ရွှီချင်းဟယ်သည် သူ၏ အတောင်ပံများကို ခတ်လျက် ကောင်းကင်အမြင့်မှနေ၍ အောက်တွင် အသံထွက်ပေါ်လာသည့် တောအုပ်ကို ငုံ့ကြည့်လိုက်သည်။
ထိုနေရာတွင် လူအနည်းငယ်ရှိနေသည်။ အနက်ရောင်ဝတ်ရုံဖြင့် လူများသည် သစ်ပင်ထိပ်များတွင် ခိုအောင်းနေကြပြီး အောက်တွင် ဝိညာဉ်သားရဲတစ်ကောင်နှင့် တိုက်ခိုက်နေသည့် မိန်းကလေးငယ်ကို အထင်အမြင်သေးစွာ ကြည့်နေကြသည်။
ထိုမိန်းကလေးသည် အသက် ၁၄ နှစ်ခန့်ရှိပြီး ရွှေရောင်ဆံနွယ်များ နောက်ကျောထိ ကျနေသည်။
သူမ၏ ဝန်းကျင်တွင် ဝါရောင် ဝိညာဉ်ကွင်း နှစ်ခု လွင့်မျောနေပြီး သူမသည် ဝိညာဉ်သားရဲနှင့် အသည်းအသန် တိုက်ခိုက်နေသည်။
သူမ၏ ခန္ဓာကိုယ်မှ အရှိန်အဝါကို ကြည့်ခြင်းအားဖြင့် အဆင့် ၃၀ သို့ တက်လှမ်းထားသည်မှာ ကြာပြီမဟုတ်ကြောင်း သိသာသည်။
ရွှီချင်းဟယ် ရပ်တန့်လိုက်ရသည့် အဓိကအကြောင်းရင်းမှာ သူမထံမှ ရင်းနှီးနေသော အရှိန်အဝါတစ်ခုကို ခံစားမိ၍ဖြစ်သည်။
'အရိုးပျော့ယုန် ဝိညာဉ်'
လုံရှင်းထျန်း နှင့် အတူတူ နေထိုင်လာပြီးနောက် အာရို နှင့် သူမ၏ သမီးတို့အကြောင်းကို သူ ကောင်းကောင်း သိသည်။
သူသည် ယုန် ဝိညာဉ်ကျင့်ကြံသူများကို မြင်လျှင် အမြဲတမ်း စိတ်ဝင်တစား ရှိတတ်သည်။ အထူးသဖြင့် ဆရာဖြစ်သူက ရှောင်ဝူ၏ အရိပ်အယောင်ကို ရှာဖွေရန် တာဝန်ပေးထားသည့်အတွက် ယုန် ဝိညာဉ်ပိုင်ရှင်များကို တွေ့တိုင်း သူ အမြဲတမ်း စစ်ဆေးကြည့်လေ့ရှိသည်။
"ယောကျာ်းသားတစ်စုလုံးက မိန်းကလေးငယ်လေးတစ်ယောက် ဝိညာဉ်သားရဲနဲ့ တိုက်နေတာကို ထိုင်ကြည့်နေပြီး တစ်ယောက်မှ ကူညီဖို့ မထွက်လာဘူးလား..."
ရွှီချင်းဟယ် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် အရှိန်ကို လျှော့ချလိုက်ပြီး လေးနှင့်မြှားကို လျင်မြန်စွာ ထုတ်ယူလိုက်သည်။
ဝူး..
ပြတ်သားသော မြှားတစ်စင်းသည် လေကို ထက်ခနဲ ခွင်းကာ ဝိညာဉ်စွမ်းအား မုန်တိုင်းဖြင့် လွင့်စင်သွားသည်။ အောက်ရှိလူများက မော့ကြည့်လိုက်ချိန်တွင် လေကို ခွင်းလာသော မြှားကို မြင်လိုက်ရသည်။
ဗုန်း..
မြှားတစ်စင်းတည်းဖြင့် နှစ်ထောင်ချီ သက်တမ်းရှိ ဝိညာဉ်သားရဲမှာ မြေပြင်သို့ လဲကျသွားသည်။
"ဘယ်သူလဲ..." လူတိုင်း ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။
"တကယ့်ကို ရှက်စရာကောင်းလိုက်တာ.. လူကြီးလူကောင်းတွေ ဖြစ်ပါလျက်နဲ့ မိန်းကလေးငယ်ကို အနိုင်ကျင့်နေတာလား"
ရွှီချင်းဟယ်သည် ကောင်းကင်မှ နတ်သားတစ်ပါးကဲ့သို့ ဖြည်းညင်းစွာ ဆင်းသက်လာသည်။ သူသည် အောက်ရှိလူများကို အထင်သေးစွာ ကြည့်လိုက်သည်။
"မင်းတို့ရဲ့ ဝတ်စုံကို ကြည့်ရတာ ဂိုဏ်းတစ်ခုခုက ကျောင်းသားတွေ ဖြစ်မှာပေါ့။ ကိုယ့်ဂိုဏ်းက ကျောင်းသားကို ဝိညာဉ်ကွင်း ရှာပေးရင်းနဲ့တောင် အကူအညီ မပေးဘဲ ကြည့်နေကြတာလား..."
