"စီနီယာ.. ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ပြောပြပေးပါ"
ပီပီတုန်း က အရင်ဆုံး စကားစလိုက်သည်။ သူမသည် အစက စောင့်ကြည့်ချင်ခဲ့သော်လည်း ယခုအခါတွင်မူ မထိန်းနိုင်တော့ပေ။
လုံရှင်းထျန်း၏ ထိန်းချုပ်မှုကို ခံရခြင်း သို့မဟုတ် သူ့နောက်လိုက်ဖြစ်သွားခြင်းထက် အဖိုးမဖြတ်နိုင်သော ဆေးမြစ်များရှိသည့် နေရာကိုသာ သူမပိုင်ဆိုင်နိုင်မည်ဆိုပါက သူမ၏ လွှမ်းမိုးမှုသည် အဆမတန် တိုးတက်လာမည်ဖြစ်သည်။
"စီနီယာ.. ဒီငယ်သားက ပိုင်ဆိုင်သမျှ အရာအားလုံးကို ပေးဆပ်ဖို့ အဆင်သင့်ရှိပါတယ်..ကျေးဇူးပြုပြီး အခွင့်အရေးက ဘယ်မှာလဲဆိုတာ ပြောပြပေးပါ" ပီပီတုန်းက လေးစားစွာ ပြောလိုက်သည်။
"စီနီယာ.. ဒီငယ်သားလည်း အရာအားလုံးကို ပေးအပ်ဖို့ အဆင်သင့်ပါပဲ" နင်ဖုန်းဇီ ကလည်း နောက်မကျစေရဘဲ ဝင်ပြောသည်။
"အို..."
လုံရှင်းထျန်းက အထင်သေးသည့် အပြုံးဖြင့် တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ပီပီတုန်းကို မေးလိုက်သည်။
"တကယ်လို့ ရာခရှာ နတ်ဘုရားရဲ့ အမွေကို စွန့်လွှတ်ရမယ်ဆိုရင်ရော မင်းက လက်ခံနိုင်ပါ့မလား..."
ဗုန်း..
စကားတစ်ခွန်းတည်းဖြင့် မိုးကြိုးပစ်လိုက်သကဲ့သို့ ဖြစ်သွားသည်။
ရာခရှာ နတ်ဘုရား အမွေ...
လူတိုင်းသည် ပီပီတုန်းကို တစ်ပြိုင်နက် လှည့်ကြည့်လိုက်ကြသည်။
နတ်ဘုရားတစ်ပါး…
သူတို့ထက် မြင့်မားပြီး ဝေးကွာလှသော နယ်ပယ်တစ်ခုတွင် ရှိနေသည့်အရာ။
ပီပီတုန်းသည် နတ်ဘုရားတစ်ပါး၏ အရိုက်အရာကို ဆက်ခံမည့်သူဖြစ်နေလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။ ထိုအချက်က သူတို့ကို မတုန်လှုပ်စေဘဲ ဘယ်နေပါ့မလဲ။
သို့သော် ပီပီတုန်း၏ တုန်လှုပ်မှုမှာလည်း အခြားသူများထက် မလျော့နည်းပေ။
လုံရှင်းထျန်း၏ စကားကို ကြားလိုက်ရချိန်တွင် သူမသည် လျှပ်စစ်ဓာတ်လိုက်ခံလိုက်ရသကဲ့သို့ နေရာတွင်ပင် တောင့်ခဲသွားသည်။
လုံရှင်းထျန်းက သူမသည် ရာခရှာ နတ်ဘုရား၏ အရိုက်အရာကို ဆက်ခံမည့်သူဖြစ်ကြောင်း တကယ်သိနေသည်ပေါ့။
"ငါ့ရှေ့မှာ မင်းတို့၌ လျှို့ဝှက်ချက်ဆိုတာ လုံးဝမရှိဘူး"
လုံရှင်းထျန်းသည် ထရပ်လိုက်ပြီး ရှေ့သို့ နှစ်လှမ်းတိုးကာ လူအုပ်ကို ကျောပေးလိုက်သည်။
သူ၏ အတုမဲ့ ကျွမ်းကျင်သူတစ်ဦး၏ အရှိန်အဝါသည် လေထုထဲတွင် ပျံ့နှံ့သွားပြီး လူတိုင်း အသက်ရှူပင် မဝနိုင်အောင် ဖိအားပေးလိုက်သည်။
သူက ဆက်ပြောသည် -
"ပီပီတုန်း.. မင်း ပြန်တွေးဖို့တောင် မဝံ့ရဲတဲ့ အတိတ်က အကြောင်းတွေကို ငါ မပြောတော့ဘူး..မင်း ရာခရှာ နတ်ဘုရားရဲ့ အရိုက်အရာကို ဆက်ခံသူ ဖြစ်လာပုံအကြောင်းပဲ ပြောရမလား..."
