ဝါးတောခြံဝင်းအတွင်း၌ လုံရှင်းထျန်း သည် အာရို ၏ နှိပ်နယ်ပေးမှုကို ခံယူနေပြီး မိန်းကလေးငယ်နှစ်ဦးက အသီးအနှံများ ကျွေးနေကာ ငါးမျှားတံကို ကိုင်ထားရင်း အေးအေးလူလူ ရှိနေသည်။
ဗုန်း..
ရုတ်တရက် ခြံဝင်းတံခါးကို အားရပါးရ တွန်းဖွင့်လိုက်သည်။
ဝုတ်…ဝုတ်…
အနက်ရောင် ခွေးကြီးက ဒေါသတကြီး ဟောင်လိုက်သည်။ ရွှီချင်းဟယ် ဖြစ်ကြောင်း သိလိုက်ရသောအခါ ပို၍ပင် အော်ဟစ်လိုက်သည်။
"မင်းက ဘာဖြစ်လာတာလဲ... ပုံမှန်အတိုင်း ပြန်လာမယ်လို့ ထင်ထားတာ.. မင်းကတော့ တကယ့်ကို..."
"ဟင်..."
လုံရှင်းထျန်း နေကာမျက်မှန်ကို ပင့်တင်လိုက်သည်။ သူသည် ရွှီချင်းဟယ်ကို ဆူပူရန် ပြင်ဆင်နေစဉ် သူ၏ လက်ထဲတွင် မိန်းကလေးတစ်ယောက်ကို ဆွဲခေါ်လာသည်ကို တွေ့လိုက်ရသဖြင့် ထိုင်ခုံပေါ်မှ အလျင်အမြန် ထရပ်လိုက်သည်။
ဒီတပည့်လေး ရည်းစားရသွားတာလား... သူ ထွက်သွားတာ ဘယ်နှစ်ရက်တောင် ရှိသေးလို့လဲ။ ကလေးတွေက ဆိုးသွမ်းတဲ့ အရွယ်ရောက်လာပြီဆိုရင်တော့ ဒီအတိုင်းပဲလား။ ကံကောင်းတာက ဒီကောင်လေးက ငါ့တပည့် ဖြစ်နေလို့ပေါ့
"ဆရာ"
ရွှီချင်းဟယ်က ခေါ်လိုက်ပြီး ကျန်းနန်နန် ကို အထဲဝင်လာရန် လက်ဟန်ပြလိုက်သည်။ ကျန်းနန်နန်မှာမူ အံ့အားသင့်လျက် အေးခဲနေသည်။ သူမ ဘာကို မြင်လိုက်ရတာလဲ... ဝိညာဉ်သားရဲတစ်ကောင်က စကားပြောနေတာလား...
ထို့နောက် အနက်ရောင် ခွေးကြီးထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် ဖိအားများနှင့် သတ်ဖြတ်လိုသော အရှိန်အဝါများက သူမကို လွှမ်းခြုံသွားသည်။ ၁၀၀,၀၀၀ နှစ်သက်တမ်းရှိ ဝိညာဉ်သားရဲ ဒီခွေးကြီးက တကယ်ပဲ ၁၀၀,၀၀၀ နှစ်သားရဲ ဖြစ်နေတာလား...
"ဘာကို ကြည့်နေတာလဲ..." ခွေးကြီးက စူးစိုက်ကြည့်လိုက်ရာ ကျန်းနန်နန်မှာ ကြောက်လန့်တကြားဖြင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။
"အာ" သူမ၏ စိတ်အခြေအနေမှာ ပြိုလဲလုနီးပါး ဖြစ်သွားသည်။ ထိုအခိုက်တွင် လက်ကြီးတစ်ဖက်က ထိုဖိအားများကို ဖျက်ဆီးလိုက်သည်။
"ပါးစပ်ပိတ်ထားလိုက်စမ်း"
လုံရှင်းထျန်းသည် ခွေးကြီးကို ဖမ်းဆွဲလိုက်ပြီး ဟိုဘက်ကို ပစ်လိုက်သည်။
"..." ကျန်းနန်နန် မျက်လုံးများ ပြူးကျယ်သွားသည်။ ၁၀၀,၀၀၀ နှစ် ဝိညာဉ်သားရဲကို ဒီလောက်လွယ်လွယ်လေး ပစ်လိုက်တာလား... ဒါ လူရော ဟုတ်သေးရဲ့လား...
