အမှန်ကို ပြောရလျှင် ဟော့ယွီဟောက် ခေတ်၏ သုန့်လော် တိုက်ကြီးတွင် ပုံမှန်လူသားဟူ၍ မရှိသလောက်ပင်။
မျက်ရည်များဖြင့် ငိုကြွေးနေသော မိန်းကလေးကို ကြည့်ရင်း လုံရှင်းထျန်း သည် မူလဇာတ်လမ်းထဲမှ အကြောင်းအရာများကို ပြန်လည်အမှတ်ရလိုက်သည်။
ကျန်းနန်နန်သည် သူမ၏ မိခင်ကို ကယ်တင်ရန်အတွက် မိမိကိုယ်ကို စတေးရတော့မည့် အခြေအနေဖြစ်သည်။
ဆင်းရဲသော ကလေးမလေးမှာ အသက် ၁၄ နှစ်သာ ရှိသေးသည်
သီအိုရီအရ ဝိညာဉ်နန်းတော် ပျက်စီးပြီးနောက် သုန့်လော် တိုက်ကြီးသည် နေ-လ တိုက်ကြီး ပေါင်းခဲ့ပြီး ခေတ်ကာလ တိုးတက်လာသည်နှင့်အမျှ လူတို့၏ လူနေမှုအဆင့်အတန်းမှာ နေ့စဉ်နှင့်အမျှ တိုးတက်လာသင့်သည်။
သို့သော် လက်တွေ့မှာမူ ချမ်းသာသူတို့၏ ဘဝများ တိုးတက်လာသော်လည်း သာမန်လူတို့၏ ဘဝမှာ လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းကအတိုင်းပင် ဖြစ်နေပြီး ထိုအချိန်ကထက် ပို၍ပင် ခက်ခဲနေနိုင်သည်။
ကြည့်လေ.. ထိုခေတ်၏ ထိပ်တန်းဂိုဏ်းဖြစ်သော ရှီလိုင်ခဲ့အကယ်ဒမီ ၏ ကျောင်းသူတစ်ဦးကပင် မိခင်ဖြစ်သူအတွက် ဆေးဝါးရရန် မိမိကိုယ်ကို စတေးရတော့မည့် အခြေအနေမျိုးတွင် ရှိနေခြင်းဖြစ်သည်။
"တောက်"
လုံရှင်းထျန်း လျှာသံသပ်လိုက်သည်။ တန်ဆန်း က ဝိညာဉ်နန်းတော်ကို ဖျက်ဆီးလိုက်ခြင်းက မှန်သလား.. မှားသလား။
ဝိညာဉ်နန်းတော်သာ မပျက်စီးခဲ့လျှင်လည်း ဟော့ယွီဟောက်ခေတ်တွင် အခြေအနေမှာ ပိုကောင်းလာမည် မဟုတ်ပေ။
အတိုချုပ်ပြောရလျှင် ဒီကမ္ဘာရဲ့ အတွေးအခေါ်များသည် တိုးတက်ရန် လိုအပ်နေသေးသည်။ အတွေးအခေါ် ပြဿနာများကို လူတိုင်း သိမြင်လာစေမည့် ကမ္ဘာကို တုန်လှုပ်စေမည့် စစ်ပွဲမျိုး မဖြစ်လာသရွေ့ ထိုအရာများသည် အလိုအလျောက် ပြောင်းလဲလာမည် မဟုတ်ပေ။
"ငါ့ရဲ့ ဝါးတောခြံဝင်းက သုန့်လော် တိုက်ကြီးရဲ့ ခေတ်အဆက်ဆက်ကို ဆက်သွယ်ထားတာဆိုရင်တော့ တစ်ခုခုတော့ စမ်းသပ်ကြည့်လို့ ရတာပေါ့"
လုံရှင်းထျန်း၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားပြီး သူ၏ အတွေးများကို ထိန်းချုပ်ကာ ကျန်းနန်နန်ကို ကြည့်လိုက်သည်။
သူသည် စနစ်ကို ဆင့်ခေါ်လိုက်သည်။
"စနစ်.. လိပ် နတ်ဘုရား ဆေးလုံးနဲ့ တူတဲ့အရာမျိုး မင်းဆီမှာ ရှိလား..."