သူ ပြောနေရင်းနှင့်ပင် သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဝိညာဉ်ကွင်း ခြောက်ခု ပေါ်လာသည်။
အဆင့်ခြောက် ဝိညာဉ်ဧကရာဇ်..
ချက်ချင်းပင် ဝိညာဉ်စွမ်းအား၏ ဖိအားများဖြင့် ပြည့်နှက်သွားပြီး လူတိုင်း ချွေးပြန်လာကြသည်။
"မင်းက ဘယ်သူလဲ..."
ခေါင်းဆောင်ဖြစ်သူ အနက်ရောင်ဝတ်ရုံဖြင့် လူက မေးလိုက်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင်လည်း ဝိညာဉ်ကွင်း ငါးခု ပေါ်လာသည်။
"ငါတို့ ရှီလိုင်ခဲ့အကယ်ဒမီ ရဲ့ ကိစ္စကို ပြင်ပလူက ဝင်မစွက်ဖက်နဲ့"
ရှီလိုင်ခဲ့အကယ်ဒမီ...
ရွှီချင်းဟယ် မျက်နှာ တောင့်ခဲသွားသည်။ သူ၏ 'လုံကျန်းအကယ်ဒမီ' ဘေးရှိ ကျောင်းလေး မဟုတ်လား။ အဲဒီ ကျောင်းတော်က ဘယ်တုန်းက ဒီလောက် အရည်အချင်းရှိတဲ့ ကျောင်းသားမျိုး ရသွားတာလဲ...
"ဒါဆို ရှီလိုင်ခဲ့အကယ်ဒမီပေါ့" သူက အနည်းငယ် ပြုံးလိုက်သည်။
"မင်းတို့ကို ဒီလောက် အေးစက်ပြီး ရက်စက်တဲ့သူတွေ ဖြစ်အောင် သင်ပေးထားတာ မဆန်းပါဘူး"
"မင်း ဘယ်လိုပြောလိုက်တာလဲ..." လူအုပ်ကြီး ဒေါသထွက်သွားကြသည်။ ရှီလိုင်ခဲ့အကယ်ဒမီသည် သုန့်လော် တိုက်ကြီးပေါ်တွင် ထိပ်တန်းဂိုဏ်းဖြစ်သည်။
"မင်းတို့က မင်းတို့ရဲ့ ကျောင်းအုပ်ကြီးလိုပဲ.. စကားပြောကောင်းပေမဲ့ အစွမ်းကတော့ အမှိုက်ပဲ"
လူအုပ်ကြီးသည် အမျက်ထွက်ပြီး ရွှီချင်းဟယ်ကို တိုက်ခိုက်ရန် ပြေးဝင်လာကြသည်။ ရွှီချင်းဟယ်သည် လေးကို ထပ်မံ ဆွဲလိုက်သည်။
ဝှစ်.. ဝှစ်.. ဝူး..
မြှားအချက်ပေါင်းများစွာ ထွက်ပေါ်လာပြီး လူတိုင်း၏ အရေးကြီးသည့် နေရာများကို ထိုးဖောက်သွားသည်။
"စီနီယာ.. အလျော့ပေးလိုက်ပါ" ကျန်းနန်နန် အော်လိုက်သည်။
ထိုလူများသည် မကောင်းသော်လည်း သူမရှေ့တွင် အသေခံခြင်းကို သူမ မလိုလားပေ။
"ဟင်..." ရွှီချင်းဟယ် ခေါင်းလှည့်လိုက်သည်။ လူများအားလုံးမှာ မြှားချက်ကြောင့် ပွဲချင်းပြီး သေဆုံးသွားကြပြီ။
"ညီမလေး.. မင်းလည်း ရှီလိုင်ခဲ့အကယ်ဒမီက ကျောင်းသားပဲလား..."
