ဟူး..
ရွှီချင်းဟယ် အသက်ကို ပြင်းပြင်းရှူလိုက်သည်။
သူ၏ ရှေ့ရှိ ကြက်များ.. ခွေးများ.. နွားများနှင့် သိုးများသည် သာမန်တိရစ္ဆာန်များမဟုတ်ဘဲ နှစ်တစ်သန်းသားရဲတွေ ဖြစ်နေတာလား... သူတို့သည် နှစ် ၁၀၀,၀၀၀ အဆင့်ရှိ ဝိညာဉ်သားရဲများမှ စတင်သည့် ကြောက်မက်ဖွယ်ကောင်းသော သားရဲများ ဖြစ်နေသည်...
ထို ကြက်ပေါက်လေးပင်လျှင်..
"ကောင်လေး.. မင်း ငါတို့ထဲက ဘယ်သူ့ကို သဘောကျနေတာလဲ"
အနက်ရောင် ခွေးကြီးသည် သူ၏ စွယ်များကို ပြကာ ပြုံးလိုက်သည်။
ကြက်ဖကြီးက ရယ်မောပြီး "မင်းရဲ့ ဝိညာဉ်က ဖီးနစ်ဖြစ်မှန်း ငါသိတယ်…မင်း ငါ့ကို တိုက်ရိုက် စတေးစေချင်တာလား"
"ဟမ့်... ဒီကောင်လေးကို မစနောက်ကြပါနဲ့.. ငါတို့ ကိုယ်တိုင် စတေးပေးမယ်ဆိုရင်တောင် သူ ခံနိုင်ရည် ရှိမှာမဟုတ်ဘူး" ဆိတ်အိုက ပြောလိုက်သည်။
"...."
သူ့ကို လှောင်ပြောင်နေသော ဝိညာဉ်သားရဲများကို နားထောင်ရင်း ရွှီချင်းဟယ် သည် သူတို့၏ အနောက်ဘက်ရှိ စစ်မှန်သော ပုံစံများကို မြင်လိုက်ရသည်။ ဖိအားလှိုင်းများမှာ တောင်ကြီးတစ်ခုကဲ့သို့ ဖိချထားသဖြင့် သူ အသက်ပင် မရှူနိုင်တော့ပေ။
"ငရဲခွေး "
"ကိုးရောင် နတ်ဘုရားဖီးနစ်"
"ပြီးတော့"
သူ၏ ဆရာ့ခြံဝင်းထဲတွင် ပြိုင်ဘက်ကင်းသော သားရဲများဖြင့် ပြည့်နှက်နေသည်တဲ့လား......
ရွှီချင်းဟယ် သည် သူ၏ နဖူးမှ ချွေးစက်များကို သုတ်လိုက်သည်။
"ဆရာ့အကြီးအကဲတို့.. တပည့် မတောင့်တရဲပါဘူး"
ထိုဝိညာဉ်သားရဲအနည်းငယ်သည် နှစ် ၁၀၀,၀၀၀ အဆင့်ကို ကျော်လွန်နေလောက်ပြီ ဖြစ်သည်။ သူတို့ ကိုယ်တိုင် စတေးပေးလျှင်တောင် ဝိညာဉ်ကွင်းမှ လာသည့် ဆိုးကျိုးများကို သူ မခံနိုင်မှာ သေချာသည်။
"ကောင်လေး.. ဆရာက ဟိုဟိုဒီဒီ သွားရတာ မကြိုက်ဘူး.. မင်း ဝိညာဉ်ကွင်း လိုချင်ရင် ဆရာ့ကို ကြက်ဥနှစ်လုံး ပြုတ်ခိုင်းလိုက်ပါ" ကြက်ဖကြီးက လမ်းညွှန်ပေးသည်။
"မဟုတ်ဘူး.. မဟုတ်ဘူး" အနက်ရောင် ခွေးကြီးက ခေါင်းခါလိုက်သည်။
"ဆရာ့ကို ငါ့ကို ခေါ်သွားဖို့ ပြောလိုက်ပါ။ ငါ.. ဒီခြံဝင်းလေးထဲမှာ ပိတ်မိနေတာ ကြာပြီ.. အပြင်လောကကို သွားကြည့်ချင်တယ်..မင်း ဒါကို လုပ်ပေးနိုင်ရင် မင်းအတွက် အသင့်တော်ဆုံး ဝိညာဉ်ကွင်းကို ငါ ရှာပေးမယ်.. ပြီးတော့ ကြီးမားတဲ့ အခွင့်အရေးတစ်ခုကို ပေးမယ်"
"အိပ်မက် မမက်နဲ့.. ဆရာက မင်းကို အပြင်ထွက်ခွင့် ပေးမှာ မဟုတ်ဘူး" ဆိတ်အိုက နှုတ်ခမ်းမဲ့လိုက်သည်။
"...."