【စနစ်အကြောင်းကြားချက် - အိမ်ရှင် လက်ခံရရှိထားတဲ့ အစားအစာတိုင်းက နတ်ဘုရား ဆေးလုံးတွေထက် အဆပေါင်းများစွာ သာလွန်ပါတယ်..စနစ်ရဲ့ ထုတ်ကုန်တွေကို မေးခွန်းထုတ်တာမျိုး မလုပ်ပါနဲ့】
"တကယ်လား..."
လုံရှင်းထျန်း သံသယဖြစ်စွာဖြင့် စနစ်နေရာလွတ်မှ ပန်းသီးတစ်လုံးကို ထုတ်လိုက်သည်။
သူသည် စနစ်ပေးသော အရာများကို နေ့စဉ် စားနေသော်လည်း မိမိကိုယ်၌ ထူးခြားသော ပြောင်းလဲမှုများကို မတွေ့မိပေ။
"မင်းအမေကို ငါ မကယ်နိုင်တာ မဟုတ်ဘူး"
သူသည် ပန်းသီးကို ဟိုဘက်ဒီဘက် ပစ်လိုက်ရင်း ကျန်းနန်နန်ကို စိုက်ကြည့်သည်။ သူ၏ မျက်ဝန်းများမှာ တွက်ချက်မှုများနှင့် ပြည့်နှက်နေသည်။
"ဆ.. ဆရာကြီး"
ကျန်းနန်နန်သည် မျက်ရည်များကို သုတ်ရင်း ကတိပေးသည်။
"ဆရာကြီးသာ ကျွန်မအမေကို ကယ်ပေးနိုင်ရင် ဘယ်လိုအခြေအနေမျိုးမဆို ကျွန်မ လက်ခံပါမယ်..ကျွန်မမှာ ရှိတဲ့အရာမှန်သမျှ ဆရာကြီး လိုချင်ရင် ယူလိုက်ပါ"
"အော်..."
လုံရှင်းထျန်း မျက်ခုံးပင့်လိုက်သည်။
"ဒါဆိုရင် မင်း ရှီလိုင်ခဲ့အကယ်ဒမီကနေ နုတ်ထွက်ရမယ်ဆိုရင်ကော..."
ထိုစကားကို ပြောလိုက်သည်နှင့် ကျန်းနန်နန်၏ ခန္ဓာကိုယ် တောင့်ခဲသွားသည်။
သို့သော် နှစ်စက္ကန့်မျှ စဉ်းစားပြီးနောက် သူမ သွားကိုကြိတ်ကာ ဆုံးဖြတ်ချက် ချလိုက်သည်။
"ကျွန်မအမေကို ကယ်နိုင်မယ်ဆိုရင် ရှီလိုင်ခဲ့အကယ်ဒမီကနေ နုတ်ထွက်တာ ဘာမှမဟုတ်ပါဘူး ဆရာကြီး.. ကျွန်မ ရှီလိုင်ခဲ့အကယ်ဒမီကနေ နုတ်ထွက်ဖို့ အဆင်သင့်ပါပဲ" ကျန်းနန်နန်က လေးနက်စွာ ပြောသည်။
ရွှီချင်းဟယ်ကသာ သူမကို အရင်က ဒါမျိုး ပြောခဲ့လျှင် သူမ စဉ်းစားမိမည် ဖြစ်သော်လည်း ယခုမူ သူမ စဉ်းစားရန် မလိုတော့ပေ။
အကြောင်းရင်းမှာ ရိုးရှင်းသည် - သူမသည် ရှီလိုင်ခဲ့အကယ်ဒမီထက် ကျင့်ကြံရန် ပို၍သင့်လျော်သော နေရာကို ရှာတွေ့သွား၍ ဖြစ်သည်။
ဝါးတောခြံဝင်းပင် ဖြစ်သည်။
"ဆရာကြီး.. ဆရာကြီးသာ အဆင်ပြေမယ်ဆိုရင် ကျွန်မကို တပည့်အဖြစ် လက်ခံပေးပါ"
ကျန်းနန်နန်မှာ အရူးမဟုတ်ပေ။ အခွင့်အရေးကြီးတစ်ခုက မျက်စိရှေ့တွင် ရှိနေချိန်တွင် ဂိုဏ်းအိုကြီးအကြောင်းကို စဉ်းစားနေခြင်းမှာ မိုက်မဲရာ ရောက်သည်။
ယခုနေရာတွင် မြက်ပင်တစ်ပင်သည်ပင် အနည်းဆုံး နှစ်ပေါင်းတစ်သောင်း သက်တမ်းရှိရာ ဤအခွင့်အရေးကို လက်လွှတ်လိုက်ခြင်းမှာ တစ်သက်လုံး နောင်တရစရာ ဖြစ်လာနိုင်သည်။
"......"