"ကျွန်မ ကျန်းနန်နန်ပါ စီနီယာ့ကို ဂါရဝပြုပါတယ်" သူမ အနည်းငယ် ကြောက်လန့်နေသည်။
"မင်းရဲ့ စိတ်ဓာတ်က တော်တော်လေး ကောင်းတယ်။ 'လုံကျန်းအကယ်ဒမီ' ကို ဝင်ဖို့ စိတ်ဝင်စားလား... ရှီလိုင်ခဲ့အကယ်ဒမီက ပေးနိုင်တာထက် အဆတစ်ရာ ပိုကောင်းတဲ့ အကျိုးခံစားခွင့်တွေကို ငါတို့ ဂိုဏ်းက ပေးနိုင်တယ်"
"စီနီယာ... ရှီလိုင်ခဲ့အကယ်ဒမီကလည်း တော်ပါတယ်" ကျန်းနန်နန်က ရှီလိုင်ခဲ့အကယ်ဒမီကို ခုခံပြောလိုက်သည်။
"..." ရွှီချင်းဟယ် မျက်ခုံးပင့်လိုက်သည်။
"မင်း အကယ်ဒမီဝင်ဖို့ ပိုက်ဆံပေးခဲ့ရလား... အခက်အခဲ ဖြစ်တဲ့အခါ သူတို့ ကူညီပေးခဲ့လား... မင်း မြေကြီးပေါ် ဒူးထောက်ငိုကြွေးနေတဲ့အခါ သူတို့ လက်ကမ်းပေးခဲ့လား... ဖြေပါ"
သူ့အသံ ကျယ်လောင်သွားသဖြင့် ကျန်းနန်နန် တုန်ယင်သွားသည်။ ပြန်တွေးကြည့်လိုက်သောအခါ သူမ အခက်အခဲ ဖြစ်နေစဉ်က မည်သူမျှ ကူညီပေးခဲ့ခြင်း မရှိသည်ကို သတိပြုမိသည်။
"မင်းတို့ အကယ်ဒမီက တကယ်ပဲ တရားမျှတတယ်လို့ ထင်နေတာလား... တကယ့်တကယ်ကျတော့ ပိုက်ဆံရှိတဲ့သူတွေပဲ အောင်မြင်ကြတာလေ"
ရွှီချင်းဟယ်၏ စကားကြောင့် ကျန်းနန်နန် စိတ်ထဲတွင် ယုံမှားသံသယများ ဖြစ်ပေါ်လာသည်။
"ဒါပေမဲ့..."
ရွှီချင်းဟယ်က အခွင့်အရေးကို လက်မလွတ်စေဘဲ -
"ဒီမှာ ရွှေဒင်္ဂါး တစ်သိန်းရှိတယ် ရှီလိုင်ခဲ့အကယ်ဒမီကနေ ထွက်ပြီး ငါတို့ ဂိုဏ်းကို လာခဲ့ရင် ဒါတွေအားလုံး မင်းပိုင်ပဲ"
"ရွှေဒင်္ဂါး တစ်သိန်း..." ကျန်းနန်နန် အသက်ရှူပင် ရပ်သွားသည်။ သူမသည် ဆင်းရဲသော မိသားစုမှ ဆင်းသက်လာသူ ဖြစ်ရာ ဤမျှများပြားသော ပိုက်ဆံကို တစ်ခါမှ မမြင်ဖူးပေ။
"ဒါပေမဲ့... 'လုံကျန်းအကယ်ဒမီ' ဆိုတာ ကျွန်မ တစ်ခါမှ မကြားဖူးပါဘူး..."
"အခုမှ စတင်တည်ထောင်ထားတာမို့လို့ပါ ဒါပေမဲ့ ဒါက မင်းအတွက် အကြီးမားဆုံး အခွင့်အရေးပဲ မင်း နတ်ဘုရား ဖြစ်လာနိုင်တဲ့ အထိကို လမ်းပြပေးမှာ"
နတ်ဘုရား ဖြစ်လာနိုင်တယ်... ကျန်းနန်နန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"မယုံဘူးလား... ငါ့ဆရာနဲ့ သွားတွေ့လိုက်ရင် နတ်ဘုရား ဖြစ်တယ်ဆိုတာ ဘယ်လောက် လွယ်သလဲဆိုတာ မင်း သိသွားလိမ့်မယ်"
ရွှီချင်းဟယ်သည် ကျန်းနန်နန်ကို ဆွဲခေါ်ကာ ကောင်းကင်သို့ ပျံတက်မလို့လုပ်လိုက်သည်။
"သွားကြမယ်"
"စောင့်ပါဦးစီနီယာ ကျွန်မ ဝိညာဉ်ကွင်း စုပ်ယူရဦးမယ်"