ရွှီချင်းဟယ် ခဏတာ တိတ်ဆိတ်သွားပြီးနောက် လုံရှင်းထျန်း ကို လှည့်ကြည့်လိုက်သည်။ "ဆရာ.. တပည့် ဝိညာဉ်ကွင်း မလိုပါဘူး..ကြက်ဥနှစ်လုံး စားလိုက်ရင်တင် လုံလောက်ပါပြီ"
"ကြက်ဥ"
လုံရှင်းထျန်း ထိုင်လိုက်သည်။
ကြက်ဥစားရင် ဝိညာဉ်ကွင်း ရနိုင်တာလား... ဒီ ရွှီချင်းဟယ် က ဒီလောက်တောင် ထူးဆန်းနေတာလား...
ဒါမှမဟုတ် သူ့ဝိညာဉ်ကြောင့်လား...
မူလဇာတ်လမ်းထဲမှာတော့ ဒီလူက ဒီလောက်ထိ ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့သူ ဖြစ်မှန်း မဖော်ပြထားပါဘူး။
ချီရန်ရွှယ် က ဒီလို ပြိုင်ဘက်ကင်းတဲ့ ပညာရှင်ကို တကယ်ပဲ သတ်ပစ်ခဲ့တာလား...
"မင်း သေချာလား" သူက ဘေးစောင်းကြည့်လိုက်သည်။
သူ၏ မျက်လုံးတွင် အံ့အားသင့်မှု မရှိသော်လည်း မေးခွန်းထုတ်သည့် အရိပ်အယောင်များ ရှိနေသည်။
ရွှီချင်းဟယ် သည် ဖိအားအနည်းငယ် ခံစားလိုက်ရသည်။ ဆရာဖြစ်သူက သူ့ကို ဘာလို့ ယုံကြည်မှု အားနည်းနေတာလဲဟု တွေးမိသည်။
ဘာလို့လဲ... ကြက်ဥတွေမှာ လျှို့ဝှက်ချက် တစ်ခုခု ရှိနေလို့လား...
သို့သော်လည်း သူ ကြိုးစားကြည့်ရမည်။
ဒါက ကြယ်တာရာ တောအုပ်ကြီးထဲ သွားရတာထက် အများကြီး ပိုကောင်းသည်။
ထို့ကြောင့် သူသည် ခေါင်းလေးပြင်းပြင်းဖြင့် ငြိမ့်လိုက်သည်။ "ဆရာ.. တပည့် အလွန်သေချာပါတယ်"
ခြံဝင်းထဲက သားရဲအနည်းငယ်က ဘာပြဿနာမှ မရှိဘူးလို့ ပြောတာပဲ.. ဒါဆိုရင် ပြဿနာ မရှိနိုင်ပါဘူး။
"ဒါဆိုရင်လည်း"
လုံရှင်းထျန်း သည် ကုလားထိုင်ပေါ်တွင် မလှုပ်မယှက်နှင့် လှဲနေရင်း ကြက်ခြံကို လက်ညှိုးထိုးပြလိုက်သည်။ "မင်းဘာသာ မင်း သွားကောက်လိုက်... အခုလေးတင် အုထားတဲ့ဥတွေကို ယူခဲ့.. ငါ့အတွက်လည်း နှစ်လုံး ပြုတ်ပေး"
ဝိညာဉ်သားရဲတွေကို မုဆိုးလုပ်စရာ မလိုတော့တာကြောင့် သူ ဒီအတိုင်း ငြိမ်းချမ်းစွာပဲ လှဲနေလိုက်တော့မည်။
"တပည့် ကျေးဇူးတင်ပါတယ်" ရွှီချင်းဟယ် သည် ကြက်ခြံဘက်သို့ ပြေးသွားသည်။
ကြက်မများက သူ့ကို စိုက်ကြည့်နေကြပြီး ထို ကြောက်မက်ဖွယ် ဖိအားများ ကျရောက်လာသဖြင့် သူ မြေပြင်ပေါ်သို့ ပိကျသွားသည်။
သူ မော့ကြည့်လိုက်သည်။
ဒါတွေက ကြက်မတွေ မဟုတ်ပါ.. နှစ် ၁၀၀,၀၀၀ ကျော်လွန်နေသည့် ကြောက်မက်ဖွယ်ကောင်းသော သားရဲများ ဖြစ်သည်...