လုံရှင်းထျန်း မျက်လုံးများကို အနည်းငယ်မှေးလိုက်သည်။
အမှန်ကို ပြောရလျှင် သူသည် လူသား တစ်ဦးဖြစ်ပြီး ခြံဝင်းမှ ထွက်ခွာ၍ မရနိုင်သော်လည်း ဒီနေရာမှာ ထာဝရ နေနိုင်မည် မဟုတ်ပေ။
ဖြစ်နိုင်လျှင် သူသည် အပြင်နေရာတစ်ခုတွင်လည်း နာမည်တစ်ခု ရချင်သည်။
အရင်က မျှော်လင့်ချက် မရှိသော်လည်း ယခုမူ သူ မလုပ်ချင်သည်တော့ မဟုတ်ပေ။
သူ၏ တပည့် ရွှီချင်းဟယ်သည် ဝိညာဉ်သူတော်စင် ဖြစ်တော့မည်ဖြစ်ရာ သူ အပြင်ထွက်လျှင် အားကိုးစရာ ရှိသည်။
ထို့ကြောင့် သူ၏ ရည်မှန်းချက်များမှာ တဖြည်းဖြည်း ကြီးထွားလာသည်။ ဝတ္ထုတစ်ပုဒ်ထဲသို့ ကူးပြောင်းလာပြီးမှ ဇာတ်ကောင် တစ်ယောက် နှစ်ယောက်ကို ဘယ်သူက မကယ်ချင်ပါ့မလဲ... ထို့အပြင် သူတွင် ထန်ဆန်းခေတ်၌ ပြောရေးဆိုခွင့်ရှိသူ တစ်ယောက် ရှိပြီးသား ဖြစ်ရာ ဟော့ယွီဟောက်ခေတ်တွင်လည်း တစ်ယောက် မရှိ၍ မဖြစ်ပေ။
ထိုအချက်ကို နက်နက်နဲနဲ စဉ်းစားပြီးနောက် သူ သက်ပြင်းချလိုက်သည်။
"ရှီလိုင်ခဲ့အကယ်ဒမီကနေ နုတ်ထွက်ပြီးမှ ငါတို့ ဆက်ပြောကြမယ်"
လုံရှင်းထျန်း လက်ထဲရှိ ပန်းသီးကို သူမထံ ပစ်ပေးလိုက်သည်။
"မင်းက ဒီခေတ်ကနေ ငါ့ကို ပထမဆုံး တွေ့တဲ့သူမို့လို့ ကံကြမ္မာလို့ သတ်မှတ်ရမှာပဲ ဒီအရာက မင်းအမေကို ကယ်နိုင်လိမ့်မယ် မင်းပေးထားတဲ့ ကတိကို မမေ့နဲ့"
ကျန်းနန်နန်မှာ ထပ်ခါတလဲလဲ ဦးတိုက်သည်။
"ကျေးဇူးတင်ပါတယ် ဆရာကြီး ကျေးဇူးတင်ပါတယ် ဆရာကြီး"
"ဟုတ်ပြီ"
ကျန်းနန်နန် ရုတ်တရက် မော့ကြည့်သည်။
"ဆရာကြီး.. ကျွန်မ နောက်တစ်ခါ ကျရင် ဆရာကြီးကို တိုက်ရိုက် လာတွေ့လို့ ရမလား..."
သူမသည် ရွှီချင်းဟယ်ကြောင့်သာ ဒီခြံဝင်းထဲသို့ ဝင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် သူတို့ ပြောခဲ့ကြသည့်အတိုင်း သူတို့၏ ခေတ်ကာလများမှာ နှစ်ပေါင်းတစ်သောင်း ကွာခြားနေသည်။ ဤမေးခွန်းအတွက် လုံရှင်းထျန်း စနစ်ကို ကြည့်လိုက်သည်။
【စနစ်အကြောင်းကြားချက် - အိမ်ရှင်၏ တည်နေရာသည် ကမ္ဘာအသီးသီးမှ လူများကို မထိခိုက်ပါ။ ကြယ်တာရာတောအုပ်ထဲသို့ ဝင်ရောက်လာသရွေ့ သူတို့သည် ခြံဝင်းကို မြင်တွေ့နိုင်ပြီး တစ်ဦးနှင့်တစ်ဦး တွေ့ဆုံနိုင်ခြေမှာ 0.00001% ဖြစ်ပါသည်။】
စနစ်၏ အချက်ကို မြင်လျှင် လုံရှင်းထျန်း ကျေနပ်စွာ ခေါင်းညိတ်သည်။
"မင်းလာတဲ့ လမ်းအတိုင်း ပြန်လိုက်လာရင် ငါ့ကို မြင်တွေ့နိုင်မှာပါ"
သူသည် လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဆရာ.. ကျွန်တော်ရော လိုက်သွားလို့ ရမလား..."
