"လူငယ်.. မင်း မသေသေးဘူးလား"
"ဦးလေး.. ဘယ်လိုလုပ်ပြီး အဒေါ်ကြီးလို အသံထွက်နေတာလဲ"
"မင်းမှာ လူကြီးတွေကို ရိုသေတဲ့ စိတ်ဓာတ် လုံးဝ မရှိဘူး"
ခင်ဗျားက ရိုသေမှု မရှိတဲ့ အဘိုးအို တစ်ယောက်လိုပဲ ပြုမူနေတာပဲ"
"...."
ဝိညာဉ်သားရဲ၏ သွေးစွန်းသော အစွယ်များကြားမှ လွတ်မြောက်လာပြီးနောက် ရွှီချင်းဟယ် သည် ဆိုတို မြို့ဟု ခေါ်သော နေရာတစ်ခုသို့ ရောက်ရှိလာသည်။ အလွန်ပင်ပန်းနွမ်းနယ်နေသဖြင့် လမ်းဘေးတွင်ပင် အိပ်ပျော်သွားခဲ့သည်။
သူ နိုးလာသောအခါ မုတ်ဆိတ်မွေးများနှင့် မျက်မှန်တပ်ထားသော ဦးလေးကြီးတစ်ယောက် သူ့ဘေးတွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။
တစ်ဖက်လူ၏ ပိန်လှီသော ခန္ဓာကိုယ်မှာ အသားအရေနှင့် အရိုးများ မရှိသလောက်ပင်။ သူသာ အသက်ရှူမနေပါက ထိုအလတ်စားအရွယ် ဦးလေးကြီးမှာ သေပြီးသား အလောင်းခြောက် တစ်ခုဟုပင် ထင်မှတ်ရလောက်သည်။
"လူငယ်.. မင်းမှာ ထူးချွန်တဲ့ အရည်အချင်းတွေ ရှိတာ ငါတွေ့တယ်။ ငါ့ရဲ့ တပည့် ဖြစ်လာဖို့ စိတ်ဝင်စားလား"
အလတ်စားအရွယ် ဦးလေးကြီးက သူ၏ မျက်မှန်ကို ပင့်တင်လိုက်သည်။
‘“ခင်ဗျားရဲ့တပည့်လား”
ရွှီချင်းဟယ် ထိုင်လိုက်ပြီး တစ်ဖက်လူကို အပေါ်မှအောက်သို့ ကြည့်ကာ သံသယဖြင့် မေးလိုက်သည်.. "ခင်ဗျားရဲ့ စွမ်းအားက ဘယ်လောက်ရှိလို့... ကျွန်တော့်ကို တပည့်အဖြစ် လက်ခံရဲတာလဲ"
နက်နဲသည်ဟု ထင်ရစေရန် အလတ်စားအရွယ် ဦးလေးကြီးသည် မတ်တပ်ရပ်လိုက်ကာ လက်တစ်ဖက်ကို နောက်ပစ်လိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည် -
"ငါက အဆင့် ၆၉ ဝိညာဉ်ဧကရာဇ် တစ်ယောက်ပဲ"
"...."
အဆင့် ၆၉...
ရွှီချင်းဟယ် အမြန် ထရပ်လိုက်ပြီး တစ်ဖက်လူကို အပေါ်မှအောက်သို့ အကဲခတ်လိုက်သည်.. သူ လိမ်နေသလားဟု စစ်ဆေးနေသည့်အလား။
သို့သော် အလတ်စားအရွယ် ဦးလေးကြီးက ရွှီချင်းဟယ် အံ့အားသင့်သွားသည်ဟု မှားယွင်း နားလည်သွားသည်။ ချက်ချင်းပင် သူ၏ ရင်ထဲတွင် ဂုဏ်ယူမှုများ တိုးပွားလာသည်။
သိထားရမှာက သူ့အရွယ်မှာ အဆင့် ၆၉ ကို ရောက်နိုင်တာဟာ ပါရမီရှင် တစ်ယောက်လို့ သတ်မှတ်ထားပြီးသားပဲ...
