လုံရှင်းထျန်းသည် သူ၏မေးစေ့ကို လက်ဖြင့်ထောက်ကာ သူ၏ရှေ့တွင်ရှိနေသူများကို အထင်သေးသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
ဒီခြံဝင်းငယ်လေးထဲတွင် သူသည် အားနည်းသော သူတစ်ယောက်မဟုတ်ပေ။
သို့သော် သူသည် လူတို့၏ အသက်နှင့်သေဆုံးခြင်းကိုပင် ဆုံးဖြတ်နိုင်သည့် အာဏာရှင်တစ်ဦးဖြစ်နေသည်။
ဘွဲ့နှင်းခံသုန့်လော် တစ်ဦးပင်လျှင် သူ၏ရှေ့မှောက်တွင် ဒူးထောက်အရိုအသေပေးရမည်ဖြစ်သည်။
"..." ခြံဝင်းထဲရှိ လူအားလုံး၏ ခန္ဓာကိုယ်များ တောင့်တင်းသွားသည်။
လုံရှင်းထျန်း၏ စကားကို ကြားလိုက်ရချိန်တွင် သူတို့အားလုံးသည် ဖော်ရွေမှုမျိုးကို လုံးဝမခံစားရဘဲ အေးစက်သွားသည်ကိုသာ ခံစားလိုက်ရသည်။
"ဂါရဝပြုပါတယ်.. စီနီယာ" နင်ဖုန်းဇီ က အရင်ဆုံး စကားစလိုက်သည်။ သုန့်လော် တိုက်ကြီးတွင် အချမ်းသာဆုံး ဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သည့်အတိုင်း သူသည် အရာရာတွင် တစ်လှမ်းဦးအောင် လုပ်ဆောင်ရမည်ဖြစ်သည်။
သူသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး သေတ္တာအလှနှစ်လုံးကို ထုတ်ယူကာ ရှေ့သို့ ကမ်းပေးလိုက်သည်။
"ဒါကတော့ ရတနာခုနှစ်ပါးဂိုဏ်းက ပေးတဲ့ လက်ဆောင်ဖြစ်ပါတယ်။ နှစ်ပေါင်း ၅၀,၀၀၀ သက်တမ်းရှိ ဝိညာဉ်အရိုးနှစ်ခုပါ။ စီနီယာအနေနဲ့ လက်ခံဖို့မျှော်လင့်ပါတယ်" ဟု နင်ဖုန်းဇီက ရယ်မောရင်း ပြောသည်။
"ကျွန်တော် ဒီနေ့ အထူးတလည် လာရောက်ရတာကတော့ ကျွန်တော့်သမီးလေး စီနီယာဆီမှာ အနှောင့်အယှက်များ ပေးမိသလားဆိုတာကို သိချင်လို့ပါ"
"..." ဝိညာဉ်နန်းတော် မှ လူသုံးယောက်က သူ့ကို မျက်စိဖြင့်သာ လှည့်ကြည့်လိုက်သည်။
မျှော်လင့်ထားသည့်အတိုင်းပင်.. စီးပွားရေးသမားပီပီ မျက်နှာဖုံးပြောင်းသည့်အမြန်နှုန်းမှာ တကယ်မြန်ဆန်လှသည်။
သူသာ ပြဇာတ်မင်းသားလုပ်လျှင် အတော်လေးအောင်မြင်မည့်သူမျိုးဖြစ်သည်။
နင်ဖုန်းဇီကတော့ ပြုံးလျက် ဘာမှပြန်မပြောပေ။
ဤလောကသည် အမြဲတမ်း စင်မြင့်တစ်ခုသာဖြစ်သည်.. သရုပ်ဆောင်ကောင်းသူကသာ အကျိုးအမြတ်ကို ရရှိမည်ဖြစ်သည်။
"အော်..." လုံရှင်းထျန်း အနည်းငယ် အံ့အားသင့်သွားသည်။ နင်ဖုန်းဇီသည် သမီးအပေါ် အလွန်အမင်းချစ်တတ်သူဖြစ်မှန်း သိထားသော်လည်း ယခုလို အချိန်မျိုးတွင် အရှုံးပေးလိုက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
မျှော်လင့်ထားသည့်အတိုင်းပင်.. ကျင့်ကြံခြင်းလောကတွင် အစွမ်းသတ္တိသာလျှင် စကားပြောသည်။
"နှစ်ပေါင်း ၅၀,၀၀၀ သက်တမ်းရှိ ဝိညာဉ်အရိုးတွေလား..." လုံရှင်းထျန်း ပြုံးလိုက်သည်။ "ငါ လက်ခံလိုက်မယ်"