ရွှီချင်းဟယ် စိတ်လှုပ်ရှားစွာဖြင့် ရှေ့တိုးလာပြီး မေးသည်။
လုံရှင်းထျန်း သူ့ကို မျက်စောင်းထိုးသည်။ "မင်း ဘာတွေးနေလဲဆိုတာ ငါ မသိဘူး မထင်နဲ့..နှစ်ပေါင်းတစ်သောင်း ကြာပြီးနောက် မင်းအကြောင်း ဘယ်လို အကဲဖြတ်ခံရမလဲဆိုတာ သိချင်နေတာ မဟုတ်လား..."
ရွှီချင်းဟယ်၏ အတွေးများ ပေါ်လွင်သွားသဖြင့် သူ ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်သည်။
"ဟေး"
ဆရာနှင့် တပည့် ပြောနေစဉ် ဘေးမှ ကလေးမလေးတစ်ဦးက ခေါင်းပြူထွက်လာသည်။
"အမှိုက်ကြီး.. အနာဂတ်က ဘယ်လိုဖြစ်မလဲဆိုတာ ကျွန်မလည်း သိချင်တယ်" နင်ရုံရုံ သူမ၏ လက်သီးကို ဆုပ်လိုက်သည်။
"မင်းလား..."
လုံရှင်းထျန်း သူမကို ကြည့်လိုက်ရာ သူ၏ အမူအရာမှာ ထူးဆန်းလာသည်။ သူသာ မပေါ်လာခဲ့လျှင် နင်ရုံရုံ၏ အနာဂတ်သည် ပြောင်းလဲမည် မဟုတ်ပေ။ သို့သော် ယခုမူ...
"ကျွန်မလည်း သိချင်တယ်"
ဟူလီနာ သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်သည်။ "ရွံစရာကောင်းတဲ့ အဘိုးကြီး.. ကျွန်မလည်း သိချင်တယ်"
သူမသည် အဖြူရောင်ပိုးထည်များဖြင့် ရစ်ပတ်ထားသော သူမ၏ ခြေထောက်ငယ်များကို ဆန့်ထုတ်ကာ လုံရှင်းထျန်းကို ကန်လိုက်သည်။
"အိပ်မက်တောင် မမက်နဲ့"
လုံရှင်းထျန်း လက်ကို ဝှေ့ယမ်း၍ ငြင်းပယ်လိုက်သည်။ "ပြီးတော့ မင်းတို့ တွေ့နိုင်တယ်ဆိုတာက တစ်ခုခု ပြောင်းလဲသွားလို့ပဲ။ သိခဲ့ရင်တောင် ဒါက အခြား အချိန်-နေရာတစ်ခုရဲ့ အဆုံးသတ်ပဲ ဖြစ်လိမ့်မယ်"
"ဒါပေမဲ့ ကျွန်မတို့ သိနိုင်တုန်းပဲ"
နင်ရုံရုံ သူမ၏ ခါးကို လက်ထောက်ကာ ကျန်းနန်နန်ကို ကြည့်သည်။
"ဟေး.. အစ်မကြီး... ရှင်တို့ ကမ္ဘာမှာ ကျွန်မရဲ့ အခြေအနေက ဘယ်လိုလဲဆိုတာ ပြောပြလို့ ရမလား..."
"မင်း နာမည်က ဘာလဲ..."
ကျန်းနန်နန် ခေါင်းညိတ်သည်။ "ကျွန်မ ပြန်သွားရင် ကူညီပေးပါ့မယ်..."