လူတိုင်းသည် စိတ်ဝင်တစား နားထောင်နေကြသည်။ ပီပီတုန်း၏ အရှိန်အဝါသည် အေးစက်သွားပြီး သူမ၏ မျက်လုံးများထဲတွင် မကောင်းသော ရည်ရွယ်ချက်များ ပေါ်လာသည်။
"ဝုတ်…ဝုတ်…"
လုံရှင်းထျန်း၏ ခြေရင်းတွင်ရှိသော အနက်ရောင် ခွေးကြီးသည် ခေါင်းကို စောင်းကာ ပီပီတုန်းကို ဒေါသတကြီး ဟောင်လိုက်သည်။
"သခင်ကို မလေးမစား လုပ်ရဲတယ်ပေါ့..."
ဗုန်း
မခံမရပ်နိုင်သော ဖိအားများ ကျရောက်လာသည်။ အနက်ရောင် ခွေးကြီး၏ မူလ သိမ်မွေ့သော ပုံရိပ်သည် ခေါင်းသုံးလုံးပါသော ရုပ်သွင်အဖြစ် ပြောင်းလဲသွားပြီး တောင်ကြီးတစ်လုံး ပြိုကျလာသကဲ့သို့ ကြောက်မက်ဖွယ် ဖိအားများဖြင့် ဖိနှိပ်လိုက်သည်။
"ဝေါ့" ပီပီတုန်းသည် သွေးတစ်ပွက် အန်ထုတ်လိုက်ပြီး မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်။
"..."
လုံရှင်းထျန်းသည် နောက်လှည့်ကြည့်ကာ မျက်ခုံးပင့်လိုက်သည်။ သူသည် ဘာအာဏာမှလည်း မသုံးရသေးဘဲနှင့် ပီပီတုန်းက ဘာလို့ သွေးအန်သွားတာလဲ...
"စီနီယာ... စီနီယာ"
ပီပီတုန်းသည် တစ်ကိုယ်လုံး တုန်ယင်လျက် အားနည်းစွာဖြင့် ပြောလိုက်သည် -
"ဒီငယ်သားက မယဉ်ကျေးခဲ့မိလို့ပါ စီနီယာအနေနဲ့ အပြစ်မတင်ပါနဲ့"
အခြားသူများလည်း ကြောက်ရွံ့မှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် အနက်ရောင် ခွေးကြီးကို ကြည့်နေကြသည်။
နှစ်သန်းချီ သက်တမ်းရှိ ဝိညာဉ်သားရဲ ဆိုသည်မှာ တကယ်ပင် ကြောက်စရာကောင်းလှသည်။
လုံရှင်းထျန်းက လက်ကို ဝှေ့ယမ်းလိုက်သည်။ "မင်းတို့ ငါ့ဆီက တစ်ခုခု ရချင်တယ်ဆိုရင်တော့ စျေးတစ်ခုခု ပေးရမှာပဲ…မင်းတို့ တစ်ယောက်ချင်းစီအကြောင်းကို ငါ အကုန်သိတယ်"
သူသည် သူတို့ကို အကဲခတ်သည့် အပြုံးဖြင့် တစ်ချက်ကြည့်လိုက်သည်။
"ပီပီတုန်း.. မင်းက ဝိညာဉ်အမြွှာနှစ်ခုနဲ့ မွေးဖွားလာပြီး ထူးချွန်တဲ့ အရည်အချင်းရှိခဲ့တယ်။ ကံမကောင်းစွာနဲ့ပဲ မင်းက မှားယွင်းတဲ့သူနဲ့ တွေ့ခဲ့ရတယ်။ အဲဒီဖြစ်ရပ်ပြီးကတည်းက မင်းက ရာခရှာ နတ်ဘုရားရဲ့ အရိပ်အောက်ကို ရောက်သွားပြီး အကောင်းဆုံး အရိုက်အရာ ဆက်ခံသူ ဖြစ်လာခဲ့တာပေါ့..."