ပေးလာသည့် အကျိုးအမြတ်ကို မယူလျှင် လူမိုက်သာဖြစ်သည်။
တစ်ဖက်တွင်လည်း ပီပီတုန်းက သေတ္တာအလှတစ်ခုကို ထုတ်ယူကာ ကမ်းပေးလိုက်သည်။
"စီနီယာ.. ဒါကတော့ ကျွန်မရဲ့ လက်ဆောင်ပါ နှစ်ပေါင်း ၈၀,၀၀၀ သက်တမ်းရှိ ဝိညာဉ်အရိုးတစ်ခုပါ"
"နှစ်ပေါင်း ၈၀,၀၀၀..." လုံရှင်းထျန်း၏ မျက်ခုံးများ ပင့်တက်သွားသည်။ ဒီလိုခေတ်ကာလတွင် နှစ်ပေါင်း ၈၀,၀၀၀ သက်တမ်းရှိ ဝိညာဉ်အရိုးတစ်ခုကို ထုတ်ပေးနိုင်ခြင်းမှာ အလွန်ပင် ထူးခြားလှသည်။ ဝိညာဉ်နန်းတော်က ယခုလောက်အထိ ရက်ရောလိမ့်မည်ဟု မည်သူက တွေးမိပါ့မလဲ။
"၈၀,၀၀၀ ဟုတ်လား.. မဆိုးဘူး" လုံရှင်းထျန်း ဝိညာဉ်အရိုးကို သိမ်းလိုက်သည်။
"စီနီယာ သဘောကျတာ ကျွန်မ ဝမ်းသာပါတယ်.. ကျွန်မ လာတာက ကျွန်မရဲ့ တပည့်အတွက်ပါ..စီနီယာဆီမှာ ကျွန်မတပည့် အစေခံဖြစ်နေတယ်လို့ ကြားလို့ လာကြည့်တာပါ.. အနှောင့်အယှက် ဖြစ်သွားရင် ခွင့်လွှတ်ပေးပါ" ဟု ပီပီတုန်းက အနည်းငယ် ဦးညွှတ်ကာ ပြောလိုက်သည်။
"..." ကျူဟွား သုန့်လော် နှင့် ဓား သုန့်လော် တို့၏ ပါးစပ်ထောင့်များ တုန်ယင်သွားသည်။
ထိုဝိညာဉ်အရိုးသုံးခုသည် မူလက လုံရှင်းထျန်းထံမှပင် ဖြစ်သည်။
ရွှီချင်းဟယ် ထံမှ ဝယ်ယူပြီး ယခုပြန်ရောက်လာခြင်းမှာ မည်သို့ကြည့်ကြည့် အဆင်မပြေသော အခြေအနေ ဖြစ်နေသည်။
ဟုတ်ပါတယ်.. လုံရှင်းထျန်းကတော့ ထိုအချက်ကို မသိပေ။ သူသည် ဝိညာဉ်အရိုးများကို စနစ်၏ နေရာလွတ်ထဲသို့ ထည့်လိုက်ပြီး လူအုပ်စုကို ကြည့်လိုက်သည်။
ထိုသူများသည် နင်ရုံရုံနှင့် ဟူလီနာကို ကြည့်ရုံသက်သက်ဖြင့် ရောက်လာသည်ကို သူ မယုံကြည်ပေ။
"ခင်ဗျားတို့ စိတ်ထဲမှာ တကယ်ရှိတာကို ဘာလို့ တိုက်ရိုက် မပြောကြတာလဲ..." သူသည် ဝိုင်ခွက်ကို လှည့်ပတ်ရင်း သူတို့ကို ကစားသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
"..." အုပ်စုဝင်များ ရှက်ရွံ့သွားကြသည်။
သူတို့ ဘာကြောင့် ရောက်လာသလဲဆိုတာ လူမိုက်ပင် သိသည်။
လုံရှင်းထျန်းထံမှ အကူအညီရရန် သို့မဟုတ် နတ်ဘုရားလက်နက်များ သို့မဟုတ် အဖိုးမဖြတ်နိုင်သော ဆေးမြစ်များ ရရှိရန်အတွက်သာ ဖြစ်သည်။
ဓား သုန့်လော် နှင့် ကျူဟွား သုန့်လော် တို့ကဲ့သို့ သူတို့သည်လည်း သူတို့၏ အဆင့် ကန့်သတ်ချက်ကို ကျော်ဖြတ်ချင်ကြသည်။