"ကျွန်တော်က 'လုံကျန်း' လို့ ခေါ်ပါတယ်.. ရောင်ရင်းရဲ့ နာမည်ကို သိခွင့်ရမလား" ရွှီချင်းဟယ် သည် သူ့ဆရာ သင်ပေးလိုက်သော စကားကို မမေ့သေးပါ။
အားနည်းသူများနှင့် တွေ့ပါက ဂျူနီယာဟု ခေါ်ပါ။
အဆင့်တူများနှင့် တွေ့ပါက ရောင်ချင်းဟု ခေါ်ပါ။
အင်အားကြီးသူများနှင့် တွေ့ပါက စီနီယာ ဟု ခေါ်ပါ။
သူ့ရှေ့က အလတ်စားအရွယ် လူသည် သူနှင့် စွမ်းအားတူသဖြင့် ရောင်ရင်းဟု ခေါ်ရန် ထိုက်တန်သည်။
"မင်းရဲ့ လူကြီးတွေက လူတွေကို ဘယ်လို ခေါ်ရမလဲလို့ သင်ပေးလိုက်တာလဲ... မင်း ငါ့ကို စီနီယာ လို့ ခေါ်ရမှာ" ထိုသူက ရွှီချင်းဟယ် ကို မကျေမနပ်ဖြင့် စိုက်ကြည့်လိုက်သော်လည်း နောက်ထပ် အငြင်းမပွားတော့ဘဲ နက်နဲသယောင် ဆက်လုပ်ပြသည်။
"မင်း ရွှေသံမဏိတြိဂံ အကြောင်း ကြားဖူးလား... ငါက သူတို့ထဲက တစ်ယောက်.. ပဲငါက ဖလန်ဒါ"
"အာ"
ရွှီချင်းဟယ် က သူ့စကားကို ဖြတ်ပြောလိုက်သည်။
"ကျွန်တော် ခင်ဗျားကို သိတယ်။ ကျွန်တော် အရမ်းငယ်တုန်းက ခင်ဗျားအကြောင်း ကြားဖူးတယ်။ ခင်ဗျား အဲဒီတုန်းက တော်တော် နာမည်ကြီးတယ် မဟုတ်လား.. ဒါပေမယ့် အဲဒီအချိန်ကတည်းက ခင်ဗျား အဆင့် ၆၀ မဟုတ်ဘူးလား"
သူသည် မေးစေ့ကို ပွတ်သပ်ရင်းကို ဖလန်ဒါကိုပတ်ကြည့်လိုက်သည်။
"ကျွတ် ..ကျွတ်.. ခြောက်နှစ်ကြာပြီးတဲ့နောက်မှာ ၉ ဆင့်ပဲ တက်နိုင်တော့တာလား"
ရွှီချင်းဟယ် သည် နှုတ်ခမ်းကို စူကာ အထင်သေးစွာ ပြောလိုက်သည်။
"...."
ဖလန်ဒါ သည် လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ မူလက ရွှီချင်းဟယ် က သူ့အကြောင်း ကြားဖူးသည်ကို သိရ၍ ပျော်နေသော်လည်း ဒုတိယပိုင်းကို ကြားလိုက်ရသောအခါ သူ၏ မျက်နှာမှာ မှောင်မိုက်သွားသည်။
"ကောင်လေး.. ဝိညာဉ်သခင် တစ်ယောက်မှာ စိတ်တိုတတ်တဲ့ အချက်ရှိတယ်နော်"
ဖလန်ဒါ ၏ အရှိန်အဝါသည် ရုတ်တရက် ပြောင်းလဲသွားပြီး သူ၏ ဝိညာဉ်ကွင်း ခြောက်ကွင်း ဝိညာဉ်စွမ်းအား ဖိအားများမှာ ပြင်ပသို့ ပျံ့နှံ့သွားသည်။
"အိုအမေရေ"
ရွှီချင်းဟယ် သည် ကြောက်ရွံ့ဟန်ဆောင်ကာ အော်လိုက်သည်။ ဖလန်ဒါ ၏ ပါးစပ်မှာ အနည်းငယ် ကွေးညွတ်သွားပြီး ဂုဏ်ယူစွာ ပြောလိုက်သည် -
"ငါ အခု ဘယ်လောက် အစွမ်းထက်လဲဆိုတာ မင်း သိပြီလား"
ဖလန်ဒါ ခေါင်းလှည့်လိုက်သောအခါ သူ၏ အပြုံးမှာ အေးခဲသွားသည်။
သူ၏ ဝိညာဉ်စွမ်းအား ဖိအားအောက်တွင် ရွှီချင်းဟယ် မှာ လုံးဝ မလှုပ်မယှက် ရပ်နေပြီး.. ထိုဖိအားကို လုံးဝ ဂရုမစိုက်ဘဲ ပေါ့ပေါ့ပါးပါး အကြည့်ဖြင့် သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ဒါ...