လုံရှင်းထျန်းက ခဏရပ်လိုက်သည်။
"ငါ ခန့်မှန်းကြည့်ရအောင်.. မင်းက နတ်ဘုရားစမ်းသပ်မှုတွေကို စတင်နေပြီ မဟုတ်လား..."
"စီနီယာကို ဘာမှ ဖုံးကွယ်လို့ မရပါဘူး"
ပီပီတုန်းသည် တစ်ကိုယ်လုံး တုန်ယင်နေသည်။ ထိုကိစ္စကို ပြောလိုက်သည့်အခါ သူမ ခံစားရသည့် ဖိအားကို မည်သူမျှ မသိကြပေ။ သို့သော် လုံရှင်းထျန်းကတော့ အရာအားလုံးကို သိနေသည်။
"ငါ ကြည့်လိုက်ဦးမယ်.. မင်းပိုင်ဆိုင်ထားတဲ့ အရာတွေထဲမှာ နတ်ဘုရား အရိုက်အရာနဲ့ အဲဒီအရာကလွဲရင် ပြောပလောက်စရာ မရှိဘူး..."
"စီနီယာ"
ပီပီတုန်းသည် လုံရှင်းထျန်း၏ စကားကို ဖြတ်ပြောလိုက်သည်။ ချီရန်ရွှယ် သည် သူမ လုံးဝ မပြောချင်ဆုံးသော သူဖြစ်သည်။
"ဟဲဟဲ"
လုံရှင်းထျန်းက အထင်သေးစွာ ပြုံးလိုက်သည်။ သုန့်လော် တိုက်ကြီးပေါ်တွင် ပုံမှန်လူ ဆိုသည်မှာ နည်းပါးလှသည်။ သူသည် မည်သူ့ကိုမျှ သနားမနေပေ။ အကယ်၍ အခြားသူက အသုံးဝင်မည်ဆိုပါက သူသည် အခွင့်အရေးအချို့ကို ပေးအပ်ပြီး ထိန်းချုပ်ထားရန် ဝန်မလေးပေ။
"ဒါဆိုရင်"
လုံရှင်းထျန်း၏ အကြည့်သည် နက်ရှိုင်းသွားသည်။ "မင်း ရာခရှာ နတ်ဘုရား အမွေကို စွန့်လွှတ်ဖို့ ဆန္ဒရှိလား... ငါ့ဆီက ရမယ့် အခွင့်အရေးက ရာခရှာ နတ်ဘုရား အရိုက်အရာထက် ပိုတန်ဖိုးရှိတယ်ဆိုတာ ငါ အာမခံနိုင်တယ်"
သူသည် အခြားသူများကို ကြည့်လိုက်သည်။
"ဒီမှာရှိတဲ့ သူအားလုံးအတွက်လည်း ဒီအတိုင်းပဲ"
သူသည် ထိုင်ခုံတွင် ပြန်ထိုင်ကာ ခေါင်းကို လက်ဖြင့်ထောက်လိုက်သည်။
"မင်းတို့ စျေးပေးနိုင်သရွေ့ အဖိုးမဖြတ်နိုင်တဲ့ ဆေးမြစ်တွေတင် မဟုတ်ဘဲ နတ်ဘုရား အရိုက်အရာကိုတောင် ဒီနေရာကနေပဲ ပေးအပ်နိုင်တယ်"
ဝုန်း..