"ဆရာ့အကြီးအကဲတို့.. ဆရာက သူ့အတွက် ကြက်ဥအချို့ ပြုတ်ခိုင်းလိုက်လို့ပါ" သူ ချွေးများ ပြန်နေသည်။
"ဒီမှာ ယူသွား" ကြက်မက ကြက်ဥ လေးလုံး ပစ်ပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် အကြီးအကဲတို့"
ဒီနေ့တစ်နေ့မှာ သူ၏ နားလည်မှုကို လုံးဝ ပြောင်းလဲသွားစေသည်။
ခြံဝင်းတစ်ခုလုံးမှာ ကြယ်တာရာ တောအုပ်ကြီးထဲမှာ ထိပ်ဆုံးမှာ ရှိနိုင်တဲ့ သားရဲတွေနဲ့ ပြည့်နေပြီး ဆရာဖြစ်သူက သူတို့ကို အိမ်မွေးတိရစ္ဆာန်လို ထားထားသည်။
ဒါ... ဒါ... ဒါ...
နတ်ဘုရားတစ်ပါး.. တကယ့် နတ်ဘုရားပဲ...
"ကျွန်တော် ရွှီချင်းဟယ် မှာ ဒီလို အခွင့်အရေးမျိုး ရှိလာမယ်လို့ မထင်ထားခဲ့ဘူး..ဝိညာဉ်နန်းတော်.. ငါ့ရဲ့ ကျင့်စဉ် ပြီးသွားတဲ့အခါ မင်းတို့ကို ဒီအတွက် အတိုးနဲ့ ပြန်ဆပ်စေရမယ်"
ရွှီချင်းဟယ် ကြက်ဥတွေကို ပြုတ်လိုက်သည်။
သူသည် အခု အဆင့် ၃၀ ရောက်သွားပြီဖြစ်ပြီး ဒုတိယ ဝိညာဉ်ကိုလည်း နိုးထလာခဲ့ပြီ။ သူ၏ အနာဂတ်အောင်မြင်မှုများသည် မြင့်မားဖို့ သေချာနေပြီ။
"ငန်းဝိညာဉ်.. အထောက်အကူပြု ဝိညာဉ်..အခုတော့ ဒါကို ဝိညာဉ်ကွင်း နှစ်ခု ထပ်ထည့်ရမယ်..ဒုတိယ ဝိညာဉ် အတွက်တော့ ဆရာ့ကို မေးကြည့်မယ်"
သူ ကြက်ဥတွေကို လုံရှင်းထျန်း ဆီ ယူသွားသည်။
"စားလေ... အားမနာပါနဲ့" လုံရှင်းထျန်း ကြက်ဥနှစ်လုံးကို ယူပြီး ပါးစပ်ထဲ ထည့်လိုက်သည်။
"ကျေးဇူးတင်ပါတယ် ဆရာ" ရွှီချင်းဟယ် ကြက်ဥတစ်လုံးကို အခွံခွာပြီး တစ်ကိုက်တည်း မျိုချလိုက်သည်။
ဟမ်...
ရုတ်တရက် ပြင်းထန်သော စွမ်းအားတစ်ခု တိုးထွက်လာသည်။
ခရမ်းရောင် ဝိညာဉ်ကွင်း နှစ်ခု ပေါ်လာပြီး ရွှီချင်းဟယ် ၏ ရှေ့တွင် လွင့်နေသည်။
လုံရှင်းထျန်း သည် လှုပ်ရှားမှုကို သတိပြုမိပြီး ငုံ့ကြည့်လိုက်ရာ ခရမ်းရောင် ဝိညာဉ်ကွင်းနှစ်ခု တက်လာသည်ကို မြင်လိုက်ရသဖြင့် အံ့သြသွားသည်။
"အို... ဒါ ဝိညာဉ်ကွင်းလား"
သူ စူးစမ်းကြည့်လိုက်သည်။
ဒီ ရွှီချင်းဟယ် က ဒီလောက်တောင် ဉာဏ်ကောင်းလိမ့်မယ်လို့ မထင်ထားဘူး.. ကြက်ဥစားရုံနဲ့ ဝိညာဉ်ကွင်းကို စုစည်းနိုင်တယ်တဲ့လား...