ဖလန်ဒါ ကြောင်သွားသည်။
ရွှီချင်းဟယ် က ရယ်မောလိုက်သည် -
"ဦးလေး.. အဆင့်ခြောက် ဝိညာဉ်ကွင်းဝိညာဉ်ကွင်း ခြောက်ကွင်း ဝိညာဉ်ဧကရာဇ် ဆိုတာ အရမ်း သန်မာတာလား... တခြားသူတွေလည်း အဲဒီလို ဖြစ်နေကြတာပဲ မဟုတ်လား"
ထိုသို့ ပြောပြီးနောက် ဝိညာဉ်ကွင်း ခြောက်ခုမှာ သူ၏ ခန္ဓာကိုယ်မှ ဖြည်းညှင်းစွာ တက်လာသည်။
အဝါရောင် တစ်ခု.. ခရမ်းရောင် နှစ်ခု.. အနက်ရောင် သုံးခု...
ဝိညာဉ်ကွင်း ခြောက်ကွင်း ဝိညာဉ်ဧကရာဇ် တစ်ပါး...
"ဟူး"
ဖလန်ဒါ သည် သူ၏ အသက်ရှူသံကိုပင် မထိန်းနိုင်တော့ပေ။ သူ မောဟိုက်သွားသည်။
သူ ဘာကို မြင်လိုက်ရတာလဲ...
အသက် ၂၀ အောက် ဝိညာဉ်ကွင်း ခြောက်ကွင်း ဝိညာဉ်ဧကရာဇ် တစ်ပါး...
ပြီးတော့ သူ့ဖိအားကို မကြောက်ဘူးဆိုတော့ ဒီလူငယ်ဟာ အနည်းဆုံး အဆင့် ၆၇ ရှိနေတာပဲ...
ငရဲပဲ..
ဝိညာဉ်သခင်တွေရဲ့ လောကကြီး ပြောင်းလဲသွားပြီလား...
ဖလန်ဒါ သည် သူ၏ ခေါင်းကို ကိုင်လိုက်ပြီး သူ၏ မျက်လုံးကို သူ မယုံကြည်နိုင်တော့ပေ။
"ဘယ်လိုလဲ... ကျွန်တော့်ရဲ့ ဆရာ ဖြစ်ဖို့ အရည်အချင်း ရှိသေးလား"
ရွှီချင်းဟယ် ၏ နှုတ်ခမ်းမှာ ကွေးညွတ်သွားသည်။
ဟူး...
ဖလန်ဒါ အသက်ရှူမှားသွားသည်။ ဒီလို အရွယ်နဲ့ ဝိညာဉ်ဧကရာဇ် တစ်ယောက်ကို ဘယ်သူက ဆရာ လုပ်နိုင်မှာလဲ......