လူတိုင်းသည် ဤစကားကို ကြားလိုက်ရချိန်တွင် လေးလံသော တူဖြင့် ထုခံလိုက်ရသကဲ့သို့ အိပ်မက်ထဲတွင် ရှိနေသလို ဖြစ်သွားကြသည်။ နတ်ဘုရား အရိုက်အရာ ဆိုသောစကားလုံးသည် သူတို့အတွက် လုံးဝ အသစ်အဆန်း ဖြစ်နေသည်။
"စီနီယာ... ဒါ တကယ်ပဲလား..."
ဓား သုန့်လော် ချန်းရှင်းသည် မျက်လုံးကို မှေးကြည့်လိုက်သည်။ သူသည် လက်ရှိ ရှိနေသူများထဲတွင် စွမ်းအားကို အလိုချင်ဆုံးသူ ဖြစ်သည်။
"ဓား သုန့်လော် ချန်းရှင်း"
လုံရှင်းထျန်းက နှုတ်ခမ်းကို ကွေးလိုက်သည်။
"မင်း ငယ်ငယ်တုန်းက မင်းအဖေနဲ့ တိုက်ကြီးကို လှည့်လည်ခဲ့တုန်းက အစစ်အမှန် လောကကြီးကို မြင်ဖူးခဲ့တယ်... မင်းတို့အဖေနဲ့အတူ ကျွန်းနိုင်ငံတစ်ခုကို သွားခဲ့ကြတယ်.. အဲဒီမှာ ဝိညာဉ်စွမ်းအား မကျင့်ကြံပေမဲ့ ဓားနဲ့ပတ်သက်ပြီးတော့တော့ ဓားသခင်တွေလိုပဲ... မင်းအဖေက အဆင့် ၉၈ အထိ ရောက်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ အဲဒီလူရဲ့ လက်ချက်နဲ့ပဲ သေဆုံးခဲ့ရတယ်..."
ဗုန်း…
ဓား သုန့်လော်၏ စိတ်ထဲတွင် ဗလာနတ္တိ ဖြစ်သွားပြီး မယုံကြည်နိုင်စွာ မျက်လုံးပြူးသွားသည်။ လုံရှင်းထျန်းက ဒီလောက်အထိ သိနေရတာလား... သူက ဘယ်သူလဲ...
လုံရှင်းထျန်းက ဓား သုန့်လော်ကို အကဲခတ်သည့် အပြုံးဖြင့် ကြည့်လိုက်သည် -
"မင်းရဲ့ ဘဝတစ်လျှောက်မှာ ငါ လိုချင်လောက်တဲ့အရာ မရှိဘူး ထင်တယ်"
"မရှိတာမဟုတ်ဘူး စီနီယာ"ဓား သုန့်လော်သည် ရှေ့သို့ တိုးလာပြီး လေးနက်စွာ ပြောလိုက်သည်။
"စီနီယာ.. ကျွန်တော်က စီနီယာရဲ့ လက်ထဲက ဓားဖြစ်ပေးနိုင်ပါတယ်"
"..."