"ခရမ်းရောင် ဝိညာဉ်ကွင်းဆိုတော့ နှစ်ပေါင်း ၁,၀၀၀ ဝိညာဉ်ကွင်းပေါ့” (ခရမ်း၁၀၀၀-၉၉၉၉)
လုံရှင်းထျန်း ခေါင်းညိတ်လိုက်သည်။ "ယွီရှောင်ကန်း ရဲ့ ဝိညာဉ်သီအိုရီမှာ ဝိညာဉ်ကွင်း အစီအစဉ်က အဝါနှစ်ခု.. ခရမ်းနှစ်ခု အကောင်းဆုံးလို့ မပြောထားဘူးလား... ဘာလို့ ဒီကောင်လေးရဲ့ ဒုတိယ ဝိညာဉ်ကွင်းက ခရမ်းရောင် ဖြစ်နေတာလဲ"
အင်တာနက် သုံးသူတွေ ပြောသလို တကယ်ပဲ ဖြစ်နေတာလား...
ယွီရှောင်ကန်း ဆိုတာ နာမည်ကျော်ဖို့ပဲ ကြိုးစားတဲ့သူလား...
"မေ့လိုက်တော့.. ဘာမှ မဖြစ်ဘူး"
တပည့်ဖြစ်သူက ဉာဏ်ကောင်းရင် ပြီးတာပဲလေ။ သူ ပိုစွမ်းအားကြီးလေ.. အနာဂတ်မှာ သူ ပိုလုံခြုံလေပဲ။
သူ့ရဲ့ တည်ငြိမ်တဲ့ သဘောထားနဲ့ မတူဘဲ ရွှီချင်းဟယ် ကတော့ ဒီအချိန်မှာ မယုံနိုင်လောက်အောင် အံ့သြနေသည်။
ကြက်ဥတစ်လုံးက တကယ်ပဲ နှစ်ပေါင်း ၁,၀၀၀ ဝိညာဉ်ကွင်း ဖြစ်နေတာလား......
ဆရာက အခုလေးတင် အုထားတဲ့ဥတွေကိုပဲ ယူရမယ်လို့ ပြောတာ အကြောင်းရှိသားပဲ။
အချိန်ကြာသွားရင် နှစ်ပေါင်း ၁၀,၀၀၀ အဆင့် ဖြစ်သွားမှာပေါ့နော်...
ကြက်ပေါက်လေးတွေအားလုံးက နှစ် ၁၀၀,၀၀၀ အဆင့် ဖြစ်နေတာကို တွေးမိတော့ အကုန်လုံး အဓိပ္ပာယ်ရှိသွားပြီ...
ဆရာက တကယ်ကို လျှို့ဝှက်ချက်တွေများပြီး စွမ်းအားကြီးလွန်းတယ်...
သူ ဒီပေါင်ကိုပဲ တင်းတင်းဖက်ထားတော့မယ်...
ဘုန်း...
မကြာမီ ဝိညာဉ်ကွင်း စုပ်ယူခြင်း ပြီးဆုံးသွားသည်။
"အား"
ဒါပေမဲ့ မပြီးသေးဘူး။
သူ့ကျောပြင်ကနေ စွမ်းအားတစ်ခု တိုးထွက်လာပြီး တစ်ခုခု ထွက်လာတော့မလို ဖြစ်နေသည်။
"အား..."
ရွှီချင်းဟယ် အော်ဟစ်လိုက်ပြီး ပုစွန်လုံးသကဲ့သို့ ကွေးညွတ်သွားကာ သူ၏ ခန္ဓာကိုယ်တစ်လျှောက် သွေးကြောများ ပေါ်လာသည်။
"ဟင်" လုံရှင်းထျန်း လန့်သွားသည်။
"စနစ်.. ဘာဖြစ်နေတာလဲ"
သူသည် အော်ဟစ်နေသည့် ရွှီချင်းဟယ် ကို ကြည့်ကာ အကူအညီမဲ့သကဲ့သို့ ခံစားလိုက်ရသည်။
"...."
