ ခပ်အေးအေး အသံကြောင့် ရင်ဘတ်ထဲမှ တုန်လှုပ်သွားကာ သွေးတစ်လုပ် အန်ထုတ်လိုက်သည်။
ဝေါ့…
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..." တူကူပို၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ရုပ်ပုံလွှာမျှဖြင့်ပင် သူ့ကို ထိခိုက်အောင် လုပ်နိုင်သည်တဲ့လား ဘယ်လောက်တောင် စွမ်းအားကြီးမားတာလဲ
"တူကူပို.. ငါ မင်းကို အမြတ်မထုတ်ပါဘူး။ မင်းရဲ့ နယ်မြေကို ယူလိုက်တဲ့အတွက် လျော်ကြေး ပေးပါ့မယ်" လုံရှင်းထျန်း ခေါင်းညိတ်သည်။ "မင်းနဲ့ မင်းရဲ့ မြေးမလေးရဲ့ ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ငါ ဖယ်ရှားပေးမယ်"
ဗုန်း တူကူပို၏ ဦးနှောက်မှာ တုန်ခါသွားသည်။ စိတ်ပျက်မှုများမှာ အံ့ဩခြင်းနှင့် စိုးရိမ်ခြင်းများအဖြစ် ပြောင်းလဲသွားပြီး အမြန်ပင် ဒူးထောက်ကာ ဦးညွှတ်သည်။
"စီနီယာ.. တကယ်လား ကျွန်တော့်မြေးနဲ့ ကျွန်တော့်ကို အဆိပ်ဖြေပေးနိုင်မယ်ဆိုရင် ဒီမြေနေရာတင် မဟုတ်ဘူး.. ဒီအဘိုးအိုရဲ့ အသက်ကိုပါ စီနီယာကို ပေးပါ့မယ်"
"မင်း ငါ့ဆီကို 'ကြယ်တာရာ တောအုပ်' ကို လာခဲ့" လုံရှင်းထျန်း လက်ချောင်းဖြင့် တစ်ချက်နှိပ်လိုက်ပြီး နေဝင်ချိန် တောအုပ်ကို ကြည့်ကာ ခဏ တိတ်ဆိတ်သွားပြီးနောက် ပြောသည်။ "ငါ ဒီတောအုပ်မှာ လုံထျန်းအကယ်ဒမီကို တည်ဆောက်ဖို့ ရည်ရွယ်ထားတယ်.. အားလုံးပဲ ကူညီပေးကြပါ"
"စိတ်ချပါ စီနီယာ" ဓား သုန့်လော်က ဦးစွာ ပြောသည် အဆင့် ၉၈ ရှိသော ဘွဲ့နှင်းခံသုန့်လော် ပြောပြီးနောက် မည်သူမျှ မငြင်းရဲတော့ပေ။
"ကောင်းပြီ" လုံရှင်းထျန်း ဗီဒီယိုခေါ်ဆိုမှုကို ဖြတ်လိုက်သည်။
"ဂျင်ဝူ.. မြောက်ဘက်ကို ပျံသွားဖို့ မမေ့နဲ့နော်" သူ မှာလိုက်သည်။ "ချီ …ချီ (ဂျင်ဝူ နာခံပါသည်)"
လုံရှင်းထျန်း ပျောက်ကွယ်သွားပြီးနောက် လူတိုင်း အသက်ကို ပြင်းပြင်း ရှူထုတ်လိုက်ကြသည်။
"စီနီယာတို့.. ဒီစီနီယာက ဘယ်သူလဲ" တူကူပို ဂရုတစိုက် မေးသည်။
"သိချင်ရင် ကြယ်တာရာ တောအုပ်ကို ကိုယ်တိုင် သွားကြည့်လိုက်" လူအုပ်ကြီးက ပြန်မဖြေဘဲ နတ်ဆေးမြက်များ တူးဖော်ရန် ပြင်ဆင်ကြသည်။
"..." တူကူပို စကားမပြောနိုင်တော့ဘဲ ဂျင်ဝူကို ကြည့်လိုက်သည်။ "စီနီယာ.. ကျွန်တော် အဲဒီ ဆရာကြီးကို ဘယ်လို ရှာရမလဲ"
ဂျင်ဝူက ခေါင်းစောင်းကာ စဉ်းစားပြီး တူကူပို၏ နဖူးကြားသို့ အလင်းတန်း တစ်ခု ပစ်သွင်းလိုက်သည်။ ချက်ချင်းပင် ဝါးတောခြံဝင်းသို့ သွားရမည့် လမ်းကြောင်းမှာ သူ၏ စိတ်ထဲတွင် ပေါ်လာသည်။
"ကျေးဇူးတင်ပါတယ် စီနီယာ" တူကူပို အလွန်အမင်း ပျော်ရွှင်စွာဖြင့် ပီပီတုန်းတို့ကို ဂရုမစိုက်တော့ဘဲ အမြန် ပျံသန်းသွားတော့သည်။ ယခုအခါ အရေးအကြီးဆုံးမှာ အဆိပ်ဖြေရန်သာ ဖြစ်သည်
ဝါးတောခြံဝင်း။
လုံရှင်းထျန်း ခေါင်းညိတ်သည်။ "ဂျင်ဝူက သုန့်လော် တိုက်ကြီးရဲ့ ဝိညာဉ်စွမ်းအားနဲ့ ပြောင်းလဲသွားတာပဲ.. ဦးနှောက်လည်း ပိုထက်မြက်လာတယ်"
မေးစေ့ကို ပွတ်ရင်း အကြံတစ်ခု ပေါ်လာသည်။ "ဒီတိရစ္ဆာန်တွေက ငါ့ကို ဘယ်တော့မှ သစ္စာမဖောက်နိုင်တဲ့သူတွေပဲ"
"ငါသာ ကျန်တဲ့ ငှက်တွေနဲ့ တိရစ္ဆာန်တွေကို လွှတ်လိုက်ပြီး ဝိညာဉ်သခင် တစ်ယောက်ယောက်ရဲ့ ဘေးမှာ နေခိုင်းမယ်ဆိုရင်.. သူတို့နဲ့ လူတွေကို စည်းရုံးပြီး တဖြည်းဖြည်းနဲ့ ကိုယ်ပိုင် အင်အားစု တည်ဆောက်နိုင်မှာပဲ"
"အင်း... ဖြစ်နိုင်ခြေ ရှိတယ်" သူ ထရပ်လိုက်ပြီး လက်ခုပ်တီးကာ "အားလုံးပဲ.. ငါ့ဆီကို လာကြ"