သူသည် ရွှီချင်းဟယ် မှာ မည်သည့်မျိုးနွယ်စုမှ ဆင်းသက်လာသလဲ.. ဒါမှမဟုတ် မည်သည့် ဘွဲ့နှင်းခံသုန့်လော် ၏ တပည့်လဲဟု တွေးရင်း အံ့အားသင့်နေမိသည်။
"ဟေး..စနောက်နေတာလား"
သူ၏ စကားမှာ ထစ်အသွားသည်။ ဝိညာဉ်ကွင်း ခြောက်ကွင်း ဝိညာဉ်ဧကရာဇ် တစ်ယောက်က သူ့နှင့် အဆင့်တူ ဖြစ်နေပြီ.. ဘယ်လိုလုပ်ပြီး ထပ်ပြီး မောက်မာရဲတော့မှာလဲ... ထို့အပြင် တစ်ဖက်လူမှာ အသက်ငယ်ပြီး အကန့်အသတ်မရှိသော အရည်အချင်း ရှိနေသေးသည်။
"ပြဿနာ ရှိလို့လား" ရွှီချင်းဟယ် က နှုတ်ခမ်းကို စူလိုက်ပြီး နွေဦးလေညင်းကဲ့သို့ လန်းဆန်းစွာ ကြည့်လိုက်သည်။
"ဘာပြဿနာမှ မရှိပါဘူး"
ဖလန်ဒါ တံတွေးမြိုချလိုက်ပြီး အနည်းငယ် ဦးညွှတ်လိုက်သည်.. "ရောင်ရင်း. ကျွန်တော်က ရှီလိုင်ခဲ့အကယ်ဒမီ ကို တည်ထောင်သူ ဖလန်ဒါ ပါ.. တကယ်လို့ ရောင်ရင်း သွားစရာ နေရာမရှိရင် ကျွန်တော့် အကယ်ဒမီကို လာခဲ့ပါ.. ဒုတိယ ကျောင်းအုပ်ကြီးရာထူးကို ပေးပါ့မယ်"
"...."
ရွှီချင်းဟယ် မျက်ခုံးပင့်လိုက်သည်.. ခင်ဗျားက အကယ်ဒမီ ကျောင်းအုပ်ကြီး"
"မှန်တယ်" ဖလန်ဒါ ခေါင်းမော့လိုက်သည်။
အဆင့် ၆၉ နဲ့ အကယ်ဒမီတစ်ခု တည်ထောင်တာလား...
ရွှီချင်းဟယ် မေးစေ့ကို ပွတ်သပ်ရင်း စိတ်ထဲတွင် တွက်ချက်လိုက်သည် - "ငါ အခု အဆင့် ၆၈ ရှိပြီး အရင်းအမြစ်တွေလည်း အများကြီး ရှိတယ်။ ဒီအရင်းအမြစ်တွေက အကယ်ဒမီတစ်ခု ဆောက်ဖို့ လုံလောက်မှာပါ.. ဟုတ်တယ်မလား"
ကြယ်တာရာ တောအုပ်ကြီးမှ ထွက်လာစဉ်က သူ၏ ရည်မှန်းချက်ကို မေ့မသွားသေးပါ။
သူ၏ဆရာ၏ အစီအစဉ်များအတွက် တိတ်တဆိတ် လုပ်ဆောင်ရန် အင်အားစုတစ်ခု တည်ဆောက်ရန် ဖြစ်သည်။
တစ်စုံတစ်ယောက်၏ အင်အားစုထဲ ဝင်တာထက် ကိုယ်ပိုင်အင်အားစု တည်ဆောက်တာ ပိုကောင်းပါတယ်.. ဘာလို့လဲဆိုတော့ သူများအင်အားစုထဲက ဝိညာဉ်သခင်တွေက ကိုယ့်ကို အမှန်တကယ် သစ္စာမရှိနိုင်လို့ပါ။
ထိုသို့ တွေးတောပြီးနောက်။
ရွှီချင်းဟယ် ပါးစပ်ကို ပိတ်ကာ နှစ်ချက် ချောင်းဆိုးလိုက်သည် -
"ကျွန်တော်က လုံကျန်း အကယ်ဒမီ ရဲ့ ဒုတိယ ကျောင်းအုပ်ကြီး.. အဆင့် ၆၈ ဝိညာဉ်ဧကရာဇ် တစ်ပါးပါပဲ"
"...."