"စီနီယာ.. တကယ်ပြောရရင် ကျွန်တော်မှာ တောင်းဆိုချက်တစ်ခု ရှိပါတယ်" နင်ဖုန်းဇီ က လေးစားစွာ ပြောလိုက်သည်။ "ကျွန်တော်ရဲ့ ဝိညာဉ်စွမ်းအား တိုးတက်ဖို့ နည်းလမ်းရှာမရတာ ကြာပါပြီ ဒီနေ့တော့ စီနီယာဆီကနေ အခွင့်အရေးတစ်ခု တောင်းခံချင်ပါတယ်..စီနီယာသာ ခွင့်ပြုမယ်ဆိုရင် ကျွန်တော့်ရဲ့ ရတနာခုနှစ်ပါးဂိုဏ်းက ဘာမဆို စီနီယာအတွက် ဖြစ်ပါတယ်.. ကျွန်တော့်ဂိုဏ်းက စီနီယာတစ်ယောက်တည်းရဲ့ လက်အောက်ကိုတောင် ရောက်သွားနိုင်ပါတယ်"
သူသည် ဂိုဏ်းချုပ်၏ အမှတ်တံဆိပ်ကို ထုတ်ပြရန်ပင် မတွန့်ဆုတ်ခဲ့ပေ။
ထိုမြင်ကွင်းက ထိုနေရာတွင် ရှိနေသူအားလုံးကို တုန်လှုပ်သွားစေသည်။
ဒီလောက်ကြီးမားသော လောင်းကြေးကို ထားလိုက်သည်ဟုလား။ ဝိညာဉ်နန်းတော်မှ လူသုံးယောက်က နင်ဖုန်းဇီကို မယုံကြည်နိုင်စွာ ကြည့်နေကြပြီး နောက်ဆုံးတွင် သူက ရယ်မောလိုက်သည်။
နောက်ပြောင်နေတာ မဟုတ်ပါဘူး.. သူ့သမီးက ဒီမှာရှိနေပြီးသားပဲ.. ရတနာခုနှစ်ပါးဂိုဏ်းတစ်ခုလုံးကို ရင်းနှီးမြှုပ်နှံလိုက်ရင် ဘာဖြစ်မလဲ... နောင်တစ်ချိန်မှာ သူ့သမီးက လုံရှင်းထျန်းနဲ့ ခွဲခြားလို့မရတော့မှာမို့လို့ ကြိုပြီး အကုန်လုံးကို ရင်းလိုက်တာက ပိုကောင်းပါတယ်။
"..." ပီပီတုန်း နှင့် အခြားသူများ၏ မျက်နှာများ တောင့်တင်းသွားသည်။
သူတို့မှာ ထိုကဲ့သို့ ရဲရင့်မှုမျိုး သို့မဟုတ် အားသာချက်မျိုး မရှိပေ။ ဝိညာဉ်နန်းတော်၏ အခြေအနေမှာ ရှုပ်ထွေးလွန်းသည်။
နင်ဖုန်းဇီ၏ သဘောထားကို မြင်ပြီးနောက် လုံရှင်းထျန်း၏ မျက်ခွံများလည်း အကြမ်းပတမ်း တုန်လှုပ်သွားသည်။
ဒီလူက အရာအားလုံးကို စွန့်လွှတ်ဖို့ တကယ်ပဲ ဆန္ဒရှိနေတာလား...
"သေချာရဲ့လား..." လုံရှင်းထျန်း မျက်လုံးကို မှေးလိုက်သည်။ သူသည် ရတနာခုနှစ်ပါးမျှော်စင်ကို ကိုးရတနာကိုးပါး မျှော်စင်အဖြစ် တိုးတက်စေမည့် နည်းလမ်းကို သိရှိထားပြီး.. သူ၏ လက်ထဲတွင်လည်း ထိုဆေးမြစ်ရှိနေသည်။
"စီနီယာသာ အခွင့်အရေးပေးမယ်ဆိုရင် ကျွန်တော် ဘယ်တော့မှ စကားပြန်မရုပ်သိမ်းပါဘူး" နင်ဖုန်းဇီ က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
လုံရှင်းထျန်း တိတ်ဆိတ်သွားသည်။ သူသည် သုန့်လော် တိုက်ကြီးတွင် မိမိကိုယ်ကို လုံခြုံစေလိုလျှင် လွှမ်းမိုးမှုများများရှိလေ ပိုကောင်းလေဖြစ်သည်။
သူသာ ဒီအင်အားစုများကို ထိန်းချုပ်နိုင်မည်ဆိုပါက သုန့်လော် တိုက်ကြီးတွင် ဘေးတိုက်လမ်းလျှောက်နိုင်မည် မဟုတ်ပါလား။
ထိုသို့ တွေးတောရင်း သူ၏ မျက်လုံးများ အရောင်လက်သွားသည်။ "ရုပ်သေးရုပ်" စွမ်းရည်ကို သူ အသက်သွင်းလိုက်သည်။
"ဂိုဏ်းချုပ် နင်.. ငါ့လက်ထဲမှာ ရတနာခုနှစ်ပါးမျှော်စင်ကို ရတနာကိုးပါးမျှော်စင်အဖြစ် တိုးတက်စေနိုင်တဲ့ အဖိုးမဖြတ်နိုင်တဲ့ ဆေးမြစ်တစ်ခု ရှိပါတယ်"