လုံရှင်းထျန်း မျက်လုံးမှေးလိုက်သည်။
ကောင်းပြီ.. ချန်းရှင်းကတော့ တကယ့်ကို သူ လိုချင်နေတဲ့အရာကို ပြောလိုက်တာပဲ။ သူသည် လက်ရှိတွင် ကိုယ်ရံတော် မရှိသေးပေ။ သူသည် အခြားသူများကို ထိန်းချုပ်ထားသော်လည်း စိတ်ပါလက်ပါ နောက်လိုက်ခြင်းနှင့်တော့ ကွာခြားသည်။
သို့သော် သူတို့က စိတ်ပါလက်ပါ နောက်လိုက်မည်ဆိုပါက သဘောသဘာဝက ကွဲပြားသွားပြီ။
"မင်း တကယ်ပဲ ဆန္ဒရှိတာလား..."
လုံရှင်းထျန်းက လေးနက်စွာ မေးလိုက်သည်။
ဓား သုန့်လော်က ခေါင်းညိတ်လိုက်သည် - "စီနီယာ လိုအပ်သရွေ့ ချန်းရှင်းက လိုက်ပါဆောင်ရွက်ဖို့ အသင့်ပါပဲ"
"ဦးလေး ဓား..." နင်ဖုန်းဇီ၏ အမူအရာ ပြောင်းလဲသွားသည်။
"ဦးလေး အရိုး"
"ဖုန်းဇီ.. ဘာကိုများ တုံ့ဆိုင်းနေသေးတာလဲ... ရတနာခုနှစ်ပါးဂိုဏ်းက နတ်ဘုရားတစ်ပါးနဲ့ ယှဉ်နိုင်မလား..." အရိုး သုန့်လော် က မျက်စိမှိတ်ပြလိုက်သည်။
"စီနီယာ.. ကျွန်တော် ယွဲ့ကွမ်း နဲ့ ကုမေ တို့လည်း လိုက်ပါဖို့ အဆင်သင့်ပါပဲ"
နင်ဖုန်းဇီ - "..."
ပီပီတုန်းကတော့ တည်ငြိမ်နေသည်။ ရာခရှာ နတ်ဘုရား အရိုက်အရာကို စွန့်လွှတ်ရမည့်အရေး သူမ လုံးဝ လက်မခံနိုင်ပေ။
လုံရှင်းထျန်းကတော့ ဘာမှမပြောဘဲ ဓား သုန့်လော်ကို နတ်ဘုရား ဆေးလုံးတစ်လုံး ပစ်ပေးလိုက်သည်။
"မြိုချလိုက်.. မင်း နတ်ဘုရား အရိုက်အရာကို ရရှိလိမ့်မယ်"
"ကျေးဇူးတင်ပါတယ် စီနီယာ"
ဓား သုန့်လော်က တစ်ချက်တည်း မြိုချလိုက်သည်။
ဗုန်း…
စွမ်းအားလှိုင်းတစ်ခု ပျံ့နှံ့သွားသည်။
တစ်ချိန်တည်းမှာပင် လုံရှင်းထျန်း၏ ရှေ့တွင် စနစ်က အပြောင်းအလဲအသစ်များ ပြသလာသည်။
【နတ်ဘုရား ဆေးလုံးကို သုံးစွဲသူအား တွေ့ရှိသည်။ အိမ်ရှင်အနေဖြင့် စနစ်မှတစ်ဆင့် နတ်ဘုရား စမ်းသပ်မှုများကို ထုတ်ပြန်နိုင်ပြီး သုံးစွဲသူကို တာဝန်များ ထမ်းဆောင်စေနိုင်သည်။ ဥပမာ - ဝိညာဉ်စွမ်းအား တိုးတက်စေခြင်း.. ဝိညာဉ်ကွင်း စုပ်ယူခြင်း.. အိမ်ထောင်ပြု၍ ကလေးယူခြင်း.. တစ်စုံတစ်ဦးကို သတ်ဖြတ်ခြင်း...】
【အမည် - ချန်းရှင်း】
【နတ်ဘုရား အရိုက်အရာ - ဓားနတ်ဘုရား】
【အဆင့် - ပထမအဆင့် နတ်ဘုရား】
【နတ်ဘုရား စမ်းသပ်မှု အကြောင်းအရာကို ထုတ်ပြန်မလား...】