"ဟေး.. ဟေး.. ဟေး"
ရုတ်တရက် ရွှီချင်းဟယ် နှစ်ဦးကြားထဲသို့ ဝင်ကာ တရားသဖြင့် ပြောသည်။
"ကျွန်တော်တို့ အရင်တွေ့တာ.. ကျွန်တော်ကပဲ ခြံဝင်းထဲ ခေါ်လာတာ..ကျွန်တော့်အနာဂတ်က ဘယ်လိုဖြစ်မလဲဆိုတာ အရင် ပြောပြရမယ်"
"အစ်ကို ချင်းဟယ်.. ကျွန်မ စစ်ဆေးပေးပါ့မယ်"
ကျန်းနန်နန်သည် ရွှီချင်းဟယ်၏ နာမည်ကို မှတ်သားလိုက်သည်။
"ကောင်းပြီ"
လုံရှင်းထျန်း သူတို့ကို ဖြတ်ပြောလိုက်သည်။
"တချို့အရာတွေကို မင်းတို့ကို မသိစေတာက မင်းတို့အတွက် ကောင်းလို့ပါ..အချိန်-နေရာ နှစ်ခုမှာ ရှိတဲ့ လူတစ်ယောက်တည်း ဖြစ်ပေမဲ့ ဘဝလမ်းကြောင်းက တူညီမှာ မဟုတ်ဘူး"
စကားပြောအပြီးတွင် သူသည် ရှေ့သို့ တိုးလာသော နင်ရုံရုံနှင့် ဟူလီနာကို ဖမ်းဆွဲလိုက်သည်။
"အာရို.. သူတို့ကို ဟင်းသီးဟင်းရွက်ခင်း ပေါင်းသင်ခိုင်းလိုက်"
"ဟုတ်ကဲ့ပါ.. သခင်"
အာရိုသည် လူကြီးဖြစ်ပြီး သိချင်စိတ် ရှိသော်လည်း ထပ်မေးရန် မဝံ့ရဲပေ။
"အမှိုက်ကြီး.. ရှင်က လူယုတ်မာပဲ.. အား အား"
နင်ရုံရုံနှင့် ဟူလီနာမှာ ဒေါသထွက်လျက်ရှိသည်။
"ဟေး.. အဲဒီအစ်မကြီး.. ကျွန်မ နာမည်က နင်ရုံရုံ.. သူမက ဟူလီနာ"
စကားတစ်ခွန်း ချန်ရစ်ခဲ့ပြီးနောက် ကလေးမလေးနှစ်ဦးမှာ ဟင်းသီးဟင်းရွက်ခင်းထဲသို့ ဆွဲခေါ်သွားခြင်း ခံလိုက်ရသည်။
သို့သော် ထိုနာမည်နှစ်ခုကြောင့်ပင် ကျန်းနန်နန်၏ ခန္ဓာကိုယ် တုန်ယင်သွားပြီး ထိုမိန်းကလေးနှစ်ဦးကို မယုံနိုင်စွာ ငေးကြည့်နေမိသည်။
"သူတို့ မေးတာတွေကို မေ့လိုက်"
လုံရှင်းထျန်း၏ အသံမှာ အေးစက်သွားသည်။ နင်ရုံရုံတို့ အမှန်တရားကို သိရန် အချိန်မတန်သေးပေ။
တတ်နိုင်သမျှ ကြာကြာ ဖုံးကွယ်ထားခြင်းကသာ အကောင်းဆုံးဖြစ်သည်။
"ဟုတ်.. ဟုတ်ကဲ့ တပည့် နားလည်ပါတယ်"
ကျန်းနန်နန် ခေါင်းငုံ့လိုက်သည်။ သူမ၏ နဖူးမှ ချွေးစက်များ စီးကျလာသည်။ ခဏလေးက သူမ သေလုနီးပါး ခံစားလိုက်ရသည်။
"ကောင်းပြီ.. မင်းအမေကို ကယ်ချင်ရင် အမြန်ပြန်ပြီး ကယ်လိုက်တော့"
လုံရှင်းထျန်း လက်ကို ဝှေ့ယမ်းလိုက်သည်။
"အွင် အွင်…ဂွတ် ဂွတ်"
ထိုအချိန်တွင် ဝက်ခြံထဲမှ ဝက်နက်ကြီးတစ်ကောင် ပြေးထွက်လာကာ ကျယ်လောင်စွာ အော်ဟစ်သည်။
"ဝက်ကြီး.. ဘာလုပ်တာလဲ..." လုံရှင်းထျန်း အံ့ဩစွာ ထိုင်လိုက်သည်။
"ဂွတ် ဂွတ်"
ဝက်နက်ကြီးမှာ ကျန်းနန်နန်ဘက်သို့ ပြေးသွားကာ သူမပတ်လည်တွင် ပတ်ပြေးနေသည်။ ဆရာကြီး.. သူမနဲ့အတူ အပြင်သွားချင်တယ် ဟု ပြောချင်ပုံရသည်။
"မင်း အပြင်သွားချင်တာလား..."