လုံရှင်းထျန်း သည် 'ချီလော့ တူလစ်ပန်း' ကို အေးဆေးစွာ ထုတ်ပြလိုက်သည်။ သူ၏ စနစ်မှ ရရှိထားသည့် အဖိုးမဖြတ်နိုင်သော ဆေးမြစ်များစွာ ရှိနေသည်မှာ ကြာပြီဖြစ်သည်။
"စီနီယာ.. အခွင့်အရေးသာ ရမယ်ဆိုရင် ကျွန်တော် အရာအားလုံးကို ပေးအပ်ဖို့ ဝန်မလေးပါဘူး" နင်ဖုန်းဇီ သည် အားလုံးကို စွန့်လွှတ်ရန် ပြင်ဆင်နေသည်။
"ကောင်းပြီ" လုံရှင်းထျန်း က နှုတ်ခမ်းကို ကွေးလိုက်ပြီး ချီလော့ တူလစ်ပန်း ကို ပစ်ပေးလိုက်သည်။ "မယုံရင် ဒီနေရာမှာတင်ပဲ ဆေးမြစ်ကို စုပ်ယူကြည့်လိုက်လေ"
ဝိညာဉ်နန်းတော်မှ လူသုံးယောက်သည် ထိုဆေးမြစ်ကို စူးစိုက်ကြည့်နေကြသည်။ ဘွဲ့နှင်းခံသုန့်လော် များဖြစ်သည့်အတိုင်း ဆေးမြစ်တစ်ခု၏ အရှိန်အဝါက ပေးစွမ်းနိုင်သော စွမ်းအားကို သူတို့ အသိဆုံးဖြစ်သည်။
"ဖုန်းကျိ.. မြန်မြန် စမ်းကြည့်လိုက်" ဓား သုန့်လော် နှင့် အရိုး သုန့်လော်တို့က တိုက်တွန်းလိုက်ကြသည်။
"ဖေဖေ" သို့သော် နင်ရုံရုံ ၏ အော်ခေါ်သံကြောင့် နင်ဖုန်းဇီ ၏ လုပ်ဆောင်ချက်မှာ ရပ်တန့်သွားသည်။
"ဦးလေး ဓား.. ဦးလေး အရိုး" သူသည် သမီးဖြစ်သူကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။
"ဒီဆေးမြစ်က တစ်ခုပဲရှိတာ..ကျွန်တော်သာ အခုသုံးလိုက်ရင် ရုံရုံ နောက်ကျန်ခဲ့လိမ့်မယ်။ ဒီဆေးမြစ်ကို ရုံရုံအတွက် ချန်ထားပေးလိုက်ကြရအောင်"
"..." ဟူး... အားလုံး အံ့အားသင့်သွားကြသည်။
နင်ဖုန်းဇီ သည် ထိုမျှကြီးမားသော ဆန္ဒကို ချုပ်တည်းပြီး သမီးဖြစ်သူအတွက် ချန်ထားပေးမည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။
"ဟဲဟဲ" လုံရှင်းထျန်း က ရယ်မောလိုက်သည်။ "တကယ်တော့ အဖိုးမဖြတ်နိုင်တဲ့ ဆေးမြစ်တွေက ငါ့ဆီမှာပဲ ရှိတာ မဟုတ်ဘူး"
ဗုန်း အားလုံး၏ ဦးခေါင်းများ တုန်ခါသွားသည်။
"စီနီယာ.. အဲဒါ ဘာကိုဆိုလိုတာလဲ..."
သူတို့၏ အမူအရာများကို လုံရှင်းထျန်း က အကုန်ကြည့်နေသည်။ သူ၏ ရည်ရွယ်ချက်မှာ ထန်ဆန်း၏ အခွင့်အရေးကို လုယူရန်နှင့် သုန့်လော် တိုက်ကြီးရှိ 'ရေခဲနှင့် မီး၏ ယင်ယန်တွင်း ကို ဖော်ထုတ်ရန် ဖြစ်သည်။
ထိုအချိန်တွင် တူကူပိုပင်လျှင် သူ့ကို လာရောက် တောင်းပန်ရလိမ့်မည်။ ထန်ဆန်း မှလွဲလျှင် သူနှင့် သူ၏မြေးကို ကုသပေးနိုင်သူမှာ သူတစ်ယောက်တည်း ရှိသည်မဟုတ်ပါလား။
လုံရှင်းထျန်း က အနည်းငယ် ပြုံးကာ ပြောလိုက်သည်။ "ခင်ဗျားတို့ နှစ်ယောက်လုံး အဖိုးမဖြတ်နိုင်တဲ့ ဆေးမြစ်တွေရှိတဲ့ အခြားနေရာကို သိချင်ကြသေးလား..."