လုံရှင်းထျန်းက နွေးထွေးစွာ ပြုံးလိုက်သည်။
"ချင်းဟယ်.. ဒီမိန်းကလေးက ဘယ်သူလဲ..."
ရွှီချင်းဟယ် ခေါင်းကုတ်လိုက်သည်။
သူသည် အကယ်ဒမီတစ်ခု တည်ထောင်လိုက်ပြီး အိမ်နီးချင်း အကယ်ဒမီမှ ကျောင်းသူတစ်ဦးကို လိမ်ခေါ်လာမိကြောင်း ရှင်းပြရန် စကားလုံးများကို စုစည်းနေသည်။
လုံရှင်းထျန်းသည် သူ၏ အမူအရာကို မြင်ပြီး သားဖြစ်သူ ရည်းစားကို ပထမဆုံးအကြိမ် အိမ်ခေါ်လာခြင်းဟု ယူဆလိုက်သည်။
ကောင်းလိုက်တာ ဆရာတောင် မိန်းမမရသေးဘူး.. တပည့်က အရင်ရသွားပြီပေါ့
"ဆ, ဆရာကြီး" ကျန်းနန်နန်က ဝင်ပြောလိုက်သည်။
"ကျွန်မက ရှီလိုင်ခဲ့အကယ်ဒမီ က ကျန်းနန်နန်ပါ။ ဒီလူက ကျွန်မတို့ ရှီလိုင်ခဲ့အကယ်ဒမီထက် 'လုံကျန်းအကယ်ဒမီ' က ပိုကောင်းတယ်ဆိုပြီး ဂိုဏ်းပြောင်းဖို့ ခေါ်လာတာပါ"
"ဟူး…" လုံရှင်းထျန်း သက်ပြင်းချလိုက်သည်။ ရည်းစားမဟုတ်ဘူးပေါ့.. ဒါဆိုရင်တော့ ကိစ္စမရှိဘူး။
ဒါပေမဲ့... "နေပါဦး..." သူ၏ ဦးနှောက်က ခဏရပ်သွားသည်။
"လုံကျန်းအကယ်ဒမီ... ရှီလိုင်ခဲ့အကယ်ဒမီ... မင်း အကယ်ဒမီ တည်ထောင်လိုက်တာလား..."
"ဆရာ ပြောထားတာ မဟုတ်ဘူးလား... ကျွန်တော် ထွက်သွားခင်က ' လုံထျန်း' ဆိုတဲ့ နာမည်ကို သုံးပြီး အဖွဲ့အစည်းထောင်ခိုင်းထားတာလေ" ရွှီချင်းဟယ် ခေါင်းကုတ်ရင်း ပြန်ဖြေသည်။
"....."
‘လုံရှင်းထျန်းမှာ မေးခွန်းထုတ်စရာများ ပြည့်နှက်နေသည်။ ငါက မင်းကို အပြင်မှာ ရန်သူတွေ မသိအောင် နာမည်အတု သုံးခိုင်း ရုံပါကွာ.. ဒီလောက်ထိ ဂိုဏ်းထောင်ခိုင်းတာ မဟုတ်ဘူး နောက်ပြီး ရှီလိုင်ခဲ့အကယ်ဒမီနဲ့ ဘယ်လိုလုပ် ပတ်သက်သွားတာလဲ…’
"နေပါဦး.. မင်း နာမည်က ရွှီချင်းဟယ် မဟုတ်လား..."
"ဆရာ.. ကျွန်တော့်ကို မမှတ်မိတော့ဘူးလား..." ရွှီချင်းဟယ် မျက်လုံးပြူးသွားသည်။
လုံရှင်းထျန်းသည် ကျန်းနန်နန်ကို ငုံ့ကြည့်လိုက်သည်။
"မင်း နာမည်က ကျန်းနန်နန်... ရှီလိုင်ခဲ့အကယ်ဒမီက ကျောင်းသူ..."