"ဂွတ်"
"..."
"စောက်ကျိုးနည်း... ဒီတိရစ္ဆာန်တွေက ဘာလို့ အပြင်ထွက်ဖို့ပဲ တွေးနေကြတာလဲ... မင်းတို့ဆရာတောင် အပြင်ထွက်ချင်နေတာ အပြင်မှာ ဘယ်လောက် အန္တရာယ်များလဲ သိရဲ့လား... ပြီးတော့ မင်းက ဝက် တစ်ကောင်ပဲ.. အပြင်ရောက်ရင် ဘာလုပ်မှာလဲ..."
"ကလေးမလေး.. ဆရာကြီးကို အပြင်ခေါ်သွားပေးဖို့ အမြန်တောင်းဆိုလိုက်"
ကျန်းနန်နန် သူမ၏ ပါးစပ်ကို ပိတ်လိုက်သည်။ စကားပြောနိုင်တဲ့ ဝိညာဉ်သားရဲတစ်ကောင်
"ကလေးမလေး.. မင်းသာ ငါ့ကို အပြင်ခေါ်သွားမယ်လို့ ကတိပေးရင် မင်းကို ဆုတစ်ခု ပေးမယ်"
နားထဲဘယ်ကမှန်းမသိ၀င်လာသော ထိုစကားကြောင့် ကျန်းနန်နန်၏ မျက်လုံးများ အရောင်လက်သွားသည်။ ဒါက နှစ်ပေါင်းတစ်သိန်းကျော် ဝိညာဉ်သားရဲ
"ဆရာကြီး.. ခေါ်သွားရင်ရောဘယ်လိုလဲ..." ကျန်းနန်နန် အနည်းငယ် အားနာစွာ ပြောသည်။
လုံရှင်းထျန်း နဖူးကို ကိုင်လိုက်ပြီး ထရပ်ကာ ဝက်၏ နားကို ဆွဲ၍ ဝက်ခြံထဲ ပြန်ဆွဲထည့်ရန် ကြိုးစားသော်လည်း ဝက်ဝက်ကြီးမှာ မြေပြင်ပေါ် လဲကျကာ အော်ဟစ်နေသည်။
"ဆရာ.. သူမက... အဖိုဓာတ် လိုနေတာလား..." ရွှီချင်းဟယ် လုံရှင်းထျန်း၏ နားထဲသို့ တိုးတိုးလေး ပြောသည်။
"..."
လုံရှင်းထျန်း သူ၏ နဖူးကို ရိုက်လိုက်သည်။
"ဒါကို ငါ တကယ်ပဲ မေ့သွားတာ"
စနစ်က ဝက်များကို ဆုချစဉ်က အသားနုစေရန်အတွက် ဝက်ဖိုများကို သင်းကွပ်ခဲ့ပြီး ဝက်မများကို ချန်ထားခဲ့သည်။ ဝက်မကြီး ကိုသာ မျိုးဆက်ပွားရန် ချန်ထားခဲ့သော်လည်း ဝက်ဖိုအားလုံးမှာ မမျိုးပွားနိုင်တော့ပေ။
နောက်ကျမှ ဝက်မကြီးအတွက် အဖိုရှာပေးမည်ဟု သူ တွေးထားခဲ့သည်။
"ဒီလောက် အရေးကြီးတဲ့ အရာကို ငါ မေ့သွားရသလား"
လုံရှင်းထျန်း ဝက်မကြီးကို လှည့်ကြည့်သည်။ ဒီဝက်က လူတစ်ယောက်လို ရှက်တတ်ပြီး ဟိုယိမ်းဒီယိမ်း လုပ်နေသည်။
လက်ဖြင့်သူ၏ မျက်နှာကို ဖုံးလိုက်သည်။ ကြည့်ကို မကြည့်ရက်တော့ဘူး..