"လုံကျန်း အကယ်ဒမီ"
ဖလန်ဒါ သူ၏ မှတ်ဉာဏ်ထဲတွင် သေချာ ရှာဖွေကြည့်သော်လည်း လုံကျန်း အကယ်ဒမီ အကြောင်း သတင်းအချက်အလက် လုံးဝ မရှိပေ။
"အဲဒါကို စဉ်းစားမနေပါနဲ့"
ရွှီချင်းဟယ် က သူ၏ အတွေးကို ဖြတ်လိုက်ကာ လက်ကို နောက်ပစ်ပြီး ရပ်လိုက်ရင်း ပြောလိုက်သည် -
"လုံကျန်း အကယ်ဒမီ ကို မဆောက်ရသေးဘူး.. ဒါပေမယ့် မကြာခင် ဆောက်တော့မှာပါ။ ကျွန်တော့်ဆရာက ကျောင်းအုပ်ကြီး ဖြစ်ပြီး ကျွန်တော်က ဒုတိယ ကျောင်းအုပ်ကြီးပေါ့။ နေရာကတော့... ခင်ဗျားရဲ့ ရှီလိုင်ခဲ့ အကယ်ဒမီ ရဲ့ ဘေးနားမှာပဲ"
"...."
ထိုစကားမှာ သူ၏ နားထဲတွင် မိုးကြိုးသံကဲ့သို့ပင်.. ဖလန်ဒါ ၏ အမူအရာမှာလည်း လုံးဝ ပြောင်းလဲသွားသည်။
"ရောင်ရင်း မင်းက ရည်ရွယ်ချက်ရှိရှိနဲ့ ပြဿနာ လာရှာနေတာလား" သူ ရွှီချင်းဟယ် ကို စူးစိုက်ကြည့်သည်။
တစ်ယောက်ယောက်ရဲ့ အကယ်ဒမီ ဘေးနားမှာ အကယ်ဒမီ ဆောက်မှာလဲ...
ဒါ စီးပွားရေး လုတာလား... ဒါမှမဟုတ် ကျွန်တော့် အကယ်ဒမီကို သိမ်းပိုက်ဖို့ ကြံစည်နေတာလား...
ရန်စတာ...
ရှင်းရှင်းလင်းလင်း ရန်စတာပဲ...
"ကျွန်တော့်မှာ ပြဿနာ ရှာဖို့ အချိန် မရှိဘူး"
ရွှီချင်းဟယ် လက်ကို ဝှေ့ယမ်းလိုက်ပြီး ဆိုတို မြို့ထဲသို့ ပြန်မကြည့်ဘဲ လျှောက်သွားလိုက်သည်။ ဖလန်ဒါ ကို သူ၏ ကျောပြင်နှင့် စကားလုံးအချို့သာ ချန်ထားခဲ့သည်။
"မနက်ဖြန် တွေ့မယ်"
ဖလန်ဒါ ဒေါသထွက်လွန်း၍ ခုန်ပေါက်နေသော်လည်း ယခုအချိန်တွင် သူ တစ်ယောက်တည်းသာ ရှိသည်။ တစ်ဖက်လူနှင့် တိုက်ခိုက်ခြင်းမှာ နှစ်ဦးစလုံး နစ်နာရုံမှလွဲ၍ ဘာအကျိုးမှ မရှိပေ...
"လူမိုက်ကောင်"
သူ ဒေါသတကြီး ဆဲဆိုလိုက်သည် - "မင်း တစ်ယောက်တည်းပဲ ရှိတာ.. မင်း အကယ်ဒမီကို ဘာနဲ့ ဆောက်မလဲ ကြည့်ရသေးတာပေါ့"
...
နောက်တစ်နေ့။
"အာ"
ဖလန်ဒါ မောဟိုက်စွာဖြင့် ချွေးသံတရွှဲရွှဲနှင့် ထထိုင်လိုက်သည်။
"ဒါဆိုရင် အိပ်မက်တစ်ခုပဲပေါ့"
နဖူးမှ ချွေးအေးများကို သုတ်ရင်း သက်ပြင်းချလိုက်သည် -
"ကိုယ့်ဘာသာပဲ ကြောက်နေတာ.. ကလေးတစ်ယောက်ရောက်လာပြီး ငါ့အကယ်ဒမီ ဘေးနားမှာ အကယ်ဒမီ ဆောက်မယ်လို့ တကယ်ပဲ ထင်နေမိတာ"
ဘုန်း...