သို့သော် စနစ် က ပြန်မဖြေပေ။
"အား.. အား"
ရွှီချင်းဟယ် ပို၍ အော်ဟစ်လာသည်။
‘သူ သေတော့မှာလား’
လုံရှင်းထျန်း အလျင်အမြန် ပြောလိုက်သည်။
"တပည့်.. အသက်ကို ပြင်းပြင်း ရှူလိုက်"
သူသည် လက်ဆန့်ထုတ်ပြီး သူ့ကို ဖိထားလိုက်သည်။ ထိုအချိန်တွင် ရွှီချင်းဟယ် သည် နွေးထွေးသော စွမ်းအားတစ်ခု ခန္ဓာကိုယ်ထဲ စီးဝင်လာသည်ကို ခံစားလိုက်ရသည်။
သူ၏ ကျောပြင်က နာကျင်မှု ခဏတာ လျော့ပါးသွားပြီး 'ပူချီ' ဆိုတဲ့ အသံနဲ့အတူ ရွှေရောင် အတောင်ပံတစ်စုံ သူ့အရေပြားကို ဖောက်ထွက်လာသည်။
"ဟူး..."
လုံရှင်းထျန်း ၏ မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွားသည်။
ရွှီချင်းဟယ် လည်း တုန်လှုပ်နေသည်။
သူ တကယ်ပဲ အတောင်ပံတစ်စုံ ပေါက်လာတာလား......
"ဆရာ.. ဒါ" ရွှီချင်းဟယ် ၏ ခန္ဓာကိုယ် တုန်ယင်နေပြီး ထိတ်လန့်မှုတွေနဲ့ ပြည့်နှက်နေသည်။
"မကြောက်နဲ့"
လုံရှင်းထျန်း သည် သုန့်လော် တိုက်ကြီးနှင့် ပတ်သက်သည့် အချက်အလက်များကို အလျင်အမြန် တွေးလိုက်ရာ အလားတူတစ်ခုကို တွေ့လိုက်ရသည်။
ပြင်ပ ဝိညာဉ်အရိုး ...
သူ လက်ဝှေ့ယမ်းကာ ရှင်းပြလိုက်သည်။ "ဒါက ပြင်ပ ဝိညာဉ်အရိုးပဲ..မင်း ကံကောင်းတယ် ကောင်လေး.. ဒီလို အရာမျိုးကို ရသွားတာပဲ"
အရင်ဘဝက ဝတ္ထုဖတ်တုန်းက သုန့်လော် တိုက်ကြီးမှာ ဝိညာဉ်ကွင်း စုပ်ယူတဲ့အခါ ပြင်ပ ဝိညာဉ်အရိုး ရနိုင်တဲ့ အခွင့်အရေး ရှိတယ်လို့ ဖတ်ဖူးသည်။
"ပြင်ပ ဝိညာဉ်အရိုး"
ရွှီချင်းဟယ် အံ့သြသွားသည်။
ထျန်းဒိုမင်းမျိုးမင်းနွယ်ဝင် တစ်ယောက်အနေနဲ့ ဒါက ဘာလဲဆိုတာ သူ သိသည်။
ဝိညာဉ်သခင်တိုင်း အိပ်မက်မက်ကြတဲ့ အရာလေ...
တိုးတက်နိုင်တဲ့ အမျိုးအစား ဝိညာဉ်အရိုး...
သူ အလျင်အမြန် ဒူးထောက်ကန်တော့လိုက်သည်။
"ဆရာ့ရဲ့ ပြန်လည် မွေးဖွားပေးတဲ့ ကျေးဇူးအတွက် ကျေးဇူးတင်ပါတယ်.. ချင်းဟယ် ဘယ်တော့မှ မမေ့ပါဘူး"
လုံရှင်းထျန်း လက်ဝှေ့ယမ်းလိုက်သည်။
ရွှီချင်းဟယ်.. ဝိညာဉ်စွမ်းအား အဆင့် ၃၂...
အဆင့်နှစ်ဆင့် တက်သွားပြီး သူ တကယ့် ဝိညာဉ်အကြီးအကဲ တစ်ယောက် ဖြစ်လာခဲ့ပြီ...
အသက် ၁၀ နှစ်မှာ အဆင့် ၃၂ ဆိုတာ သုန့်လော် တိုက်ကြီးတစ်ခုလုံးမှာ တစ်ခါမှ မကြားဖူးသေးတဲ့ စံချိန်ပဲ...