"ကောင်းပြီ.. ကောင်းပြီ"
လုံရှင်းထျန်း အစာအိတ် တစ်အိတ်ကို ထုတ်၍ ကျန်းနန်နန်ကို ပစ်ပေးလိုက်သည်။
"ဝက်မကြီးကို ခေါ်ပြီး သွားတော့ ဝိညာဉ်သားရဲ တစ်ကောင်က စားသွားရင်လည်း သူ့ကံပဲ"
"ဂွတ်… ဂွတ်.. ဂု.. ဂု (ကျေးဇူးတင်ပါတယ် ဆရာကြီး ကျွန်မ ဝက်ကလေးတွေ အများကြီး မွေးပြီး ဆရာ့ဆီ ပြန်ခေါ်လာခဲ့မယ်)"
ဝက်မကြီးမှာ ပျော်ရွှင်စွာ ခုန်ပေါက်နေသည်။ သူမသည် ကျန်းနန်နန်ထံမှ သွေးမျိုးဆက် သန့်စင်သော ဝိညာဉ်သားရဲ၏ အရှိန်အဝါကို ခံစားမိသည် ခြံဝင်းအတွင်းတွင် ဆရာကြီးက မျိုးစိတ်ကွဲ ခွင့်မပြုသော်လည်း အပြင်တွင်မူ မတူပေ။
"..."
လုံရှင်းထျန်း သူမကို ကန်ထုတ်လိုက်ပြီး ကျန်းနန်နန် အလျင်အမြန် နောက်မှ လိုက်သွားသည်။
"ဝုတ်.. ဝုတ် (ဆရာကြီး.. ကျွန်တော်လည်း အပြင်သွားချင်တယ်)"
"ဝမ်ချိုင်.. ထွက်သွားစမ်း"
"မူး မူး မူး (ဆရာကြီး.. ကျွန်တော်လည်း ဇနီးသည် လိုချင်တယ်)"
"နွားကြီး.. အော်မနေနဲ့တော့.. အခွင့်အရေးရရင် မင်းအတွက် အဖော်ရှာပေးမယ်"
"ဒီစနစ်က တစ်ကိုယ်တည်းသမား စနစ် မဟုတ်ဘူးမလား... မျိုးစိတ်တစ်ဝက်ပဲ ပေးတာ.. ပြောစရာ စကားတောင် မရှိတော့ဘူး"
လုံရှင်းထျန်း နဖူးကို ပွတ်လိုက်ပြီး လှဲချလိုက်သည်။ တံခါးဝမှ ထွက်ခွာသွားသော ဝက်မကြီးကို ကြည့်ရင်း ခြံဝင်းတစ်ခုလုံးမှ တိရစ္ဆာန်များမှာ မနာလိုစွာ မျက်ရည်ကျနေကြသည်။
"အရမ်း မနာလိုဖို့ ကောင်းလိုက်တာ"
"ဝက်မကြီးက ကျွန်တော်တို့ ခြံဝင်းထဲမှာ ရှိတဲ့ ရှားပါးတဲ့ အမ တစ်ကောင်ပဲ.. ဆရာကြီးက မျိုးစိတ်ကွဲ ခွင့်မပြုတော့ ကျွန်တော်တို့ သည်းခံနေရတာ အရမ်း မသက်မသာ ဖြစ်ရတယ်"
"ဟူး.. ဝိညာဉ်ကျင့်ကြံသူ လူသားတွေ ငါ့တို့ခြံ၀င်းဆီ ပိုလာဖို့ မျှော်လင့်ပါတယ်.. အဲဒါက ငါတို့ အပြင်ထွက်ဖို့ အခွင့်အရေး ကောင်းတစ်ခု ဖြစ်နိုင်တယ်"
"ပြောတာ မှန်တယ်"
"..."
"ဆရာ.. တပည့် ဒီတစ်ခါ ပြန်လာတာက အကူအညီ နှစ်ယောက်လောက် လိုချင်လို့ပါ"
တိရစ္ဆာန်များ ဆွေးနွေးနေစဉ် ရွှီချင်းဟယ် ရုတ်တရက် ပြောလာသည်။ ထိုအခါ တိရစ္ဆာန်များစွာမှာ လည်ပင်းကို ဆန့်လိုက်ကြသည်။
သူတို့၏ မျက်လုံးများ အရောင်လက်သွားကြသည်
အခွင့်အရေး ရောက်လာပြီ..