ဖလန်ဒါ သည် အမှားတစ်ခုဟု ယူဆကာ သက်ပြင်းချနေစဉ်မှာပင် ကောင်းကင်ကို တုန်လှုပ်စေသော အသံတစ်ခု ပေါ်လာသည်။
"ဘာဖြစ်တာလဲ"
သူ အပြင်ကို ကြည့်လိုက်သည်။
"ဖလန်ဒါ.. သတင်းဆိုးပဲ"
ကျောက်ဝူကျိ အခန်းထဲသို့ အလျင်အမြန် ပြေးဝင်လာပြီး သူ၏ လက်ဝါးဖြင့် တံခါးကို တွန်းလိုက်ရာ တံခါးမှာ နှစ်ပိုင်း ကျိုးသွားသည်။
"...."
"ကျောက်ဝူကျိ... မင်း လူမိုက်ကောင်.. ငါ့တံခါးဖိုး ပြန်ပေး"
ဖလန်ဒါ ကျယ်လောင်စွာ ဆဲဆိုလိုက်သည်.. "ငရဲပဲ.. ငါ့အကယ်ဒမီဘေးမှာ ကောင်လေးတစ်ယောက် အကယ်ဒမီ ဆောက်ချင်တယ်လို့ အိပ်မက်မက်လိုက်တာ.. အဲဒါကြောင့် ချွေးတွေထွက်ပြီး ကြောက်နေရတာ.. အခု မင်းက ငါ့တံခါးကိုပါ ရိုက်ချိုးလိုက်သေးတယ်"
"ဘေးဆိုးကြီးပဲ"
"ကျောင်းအုပ် ဖလန်ဒါ"
ကျောက်ဝူကျိ ၏ အမူအရာမှာ လေးနက်နေသည် -
အိပ်မက်မက်နေတာ မဟုတ်လောက်ဘူး ကျွန်တော်တို့ရဲ့ အကယ်ဒမီ ဘေးနားမှာ အကယ်ဒမီ ဆောက်နေတဲ့ လူတစ်ယောက် တကယ်ရှိနေတယ်။ သူတို့ အခြေခံအုတ်မြစ်တောင် ချပြီးပြီ...
“အပြင်ထွက် မကြည့်ဘူးဆိုရင် ကျွန်တော်တို့ အကယ်ဒမီ ပျောက်သွားတော့မှာပဲ"
"...."
ဖလန်ဒါ ၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး ကျောက်ဝူကျိ ၏ ပုခုံးကို ဆွဲကိုင်ကာ အော်လိုက်သည် -
"မင်း ဘာပြောလိုက်တယ်"
"...."
"ဟေး ဟေး ဟေး... နာတယ်.. နာတယ်.. တစ်ယောက်ယောက်က ကျွန်တော်တို့ ဘေးနားမှာ အကယ်ဒမီ ဆောက်ချင်နေတာ"
ကျောက်ဝူကျိ ၏ မျက်နှာမှာ ရှုံ့မဲ့သွားသည်။
"အဲဒါကို လုံကျန်း အကယ်ဒမီ လို့ ခေါ်တာလား" ဖလန်ဒါ မူးဝေစွာ မေးလိုက်သည်။
ကျောက်ဝူကျိ ခေါင်းကုတ်လိုက်သည် - "အဲ... ကျောင်းအုပ်ကြီးဖလန်ဒါ..ဘယ်လိုလုပ် သိတာလဲ"
ငါ ဘယ်လိုလုပ် သိရမှာလဲ...
ဖလန်ဒါ ၏ အမူအရာမှာ ရက်စက်သွားသည်။ ဒါဆို အိပ်မက် မဟုတ်ဘူးပေါ့.. ကောင်းကင်နဲ့ မြေကြီးရဲ့ ကျယ်ပြောမှုကို မသိတဲ့ ကောင်လေးတစ်ယောက်က ရှီလိုင်ခဲ့ အကယ်ဒမီ ရဲ့ ဘေးနားမှာ အကယ်ဒမီ အသစ်တစ်ခု ဆောက်ချင်နေတာပဲ...
"ငရဲပဲ"
ဖလန်ဒါ အော်ဟစ်လိုက်ပြီး အခန်းထဲကနေ ပျံသန်းထွက်သွားကာ ဘေးနားက ဆောက်လုပ်ရေး နေရာဆီသို့ တိုက်ရိုက် ဦးတည်သွားလိုက်သည်...