"ဝိညာဉ်နန်းတော်.. ငါ့ရဲ့ လက်စားချေမှုကို စောင့်နေလိုက်"
ရွှီချင်းဟယ် လက်သီးကို တင်းတင်းဆုပ်လိုက်သည်။
ဒီအချိန်ကစပြီး သူ၏ အရည်အချင်းက ဘယ်သူ့ထက်မှ နိမ့်ကျမည်မဟုတ်။
သူ့ရဲ့ တခြား ဝိညာဉ်ကိုသာ တိုးတက်အောင် လုပ်လိုက်ရင် အနာဂတ်မှာ ပြိုင်ဘက်ကင်းတဲ့ အစွမ်းရှင် ဖြစ်လာမှာ သေချာတယ်...
ဟုတ်ပြီ.. တခြား ဝိညာဉ်။
သူ ဒါကို သတိရသွားပြီး လုံရှင်းထျန်း ကို အလျင်အမြန် မေးလိုက်သည်။ "ဆရာ.. တပည့်မှာ မေးစရာ ရှိပါတယ်"
"...."
"ဘာမေးစရာလဲ" လုံရှင်းထျန်း မျက်ခုံးပင့်လိုက်သည်။
သူက သုန့်လော် တိုက်ကြီးရဲ့ အခြေခံ ဆက်တင်တွေကို နားလည်ပေမယ့် စာရေးသူ မဟုတ်တဲ့အတွက် အချို့သော မေးခွန်းတွေကို ဘယ်လိုမှ မဖြေနိုင်ပေ။
"ဆရာ.. အမွှာဝိညာဉ်ကို ဘယ်လို ကျင့်ကြံရမလဲ" ရွှီချင်းဟယ် မေးလိုက်သည်။
ဝိညာဉ်နှစ်ခု...အမွှာဝိညာဉ်..
လုံရှင်းထျန်း ငုံ့တွေးလိုက်သည်။
မူလဇာတ်လမ်းရဲ့ ဇာတ်လိုက် ထန်ဆန်း မှာ ဝိညာဉ်နှစ်ခု ရှိပြီး ဝိညာဉ်နန်းတော် က ပီပီတုန်း(ဘီဘီတုန်)မှာလည်း ရှိတယ်။
သူတို့ရဲ့ ကျင့်ကြံပုံက တူညီတယ် - ဘွဲ့နှင်းခံသုန့်လော် အဆင့်ရောက်တဲ့အထိ တစ်ခုတည်းကိုပဲ အာရုံစိုက်ပြီးမှ နောက်တစ်ခုကို ဝိညာဉ်ကွင်း ထပ်ထည့်ကြတာပါ။
ဒါက ဝိညာဉ်ရဲ့ အလားအလာကို အမြင့်ဆုံး ဖြစ်စေနိုင်ပြီး နှစ် ၁၀၀,၀၀၀ ဝိညာဉ်သားရဲ ဝိညာဉ်ကွင်း ကိုးခုကို တပ်ဆင်နိုင်တဲ့ စွမ်းဆောင်ရည်မျိုး ရနိုင်တယ်။
သူ ဒီနည်းလမ်းကို ရွှီချင်းဟယ် ကို ရှင်းပြပေးလိုက်သည်။
အခြားနည်းလမ်းများကတော့...
လုံရှင်းထျန်း ဒါကို စဉ်းစားဖို့ ပျင်းနေသည်။
အတုယူလိုက်ရင် ပြီးတာပဲလေ.. ခေါင်းစားခံပြီး စဉ်းစားစရာ မလိုဘူးမလား…
"နှစ် ၁၀၀,၀၀၀ ဝိညာဉ်သားရဲ ဝိညာဉ်ကွင်း ကိုးခု"
ရွှီချင်းဟယ် အံ့သြသွားသည်။
ဒီလို ဝိညာဉ်ကွင်း အစီအစဉ်က ဘယ်လောက်တောင် စွမ်းအားကြီးမားမလဲဆိုတာ သူ မတွေးရဲဘူး။
ဆုံးဖြတ်လိုက်ပြီ။
အဆင့် ၉၀ ကျော်ပြီး ဘွဲ့နှင်းခံသုန့်လော် ဖြစ်လာရင် ဒုတိယ ဝိညာဉ်ကို ဝိညာဉ်ကွင်း ထည့်တော့မယ်...
...