"ဟုတ်…ဟုတ်ပါတယ် ဆရာကြီး" ကျန်းနန်နန်မှာ ကြောက်ရွံ့စွာ ဖြေလိုက်သည်။
တစ်ခုခုတော့ မှားနေပြီ…
လုံရှင်းထျန်းသည် ထိုင်ခုံတွင် ပြန်ထိုင်လိုက်ပြီး အနီးရှိ မိန်းကလေးများကို ကြည့်လိုက်သည်။
"မင်း နာမည်က နင်ရုံရုံ ..."
"အမှိုက်ကြီး.. ဘာလဲ..." နင်ရုံရုံက နှုတ်ခမ်းစူ၍ ပြန်ပြောသည်။
"မင်း နာမည်က ဟူလီနာ..."
"ရွံစရာကောင်းလိုက်တာ" ဟူလီနာက မျက်နှာလွှဲလိုက်သည်။
"အာရို..."
"သခင်.. ဘာဖြစ်လို့လဲ..." အာရိုက မေးသည်။
လုံရှင်းထျန်း ခေါင်းရှုပ်သွားသည်။
ဒါက သုန့်လော် တိုက်ကြီးပဲ ဒါပေမဲ့ ကျန်းနန်နန်နဲ့ ကျန်တဲ့သူတွေက တစ်ခေတ်တည်းမှ မဟုတ်တာ..
"မင်း ရှီလိုင်ခဲ့ခုနှစ်ဖော် ကို သိလား... ထန်ဆန်း ကို သိလား..."
ကျန်းနန်နန်၏ မျက်လုံးများတွင် လေးစားမှုများ ပေါ်လာသည်။
"ဆရာကြီး.. သုန့်လော် တိုက်ကြီးမှာ ရှီလိုင်ခဲ့ခုနှစ်ဖော်နဲ့ ထန်ဆန်းကို ဘယ်သူမသိဘဲ ရှိမလဲ သူတို့က လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀,၀၀၀ က နတ်ဘုရား ဖြစ်သွားကြတာလေ"
"နှစ်ပေါင်း ၁၀,၀၀၀... ဘာတွေပြောနေတာလဲ..." ရွှီချင်းဟယ်က အံ့ဩသွားသည်။
လုံရှင်းထျန်း…အခြေအနေကို နားလည်သလိုရှိသွားသည်။
ရွှီချင်းဟယ်က နှစ်ပေါင်း ၁၀,၀၀၀ အကြာကို ရောက်သွားပြီး ကျန်းနန်နန်ကို ခေါ်လာခဲ့တာလား... ဒါမှမဟုတ် ဒါက အပြိုင်စကြာဝဠာလား...
လုံရှင်းထျန်း သဘောပေါက်သွားသည်။ ငါ့ရဲ့ ကူးပြောင်းလာမှုက အချိန်နဲ့ နေရာ အတားအဆီးတွေကို ဖြိုခွင်းလိုက်ပြီး ငါရှိနေတဲ့နေရာကနေတစ်ဆင့် ကမ္ဘာတွေ ပေါင်းဆုံသွားတာပဲ
ငါက ကမ္ဘာအများအပြားရဲ့ ဆုံမှတ်ပဲ..
လုံရှင်းထျန်း အသက်ရှူမှားသွားသည်။ သူသည် ထန်ဆန်းခေတ်.. ဟော့ယွီဟောက် ခေတ်.. နောက်ဆုံး ထန်ဝူလင် ခေတ်တွေအထိ ဆက်သွယ်မိနေတာလား...
ခြံဝင်းအတွင်း တိတ်ဆိတ်သွားသည်။ လုံရှင်းထျန်းသည် လူတိုင်းကို ငေးကြည့်ရင်း ထိုအမှန်တရားကို ပြောသင့်.. မပြောသင့် စဉ်းစားနေတော့သည်။